အခန်း (၇၄)
Vol. 6 Ch. 74
ရှောင်ကျီသည် ရှောင်လင်းရီအား ပုခုံးပေါ်တင်၍ ကိုင်ပေါက်ကာ လည်ဂုတ်အား လက်တစ်ဖက်နှင့်ဆွဲ၍ အားရပါးရ ထိုးနှက်ရန် ပြင်ဆင်လိုက်ချိန်မှာတော့ ရှောင်ကလန်၏ပထမအကြီးအကဲသည် ပွဲကြည့်စင်မြင့်ပေါ်မှ မထိုင်နိုင်တော့ချေ။ ထရပ်လိုက်ရ၏။
သူ့အနေဖြင့် ရှောင်ကျီ အား ရပ်တန့်ရန် အော်ဟစ်ဆဲဆိုမည်ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ပြီး ဝင်ရောက် တိုက်ခိုက်ရန်တော့ မစဉ်းစားမိခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် သိုင်းပြိုင်ပွဲအား ကြီးကြပ်သူမှာ လီရန်မြို့၏မြို့တော်ဝန်ဖြစ်၏။
ရှောင်ကလန်အကြီးအကဲအနေနှင့် မည်မျှသတ္တိရှိသည်ဆိုစေကာမူ သိုင်းပြိုင်ပွဲအား ပြဿနာ ဖြစ်အောင်တော့ မလုပ်ရဲချေ။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မသိပေ။ ဒေါသတကြီး မတ်တပ်ထရပ်လိုက်သည်ကို မြင်သည့်နောက် ရှောင်ကျီအား ထိခိုက်အောင် ပြုလုပ်လိမ့်မည်ဟု သူထင်ခဲ့မိ၏။ ထို့ကြောင့်ပင် သေနတ်မောင်းခလုတ်အား နှောင့်နှေးမှုမရှိပဲ ဆွဲကာ ပစ်ခဲ့ခြင်းဖြစ်၏။
သေချာချိန်၍ ပစ်မည်ဆိုလျှင် ကျိန်းသေပေါက်ပစ်မှတ်ကို ထိပေလိမ့်မည်။ သူ့အနေဖြင့် တမင်တကာ မီတာဝက်အကွာအဝေးလောက် ချိန်ပြီး သတိပေးသည့်အနေဖြင့် ပစ်ခဲ့ခြင်း ဖြစ်သည်။
သလင်းအမြုတေစွမ်းအင်များဖြင့် ပြုလုပ်ထားသော ကျည်ဆံတွင် ပါဝင်သော ကြမ်းတမ်းလှသော စွမ်းအင်များသည် ရှောင်ကလန် ပထမအကြီးအကဲအား အမှန်အကန်ပင် တုန်လှုပ်သွားစေသည်။
သူ့အား ထိမှန်သွားမည်ဆိုလျှင် သေဆုံးခြင်းဖြစ်စေ သို့မဟုတ် ဒဏ်ရာကြီးကြီးကျယ်ကျယ် ရသွားမှာ သေချာလှ၏။
ရှောင်ကလန် ပထမအကြီးအကဲသည် တုန်လှုပ်စွာဖြင့် ရှောင်ကျီတစ်ယောက် ရှောင်လင်းရီအား အားရပါးရရိုက်နှက်နေသည်ကို ငြိမ်ငြိမ်သက်သက် ဆက်ကြည့်နေရတော့သည်။
သူ၏လက်များသည် ထိုင်ခုံ၏လက်ရန်းအား ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်နှာတစ်ခုလုံးလည်း ဖြူလျော့လျှက်ရှိသည်။ ကလန်မှထုတ်ပယ်လိုက်သော အမှိုက်သည် ကလန်၏အနာဂတ်မျိုးဆက်သစ်အား အားရပါးရရိုက်နှက် ထိုးကြိတ်လျှက်ရှိ၏။
ဤအရာသည် သူ၏မျက်နှာကို ဖြတ်ရိုက်ခြင်းပင်မဟုတ်ပေ။ သူ၏နှလုံးသားအား ဓားဖြင့်ထိုးခြင်းနှင့် ပင် ဆင်တူနေ၏။
ရှောင်ကလန်၏တိုက်ရိုက်မျိုးဆက်များ အားလုံးသည်လည်း ရင်ထဲမှ စူးနစ်နေအောင် ခံစားနေကြရပြီ ဖြစ်၏။
ရှောင်ကျီ၏အောင်ပွဲအား ဒိုင်လူကြီးမှ ကြေငြာပြီးသည့် နောက်မှာတော့ ပွဲကြည့်စင် တစ်ခုလုံးသည် ငြိမ်သက်သွားခဲ့သည်။
အဆင့်တစ် သိုင်းတပည့်တစ်ယောက်ဖြစ်သော ရှောင်လင်းရီသည် ခန္ဓာကိုယ်အားအင် အသုံးပြုသူတစ်ယောက်ကို အရှုံးပေးခဲ့ရသည်။
ဤအရာသည် အလွန်အမင်း တုန်လှုပ်ဖွယ်ရာ ကောင်း၏။
မည်သူကမှ အမှိုက်ဟု တွေးထင်နိုင်တော့မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သိုင်းတပည့်တစ်ယောက် အနိုင်ယူနိုင်သူအား မည်သူက အမှိုက်ဟု ခေါ်ဆိုမည်နည်း။
ရှောင်ကျီသည် အနိုင်ရရှိခဲ့သည့် နေရာ၌ မတ်တပ်ရပ်၍ အားလုံး၏အကြည့်ကို ခံယူနေရ၏။
သူသည် ခံစားချက်မဲ့သည့် မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ "လွန်ခဲ့တဲ့ငါးနှစ်တုန်းက ခံစားချက်မျိုးပြန်ရလာတာပဲ။"
ရေတွက်၍မရအောင် များပြာလှသော လူများ၏ မနာလိုသော ခံစားချက်ပင် ဖြစ်သည်။
ထိုအချိန်တွေတုန်းက သူသည် တစ်ခြားသူများ၏ သတိထားစောင့်ကြည့်ခြင်းကို ပျော်ရွှင်ခဲ့၏။ ပါရမီရှင်တစ်ယောက် ဖြစ်သည်ဆိုကာ မာနထောင်လွှားခဲ့ဖူး၏။
သို့ပေမဲ့ လောကကြီး၏ရက်စက်မှုများကို ငါးနှစ်တာ ကြုံတွေ့ခဲ့ပြီးနောက်မှာတော့ သူ၏နှလုံးသားသည် လက်ရှိအချိန်၌ ရေခဲကဲ့သို့ တည်ငြိမ်နေပြီဖြစ်၏။
"ဂျုနီယာ ညီလေး"
စုရှောင်မိုသည် တစ်ခြားသော တိုက်ခိုက်ရေးတည်နေရာမှ ဆောင့်ကြောင့်ထိုင်နေရင်း လက်မထောင်ပြလိုက်သည်။
"ကောင်းကောင်းလုပ်ခဲ့တာပဲ။"
ရှောင်ကျီ အသာပြုံးလိုက်၏။ သူသည် သူ၏ဂိုဏ်းချုပ်၊ စီနီယာအစ်ကိုများ၏ရှေ့တွင်သာ သန့်စင်သောအပြုံးတစ်ခုကို ပြုံးနိုင်၏။
နောက်ထပ်ယှဉ်ပြိုင်ရမည့်သူမှာ ထျန်းချီပင် ဖြစ်၏။
သူ၏ယှဉ်ပြိုင်ဖက်သည် သိုင်းတပည့်ပထမအဆင့်တစ်ယောက် ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိဘဲ မရီဒန်ဆယ့်နှစ်ခုလုံးကို ဖွင့်ကာ အင်ပြည့်အားပြည့် ထုတ်ဖော်၍ တိုက်ခိုက်ခဲ့ရသည်။
အလှည့်အပြောင်း အများကြီး ရင်ဆိုင်ကျော်ဖြတ်ပြီးနောက်မှာတော့ သူသည် သူ၏ပြိုင်ဘက်ကား နောက်ဆုံး၌ အနိုင်ရခဲ့၏။
ငရဲခန်းလေ့ကျင့်မှု ပြုလုပ်ပြီးသည့်နောက်တွင် သူသည် စိတ်ဝိဉာဉ်စွမ်းအင် အစီအရင် ၊ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ် စသည့် အားကောင်းလှသော အရင်းအမြစ်များ၏ အကူအညီဖြင့် အဆင့်ငါး စွမ်းအင်ဖွင့်ခြင်း အဆင့်မှသည် အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆီသို့ ရောက်ရှိသွားခဲ့သည်။
သေသေချာချာ တွက်ချက်မည်ဆိုလျှင် တစ်ရက်ကို မရီဒန်တစ်ခု ဖွင့်နိုင်ခြင်းပင် ဖြစ်၏။
"ငါးဆင့် … ရှစ်ပွဲမြောက်အနိုင်ရရှိသူ ထျန်းချီ"
ဒိုင်လူကြီးမှ အော်လိုက်၏။
ထျန်းချီသည် စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ကျင့်ကြံသူ တစ်ယောက်အနေဖြင့် သိုင်းတပည့်အဆင့်တစ် ကျင့်ကြံသူအား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ပွဲကြည့်စင်တစ်ခုလုံးသည် ငြိမ်သက်သွား၏။
"ဒင်"
“တပည့်ငါးယောက်သည် အဆင့်ခြောက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် အထူးတာဝန် ပြည်စုံနိုင်မှုနှုန်းသည် ငါးဆယ်ရာခိုင်နှုန်း ရောက်ရှိသွား၏။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်ဆယ်ကို ရရှိသည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် -၁၁၂/၅၀၀"
ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်၏။
"ထျန်းချီနဲ့ ရှောင်ကျီတို့ အဖွဲ့ရဲ့ နောက်ဆုံးဖိုင်နယ်မှာ တွေ့ကြမှာပဲ။"
ထိုအရာမှာ အမှန်ပင်ဖြစ်၏။ အဖွဲ့လေးတွင် လူနှစ်ယောက်သာ ကျန်ရှိတော့၏။ ထိုနှစ်ယောက်မှာ ရှောင်ကျီနှင့် ထျန်းချီတို့ဖြစ်သည်။
ပွဲကြည့်စင်မြင်ပေါ်ရှိ သိုင်းပညာရှင်များသည်လည်း ထိုအချက်ကို သတိပြုမိသည်။ ထို့ကြောင့် ဤနှစ်ယောက်တိုက်ခိုက်လျှင် မည်သူအနိုင်ရမည်ဆိုသည်ကို အပြင်းအထန် ဆွေးနွေးလျှက်ရှိကြ၏။
အဆင့်ငါးတိုက်ပွဲများ ပြီးဆုံးပြီးနောက်မှာတော့ အဖွဲ့တစ်ခုစီတွင် လူနှစ်ယောက်သာ ကျန်ရှိတော့သည်။
နောက်ထပ်တစ်ပွဲ တိုက်ခိုက်ပြီးလျှင် အားလုံးသည် နောက်ဆုံးတိုက်ခိုက်ပွဲကို ရောက်ရှိသွားတော့မှာ ဖြစ်၏။
သို့ပေမဲ့ ထိပ်ဆုံးရှစ်ယောက်စာရင်း ထွက်ပေါ်လာချိန်မှာတော့ များပြားလှသော ကျင့်ကြံသူများသည် အံ့အားသင့်မိကြသည်။
"ဒီလောက်နှစ်တွေအများကြီး ကျင်းပခဲ့တဲ့ သိုင်းပြိုင်ပွဲမှာ ဂိုဏ်းတစ်ခုကနေပြီး တပည့်ငါးယောက် တက်လာတယ်ဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး။ကြောက်စရာပဲ။"
"လုချင်းချင်းနဲ့ လီချင်းယန်တိုက အစွမ်းကုန်ထုတ်ပြီး မသုံးကြသေးဘူး။ကြည့်ရတာ သူတို့က နောက်ပွဲကို နိုင်ဖို့ အလားအလာများတယ်။"
ပွဲကြည့်ပရိတ်သတ်များသည် တုန်လှုပ်စွာဖြင့် ဆွေးနွေးနေတုန်းမှာပဲ ဒိုင်လူကြီး၏အသံ ထွက်ပေါ်လာသည်။
"ထိပ်ဆုံးရှစ်ယောက်၏ ပထမဦးဆုံးပွဲ -လီချင်းယန်နဲ့ ဟွာယွမ်မင်"
"စပြီ။"
"သံမဏိအရိုးဂိုဏ်းတပည့်က ဒီတစ်ကြိမ်မှာ သူ့ရဲ့အစစ်အမှန်စွမ်းအင်ကို ထုတ်သုံးမလား ငါသိချင်တယ်။"
အားလုံး၏စိတ်ဝင်တစား အကြည့်အောက်မှာပဲ လီချင်းယန်နှင့် ဟွာယွမ်မင်တို့သည် စင်မြင့်ပေါ်သို့ တစ်လှမ်းချင်း တက်လာ၏။
ဒိုင်လူကြီးမှ စ ဟု အော်လိုက်ချိန်မှာပဲ နှစ်ယောက်လုံးသည် တစ်ပြိုင်နက်ထဲ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာ လက်သီးများဖြင့် အစွမ်းကုန် ထုတ်ဖော် တိုက်ခိုက်တော့သည်။
တစ်ဖက်လူသည် မရိုးရှင်းကြောင်း လီချင်းယန် သိရှိပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဆက်လက်၍ မဖုံးကွယ်ထားတော့ပေ။ တိုက်ရိုက်ဆိုသလိုပဲ သူ၏ သိုင်းတပည့် ပထမအဆင့်ကျင့်ကြံခြင်းကို ထုတ်ဖော်၍ ရဲရဲရင့်ရင့် ပြန်လည် တိုက်ခိုက်တော့သည်။
"သူက သိုင်းတပည့်အဆင့်ပဲ။ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက စွမ်းအင်ဖွင့်ခြင်းအဆင့်တစ်ဆယ်ပဲ ရှိသေးတယ်။နှစ်လ မရောက်သေးတဲ့ အချိန်အတွင်းမှာပဲ သူက သိုင်းတပည့်တစ်ယောက် ဖြစ်နေပြီ။"
"မယုံနိုင်စရာပဲ။"
"တပည့်တွေ ဒီလောက်မြန်မြန်ဆန်ဆန် တိုးတက်လာစေဖို့ သံမဏိအရိုးဂိုဏ်းမှာ ဘယ်လိုဆေးမျိုးတွေ ရှိနေတာလဲ။"
ကျင့်ကြံခြင်းအဆင့်ကို အစွမ်းကုန်ထုတ်ဖော်ထားသော လီချင်းယန်သည် စင်မြင့်ပေါ်မှာ ပိုမို၍ အားရပါးရ တိုက်ခိုက်လာနိုင်သည်။
ဆယ်ကွက်လောက် တိုက်ခိုက်ပြီးသည့်နောက်မှာတော့ သူသည် သိုင်းတပည့်အဆင့် ပထမအဆင့်ဖြစ်သော ဟွာယွမ်မင်အား ဖိနှိမ်နိုင်ခဲ့ပြီ ဖြစ်၏။
"ရလာဒ်က ထွက်လာပြီပဲ။"
များပြားလှသော ကျွမ်းကျင်သူများသည် အခြေအနေကို သုံးသပ်လိုက်ကြ၏။
"ဘန်း"
မကြာခင်မှာပဲ လီချင်းယန်၏လက်သီးသည် မြွေတစ်ကောင်လိုပဲ ဘေးတစ်ဖက်ဆီမှ တစ်ဆင့် ဟွာယွမ်မင်၏ ပုခုံးဆီသို့ တိုက်ရိုက်ထိမှန်သွားပြီး ဟွာယွမ်မင် အား စင်မြင့်ပေါ်မှ လွင့်စင်သွားစေသည်။
"ဟဲ… ဟဲ"
စုရှောင်မို ရယ်ကာ ပြောလိုက်သည်။
"ဒုတိယစီနီယာအစ်ကိုက အလေးအနက်ထားပြီးတိုက်ခိုက်ရင် အရမ်းကြောက်ဖို့ ကောင်းတယ်။"
"ထိပ်ဆုံးရှစ်ယောက် အနိုင်ရသူ - လီချင်းယန်"
ဒိုင်လူကြီးမှ အော်လိုက်သည်။
များပြားလှသောကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်သွား၏။
လီချင်းယန်၏ အားအင်ကို သူတို့ သိကြသည်။ သို့ပေမဲ့ အင်ပြည့်အားပြည့် ထုတ်ဖော်ပြီးနောက်တွင် ပြိုင်ဘက်အား ဤမျှ လွယ်လွယ်ကူကူ တိုက်ခိုက်နိုင်မည်ဟုတော့ မထင်မိခဲ့ကြချေ။
နောက်ထပ်ပေါ်ထွက်လာသူမှာ လုချင်းချင်း ဖြစ်၏။
လုချင်းချင်းသည်လည်း အဆင့်နှစ် သိုင်းတပည့်အဆင့် ကျင့်ကြံသူတစ်ယောက်အား အချိန်ခဏအတွင်းမှာပဲ အနိုင်ယူခဲ့လေသည်။ သူမသည် မည်သည့်အားအင်ကိုမှ စိုက်ထုတ်ခဲ့ပုံ မပေါ်ပေ။
ဟုတ်ပေသည်။သိုင်းတပည့် အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်အား အနိုင်ယူခဲ့ခြင်း ဖြစ်၏။
သိုင်းပြိုင်ပွဲဆိုသည်မှာ အဆင့်တွေမြင့်လာသည်နှင့်အမျှ ပိုမို၍ ခက်ခဲလာတတ်သည်။ သံမဏိအရိုးဂိုဏ်း တပည့်နှစ်ယောက်အတွက်တော့ အဘယ့်ကြောင့် ပိုပို၍ လွယ်ကူလာရသနည်း။
များပြားလှသော ကျင့်ကြံသူများ၏ စိတ်အခြေအနေသည် အမှန်တကယ်ပဲ ပြိုလဲချင်နေပြီဖြစ်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အရမ်းကောင်းတယ် အရမ်းကောင်းတယ်။"
တပည့်နှစ်ယောက်သည် ထိပ်ဆုံးလေးနေရာ၏ နှစ်နေရာအား အပိုင်သိမ်းလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏အထူးတာဝန်ပြည့်စုံရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည်။
နောက်တစ်ယောက် တိုက်ခိုက်ရမည့်သူကတော့ စုရှောင်မိုပင် ဖြစ်သည်။
သူ၏ပြိုင်ဘက်သည် အဆင့်ခြောက်သူရဲကောင်းဂိုဏ်း၏ ထူးချွန်လှသည့် တပည့် ကျန်းလင်းဟဲဖြစ်၏။
ထိုလူငယ်လေး၏အားအင်သည် သိုင်းတပည့်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
သံမဏိအရိုးဂိုဏ်းတပည့်သည် ဤတစ်ကြိမ်တွင်တော့ ခံနိုင်မည်မဟုတ်ပဲ ကျိန်းသေပေါက် ရှုံးနိမ့်လိမ့်မည်ဟု အားလုံးက တွက်ဆထားခဲ့ကြသည်။
သို့ပေမဲ့ တကယ်တမ်းတိုက်ခိုက်မှု စတင်ချိန်မှာတော့ စုရှောင်မိုသည် သူ၏မြန်ဆန်လှသော လှုပ်ရှားမှုနည်းစနစ်ကို အသုံးပြု၍ စင်မြင့်ပေါ်တွင် ပတ်ပြေးလျှက်ရှိ၏။
ကျန်းလင်းဟဲသည် တစ်ဖက်လူ၏ အင်္ကျီစကိုပင် ထိအောင် မတိုက်ခိုက်နိုင်ချေ။
"မြန်လွန်းအားကြီးတယ်။"
"ဒီလောက်မြန်တဲ့ ခြေလှမ်းသိုင်းကွက်ကို ဘယ်ကနေသွားပြီး သင်ထားတာလဲ မသိဘူး။"
များပြားလှသော ကျင့်ကြံသူများသည် နားမလည်နိုင်ကြချေ။
စုရှောင်မို အလွန်အမင်းမြန်ဆန်နေခြင်းမှာ အဆင့်မြင့်ခြေလှမ်းသိုင်းကွက်ကိုးခုကို သင်ယူထားသောကြောင့် ဖြစ်လိမ့်မည်ဟု အားလုံးက ထင်မှတ်နေကြသည်။
အမှန်တကယ်တမ်းတွင်တော့ သူသည် မည်သည့်နည်းစနစ်ကိုမှ ထုတ်ဖော်နေသည်မဟုတ်ပေ။
သူ၏ခြေပုတိုများ၏ အစွမ်းနှင့် လျှောက်ပြေးနေခြင်းပင် ဖြစ်၏။
စုရှောင်မိုသည် ပြေးရုံပင် ပြေးနေသည် မဟုတ်ပေ။
အခါအခွင့် သင့်လျှင်သင့်သလို တစ်ဖက်လူအား ကြိုကျား ၊ ကြိုကျား တန်ပြန်တိုက်ခိုက်သေး၏။ ထိချင်ထိ မထိချင်နေ သူ့အနေနှင့် ပြေးလိုက်၊တိုက်လိုက် လုပ်လျက် ရှိသည်။
ကျန်းလင်းဟဲသည် ထိုသို့ပြုလုပ်ခံနေရသောကြောင့် အလွန်အမင်း ဒေါသထွက်လာသည်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန်ထုတ်ဖော်၍ စင်မြင့်ပေါ်တွင် ဝေ့ဝိုက်တိုက်ခိုက်လေသည်။
"ဟေ့ …. ငါ့ကိုထိအောင် ရိုက်လေ။စိတ်ဆိုးနေတာလား။ဟေ့ …. ဟေ့ …. လုပ်ပါ။ရိုက်စမ်းပါ။"
"စိတ်မဆိုးတော့ဘူးလား။ဆိုးလိုက်ပါအုံး။"
စုရှောင်မိုသည် ရှောင်တိမ်းရင်း နှင့် ပါးစပ်မှလည်း အဆက်မပြတ် စနောက်လျှက်ရှိ၏။
ထို့ကြောင့် ကျန်းလင်းဟဲသည် အလွန်အမင်း ဒေါသထွက်လာသည်။
အစောကတည်းက မောက်မောက်မာမာနေတတ်သော ကျန်းလင်းဟဲသည် အဆုတ်တွေကွဲလုမတတ် ဒေါသတရားတို့နှင့် ပေါက်ကွဲထွက်လာတော့သည်။ သူသည် ရူးရူးမူးမူးနှင့်လိုက်လံတိုက်ခိုက်တော့၏။
တစ်နာရီလောက်ကြာချိန်မှာတော့ သူသည် အလွန်အမင်းမောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။
"သွားတော့"
စုရှောင်မိုသည် အခွင့်အရေးကို အရယူပြီး ဘေးတစ်ဖက်ဆီသို့ ရောက်ရှိလာ၏။ သူ၏ခြေထောက်ကိုမြှောက်၍ ကျန်းလင်းဟဲ၏မျက်နှာအား ကန်ချလိုက်တော့သည်။
ကျန်းလင်းဟဲမြေပေါ်သို့ မကျခင်မှာပဲ ကျွင်းချောင်ရှောင်းသည် အားရပါးရ ထခုန်လိုက်၏။
"ကောင်းလိုက်တဲ့ ကန်ချက်။"
ဤသို့ဖြင့် စုရှောင်မိုသည် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။
ရှောင်ကျီ နှင့် ထျန်းချီတို့သည် မတိုက်ခိုက်ရသေးပေ။
သို့ပေမဲ့ ချန်ပီယံအတွက် တိုက်ခိုက်ကြသည့်လူများမှာ သံမဏိအရိုးဂိုဏ်း၏လူများသာလျှင် ဖြစ်ကျန်ခဲ့တော့သည်။
"ဘုတ်"
ကျန်းလင်းဟဲသည် စင်မြင့်ပေါ်မှ ပြုတ်ကျသွား၏။ သူ၏ညာဘက်မျက်နှာပေါ်တွင်တော့ ခြေရာတစ်ခုက ထင်ရှားနေသည်။
"ဒါ ….ဒါ အိပ်မက်တစ်ခုလား။"
များပြားလှသော ကျင့်ကြံသူများသည် တွေဝေမိသွား၏။ သူတို့၏နှလုံးသားများသည် မည်သည့်စကားမှ ဖော်ညွှန်း၍ မရလောက်အောင် တုန်လှုပ်လျက်ရှိသည်။
အဖွဲတစ် ဗိုလ်စွဲသူ - လီချင်းယန်
အဖွဲနှစ်ဗိုလ်စွဲသူ - စုရှောင်မို
အဖွဲသုံးဗိုလ်စွဲသူ - လုချင်းချင်း
အဖွဲလေးဗိုလ်စွဲသူ - ရှောင်ကျီနှင့် ထျန်းချီ အနိုင်ရသူ တစ်ယောက်။
သံမဏိအရိုးဂိုဏ်းသည် ထိပ်ဆုံးလေးဖွဲ့ ၏ ပထမနေရာများအား အပိုင်သိမ်းလိုက်ပြီ ဖြစ်သည်။
ဤကိစ္စသည် သိုင်းပြိုင်ပွဲ စတင်ကျင်းပစဉ်ကတည်းက ယခုအချိန်ထိ တစ်ခါမှ ဖြစ်ပေါ်ဖူးသည့် ကိစ္စမျိုး မဟုတ်ချေ။