အခန်း (၇၆)
Vol. 6 Ch. 76
စနစ်သည်သာ ဟန်လုပ်ခြင်းအမှတ် ပေးမည် ဆိုလျှင် ကျွင်းချောင်ရှောင်းမှာ အမှတ်မနည်းပင် ရမှာ သေချာလှသည်။
ကံကောင်းစွာနှင့် ထိုအတွက် အမှတ် မပေးချေ။
တော်ဝင်နီဂိုဏ်းအကြီးအကဲ ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်သွားသည် “ခင်ဗျား .. စိတ်ပျက်နေတာလား”
သို့ပေမဲ့ စိတ်ပျက်လက်ပျက် ဟန်ပန် လုပ်၍ အမူအရာ ပိုနေမည် ဆိုလျှင်ပင် ကျွင်းချောင်ရှောင်းအတွက် သင့်တော်လှသည်။ သူ၏ တပည့်လေးယောက်လုံးသည် ထိပ်ဆုံးလေးယောက် စာရင်းတွင် ဝင်ခဲ့သည် မဟုတ်လော။
သိုင်းပြိုင်ပွဲ ဝင်ရောက်သူအားလုံးတို့သည် သံမဏိအရိုးဂိုဏ်းသားတို့၏ နင်းလျှောက်မည့် ကျောက်တုံးလေးများဖြစ်ခဲ့ရ၏။
အဆိုးဆုံး ခံစားနေရသူများမှာ ရှောင်မိသားစု အကြီးအကဲများနှင့် တိုက်ရိုက်သွေးမျိုးဆက် များဖြစ်ကြသည်။ အဘယ့်ကြောင့် ဆိုသော် သူတို့ အမှိုက်ဟု သတ်မှတ်ထားသော ရှောင်ကျီသည် သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့လေ၏။
“ကလန်ကနေ ထုတ်ပယ်လိုက်တဲ့တပည့်က ဗိုလ်ဆွဲလာလိမ့်မယ်လို့ ထင်တောင်ထင်မိမှာ မဟုတ်ဘူး။ ရှောင်မိသားစုကတော့ ရင်နာနေလောက်ပြီ”
“ဒီအချိန်မှာတော့ သူတို့ နောင်တရနေလောက်ပြီ”
“ပါရမီရှင်တွေ က နိမ့်ပါးသွားခဲ့တယ် ဆိုရင်တောင်မှ ပြန်လာနိုင်တယ်လို့ ရှောင်ကျီ က သက်သေပြခဲ့တာပဲ”
….
ရှောင်မိသားစု အကြီးအကဲသည် လူအများ၏ ဆွေးနွေးနေသံများအား အထင်းသား ကြားနေရသည်။ သူ၏ ခန္ဓာကိုယ် အတွင်းရှိ သွေးများသည် တပွက်ပွက်ဖြင့် ဆူဝေလျက်ရှိသည်။ သူ၏ လက်များသည် ကြမ်းကြမ်းတမ်းတမ်းပဲ တုန်ရင်လျက်ရှိ၏။
ကျွင်းချောင်ရှောင်၏ လက်နက်ကိုသာ သူ မစိုးရွံ့ရဘူးဆိုလျှင် သူ့အနေဖြင့် ရှောင်ကျီအား တစ်ခါတည်း သွားရောက် သတ်ဖြတ်ပစ်မိမှာ သေချာသည်။
“အဟမ်း .. အဟမ်း …”
လီရန်မြို့၏ မြို့တော်ဝန်သည် အလယ်စင်မြင့်ပေါ်သို့ တက်လာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည် “သိုင်းပြိုင်ပွဲ ပြီးဆုံးပါပြီ။ ဗိုလ်ဆွဲသူသည် သံမဏိအရိုးဂိုဏ်းမှ ရှောင်ကျီ ဖြစ်ပါတယ်။”
ပြီးနောက်အားလုံး၏ အကြည့်အောက်မှာပဲ သူသည် ရှောင်ကျီအား သေမျိုးအဆင့် သိုင်းစာအုပ် တစ်အုပ် နှင့် သလင်းအမြူတေ နှင့်တူညီသော ကျောက်ဆယ်လုံးကိုလည်း ပေးလိုက်သည်။
“စိတ်ဝိညာဉ်ကျောက်တုံးတွေလား” ကျွင်းချောင်ရှောင်း တီးတိုးရေရွတ်လိုက်မိသည်။
မူလ ကျွင်းချောင်ရှောင်း၏ မှတ်ဉာဏ်တွေအရဆိုလျှင် ထိုကျောက်များသည် စိတ်ဝိညာဉ်စွမ်းအင်များ အများအပြား ပါဝင်နေသော ကျောက်ဖြစ်သည်။ ထိုအရာသည် ကျင့်ကြံရာတွင် တိုက်ရိုက် အသုံးပြုနိုင်သည့် စိတ်ဝိညာဉ်ကျောက်တုံး လည်း ဖြစ်၏။
စိတ်ဝိညာဉ်ကျောက်တုံးသည် မိုင်းတွင်း သို့မဟုတ် တစ်ချို့သော ကျွမ်းကျင်သူများ၏ သလင်းအမြူတေ အား အဆင့်မြင့်တင်ခြင်း မှ ရရှိပြီး စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးသည် ငွေတေလ်း တစ်သောင်း နှင့် တူညီပြီး တန်ဖိုးကြီးလှသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “သိုင်းပြိုင်ပွဲရဲ့ ဗိုလ်ဆွဲသူက စိတ်ဝိညာဉ်ကျောက်တုံးတွေ ရတာပဲ။ မဆိုးဘူး”
စနစ်မှ ပြောလိုက်သည် “မပေးလျှင် မည်သူက ဝင်၍ ပြိုင်မည်နည်း။”
စနစ်ပြောသည်မှာလည်း အမှန်ပင် ဖြစ်၏။
…….
များပြားလှသော ကျင့်ကြံသူများ၏ မနာလိုသည့်အကြည့်အောက်မှာပဲ ရှောင်ကျီသည် သိုင်းစာအုပ် နှင့် စိတ်ဝိညာဉ်ကျောက်တုံးအား ယူပြိး သူ၏ စီနီယာအစ်ကိုများ ရှိရာဆီသို့ လာလိုက်သည်။
ကျွင်းချောင်ရှောင်းသည်လည်း ထိုနေရာသို့ ရောက်လာ၏။ သူ ပြုံးကာ ပြောလိုက်သည် “ကောင်လေးတို့ .. မင်းတို့ ကြိုးစားခဲ့တယ်။ မင်းတို့က သိုင်းပြိုင်ပွဲမှာ ဂုဏ်ထူးဆောင်ခဲ့တယ်။ ဒီတော့ အကောင်းဆုံး စားသောက်ဆိုင်မှာ လိုက်ကျွေးမယ်”
“ကျွန်တော် သောက်ချင်တယ်” ထျန်းချီ ပြောလိုက်၏။။
“သွားစို့ …. သွားစို့”
များပြားလှသော ပွဲကြည့်ပရိသတ်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ တပည့်များအား ခေါ်ကာ လျှောက်ထွက်လိုက်သည်။ အားလုံး၏ မျက်လုံးထဲတွင် သူတို့သည် ဂုဏ်အရှိန်အဝါဖြင့် ထည်ဝါလျက်ရှိ၏။
တပည့်ငါးယောက်သည် ထိပ်ဆုံး လေးဦးစာရင်းထဲ ဝင်လိုက်သည်။ သံမဏိအရိုးဂိုဏ်းသည် အဆင့်ကိုး ဂိုဏ်းတစ်ခု ဖြစ်သည်ဆိုပေမဲ့ လက်သီးဘယ်လောက်မာကြောင်း ပြသနိုင်ခဲ့ကြပြီ ဖြစ်သည်။
“သေစမ်း…”
အဝင်ပေါက်ဆီ လျှောက်လာသော ရှောင်ကလန် အကြီးအကဲသည် မြောက်ကြွမြောက်ကြွ နှင့် ထွက်သွားကြသော သံမဏိအရိုးဂိုဏ်း တပည့်များအား ကြည့်ရင်း မျက်လုံးထဲတွင် ဒေါသတွေ တလိပ်လပ်ဖြင့် ဖြစ်ပေါ်နေသည်။
ထိုအချိန်မှာပဲ အကြီးအကဲ တစ်ယောက်သည် ဖြတ်သွားရင်း အသာလက်သီးဆုပ်ကာ ပြောလိုက်သည် “ရှောင်ကလန် တိုက်ရိုက်မျိုးဆက် အနေနဲ့ သိုင်းပြိုင်ပွဲမှာ ဗိုလ်ဆွဲသွားတဲ့အတွက် ဂုဏ်ယူပါတယ်”
“အိုက်ရား …”
သူသည် နဖူးသာ အသာပုတ်ရင်း ဆက်ပြောလိုက်သည် “ကျုပ်မေ့သွားတယ်။ ကျုပ်မေ့သွားတယ်။ ရှောင်ကျီကို ခင်ဗျားတို့ ကလန်ကနေ ထုတ်လိုက်ပြီပဲ။ လွန်ခဲ့တဲ့ ငါးနှစ်ကတည်း က ရှောင်ကလန် က မဟုတ်တော့တာပဲ”
ရှောင်ကလန် အကြီးအကဲသည် ဒေါသတကြီးနှင့် ပြောလိုက်သည် “စုန့်ရှစ်ကျန့် .. ခင်ဗျား လာပြောင်နေတာလား။ တိုက်ခိုက်ချင်လို့လား”
တခြားသောအကြီးအကဲများသည်လည်း သူ့အား ဒေါသတကြီးနှင့် ကြည့်လိုက်ကြ၏။
သူတို့အစောကတည်းက စိတ်တိုနေကြတာ ဖြစ်သည်။ ဤလူသည် ရည်ရွယ်ချက်ရှိရှိဖြင့် တမင် ရန်လာစနေသလိုပင်။
“ကျုပ် မှားပြောမိတာပဲ။ အားလုံး .. စိတ်ထဲမထားပါနဲ့” စုန့်ရှစ်ကျန့် သည် သူ့ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သောကြောင့် လက်သီးဆုပ်ကာ နှုတ်ဆက် ထွက်ခွာသွားသည်။
အသာလှည့်ထွက်သွားပြီးနောက် တစ်ယောက်က လှမ်းနောက်လိုက်၏ “စုန့်အကြီးအကဲ .. သက်သက် သွားပြီး အနာကို ဆားသွားသိပ်တာ မဟုတ်လား”
စုန့်ရှစ်ကျန့် သက်ပြင်းချလိုက်သည် “ဟင်း .. တကယ် မေ့သွားတာပါကွ”
“ပြောရမယ် ဆိုရင် ရှောင်ကျီ ရဲ့ ခန္ဓာကိုယ် အားအင် က ကြောက်စရာပဲ။ ရှောင်ကလန် က သူ့ကို ထုတ်ပယ်လိုက်တာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း သိသာသွားစေတယ်။”
“ကျုပ်အထင်အရတော့ ရှောင်ကျီ ဗိုလ်ဆွဲသွားတဲ့ ကိစ္စကြောင့် ရှောင်ကလန်တော့ အားလုံးရဲ့ ဟာသလုပ်စရာကြီး ဖြစ်လာမှာပဲ”
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် ရှောင်ကလန်၏ ခံစားချက်များအား လမ်းလျှောက်ရင်း ဆွေးနွေးနေမိကြသည်။
“တောက် …”
ရှောင်ကလန် အကြီးအကဲ ဒေါသထွက်မိနေ၏။
စကတည်းက ဘာတစ်ခုမှ မပြောသေးသော ရှောင်ကလန် ခေါင်းဆောင်သည် ရှောင်ကျီ ထွက်ခွာသွားရာကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေနှင့် မီးတောက်လျက် ရှိ၏။
လွန်ခဲ့သော ငါးနှစ်က မိန်းကလေးတစ်ယောက်သည် ရှောင်ကလန်သို့ ရောက်လာပြီး အရှက်ခွဲကာ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့သောကြောင့် ရှောင်ကလန်သည် အားလုံး၏ ဟာသလုပ်စရာ ဖြစ်ခဲ့ရသည်။
ငါးနှစ်ကြာပြီး ယခုအချိန်မှာတော့ ရှောင်ကျီသည် သိုင်းပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့သည်။ ထို့ကြောင့်ပင် ရှောင်ကလန်သည် အားလုံး၏ ဟာသလုပ်စရာ ဖြစ်ခဲ့ပြန်၏။
မည်သို့မှ မလွတ်သော ရှောင်ကလန် ဖြစ်ခဲ့သည်။ မည်သို့မှ သည်းခံ၍ မရချေ။
….
“လာကြ ….”
လီရန်မြို့ အကောင်းဆုံး စားသောက်ဆိုင်၏ သီးသန့်ခန်း တစ်ခုတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ ခွက်ကို ကိုင်ကာ ပြောလိုက်သည် “သောက်မယ်”
ပြောပြီးသည့်နောက် ခေါင်းမော့ကာ ခွက်ထဲရှိ ဝိုင်တွေအားလုံးကို သောက်ချလိုက်သည်။
လီချင်းယန်၊ စုရှောင်မို၊ ထျန်းချီ နှင့် ရှောင်ကျီ တို့သည်လည်း ဝိုင်များအား သောက်လိုက်ကြ၏။
လုချင်းချင်းကတော့ မသောက်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စားလျက်ရှိသည်။
“ညံ့လိုက်တဲ့ အစားအစာတွေကွာ ..”
“တုတု ချက်တာတွေနဲ့ ယှဉ်ရင် ဆီနဲ့ ရေလိုပဲ”
လျှိုဝမ်ရှစ် ချက်ကျွေးသည်များအား စားခဲ့သူများ ဖြစ်သောကြောင့် သာမာန်စားဖိုမှုးများ ချက်ပြုတ်သည့် အစားအစာ များမှာ သူတို့အတွက် ဆန်ကြမ်းများကဲ့သို့ မြိုချရန် ခက်ခဲနေသည်။
ဟင်း …။
သူတို့ ပါးစပ်သည် အကျင့်ပျက်နေပြီဖြစ်၏။
ထျန်းချီသည် သူ၏ ခွက်အား မြှောက်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် ကြောင့်သာမဟုတ်ရင် ကျွန်တော် ထျန်းချီ ဆိုတာ ဘာမှမဟုတ်ဘူး။ ဒီတော့ ဒီတစ်ခွက်က ဂိုဏ်းချုပ်အတွက်”
ပြောပြီးသည့်နောက် သူ တစ်ခွက်လုံးအား မော့သောက်လိုက်သည်။
သူ့တပည့်များသည် ပြိုင်ပွဲတွင် ဗိုလ်ဆွဲခဲ့သည်။ သူသည်လည်း အထူးတာဝန်ကို ပြည့်ဝခဲ့သည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်း စိတ်ကောင်းဝင်လျက်ရှိ၏။ ခွက်ကို မြှောက်ကာ အားရပါးရ မော့သောက်လိုက်၏။
စုရှောင်မိုသည် ခွက်မြှောက်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် ကြောင့်သာ မဟုတ်ရင် စုရှောင်မို ဆိုတာ တခြားဂိုဏ်းတစ်ခုခု မှာ အပြင်စည်း တပည့်လောက်ပဲ ဖြစ်နေမှာ။ ဒီတစ်ခွက်က ဂိုဏ်းချုပ်အတွက် …”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် ကော့တက်သွားသည် “မင်းတို့ ငါ့ကို အကုန်သောက်စေချင်နေတာလား။”
စုရှောင်မို ဆီမှ တစ်ခွက်သောက်ပြီးနောက် လီချင်းယန်သည် မတ်တပ်ရပ်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းကို ဝင်နိုင်ခဲ့တာ ကျွန်တော့်အတွက် ကောင်းချီးတစ်ခုပဲ။ ပြီးတော့ မင်းတို့နဲ့အတူ ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်ခဲ့တာ ဝမ်းသာစရာပဲ။ ဒီတစ်ခွက်က ဂိုဏ်းချုပ်အတွက်၊ စီနီယာ အစ်မ အတွက်၊ ဂျုနီယာ ညီလေးတွေ အတွက် .. အားလုံးအတွက်”
မိသားစု တစ်ခုထဲမှ လာသူများကဲ့သို့ ခံစားမိကြသောကြောင့် သူတို့တွင် ပြောစရာတွေ ပုံလျက်ရှိနေကြသည်။
“သောက်မယ်”
ကျွင်းချောင်ရှောင်း မည်သူ၏ ခွက်ကိုမှမငြင်းဘဲ ဆက်တိုက်သောက်လျက်ရှိသည်။
စီနီယာအစ်ကိုတွေ အားလုံး အလှည့်ပြီးနောက် ရှောင်ကျီ ထရပ်လိုက်သည် “ဂိုဏ်းချုပ် … ကျွန်တေ် ဘာပြောရမှန်းမသိဘူး။ ဒါပေမဲ့ ဒီတစ်ခွက်က ဂိုဏ်းချုပ် အတွက်ပါ။”
“ဂလု .. ဂလု …”
ခေါင်းမော့ပြီး သောက်လိုက်တော့ ရှောင်ကျီ၏ မျက်နှာတစ်ခုလုံးသည် နီရဲသွားသည်။ ကြည့်ရသည်မှာ ရှောင်ကျီသည် သောက်လေ့သောက်ထ ရှိသည့်ပုံမပေါ်ချေ။
“အရူးတွေ ….” လုချင်းချင်း ထူးမခြားနားသလို ပြောလိုက်သည်။
အားလုံးသည် နှစ်နာရီကျော် သောက်ခဲ့ပြီး မူးရူးနေခဲ့ကြ၏။
ကြာရှည်ခံစားခဲ့ရသော ပြိုင်ပွဲဖိအားများ လွတ်ကင်းသွားခဲ့ပြီဖြစ်သောကြောင့် အားလုံးသည် စိတ်လွတ်ကိုယ်လွတ် ပျော်လျက်ရှိသည်။ ရှောင်ကျီ ဆိုလျှင် ကလေးတစ်ယောက်ကဲ့သို့ ဝိုင်ပုလင်းအား ဖက်ကာ ငိုလျက်ရှိသည်။
…..
ကျွင်းချောင်ရှောင်းသည် ထိုည၌ လီရန်မြို့တွင် နေထိုင်ခဲ့သည်။
နောက်တစ်နေ့မှာတော့ သူသည် တပည့်ငါးယောက် အား ခေါ်ဆောင်၍ သူ့အား လှောင်ပြောင်ခဲ့သော လူများ၏ ရှေ့တွင် ခေါင်းမော့၊ ရင်ကော့ကာ လျှောက်သွားနေသည်။
အမှိုက်ဂိုဏ်းတစ်ခု ဟုတ်သလား။
သံမဏိအရိုးဂိုဏ်းအား မည်သူကမှ အမှိုက်ဂိုဏ်းဟု မပြောရဲကြတော့ချေ။
သို့ပေမဲ့ …
လီရန်မြို့မှ ထွက်ပြီး မိုင်အနည်းငယ်လျှောက်လာခဲ့ပြီး နောက်မှာတော့ ခြုံပုတ်ထဲတွင် အရိပ်တစ်ချို့ လှုပ်ရှားနေကြောင်း သူ မြင်လိုက်ရသည်။
လုချင်းချင်း နှင့် လီချင်းယန်တို့သည် ချက်ချင်းဆိုသလိုပဲ သူတို့၏ လက်များအား ဓားလက်ကိုင်ပေါ် တင်လိုက်ကြသည်။
“ဟမ့် …” ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်အား နောက်ပစ်ကာ ခပ်တည်တည် ဖြင့်ပြောလိုက်သည် “ဒီလောကကြီးမှာ ပုန်းပြီး ထွက်မလာရဲရအောင် ဘယ်သူတွေက သတ္တိနည်းနေတာလဲ”
ချက်ချင်းဆိုသလိုပဲ ခြုံပုတ် ထဲမှ အမဲရောင် ဝတ်စုံအား ဝတ်ဆင်ထားသော လူ ဆယ့်နှစ်ယောက်သည် ထွက်ပေါ်လာကြသည်။ သူတို့သည် သတ်ဖြတ်လိုခြင်း အော်ရာတွေနှင့် ဖြစ်၏။
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည် “ချက်ချင်းကြီးရောက်လာတာပဲ။ ရှောင်မိသားစု က တော်တော်ညံ့တဲ့ကောင်တွေပဲ။ ခပ်ညံ့ညံ့ ဝတ္တုထဲက ဗီလိန်ဆိုရင်တောင်မှ အဲလို လုပ်မှာ မဟုတ်ဘူး။”