အခန်း (၇၂)
Vol. 6 Ch. 72
အဆင့်လေး .. ခြောက်ပွဲမြောက် …။
ရှောင်ကျီသည် စင်မြင့်ပေါ်သို့ လျှောက်တက်လာသည်။ သူ စင်မြင်ပေါ် ရပ်လိုက်စဉ်မှာပဲ ပိုင်ယုသည် အားရပါးရ ရယ်မောကာ ပြောလိုက်၏ “ရို့ .. ရို့ … ပါရမီရှောင်ကြီး … တွေ့ကြပြီ။ မင်း တကယ်ကြီး ပြိုင်ပွဲဝင် သုံးယောက်ကို အနိုင်ယူ တက်လာတာပဲ”
ရို့ .. ရို့ … ဆိုသော စကားကို ကြားတော့ ကျွင်းချောင်ရှောင်း ပို၍ ဒေါသထွက်လာ၏။
သူ ချက်ချင်းပြေးတက်ပြီး သောက်ခွက်ကို တက်နင်းချင်စိတ်တွေ ပေါက်သွားသည်။
“လုပ်လို့မဖြစ်ပါ” စနစ်မှ မသင့်လျော်ကြောင်း ပြောလာ၏။
ကျွင်းချောင်ရှောင်း ခုံပေါ် မှီထိုင်ရင်း ပြောလိုက်မိသည် “စိတ်ကူးထဲမှာ စဉ်းစားလို့တောင် မရဘူးလား”
ရှောင်ကျီသည် မည်သည့်စကားကိုမှ မဆိုချေ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အေးစက်စက် တွေးလိုက်သည် “သူ့ကို ဘယ်သူမှ မမှတ်မိအောင် ရိုက်ဖို့ ဂိုဏ်းချုပ် မှာထားတယ်။ ဒီတစ်ကြိမ် ငါ သေချာ ရိုက်ရမယ်”
“ရို့ … ရို့ …”
ပိုင်ယု သွားဖြီးကာ ပြောလိုက်သည် “မင်း မျက်လုံးတွေက ကြောက်စရာပဲ။ ကိုယ့်ကိုယ်ကိုယ် လွန်ခဲ့တဲ့ ငါးနှစ်က ပါရမီရှင်လို့ ထင်နေတုန်းလား”
“မဟုတ်ဘူး။ မဟုတ်သေးဘူ” သူ စကားပြောင်းပြောလိုက်သည် “မင်းက လွန်ခဲ့တဲ့ငါးနှစ်က ပါရမီရှင် ဆိုရင်တောင်မှ အဲတုန်းက အရိုက်ခံခဲ့ရတဲ့ငါက အခု အားမနည်းတော့ဘူး”
အရိုက်ခံ ဆိုသော စကားကို ပြောချိန်မှာတော့ သူ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူသည် ငယ်ရွယ်စဉ်က အရိုက်အနှက် ခံခဲ့ရသည်ကို ယခုအချိန်ထိ မမေ့သေးပေ။
“စမယ်” ဒိုင်လူကြီး ပြောလိုက်သည်။
“ဝှစ် .. ဝှစ် …”
ပိုင်ယုသည် လက်ကိုမြှောက်လိုက်တော့ လက်ဝါးထဲတွင် မီးတောက် တစ်ခု ပေါ်လာသည်။ သူ အားရပါးရ ရယ်ကာ ပြောလိုက်၏ “ရှောင်ကျီ .. မင်းက ခန္ဓာကိုယ်ကို အားကိုးတာလေ။ မီးတောက်ကိုရော ခံနိုင်ရဲ့လား”
“အင်ပါယာ မီးနည်းစနစ်”
“ပိုင်ယုက မီးဓာတ် အမျိုးအစား ကျင့်ကြံသူ တစ်ယောက်ဖြစ်နေလိမ့်မယ်လို့ ငါမထင်မိဘူး။”
“ရှောင်ကျီ ရဲ့ ခန္ဓာကိုယ်က အရမ်းအားကောင်းတယ်။ ဒါပေမဲ့ မီးဓာတ် နဲ့ တွေ့ရင် ဘယ်ခန္ဓာကိုယ်က ခံနိုင်မှာလဲ”
အားလုံး အံ့အားတသင့် နှင့် ဆွေးနွေးနေကြသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် မီး၊ရေ နှင့် တခြား ဓာတ်သဘာဝ များအား နားလည်နိုင်သော ကျင့်ကြံသူ ဆိုသည်မှာ အလွန်ရှားပါး၏။
ရှောင်မိသားစု ၏ သုံးစားမရသော အမှိုက်လေးများသည် ပိုင်ယု မီးတောက်အား ဆင့်ခေါ်နိုင်သည်ကို မြင်တော့ ရုတ်တရက် အသက်ဝင်သွားသလို ပြိုင်တူ ထရပ်လိုက်မိသည်။
“ဟားဟား… ဒီမီးတောက်အောက်မှာ ဘယ်ခန္ဓာကိုယ်မှ ခံနိုင်မှာ မဟုတ်ဘူး။”
“စိတ်ဝိညာဉ်စွမ်းအင်တွေ မရှိဘဲ အကာအကွယ် ဖြစ်လာမှာမဟုတ်ဘူး။ အမှိုက်က အမှိုက်ပဲ”
“ပိုင်ယု သူ့ကို မီးရှို့လို ရှောင်ကျီ တစ်ယောက် စင်အောက် ဆင်းပြေးတာကို မြင်ချင်နေပြီ”
ရှောင်မိသားစု နှင့် ပိုင်မိသားစု သည် ရန်ငြိုးရန်စ ရှိကြသည်။ သို့ပေမဲ့ ပိုင်ယု၏ တိုက်ခိုက်ခြင်းအား ခံရမည့်သူမှာ ရှောင်ကျီ ဖြစ်နေသောကြောင့် ရှောင်မိသားစု မျိုးဆက်များသည် ဝမ်းမြောက်နေကြ၏။
သူတို့တင်မဟုတ်ပေ။
ရှောင်ကလန်၏ အကြီးအကဲများသည်လည်း ရယ်မောနေကြသည်။
အကြီးအကဲကြီးသည် သူ၏ ခုံအား မှီကာ ထိုင်လိုက်သည် ။ သူ၏ မျက်စိထဲရှိ သတ်ဖြတ်လိုခြင်း ဆန္ဒများသည် အနည်းငယ် အားလျော့သွားသည်။
“မီးဓာတ် ကျင့်ကြံသူလား”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများ မဲ့ရွဲ့သွား၏။ သူ့တွင်လည်း မီးမျိုးစေ့ ရှိသည်။
ရှောင်ကျီကတော့ မည်သည့်အရာမှ ထွေထွေထူးထူး စဉ်းစားနေပုံမပေါ်ချေ။
သူ၏ မျက်လုံးထဲတွင် ကြောက်ရွံရိပ် တစ်ခုမှ မရှိကြောင်း ပိုင်ယု မြင်လိုက်ရသည်။ သူ ဒေါသတကြီးနှင့် လက်ထဲရှိ မီးတောက်ဖြင့် လှမ်းပစ်လိုက်၏။
ဘုန်း ..။
ရှောင်ကျီသည် ရှေ့သို့ လှမ်းတက်လာပြီး ညာလက်သီးဖြင့် မီးတောက်အား ထိုးလွှတ်လိုက်သည်။ မီးတောက်၊ မီးပွားများသည် နေရာအနှံ့သို့ ပြန့်ကျဲ့သွားသည်။
သူ၏ လက်သီးများသည် အလုံးစုံ အဆင်ပြေ၏။
“ဘာ ….”
ပွဲကြည့်စင်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးသည် တုန်လှုပ်မှုကြောင့် မတ်တပ်ပင် ထရပ်လိုက်မိကြသည်။
ထိုအရာသည် မီးဓာတ်အမျိုးအစား စိတ်ဝိညာဉ်စွမ်းအင် ဖြစ်သည်။ ထိကိုင်မိလျှင်လည်း အလွန်အမင်း ပူလောင်၏။
ရှောင်ကျီသည် လက်သီးဖြင့် ထိုးနှက်ခဲ့ရုံတင် မကပေ။ သူ၏ လက်သည်လည်း မည်သည့် ထိခိုက်မှုမျိုးမှ မဖြစ်ပေါ်ခဲ့။
“မယုံနိုင်စရာပဲ” စွမ်းအားမြင့် ကျင့်ကြံသူ တစ်ယောက်က တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။
သက်လတ်ပိုင်း လူတစ်ယောက်က လေးလေးနက်နက် ပြောလိုက်၏ “ဒီကောင်လေး ရဲ့ ခန္ဓာကိုယ်က ဓာတ်သဘာဝတွေတောင် မထိခိုက်စေနိုင်တဲ့ အဆင့်ကို ရောက်နေပြီလား”
လက်ရှိ အချိန်တွင်တော့ ရှောင်မိသားစု မျိုးဆက်များနှင့် အကြီးအကဲများသည် ချေးစားမိသလို အမူအရာမျိုး ဖြစ်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏ “ငါ့တပည့်ကို အဲလောက်နဲ့ ထိခိုက်အောင် လုပ်နိုင်မယ် ထင်နေတာလား”
“အံ့အားသင့်စရာပဲ ….”
တော်ဝင်နီဂိုဏ်းအကြီးအကဲသည် လက်မထောင်ပြလိုက်သည်။
“မဖြစ်နိုင်ဘူး ….” ရှောင်ကျီအား မီးတောက်များနှင့် ပစ်လွှတ် တိုက်ခိုက်လိုက်သော ပိုင်ယု သည် သူ၏ မီးတောက် ပျက်ဆီးသွားသည်ကို မြင်တော့ ဆွံ့အသွားမိ၏။
ဝှစ် …။
ထိုအချိန်မှာပဲ လေနှင့်အတူ လက်သီးတစ်လုံး ရောက်ရှိလာသည်။
သူ သတိပြန်ဝင်ပြီး ရှောင်ရန် စဉ်းစားလိုက်ပေမဲ့ အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ဘန်း ဆိုသော အသံနှင့်အတူ သူ၏ ဝမ်းဗိုက်သည် ပြင်းပြင်းထန်ထန် ထိုးနှက် ခံလိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွှတ်သွားရ၏။
ရှောင်ကျီသည် လက်သီးချက်တစ်ခု ထိုးပြီးသည်နှင့် နောက်ဆက်တွဲ ဘယ်ပင့်လက်သီးနှင့် ထပ်မံ ၍ မိတ်ဆက်ပေးလိုက်ပြန်သည်။
လက်သီးတွဲလုံး နှစ်ခုသည် အားပြင်းလွန်းလှ၏။
ဖောင်း …။
ပိုင်ယုသည် မြေပေါ် ပြုတ်ကျသွားသည်။တစ်ကိုယ်လုံး နာကျင်မှုကြောင့် အသက်ရှုရန်ပင် ခက်ခဲနေသည်။
စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည် “ဒီလက်သီးချက်က အနည်းဆုံး ဂျင် တစ်ထောင် လောက် ရှိတယ်။”
“စိတ်ဝိညာဉ်စွမ်းအင် မပါဘဲ ခန္ဓာကိုယ်အား သက်သက်ကို ဂျင် တစ်ထောင် အား ထုတ်ဖော်နိုင်တာလား”
“မယုံနိုင်စရာပဲ”
“ဒီလောက် အားကောင်းတဲ့ ခန္ဓာကိုယ် မို့ မီးတောက် က ဘာမှမတတ်နိုင်တာပေါ့”
“သေစမ်း .. သေစမ်း ..” ပိုင်ယုသည် ဒေါသတကြီး ဖြင့် ပြန်ထလာသည်။ သို့ပေမဲ့ ချက်ချင်းပဲ လက်သီးတစ်လုံးသည် သူ၏ မျက်နှာပေါ်သို့ ကျရောက်လာ၏။
ပြန်လည် လဲကျသွားသော ပိုင်ယု၏ မျက်နှာပေါ်သို့ ရှောင်ကျီသည် အားရပါးရ ဆောင့်နင်းလိုက်သည်။
ကြည့်ရှုနေသူများသည်ပင် ပိုင်ယု အစား နာကျင်မှုကို ခံစားလိုက်ရ၏။
ရှောင်ကျီသည် ပိုင်ယုကို ခွ၍ ဆံပင်ကို ဆွဲကာ အေးစက်စက် ပြောလိုက်သည် “ငယ်ငယ်တုန်းက ငါ ဘယ်လိုရိုက်ခဲ့လဲ မှတ်မိလား”
ပိုင်ယု ၏ မျက်လုံးထဲတွင် ပုံရိပ်များ ပေါ်လာသည်။
အလွန်ကြာမြင့်ခဲ့ပြီ ဆိုသော်လည်း သူသည် လတ်လတ်ဆတ်ဆတ် နာကျင်နေသလို ခံစားမိလာသည်။ ထိုနာကျင်မှုသည် သူ၏ စိတ်ထဲတွင် အကြိတ်အခဲအဖြစ် တသက်လုံး ဖြစ်တည်လာခဲ့ခြင်း ဖြစ်၏။
ရှောင်ကျီ အေးစက်စက်ပြောလိုက်သည် “မင်း မိန်းကလေးတွေကို အနိုင်ကျင့်တယ်။ ငါ မင်း ငိုတဲ့အထိ ရိုက်နှက်ခဲ့တယ်။ အခု ငါ့ဆီမှာ ကျင့်ကြံခြင်းတွေ မရှိဘူး။ ဒါပေမဲ့ မင်းကို ငိုအောင် ရိုက်နိုင်သေးတယ်”
ဘုတ် ..။
ဂွက် …။
ပိုင်ယု၏ စိတ်အခြေအနေသည် အလုံးစုံ ပြိုလဲသွားတော့သည်။ သူ ငိုယို၍ သနားစဖွယ် တောင်းပန်တော့၏ “မလုပ်ပါနဲ့ .. မလုပ်ပါနဲ့ .. ငါ့ကို မရိုက်ပါနဲ့တော့ ….”
ရှောင်ကျီသည် အားရပါးရ ထိုးနှက်ရင်း အားတွေလည်း ပိုပိုတိုးလာသည်။ သခင်လေးပိုင်၏ မျက်နှာသည် သွေးအလိမ်းလိမ်း နှင့် ဖြစ်ပြီး ဦးခေါင်းတစ်ခုလုံးသည်လည်း ဝက်ဦးခေါင်းကဲ့သို့ပင် ဖြစ်လို့နေသည်။
သူ၏ အဖေ၊ အမေသည်ပင် ပိုင်ယုအား မှတ်မိတော့မည် မဟုတ်ချေ။
ရှောင်ကျီသည် ပိုင်ယုအား ခြေထောက်မှ ဆွဲ၍ တိုက်ပွဲစင့်မြင့်အောင်သို့ ပစ်ချလိုက်တော့သည်။
…
“ကြည့်ကောင်းလိုက်တာ” ကျွင်းချောင်ရှောင်း ခုံအား မှီထိုင်ရင်း ပြုံးနေမိ၏။
သို့ပေမဲ့သူ ၏ ကန္တရာလင်းယုန် ပြောင်းဝမှာတော့ ရှောင်ကလန် ပထမအကြီးအကဲအား အလစ်မပေးချေ။ ထိုလူကြီး စိတ်လွတ်မသွားတာ အကောင်းဆုံးဖြစ်မည်ဟု သူ တွေးနေမိသည်။
……
“အနိုင်ရသူ .. ရှောင်ကျီ” ဒိုင်လူကြီး၏ အော်သံကိုကြားမှ ပရိသတ်များသည် ကိုယ့်ထိုင်ခုံတွင် ပြန်ထိုင်လိုက်မိကြသည်။ သူတို့အားလုံး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုတွေနှင့် ပြည့်နှက်လျက် ရှိသည်။
မီးဓာတ် စိတ်ဝိညာဉ်စွမ်းအင်ကို ပိုင်ဆိုင်သော ပိုင်ယု ပင်လျှင် ရှောင်ကျီအား အနိုင်မယူနိုင်ခဲ့ချေ။ ဤကဲ့သို့ ဖြစ်လာမည်ဟု သူတို့အနေနှင့် ပြိုင်ပွဲစတင်ခဲ့စဉ်က တစ်ခါမှ မတွေးဖူးချေ။
“လေးဆင့်မြောက် … ချင်းမင် နှင့် ရှောင်လင်းရီ”
နောက်တစ်ပွဲသည် မြန်မြန်ဆန်ဆန်ပဲ စတင်လေပြီ။
ရှောင်လင်းရီ သည် တိုက်ပွဲစင်မြင့်ဆီ လျှောက်လာရင်း ရှောင်ကျီနား ဖြတ်လျှောက်ချိန်မှာတော့ အသာပြုံးကာ ပြောလိုက်သည် “ဝမ်းကွဲအစ်ကို .. စိတ်ဝိညာဉ်စွမ်းအင် နဲ့ ကျင့်ကြံခြင်း မရှိတာတောင်မှ အားကောင်းတုန်းပဲ။”
ရှောင်ကျီသည် သူ့အား လျစ်လျူရှုထားသည်။
ရှောင်လင်းရီသည် ချင်းမင်အား ခဏအတွင်း အနိုင်ယူပြီး ပြန်ဆင်းလာ၏ “ဝမ်းကွဲ အစ်ကို .. နောက်တစ်ပွဲ ကျုပ်နဲ့ တိုက်ရမှာနော်”
ရှောင်ကျီသည် မျက်လုံးကို မှိတ်ကာ အနားယူနေသည်။
ပြိုင်ပွဲသည် ဆက်လက်ကျင်းပနေ၏။ လီချင်းယန် တို့သည် သူတို့၏ ပြိုင်ဘက်များအား အမြန်ပင် အနိုင်ယူပြီး ထိပ်ဆုံးလေးယောက် စာရင်းသို့ ရောက်ရှိသွား၏။
ကျွင်းချောင်ရှောင်းသည် လက်များအား ဖြန့်ကာ အကူအညီမဲ့သလို ပြောလိုက်သည် “လွယ်လွန်းတယ်”
တပည့်များသည် ခက်ခက်ခဲခဲ အနိုင်ယူရမည်ဟု သူ တွေးထင်ထားသော်လည်း တကယ်တန်းမှာတော့ အရာအားလုံး လွယ်ကူလျက် ရှိသည်။
တော်ဝင်နီဂိုဏ်းအကြီးအကဲမှာတော့ တစ်ဦးတည်းကျန်သော သူ့တပည့် သည်လည်း ပြုတ်သွားပြီ ဖြစ်သောကြောင့် မချိတင်ကဲဖြင့် ရှုံ့မဲ့လျှက်ရှိနေတော့သည်။