← Chapters

အခန်း (၇၅)

Vol. 6 Ch. 75

အခန်း (၇၅)

Vol. 6 Ch. 75

အဖွဲ့ နှစ် ၏ နောက်ဆုံးတိုက်ပွဲမှာလည်း ပြီးစီးသွားခဲ့ပြီ ဖြစ်ပြီး အနိုင်ရရှိသူမှာ စုရှောင်မို ဖြစ်သည်။

အဖွဲ့ လေး တွင် ယှဉ်ပြိုင်ရမည့်သူမှာ သံမဏိ အရိုးဂိုဏ်းဝင် နှစ်ဦး ဖြစ်သည်မို့ မည်သူ ရှုံးရှုံး ၊ မည်သူနိုင်နိုင် ဗိုလ်ဆွဲသူသည် သံမဏိအရိုးဂိုဏ်းမှ ဖြစ်လိမ့်မည်။

အလွန်ပင် အားကောင်းလှသည်။ အံ့အားသင့်စရာလည်း ကောင်းလှ၏။

ပွဲကြည့်စင်ပေါ်ရှိ ကျင့်ကြံသူများ ၊ များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများနှင့် လီရန်မြို့တော်ဝန် ကိုယ်တိုင်သည်ပင် ဤရလဒ်အား မြင်တော့ မျက်နှာအမူအရာ မည်သို့ ထားရမည် ကိုပင် မသိ ဖြစ်မိနေကြသည်။

ဂိုဏ်းတစ်ခုတည်းမှတပည့်နှစ်ယောက် နောက်ဆုံးပွဲတွင် တွေ့ဆုံခြင်း ဆိုသည်မှာ ဖြစ်လေ့ဖြစ်ထ ရှိသည်။

သို့ပေမဲ့ တပည့် လေးယောက်လုံး နောက်ဆုံးလေးယောက် စာရင်းထဲ ဝင်ရောက်သည် ဆိုသည်ကတော့ များလွန်းလှသည်။ တစ်ခါမှလည်း ထိုသို့မဖြစ်ဘူးချေ။

သိုင်းပြိုင်ပွဲ၏ ရာခိုင်နှုန်းတွက်ချက်မှု အရဆိုလျှင် အနာဂတ်တွင်လည်း ထိုသို့ဖြစ်လာရန် အခွင့်အလမ်းမှာ အလွန်နည်းပါးလွန်း၏။

“အနိုင်ရသူ - စုရှောင်မို”

“အဖွဲ့လေး .. တိုက်ခိုက်မည့်သူများ - ရှောင်ကျီ နှင့် ထျန်းချီ”

ဒိုင်လူကြီးသည် အော်ကာ ကြေညာလိုက်သည်။

မည်သူပင်နိုင်နိုင် နောက်တစ်ဆင့်သို့ တက်ရောက်သွားမည့်သူမှာ သံမဏိအရိုးဂိုဏ်းမှ ဖြစ်သည် ။ သို့ပေမဲ့ စည်းမျဉ်းအရ အနိုင်ရရှိသူ ကျိန်းသေပေါက်တစ်ယောက်တော့ ရှိရမည်။ ထို့ကြောင့် ယှဉ်ပြိုင်ရပေလိမ့်မည်။

ထျန်းချီသည် ပထမဆုံး စင်ပေါ်သို့ တက်လာသည်။

ပြီးနောက် ဖြည်းဖြည်းချင်း တက်လာသော ရှောင်ကျီ အား ပြုံးကာ ပြောလိုက်သည် “ဂျုနီယာ ညီလေး .. မင်း လွယ်မှာ မဟုတ်ဘူးနော်”

ရှောင်ကျီ ပြောလိုက်သည် “ကျွန်တော်လည်း လျော့ပေးမှာ မဟုတ်ဘူးနော်”

“စမယ်” ဒိုင်လူကြီးမှ အော်လိုက်သည်။

ဟူး …။

ရှောင်ကျီ နှင့် ထျန်းချီ တို့သည် အမြန်ဆုံးနှုန်းဖြင့် ထိပ်တိုက် ပြေးဝင်လာကြ၏။

“မြန်လိုက်တာ”

“သူတို့က ဂိုဏ်းတစ်ခုတည်းက ဆိုရင်တောင်မှ အနိုင်ရရှိသူကို အလျော့မပေးဘဲ တိုက်ခိုက်ဖို့ စဉ်းစားထားပုံ ပေါ်တယ်”

အားလုံးကလည်း ထိုသို့သော ပွဲကောင်းမျိုးကို မျှော်လင့်နေကြခြင်း ဖြစ်သည်။

သူတို့သည် မည်သူ ဗိုလ်ဆွဲမည် ဆိုသည်ကို စိတ်မဝင်စားတော့ချေ။ အဘယ့်ကြောင့် ဆိုသော် ဗိုလ်ဆွဲသူသည် သံမဏိအရိုးဂိုဏ်းမှ ဖြစ်ကြောင်း သေချာသွားခဲ့သောကြောင့် ဖြစ်သည်။။ ထို့ကြောင့် ကြမ်းတမ်း၍ စွဲမက်ဖွယ်ရာ ကောင်းသော တိုက်ပွဲမျိုးကို ကြည့်ရှုရန်သာ စိတ်ဆန္ဒရှိကြတော့သည်။ ထိုသို့ကြည့်ရလျှင် သူတို့ ဤနေရာသို့ လာရကျိုးနပ်ပြီဖြစ်၏။

ရှောင်ကျီ နှင့် ထျန်းချီ တို့သည် အမြန်ဆုံးနှုန်းဖြင့် ပြေးလာကြသည်။

တစ်ယောက် နှင့် တစ်ယောက် မီတာဝက်လောက် ကွာဝေးချိန်မှာတော့ ရပ်တန့်လိုက်ကြသည်။ ပြီးနောက် သူတို့၏ လက်သီးများအား ဝေ့ယမ်းကာ သံပြိုင် အော်လိုက်ကြ၏ “ကျောက်တုံး .. စက္ကူ ၊ ကပ်ကြေး”

ထျန်းချီ - ကပ်ကြေး။

ရှောင်ကျီ - ကျောက်တုံး။

“အား …” ထျန်းချီသည် ဒေါသတကြီးနှင့် သူ၏ ဦးခေါင်းကို ကိုင်ပြီး ပတ်ပြေးတော့သည်။ ပြီးနောက် စင်မြင့်ပေါ်မှ ခုန်ချကာ ပြောလိုက်သည် “ငါတို့ စာရွက်ပဲ လုပ်ကြမယ်လို့ ပြောထားတယ် မဟုတ်လား။ မင်း ဘာလို့ ကျောက်တုံး လုပ်ရတာလဲ”

တည်နေရာထဲတွင် ရှိနေသော ကျင့်ကြံသူအားလုံးသည် ဆွံ့အသွားကြ၏။

ကျောက်တုံး ၊ စက္ကူ ၊ ကပ်ကြေး ကစားနည်းအား အသုံးပြု၍ အနိုင်ရရှိသူအား ဆုံးဖြတ်ခြင်း။ ဒါက သိုင်းပြိုင်ပွဲ တစ်ခုပင် ဟုတ်ရဲ့လား။

ဒိုင်လူကြီးသည် ဆွံ့အသွားသည်။ သို့ပေမဲ့ ထျန်းချီ စင်ပေါ်မှ ခုန်ဆင်းသွားခြင်း၏ အဓိပ္ပာယ်မှာ အရှုံးပေးခြင်း အဓိပ္ပာယ်ပင် ဖြစ်သည်ကို နားလည်လိုက်မိ၏။ ထို့ကြောင့် အားလုံးရှေ့တွင် ကြေညာလိုက်သည် “အနိုင်ရရှိသူ ရှောင်ကျီ”

“ဒင် ….”

“တပည့်လေးယောက်စလုံးသည် ထိပ်ဆုံးလေးယောက် စာရင်းထဲ ဝင်ရောက်ခဲ့သည်။ အထူးတာဝန် ပြည့်စုံပါပြီ။ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ၂၀၀ ကို ရရှိသည်။”

“ဒင် …”

ဂိုဏ်းစုဆောင်းမှတ် - ၃၁၂ / ၅၀၀။

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွားသည် “အဲလောက်တောင် ပေးတာလား”

“ဒင် ….”

“လက်ခံသူသည် အထူးတာဝန်အား အကောင်းဆုံးအရည်အသွေးဖြင့် အောင်မြင်ခဲ့သည်။ ထို့ကြောင့် စည်းဖွင့်ခြင်း အဆောင် x ၁ ခု နှင့် အတွေ့အကြုံအမှတ် အနည်းငယ် ရရှိသေးသည်။”

စနစ်မှ သတိပေးသံ ဆုံးဆုံးချင်းမှာပဲ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ် ထဲ စီးဝင်လာသည်။ ပြီးနောက် သူ၏ ဒန်ထျန် ထဲတွင် စုစည်းပြီး ချီလေပွေ တစ်ခု ဖြစ်တည်လာတော့၏။

“သူ … သူ ဒီလိုပဲ အဆင့်တက်နေတာလား”

ချီလေပွေ ဖြစ်တည်ပြီးနောက်တွင် ဂိုဏ်းချုပ်ကျွင်း၏ မျက်နှာသည် တည်ငြိမ်သွားသည်။ သူသည် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး အဆင့်ချိုးဖျက်လိုက်၏။

“ဒင် …”

“လက်ခံသူသည် သိုင်းတပည့် ပထမအဆင့်အား ချိုးဖျက်နိုင်ခဲ့သည်။”

ကျွင်းချောင်ရှောင်သည် ပခုံးတွန့်ရင်း ပြောလိုက်မိ၏ “လွယ်လိုက်တာ”

တခြားသူများသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ် ရောက်ချိန်တွင် ချီလေပွေ ဖန်တီးနိုင်ရန် အလွန်အမင်း ခက်ခက်ခဲခဲ ကြိုးစားရသည်။ သို့ပေမဲ့ သူကတော့ ဤအဆင့်ကို တစ်ခါတည်း ကျော်ဖြတ်နိုင်ခဲ့သည်။

သို့ပေမဲ့ ….

ချီလေပွေ ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် မရပ်တန့်ခဲ့ချေ။ ဆက်လက်၍ အားအင်များ တိုးပွားလျက်ရှိ၏။

“ဒင် ….”

“လက်ခံသူသည် သိုင်းတပည့် အဆင့်နှစ် ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။”

“ဒင် ….”

“လက်ခံသူသည် သိုင်းတပည့် အဆင့်သုံး ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။”

“ဒင် ……”

“လက်ခံသူသည် သိုင်းတပည့် အဆင့်လေး ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။”

“ဒင် …”

“လက်ခံသူသည် သိုင်းတပည့် အဆင့်ငါး ကို အောင်မြင်စွာ ရောက်ရှိခဲ့သည်။”

အချိန်တိုအတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် သိုင်းတပည့် အဆင့်ငါး ဖြစ်သွားခဲ့လေသည်။

ဗြုတ် ..။

ဘေးတစ်ဖက်တွင် ရှိသော တော်ဝင်နီဂိုဏ်းအကြီးအကဲ၏ မေးရိုးသည် ပြုတ်ကျသွားရသည်။ သူ၏ ပါးစပ်သည် ကြက်ဥ နှစ်လုံးလောက် ပစ်ထည့်၍ ရနိုင်သည့်အထိ ဟောင်းလောင်း ဖြစ်လျက် ရှိ၏။

ကျွင်းချောင်ရှောင်း အဆင့်တက်ချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြောင်း သူ၏ မျက်စိဖြင့်ကိုယ်တိုင် မြင်ခဲ့ရသည်။

ကောင်းကင်ဘုံ ..။

ဒီကောင် ဘာဖြစ်တာလဲ။ တကယ်ကြီး အဆင့်တက်ခဲ့တာလား။

မဖြစ်နိုင်ဘူး။

ဒီကမ္ဘာကြီးမှာ ဘယ်လိုလုပ် တစ်ခါတည်း အဆင့်သေး လေးဆင့်လောက် တက်သွားတဲ့သူ ဆိုတာ ရှိမှာလဲ။ မျက်စိမှောက်တာပဲ ဖြစ်ရမယ်။

တော်ဝင်နီဂိုဏ်းအကြီးအကဲ သည် မိမိကိုယ်ကိုယ် နှစ်သိမ့်လိုက်မိသည်။

“ဖူး ….” ကျွင်းချောင်ရှောင်း စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်သည်။ သူ၏ လက်များအား ဆန့်တန်းကာ စပ်ဖြီးဖြီး ဖြင့် ပြောလိုက်သည် “ဘယ်ရောက် လန်းဆန်းလိုက်လဲ”

သူ့အား ပို၍ လန်းဆန်းတက်ကြွစေသည်မှာ ..

အထူးတာဝန် ပြည့်စုံပြီးနောက်တွင် စည်းဖွင့်ခြင်းအဆောင် ရရှိခြင်း ဖြစ်သည်။

မီတာလေးဆယ် ဓားမော့သည် ကျွင်းချောင်ရှောင်း၏ အဓိက ဝှက်ဖဲကြီးဖြစ်၏။ စည်းဖွင့်ခြင်းအဆောင် ရှိလာပြီဖြစ်သောကြောင့် သူ တိုက်ရိုက်ပဲအသုံးပြု၍ ရနိုင်ပြီ ဖြစ်၏။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းလား ၊ ရှောင်မိသားစုလား။

ငါ့ ဓားမော့ ထုတ်လာရင် အားလုံးကို သတ်ပစ်နိုင်ပြီ။

စနစ်မှ အသံထွက်ပေါ်လာသည် “ကံဆိုးသည်မှာ သိုင်းပြိုင်ပွဲတွင် ငါးယောက်မြောက် လူအတွက် ဆု မပါဝင်ခြင်း ဖြစ်သည်။ မဟုတ်လျှင် လက်ခံသူ၏ ဆုသည် ပို၍ မြင့်မားနိုင်သေးသည်။”

“ဟုတ်တယ်။ နှမျောစရာပဲ”

ကျွင်းချောင်ရှောင်း ထိုစကားအား နှလုံးသားထဲမှ စိတ်လိုလက်ရ ပြောလိုက်ခြင်း ဖြစ်၏။

မည်သို့ပင် ဖြစ်ဖြစ် အထူးတာဝန်သည် သူ့အား များပြားလှသော ဆုများကို ပေးခဲ့ပြီး ဖြစ်သည်။ စိတ်ကျေနပ်စရာပင် မဟုတ်လား။

……

“လုချင်းချင်း နှင့် လီချင်းယန်”

ခဏလောက် အနားယူပြီးနောက် ဒိုင်လူကြီးသည် ကြေညာလိုက်သည်။

ပွဲကြည့်စင်ပေါ်ရှိ သိုင်းပညာရှင်များသည် စိတ်အားတက်ကြွလာမိသည်။ တစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင် များအား ကောင်းကောင်းအသုံးချနိုင်သူ ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ စိတ်ဝိညာဉ် စွမ်းအင် နှင့် ခန္ဓာကိုယ် အားအင်အား မျှဝေ သုံးစွဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။ တိုက်ပွဲသည် ကျိန်းသေပေါက် ကြမ်းတမ်းပေလိမ့်မည်။

လီချင်းယန် သည် စင်မြင့်ပေါ် တက်လလိုက်သည်။ ဒိုင်လူကြီး ကြေညာပြီးသည့်နောက်တွင်တော့ သူ၏ အစ်မကြီးအား လက်သီးဆုပ် ဂါရဝပြုပြီး စင်အောက်သို့ ခုန်ချသွားတော့၏။

“ဒါကြီးက …”

အားလုံး မျက်လုံးအပြူးသားဖြစ်သွားကြသည်။

သိုင်းပြိုင်ပွဲ၏ နောက်ဆုံးသော လေးဦးအဆင့် တိုက်ခိုက်ပွဲများအား ထောက်ထားညှာတာသောအားဖြင့် ဂိုဏ်းတူချင်း ဆိုလျှင်တောင်မှ လေးစားမှု နှင့် တစ်ယောက်ကို တစ်ယောက် ဟန်ပြလောက် တိုက်ခိုက်ပေးသင့်သည် မဟုတ်လား။

သို့ပေမဲ့ ကျောက်တုံး၊ စက္ကူ၊ ကပ်ကြေးဖြင့် အဆုံးအဖြတ် မပြုလုပ်ခဲ့သည်ကိုပင် ကျေးဇူးတင်ရမည့်ပုံ ပေါက်နေသည်။

“အနိုင်ရသူ - လုချင်းချင်း” ဒိုင်လူကြီး ဘာမှမတတ်နိုင်ဘဲ ကြေညာပေးလိုက်ရသည်။

နောက်တော့ စုရှောင်မို နှင့် ရှောင်ကျီ တို့၏ အလှည့်ဖြစ်၏။

ပွဲကြည့်ပရိသတ် အားလုံးတို့သည် ထိုင်ခုံတွင် မှီထိုင်ပြီး တိုက်ပွဲအား မမျှော်လင့်တော့ချေ။

ပွဲစသည်နှင့် သံမဏိအရိုးဂိုဏ်းသားနှစ်ယောက်သည် မည်သူ စင်ပေါ်မှ အရင်ဆုံး ဆင်းနိုင်သနည်း ဆိုသည်ကို ပြိုင်ကြတော့သည်။ ထိုနေရာတွင် ခြေပုတိုလေးဖြစ်သော စုရှောင်မိုသည် သာလွန်သောကြောင့် အရင်ဆုံး စင်အောက် ရောက်သွားတော့၏။

“ချီးတဲ့မှ …”

“ဒီကောင်တွေ သောက်ခွက်လာပြောင်နေတာလား”

မည်သို့ပင် ဖြစ်ဖြစ် နောက်ဆုံး ဗိုလ်လုပွဲ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

“ဗိုလ်လုပွဲ - လုချင်းချင်း နှင့် ရှောင်ကျီ”

ဒိုင်လူကြီး၏ အသံပင် အားပျော့လျက်ရှိသည်။ သူတို့အနေဖြင့် ပွဲကြည့်ပွဲကောင်းကြည့်ရှုရန် စိတ်အား တက်ကြွမှုများလည်း မရှိကြတော့ချေ။

ရှောင်ကျီသည် စင်မြင့်ပေါ်တက်ကာ ပြောလိုက်သည် “စီနီယာ အစ်မ .. ပထမ ယူလိုက်ပါ”

ပိုင်ယု နှင့် ရှောင်လင်းရီ တို့အား ပယ်ပယ်နယ်နယ် ရိုက်နှက်ခဲ့ပြီးနောက်တွင် သူသည် အညိုးအတေးများအား အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သိုင်းပြိုင်ပွဲ၏ ပထမ နေရာကို ယူရန် လုံးဝ စိတ်မဝင်စားတော့ချေ။

လုချင်းချင်းသည် ဘာတစ်ခုမှ မပြောဘဲ စင်အောက်သို့ ဆင်းသွားလေသည်။

သူမသည်လည်း ပထမနေရာအား စိတ်မဝင်စားပေ။ လီချင်းယန်သာ လက်မဦးလျှင် အစောကတည်းက သူမ ဆင်းနှင့်နေပြီဖြစ်၏။

ဤလိုနှင့်ပဲ သိုင်းပြိုင်ပွဲ၏ ဗိုလ်ဆွဲသူသည် ရှောင်ကျီဖြစ်ခဲ့လေသည်။

ပွဲကြီးပွဲကောင်း ကြည့်ချင်ကြသော ပရိသတ်များသည် ငိုချင်စိတ်ပင် ပေါက်မိနေ၏။

နောင်ဆိုလျှင် သိုင်းပြိုင်ပွဲတွင် တစ်ဂိုဏ်းတည်းမက၍ သားအဖပင်ဖြစ်နေပါစေ။ အဆုံးစွန်ထိ တိုက်ခိုက်ပြီးမှသာ ဆုပေးရန် အားလုံးက တပြေးညီတည်း ဆုံးဖြတ်ချက် ချလိုက်ကြသည်။ ကျောက်တုံး ၊ စက္ကူ၊ ကပ်ကြေး လာဆော့ပါက ပြိုင်ပွဲမှ ထုတ်ပယ်ပစ်ရန်လည်း တစ်ခါတည်း ဆုံးဖြတ်လိုက်ကြတော့သည်။

“ဟင်း …”

ကျွင်းချောင်ရှောင်းသည် ဟန်ပါပါ ဖြင့် ပြောလိုက်သည် “ဗိုလ်ဆွဲဖို့ ခက်ခဲမယ် ထင်ထားတာ။ ဒီတစ်ကြိမ် လာပြိုင်တဲ့သူတွေက အားနည်းလွန်းတာပဲ။ တကယ် စိတ်ပျက်မိတယ်။”

ဒင် ..

ဟန်လုပ်အမှတ် - + ၉၉၉၉၉ ….။

All Chapters