← Chapters

ဝေ့ဝူယင်၏ လမ်းစဉ် (၂)

Vol. 87 Ch. 1218

ဝေ့ဝူယင်၏ လမ်းစဉ် (၂)

Vol. 87 Ch. 1218

ဟူး... ဟူး...

ထိုအခိုက်တွင်ပင် အောက်ခံ စွမ်းအင် ဖန်တီးခြင်း ဖြစ်စဉ်မှာ ပြီးမြောက် သွားကာ ရှစ်ရောင်ခြယ် အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ မျက်နှာကျက်ထိတိုင် မြင့်တက်သွားကာ အလင်း အစက်အပျောက်များ အဖြစ် ပျံ့ကြဲ သွားခဲ့၏။ ၎င်းတို့ကို ကြည့်ရင်း ဝေ့ဝူယင်၏ ငွေရောင် မျက်ဝန်းများက တဖျပ်ဖျပ် တောက်ပနေခဲ့လေသည်။

“ကျွန်မ တောင်းပန်ပါတယ်...”

ပိုင်ရှုက ခပ်တိုးတိုး လေသံ‌လေးဖြင့် ဆိုလိုက်၏။ သူမမှာ ဝေ့ဝူယင် အဆပေါင်းများစွာ အသက် ပိုမို ကြီးပေသည်။ သို့သော်လည်း.. အသိဉာဏ်၊ ရင့်ကျက်မှု၊ ဉာဏ်ပညာရှိမှုတို့ကို အသက်ဖြင့် ဆုံးဖြတ်လို့ မရကြောင်း သူမ သိရှိပေသည်။

ဝေ့ဝူယင်က သိမ်မွေ့စွာ ပြုံးလိုက်၏။

“မင်း ငါ့ကို တောင်းပန်ဖို့ မလိုပါဘူး...”

ပိုင်ရှုမှာ သူ့အတွက် အကောင်းဆုံး ဖြစ်နိုင်သည့် နည်းလမ်း တစ်ခုကို အဆိုပြုခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူမ၏ နည်းလမ်းကြောင့်ပင် နောက်ဆုံးသော ပဟေဠိ အပိုင်းအစကို သူ ဖြေရှင်းနိုင်ခဲ့ပေသည်။

ဝေ့ဝူယင် မျက်ဝန်းများထဲမှ နားလည်မှုနှင့် နွေးထွေးမှုတို့ကို မြင်ရသော အခိုက်၌ ပိုင်ရှု ခေါင်းကို ငုံ့လိုက်မိ၏။ ထို့နောက် သူမက မှော်သန့်စင် ဆေးအိုးဘက်ကို ပြန်လှည့်လိုက်သည်။

“ကျွန်မ တကယ့်ကို တောင်းပန်ပါတယ်...”

ပိုင်ရှုက လေးနက်သည့် လေသံဖြင့် နောက်တစ်ကြိမ် ထပ်ဆိုလိုက်၏။ သို့သော်လည်း... ယခု တစ်ကြိမ် သူမ တောင်းပန်သူက မည်သူ ဖြစ်သည်ကိုတော့ သူမ ကိုယ်တိုင်သာလျှင် သိပေလိမ့်မည်။

“ဟင်း...”

ရုတ်တရက် ကောင်းကင်ထံမှ ဆင်းသက်လာသလိုမျိုး ထူးဆန်းသည့် အသံတစ်ခုကို ဝေ့ဝူယင် ကြားလိုက်ရ၏။ သေမျိုးနှင့် လျှို့ဝှက် အလင်း နှစ်ခုက ပိုင်ရှု၏ ခန္ဓာကိုယ်ကို ဖျပ်ခနဲ ဝန်းရံ သွားသည်။ ဝေ့ဝူယင်နှင့် ပိုင်လင်တို့ နှစ်ယောက်စလုံး ဆွံ့အသွားကြ၏။ ကံကောင်းထောက်မစွာပင်... ၎င်းက တဒင်္ဂ အတွင်းမှာပင် ပြန်လည်၍ ပျောက်ကွယ်သွားသည်။

ပိုင်ရှု စိတ်ရှုပ်ထွေးသွား၏။ အဖြေတစ်ခု ရလို ရငြား သူမ ဝေ့ဝူယင်ကို လှမ်းကြည့်လိုက်သည်။ သို့သော်... လူငယ်မှာလည်း အလားတူပင် နားမလည်နိုင် ဖြစ်နေသည့်ပုံ ရ၏

“...”

သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း တိတ်ဆိတ် သွားကြတော့သည်။

“ကံကောင်းတယ်...”

ထိုအခိုက်တွင်ပင် ကောင်းကင် စစ်ဝိညာဉ်က ပြောလိုက်၏။ သူမ၏ လေသံက ခံစားချက် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

“ကံကောင်းတယ်...”

ဝေ့ဝူယင်နှင့် ပိုင်ရှုတို့ နှစ်ယောက်စလုံး အံ့သြသွားကြ၏။ ကောင်းကင် စစ်ဝိညာဉ်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်သည်။

“သူတို့က နင့်ကို ခွင့်လွှတ်ပေးလိုက်ပြီ... နင့်မှာ သခင်ကောင်း တစ်ယောက် ရှိနေတာ ကံကောင်းတယ်...”

ကောင်းကင် စစ်ဝိညာဉ်က စိတ်စွမ်းအင်လှိုင်း တစ်ချို့ကို ပိုင်ရှုထံသို့ ပို့လွှတ်လိုက်၏။ ထိုအထဲ၌ သူမ စကားနှင့် ပတ်သက်၍ တိကျသေချာသော ရှင်းလင်းချက်များပါဝင်နေသည့်ပုံ ရသည်။

ပိုင်ရှုမှာ တိတ်ဆိတ်သွားခဲ့၏။ တစ်ခဏ ကြာမြင့်ပြီးနောက်၌ သူမက တောက်ပစွာ ပြုံးလိုက်သည်။ ထိုအပြုံး အောက်တွင် လောကရှိ အလင်းများ ပင်လျှင် မှေးမှိန်ကာ ပျောက်ကွယ်သွားသည့်ပုံ ရ၏။ အဂ္ဂိရတ် တာအို ဝိညာဉ်လေး၏ အသွင်အပြင်မှာ သေမျိုး ဘုရင့် နိုင်ငံ တစ်ခု၏ မင်းသမီးလေး တစ်ပါးနှင့် ဆင်တူနေကာ ထိုအခိုက်၌ စစ်ပွဲတစ်ပွဲ စတင် ရလောက်အောင်ပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။

“ငါတို့မှာ သခင်ကောင်း တစ်ယောက် ရှိတယ်...”

ပိုင်ရှုက စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ပြန်ထလိုက်၏။ မောပန်း နွမ်းနယ် နေခဲ့သည့် အခြေအနေမှ သူမမှာ ပြန်လည် ကောင်းမွန်လာသည့်ပုံ ပေါ်သည်.

မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည်ကို နားလည်ရန် ဝေ့ဝူယင်သည်လည်း အချိန် သိပ်မယူလိုက်ရပါချေ။ တာအိုနှင့် ကမ္မ အပေါ် နားလည်မှုများ အပြင် ကောင်းကင် စစ်ဝိညာဉ်၏ စကားမှ တစ်ဆင့် သူ ကောက်ချက် ချလိုက်နိုင်ပြီ ဖြစ်သည်။

“ဂုဏ်ယူပါတယ်...”

ဝေ့ဝူယင် ပြောလိုက်၏။ ပိုင်ရှုမှာ သူမ အဘယ်ကြောင့် သေမျိုးတာအိုနှင့် လျှို့ဝှက တာအိုတို့အား တောင်းပန်သင့်သည်ကို နားလည်ကာ ထိုကဲ့သို့ တောင်းပန် လိုက်ခြင်းကြောင့်ပင် ကမ္မ အပြစ်ကို ဖြေရှင်းလိုက်ပြီးသား ဖြစ်သွားသည့်ပုံ ပေါ်သည်။

“နင်လည်း ကံကောင်းတယ်... သူ့ကို နာမည်ပေးလိုက်တဲ့ အချိန်တည်းက စလို့ နင်တို့ နှစ်ယောက်စလုံးရဲ့ ကံကြမ္မာတွေက ဆက်စပ်သွားပြီ”

ကောင်းကင် စစ်ဝိညာဉ်က ပြောလိုက်၏။ တာအို ဝိညာဉ် တစ်ခုအား နာမည်ပေးခြင်း၏ အကျိုးဆက်ကို ဝေ့ဝူယင် တကယ်ပင် နားမလည်ခဲ့ချေ။ ပိုင်ရှုသာ စစ်မှန်သည့် စိတ်ရင်းနှင့် တောင်းပန်ခြင်း မပြုခဲ့ပါက လျှို့ဝှက် အာဏာရှင် အဆင့်... အထူးသဖြင့် ပဲ့တင်သံ ဝိညာဉ် အဆင့်ကို တက်လှမ်းပြီး နောက်တွင် ခက်ခဲသည့် လမ်းကြောင်း တစ်ခုနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ကောင်းကင် စစ်ဝိညာဉ် ပိုင်ရှုအား မနှစ်သက်ရသည့် အကြောင်းရင်းကို ဝေ့ဝူယင် နားလည်ခဲ့ပြီ ဖြစ်သည်။ သူမထံတွင် သေမျိုးတာအို၏ ငြင်းပယ်မှု အရိပ်အယောင် တစ်ချို့ ရှိနေသောကြောင့်ပင်။

"ဒါဆိုရင် ငါ့ကိုယ်ငါလည်း ဂုဏ်ယူပါတယ်...”

ဝေ့ဝူယင် ရယ်မောရင်း ဆိုလိုက်၏။ ပခုံးထက်တွင် ခိုစီးနေသည့် မမြင်နိုင်သော ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့ကျသွားသလိုပင် သူ ခံစားလိုက်ရသည်။ ဝေ့ဝူယင် အကိုကြီးကိုပင် ပြန်လည် သတိရလိုက်မိ၏။ သူ့အား လေးစားမှုနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်း သင်ကြားပေးခဲ့သူက အကိုကြီးပင် ဖြစ်သည်။ ဝေ့ဝူယင် ခါးတွင် ချိတ်ထားသည့် ဆေဘာအရိုးကို တိတ်တဆိတ် ပွတ်သပ်လိုက်မိ၏။

“ဟင်း...”

ကောင်းကင် စစ်ဝိညာဉ်က သက်ပြင်းတစ်ချက် ချလိုက်သည်။ မကျေနပ်သည့် အမူအရာကို ဖော်ပြထားသည့်တိုင် သူမ၏ အတွင်းစိတ် အတွေးများကတော့ ဝေ့ဝူယင် သူ့ကိုယ်သူ မည်ကဲ့သို့ သယ်ဆောင် သွားခဲ့သည်ကို ကြည့်ကာ အံ့အားသင့် နေခဲ့မိသည်။ သူမ မရေမတွက်နိုင်သည့် အဂ္ဂိရတ် ပညာရှင်များကို သိပေသည်။ သူတို့ အားလုံးမှာ ကောင်းကင်အား ဆန့်ကျင်နိုင်မည့် အခွင့်အလမ်းကို အမြဲတမ်း ရှာဖွေ နေကြကာ နတ်ဘုရား ပုံသွင်းခြင်း လျှို့ဝှက် သန့်စင် ဆေးလုံးလို အဂ္ဂိရတ် ထုတ်ကုန်များကို ဖော်စပ်ကြလေ့ ရှိသည်။

သို့သော်လည်း... ဝေ့ဝူယင်၏ နည်းလမ်းများကတော့ အမြဲတမ်း ခြားနားကာ ခန့်မှန်းရ ခက်ခဲလှသည်။ တစ်ခါတစ်ရံ သူက ကောင်းကင်ကို ဆန့်ကျင်ဖို့ ကြိုးပမ်းသည်။ တစ်ခါတစ်လေ ကျပြန်တော့လည်း လိုက်လျော ညီထွေ ဖြစ်နေပြန်သည်။ မည်သို့ပင် ဆိုစေကာမူ အဆုံးသတ်တွင်တော့ သူက ပန်းတိုင်ကို အရောက်လှမ်းနိုင်ခဲ့သည် ချည်းသာ ဖြစ်သည်။ ပိုမို ကြီးကျယ် ခမ်းနားသည့် လောက တစ်ခုသို့ ဝေ့ဝူယင် ရောက်ရှိမည့် အချိန်ကို သူမ မစောင့်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ခံစားချက်နှင့် အတွေးများကို ဖိနှိပ်လိုက်ကာ ဆေးဖော်စပ်နေသည့် အလုပ်ကိုသာ ပြန်လည် အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်၏။

သူ ရှန့်ထို လက်စွပ်ကို ထုတ်ယူလိုက်ရင်း အနန္တ ဧကရာဇ်ဂိုဏ်း နေ့ရက်များ ကတည်းက သိမ်းဆည်း ထားခဲ့သည့် ချိပ်ပိတ် ပစ္စည်း တစ်ခုကို ရှာဖွေ လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ၎င်းကို ရှာဖွေ တွေ့ရှိသွားကာ ထုတ်ယူ လိုက်၏။ ၎င်းက လက်သီးဆုပ် အရွယ် အနီရောင် သွေးများ ဖြစ်ကာ မီးခိုးရောင် အလွှာ တစ်ခုက အပြင်ဘက်မှ အေးခဲထားသည်။

၎င်းကား ယင်ပြန်လည် ဖွံ့ဖြိုးခြင်း ခန္ဓာကိုယ် ပိုင်ရှင် ကျန်းဖေးလန်၏ သွေးအမတေများပင်...။

ယင်ဖန်တီးခြင်း ဆေးလုံးအား ဖော်စပ်ပေးရသည့် အဖိုးအခ အနေဖြင့် ထိုအမတေများကို ဝေ့ဝူယင် ကျန်းဖေးလန် ဆီမှ ရရှိထားခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာ အတွင်း ဝေ့ဝူယင် ၎င်းကို အသုံးမပြုခဲ့ပဲ ကာလရှည်ကြာ ရည်ရွယ်ချက် တစ်ခု အတွက် သိမ်းဆည်း ထားခဲ့ခြင်း ဖြစ်သည်။ ယခုတွင်တော့ အချိန်ကျရောက်လာခဲ့ချေပြီ။

"..."

ဝေ့ဝူယင် အေးခဲထားသည့် သလင်းကျောက်လေးကို တိတ်တဆတ် လေ့လာလိုက်၏။ သူ့စိတ်အတွင်း အမျိုးမျိုးသော ခံစားချက်များက ဖြတ်ပြေးနေသည်။ ကျန်းဖေးလန်နှင့် ချင်ချူးမူတို့ နှစ်ယောက်စလုံးမှာ သူတို့ မည်သည့် နေရာများတွင် ရှိနေကြကြောင်း အရိပ်အမြွက်ပင် မချန်ရစ်ခဲ့ပဲ အယ်ဗန် ဘေးမဲ့ နယ်မြေမှ ပျောက်ကွယ် နေကြသည်။

သို့သော်လည်း... ထိုမိန်းကလေး နှစ်ယောက် မည်သည့် နေရာတွင် ရှိနေကြကြောင်း ဝေ့ဝူယင် သိပေသည်။ ကံမကောင်းတာ တစ်ခုက... သူတို့ နေရာကို မရှာနိုင်ခြင်း ဖြစ်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အကန့်အသတ်ထက် ကျော်လွန်နေသည့် ကျန့်ကျန့်ပင်လျှင် ထိုတည်နေရာကို ရှာဖွေနိုင်ခြင်း မရှိချေ။ ခန့်မှန်းချက်များ အရ ဆိုလျှင် သူမတို့ကို ရှာဖွေနိုင်ဖို့ အတွက် ရွှေရောင် ဂိတ်တံခါး နန်းတော်၏ မဟာ ပုရောဟိတ် လိုမျိုး အစွမ်းထက် ကောင်းကင် ပု‌ရောဟိတ် တစ်ယောက်၏ အကူအညီကို ရယူရလိမ့်မည် ဖြစ်သည်။

“ငါနင့်ကို လာရှာမှာပါ... ချင်ချူးမူ...”

နွေးထွေးသည့် အပြုံး၊ သိမ်မွေ့သည့် မျက်ဝန်းတို့နှင့် ကောင်မလေးကို ပြန်လည် တွေးမိလိုက်သော အခိုက်၌ ဝေ့ဝူယင်၏ နှလုံးသားက နာကျင်သွားသလို ခံစားလိုက်ရသည်။ သူ၏ငွေရောင် မျက်ဝန်းများက ဆေဘာ အလင်းဖြင့် ဖျပ်ခနဲ လင်းလက်သွား၏။ ဝေ့ဝူယင် စိတ်နှင့် အတွေးများကို လျှင်မြန်စွာပင် ပြန်လည် ထိန်းချုပ် လိုက်ကာ ယင် ပြန်လည် ဖွံ့ဖြိုခြင်း အမတေ သွေး သလင်းကျောက်ကို မှော်သန့်စင် ဆေးအိုး အတွင်း ပစ်ထည့် လိုက်သည်။

ထို့နောက်တွင်တော့ သူက နောက်ထပ် ရင်းမြစ် တစ်ခုကို ဂရုတစိုက် ထုတ်ယူလိုက်၏။ ၎င်းမှာ ကလေး လက်သီးဆုပ်လောက် အရွယ် ရှိသည့် ဆလင်ဒါ သဏ္ဌာန် ဖန်လုံးလေး ဖြစ်သည်။ ၎င်းက အကြည်ရောင် ဖြစ်ကာ အတွင်းတွင်တော့ အဖြူရောင် မြူနှင်း တစ်ခုက ညင်စွာ လွင့်မြော နေခဲ့လေသည်။

“ကောင်းကင် သန့်စင် အဆုံးမဲ့ မြူနှင်း...”

ဖန်လုံးလေးကို လက်ချောင်းသေးသေးလေးများဖြင့် ထိတွေ့ ကြည့်လိုက်ရင်း ပိုင်ရှု၏ မျက်လုံးများက ပြူးကျယ်လာ၏။

“ဆရာ... ဆရာ ဘယ်နေရာကနေ ရှာတွေ့လာတာလဲ”

***

All Chapters