အခန်း (၇၈)
Vol. 6 Ch. 78
သိုင်းတပည့် အဆင့်ငါး ကို ချိုးဖြတ်ရောက်ရှိသွားပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် သေနတ်သုံးချက်ကို တစ်ခါတည်းပစ်ခတ်လိုက်၏။
သူသည် ပစ်မှတ်များကို ထိမှန်အောင် ပစ်နိုင်ခဲ့ရုံမကဘဲ သေနတ်ကိုင်ထားသော သူ၏ လက်များသည်လည်း မည်သည့်ထုံကျင်မှုကိုမှ မခံစားရချေ။ ဆိုလိုသည်မှာ သူသည် ကန္တာရ လင်းယုန် ၏ ပြန်ကန်အားကို ဂရုမစိုက်ဘဲ နေနိုင်သည့် အဓိပ္ပာယ်ပင် ဖြစ်သည်။
လီချင်းယန်နှင့် တစ်ခြားသူများသည်လည်း ဂိုဏ်းချုပ် ထပ်ခါ ထပ်ခါ ပစ်လိုက်သည်ကို မြင်တော့ တုန်လှုပ်သွားကြ၏။
အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူများသည်လည်း မီတာ နှစ်ဆယ်အဝေး၌ လွင့်စင့်၍ သေဆုံးသွားခဲ့ပြီ ဖြစ်ပြီး ဒဏ်ရာရရခဲ့သည့် သူအား ကျွင်းချောင်ရှောင်းသည် သစ်ပင်တစ်ပင်၏ အမြစ်ပေါ်တွင် ထိုင်၍ ပြောလိုက်သည်။
"ငါ့ရဲ့ သံမဏိအရိုးဂိုဏ်းကို နေ့ခင်းကြောင်တောင်ကြီး လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရဲတာ ဘယ်သူတွေလဲလို့ ငါကြည့်ချင်တယ်။"
"ကောင်းပါပြီ။"
တပည့်များသည် သူ၏ အမိန့်ကို ကြားတော့ ဒဏ်ရာရထားသော အမဲရောင်ဝတ်စုံနှင့်လူဆီကို လျှောက်သွားကြသည်။
သို့သော်လည်း အနားသို့ရောက်သွားချိန်မှာတော့ အားလုံးသည် မြေပေါ်တွင် လဲလျောင်းနေကြပြီး အသက်မရှုတော့သည်ကို တွေ့ရှိလိုက်ရ၏။
လီချင်းယန် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် သူတို့အားလုံးက သေသွားကြပြီ။"
"ဘာ"
ကျွင်းချောင်ရှောင်း မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ရောက်ရှိလာပြီး ထိုသူများ၏ အမဲရောင် မျက်နှာဖုံးအား ချွတ်ယူလိုက်၏။
ပြီးနောက် ထိုသူများ၏ နှုတ်ခမ်းများ မဲနက်နေသည်ကို မြင်လိုက်ရ၏။ အားလုံးသည် အဆိပ်မိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်းကို သူ ချက်ချင်း နားလည်လိုက်မိသည်။
"ရှောင်ကျီ … မင်း ဒီလူတွေကို သိလား။"
ရှောင်ကျီသည် အနားသို ရောက်ရှိလာပြီး သေဆုံးသွားသော အမဲရောင်ဝတ်စုံနှင့် လူများအား သေချာ စစ်ဆေးကြည့်လိုက်၏။ ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဂိုဏ်းချုပ် ကျွန်တော် သူတို့ကို မသိဘူး။"
"မင်း မသိဘူးလား။"
ကျွင်းချောင်ရှောင်း ကြောင်သွား၏။
ပထဦးဆုံး သူ၏ ခန့်မှန်းမှုအရ လုပ်ကြံ သတ်ဖြတ်မှုများသည် ရှောင်ကလန်မှ ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ ပေါက်ကရတွေ လျှောက်ပြီး ခန့်မှန်းခဲ့သည်လား။
လီချင်းယန်သည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမဲရောင်ဝတ်စုံ၏ ခါးတွင်ရှိသော ပစ္စည်းတစ်ခုအား ဆွဲဖြုတ်လိုက်၏။
"ဂိုဏ်းချုပ် ဒီမှာ ပိုင်ဆိုတဲ့ စာလုံးကို ရေးထားတယ်။ ဒါ ပိုင်ကလန်က ဖြစ်လိမ့်မယ်။"
ရှောင်ကျီသည် သူ၏ မေးစေ့အား ပွတ်သပ်ကာ ပြောလိုက်သည်။ "ပိုင်ကလန်ဆီမှာ အသေခံကြေးစားသမားတွေ ရှိတယ်လို့ ကျွန်တော်ကြားဖူးတယ်။"
စုရှောင်မို သည် အလျှင်စလိုပဲ ဝင်ပြောလိုက်၏။ "ပြောစရာမလိုဘူး။ သူတို့က ဂျူနီယာညီလေး ရှောင်ကျီ ပိုင်ယုကို အားရပါးရ ရိုက်နှက်ခဲ့တာကို စိတ်ဆိုးသွားတာ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် သူတို့ရဲ့ အသေခံကြေးစားသမားတွေကို လွှတ်ပြီးတော့ ကျွန်တော်တို့ကို သတ်ပစ်တာပဲ။"
ဖြောင်း။
ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ ခေါင်းအား နောက်မှ ရိုက်လိုက်သည်။
"အသေခံကြေးစားသမားတွေက သူ့ကိုယ်သူ ဘယ်သူမှန်းသိအောင် ခါးမှာ တံဆိပ်ပြားကြီးကပ်ပြီး လျှောက်သွားနေမလားကွ။"
စုရှောင်မိုသည် သူ၏ခေါင်းအား အသာဖုံးကာပြီး စပ်ဖြီးဖြီးနှင့် ရယ်လိုက်၏။
လီချင်းယန်ပြောလိုက်သည်။ "ဒါဆိုရင် တစ်ယောက်ယောက်က ပိုင်ကလန်လို့ အထင်မှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။
"ဒီလူတွေက အဆိပ်ကို သောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေတာတော့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ လုပ်ကြံခံရတာပဲ။"
လီချင်းယန် ပြောလိုက်သည်။
ကျွင်းချောင်ရှောင် သည် သူ၏ ပုခုံးကို အသာပုတ်ကာ ရယ်လိုက်၏ "မဆိုးဘူး။ မင်း ငါ့နောက်လိုက်တာ အလကား မဟုတ်ဘူးပဲ။"
လီချင်းယန်သည် လေးလေးနက်နက် ပြောလိုက်၏။
"မကြာသေးခင်ကလည်း ဂိုဏ်းထဲမှာလာပြီး ဂိုဏ်းချုပ်ကို လုပ်ကြံတဲ့သူတွေ ရှိတယ်လေ။ ဒီလူတွေက စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းနဲ့များ ဆက်စပ်နေမလား မသိဘူး။"
"ဒါက ပြောဖို့ခက်တယ်။" ကျွင်းချောင်ရှောင်းကိုယ်တိုင်ပင် မသေချာ မရေရာ ဖြစ်သွားမိသည်။
သူ့တွင် သုံးသပ်ချက် နှစ်ခုရှိ၏။
အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသော သူများသည် ပိုင်မိသားစု အယောင်ဆောင်ထားသော ရှောင်မိသားစု သို့မဟုတ် သူ့အား သတ်ဖြတ်ချင်နေသော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ သူများလည်း ဖြစ်နေနိုင်သည်။
"သူတို့ကိုရှာ"
"သူတို့ရဲ့ သိုလှောင်လက်စွပ်တွေ ဘာတွေ ရှိမလား ကြည့်ကြအုံး။"
လီချင်းယန်တို့အဖွဲ့သည် အားလုံးအား ရှာဖွေလိုက်ကြသည်။ သို့ပေမဲ့ လက်စွပ်မပြောနှင့် ငွေတစ်စပင် ရှာမတွေ့ကြပေ။ ပြောရလျှင် အလွန်အမင်း ဆင်းရဲသူများဟုပင် ဆိုနိုင်၏။
ကျွင်းချောင်ရှောင်း ခေါင်းအားအသာ ခါယမ်းပြီး ပြောလိုက်၏။ "အလောင်းတွေ အကုန်လုံးကို ပုံပြီး မီးသာရှို့လိုက်။"
"ကောင်းပါပြီ။" အားလုံးသည် အလောင်းများအား ဆွဲယူလိုက်ကြ၏။
စုရှောင်မိုသည် သစ်ကိုင်းတစ်ခုကို သွား၍ ချိုးပြီး သစ်သားကို မီးရှို့ရန် စတင်၍ ပွတ်လိုက်တော့သည်။
"သစ်သားကို ပွတ်ပြီး မီးရှို့မလို့လား။ ဒါက ရှေးခေတ် အရမ်းဆန်လွန်းတယ်။" ကျွင်းချောင်ရှောင်း ခေါင်းကို ခါယမ်းလိုက်၏။
ပြီးနောက် သူ၏ လက်ကိုမြှောက်ကာ မီးတောက်တစ်ခုကို ထုတ်ဖော်ပြီး အလောင်းများအား မီးရှို့လိုက်တော့၏။
ချက်ချင်းဆိုသလိုပဲ မီးတောက် ဖြစ်တည်လာသည်ကို မြင်တော့ လီချင်းယန် ၊ စုရှောင်မိုနှင့် တစ်ခြားသူများအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
လုချင်းချင်းက အံ့အားတသင့်ပြောလိုက်သည်။ "ရှင်က မီးဓာတ်အထူးပြု ကျင့်ကြံသူတစ်ယောက်လား။"
ကျွင်းချောင်ရှောင်း ပုခုံးတွန့်ကာ ပြောလိုက်သည်။ "ငါက မီးဓာတ်အထူးပြုကျင့်ကြံသူလေ။ ဘာထူးဆန်း နေလို့လဲ။"
ဖျောက် ….။
သူ လက်ဖျောက်တီးကာ ပြောလိုက်သည်။
"ဂိုဏ်းကို ပြန်ကြမယ်။"
သူတို့ငါးယောက်သည် အလောတကြီးဖြင့် ဂိုဏ်းချုပ်နောက်မှ လိုက်ပါလာကြတော့သည်။
လမ်းတစ်လျှောက်မှာတော့ လီချင်းယန်သည် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ "စီနီယာအစ်မကြီး ခုနက ဂိုဏ်းချုပ်သုံးလိုက်တဲ့ မီးမျိုးစေ့က တော်တော်ရှားပါးတဲ့ မီးမျိုးစေ့ဖြစ်နိုင်တယ်။"
လုချင်းချင်း ပြောလိုက်သည်။
"အမှန်ပဲ။ ဒါကို သပ်ရပ်မီးမျိုးစေ့လို့ ခေါ်တယ်။ အကောင်းဆုံး မီးမျိုးစေ့တစ်ခုပဲ။"
“ဟမ်။”
လီချင်းယန်တို့အားလုံးသည် ဆွံအသွား၏။ သူတို့သည် အံ့အားသင့် တုန်လှုပ်စွာဖြင့် သူတို့၏ ဂိုဏ်းချုပ်အား ကြည့်မိလိုက်ကြတော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ထူးဆန်းသော ဓာတ်သဘာဝပေါင်း ထောင်ကျော်ရှိ၏။
မီးဓာတ် ၊ ရေဓာတ် စသဖြင့် များစွာ ရှိသည့် အထဲတွင် သပ်ရပ် မီးမျိုးစေ့ဆိုသည်မှာ အလွန်ကောင်းမွန်သော မီးမျိုးစေ့ဖြစ်သည်။
ထို့အပြင် အလွန်အမင်း ရှားပါးသော မီးဓာတ် အမျိုးအစားလည်းဖြစ်၏။
လီချင်းယန်သည် သူ၏ ထိတ်လန့်မှုကို ဖိနှိမ့်၍ အသာ တီးတိုး ပြောလိုက်သည်။ "စီနီယာအစ်မကြီး ဂိုဏ်းချုပ်က အဲ့လောက် ရိုးရှင်းပုံမပေါ်ဘူး"
လုချင်းချင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။
"သူသာ ရိုးရှင်းရင် ဒီဂျူနီယာမောင်လေး တွေကို ပြိုင်ပွဲမှာ ဗိုလ်ဆွဲအောင် လုပ်ပေးနိုင်မယ်လို့ ထင်နေတာလား။"
လီချင်းယန် ပြောလိုက်သည်။ “ဒါလည်း ဟုတ်တာပဲ။”
ကျွင်းချောင်ရှောင်းသည် အရှိန်ကို လျှော့ချလိုက်၏။
ပြီးနောက် အနားကို သူတို့နှစ်ယောက် ရောက်လာသည်ကို စောင့်ကာ ပြောလိုက်သည်။ "ငါ မင်းကို သိုင်းအင်ပါယာ အဆင့်ရောက်အောင် လုပ်ပေးနိုင်တယ်လို့ ပြောဖူးတယ်မို့လား။ ငါ့ဆီမှာ အဲ့လို အရည်အချင်း မရှိဘဲနဲ့ ဘာလို့ ကြွားပြောရမှာတုန်း။"
“မှတ်ထား။”
သူသည် သူ၏ တပည့်ငါးယောက်အား ကြည့်ကာ ပြောလိုက်သည်။
"ငါ့နောက်ကို ထာဝရ လိုက်မယ်ဆိုရင် ငါက မင်းတို့ကို အရာအားလုံးဖန်တီး ပေးနိုင်တယ်။"
ဘာမှန်းမသိပေမယ့် တပည့်များအားလုံးသည် သံပြိုင်ပြန်ပြောလိုက်ကြသည်။ "ဂိုဏ်းချုပ်နောက်ကို ထာဝရလိုက်ပါ့မယ်။"
…….
ဘုန်း …..။
ကောင်းကင်ပေါ်ရှိ မဲမှောင်နေသော တိမ်မဲများကြားမှ မိုးကြိုးလှိုင်းတစ်ခုသည် ကျဆင်းလာ၏။
တောင်ကြားတစ်ခုထဲရှိ မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားသည်။
ဝှစ် ….။
အမဲရောင်အလင်းတန်းသည် တောင်ကြားတစ်ခုထဲမှ ထွက်ပေါ်လာ၏။ ပြီးနောက် အဝေးတစ်နေရာရှိ သစ်ခုတ်လျက် ရှိသော လူငယ်တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
အား.....။
လူငယ်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။
သူ၏ မူလအားဖြင့် ကြည်လင်နေသော မျက်လုံးများသည် အေးစက်သည့် မျက်လုံးများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူ၏ ကြမ်းတမ်းသော မျက်နှာသွင်ပြင်သည် ပျော့ကျသွားသည်။ ပြီးနောက် သူသည် ခြောက်ကပ်ကပ် ပြောလိုက်သည်။
"ငါ့ ဝိညာဉ်အမျှင် က နှစ်ပေါင်းထောင်ချီ ပိတ်မိနေတာ။ နောက်ဆုံးမှာတော့ ငါ ပြန်လည် မွေးဖွားနိုင်ခဲ့ပြီ။ လင်းရောင် … မင်းကို ငါ့ရဲ့လက်တွဲဖော် အဖြစ် သတ်မှတ်ခဲ့တယ်။ ဒါပေမဲ့ ထိုက်ရွှမ်ကျင့်စဉ် အတွက်နဲ့ ငါ့ကို သေဆုံးစေခဲ့တယ်။ ငါ ပြန်လည်ကျင့်ကြံမယ်။ ပြီးရင် မင်းနဲ့ ဒီကိစ္စကို ရှင်းလင်းရမယ်။ မင်းက အခု လောကကြီးအုပ်စိုးပြီး လောကကြီးရဲ့ ဧကရီတောင် ဖြစ်နေပြီ မဟုတ်လား။"
ခရက်စ်။
မှတ်ဉာဏ်များ ပြန်လည်စုပေါင်းပြီးနောက်မှာ လူငယ်၏ ရင်ထဲတွင် ဒေါသတရားများဖြင့် ပြည့်နှက်သွားသည်။
ငါ တောင် အဲအဆင့်ကို ရောက်အောင်မလုပ်နိုင်ခဲ့ဘူး။ သူ ….. မိန်းမတစ်ယောက်က ဒီအဆင့်ကို ရောက်အောင် လုပ်နိုင်ခဲ့တယ်။ ကောင်းပြီ …. ငါ့ဆီမှာ ထိုက်ရွှမ်ကျင့်စဉ် ရှိပြီးသားပဲ။ ဆယ်စုနှစ်တစ်ခုအကြာမှာ သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်နိုင်မှာ သေချာတယ်။ အဲအချိန်ရောက်မှ ဒင်းနဲ့ စာရင်းရှင်းရင်လည်း နောက်မကျသေးပါဘူး။
ဖူး။
လူငယ်သည် သက်ပြင်းချလိုက်၏။ ပြီးနောက် သူ၏ မျက်လုံးထဲတွင် နာကျည်းသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။
သူ၏ မျက်လုံးကို ကြည့်လိုက်သည်နှင့် များပြားလှသော အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ဖူးသူမှန်း သိသာလှ၏။
သူ၏ နာမည်သည် ရီရှင်းချန် ဖြစ်သည်။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ရှိခဲ့သော တော်ဝင် သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး သူ့အား ညအင်ပါယာဟုလည်း ခေါ်ဆိုကြ၏။
သို့ပေမဲ့ သူသည် သူ၏ ချစ်သူဟု သတ်မှတ်ခဲ့သော အမျိုးသမီး၏ လှည့်စားမှုကို ခံရပြီး သေဆုံးခဲ့ရသည်။
သူ၏ ဝိညာဉ် အကြွင်းအကျန်သည် မြေကမ္ဘာအမြုတေထဲ နစ်မြုပ်နေခဲ့ပြီး နှစ်ပေါင်းထောင်ချီ သန့်စင်ခံရပြီးနောက်မှာတော့ သစ်ခုတ်လျှက် ရှိသော လူငယ်လေး၏ ခန္ဓာကိုယ်အား သူ အရယူနိုင်ခဲ့ပြီဖြစ်၏။
“ဒီခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်အမြစ်က အဆင့်နိမ့်အဆင့်ပဲ ရှိတယ်။ ပြီးတော့ ကျင့်ကြံခြင်းကလည်း စွမ်းအင်ဖွင့်ခြင်း အဆင့်တစ် ပဲ ရှိတယ်။ ဒါက အရမ်းအားနည်းလွန်းတယ်။"
ရီရှင်းချန် သည် သူ၏ ခန္ဓာကိုယ်အသစ်အား ကြည့်လိုက်သည်။
"ကံကောင်းလို့ ငါ့ဆီမှာ ထိုက်ရွှမ် ကျင့်စဉ် ရှိသေးတာပဲ။ ဒါက ကောင်းကင် နဲ့ မြေကြီး …. လောကကြီးတစ်ခုလုံးက လိုချင်နေတဲ့ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုပဲ။ ဒါက အဆင့်မြင့် စိတ်ဝိညာဉ်အမြစ် အဖြစ်လည်း ပြောင်းလဲပေးနိုင်မယ်ထင်တယ်။"
သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
"သမိုင်းရဲ့ ပထမဦးဆုံး ဧကရီမဟုတ်လား။ ငါမင်းကို အဲ့ဒီပုလ္လင်ပေါ်ကနေ ဆွဲချပစ်မယ် …. ။"
ရီရှင်းချန် သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ခေါင်းမော့ကာ အော်လိုက်သည်။ "ဒီနေ့ကစပြီး ငါ ရီရှင်းချန် …. ငါရဲ့ စိတ်သဘောအတိုင်း အရာအားလုံးကို လုပ်မယ်။ ကောင်းကင်ကြီးက ငါ့ စကားကို နားမထောင်ဘူးဆိုရင် ကောင်းကင်ကြီးကို ပုန်ကန် ပစ်မယ်။"
ဘန်း …။
ကောင်းကင်ဆိုသည့်စကားအား ပြောနေတုန်းမှာပဲ အရာဝတ္ထုတစ်ခုသည် လွင့်စင်လာပြီး သူ၏ ဦးခေါင်းအား တိုက်ရိုက် ထိမှန် သွားတော့သည်။
ရီရှင်းချန် ၏ မျက်လုံးများသည် ပြူးထွက်သွားသည်။ ပြီးနောက် မြေပေါ်သို့ ပြုတ်ကျသွားတော့သည်။
နှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့သော သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက်သည် ပြန်လည်မွေးဖွားလာပြီးနောက်တွင် မာနကြီးစွာဖြင့် ကောင်းကင်အား ပုန်ကန်ရန် ကြွေးကျော်ခဲ့သည်။
သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ မျက်နှာအား ဘာမှန်းမသိသော အရာတစ်ခု လာရောက် ထိမှန်သောကြောင့် သတိလစ် မေ့မျောသွားခဲ့ရလေသည်။
……
အဝေးဆီမှ အံ့အားသေင့် အော်ဟစ်သံတစ်ခု ပေါ်လာသည်။
"ဂိုဏ်ချုပ် …. ဂိုဏ်းချုပ် တစ်ယောက်ယောက်ကို ကန်မိပြီနဲ့တူတယ်။"
"ငါ မကန်မိနိင်ပါဘူး။ ဒီလောက် တောနက်ကြီးမှာ ဘယ်သူက ရှိမှာလဲ။"
ရွှတ် …ရွှတ် …ရွှတ်။
မကြာခင်မှာပဲ လူတစ်ယောက်သည် သူ၏ တပည့်ငါးယောက်နှင့် ရောက်ရှိလာခဲ့သည်။
သတိလစ်မေ့မျောနေသော လူတစ်ယောက်အား မြင်တော့ သူ၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်သွား၏။
"အာ …. ငါ အမှတ်မထင် လှမ်းကန်လိုက်တဲ့ ဘောလုံးက သူ့မျက်နှာကို ထိသွားတာပဲ။ ဒီကောင် တော်တော် ကံဆိုးတဲ့ကောင်ပဲ။"
"ဂိုဏ်းချုပ် …ကျွန်တော်တို့ ဘာလုပ်ရမလဲ။" လီချင်းယန် မေးလိုက်သည်။
ကျွင်းချောင်ရှောင်း သူ၏ ခေါင်းအား မော့၍ ကောင်းကင်ပေါ်ရှိ တိမ်မဲများအား မော့ကြည့်လိုက်၏။
"ဒီနားမှာ ဘာမှလည်းမရှိဘူး။ မကြာခင်လည်း မိုးရွာတော့မယ်။ ဂိုဏ်းကို အရင် ပြန်သယ်လာကြရအောင်။"
"ကောင်းပါပြီ။"
ရှောင်ကျီသည် ဆောင့်ကြောင့်ထိုင်လိုက်၏။ ပြီးနောက် လူငယ်အား ကျောပိုးကာ သယ်ဆောင်လာခဲ့သည်။
ကျွင်းချောင်ရှောင်း သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဘောလုံးအား ပြန်လည်သိမ်းယူလိုက်သည်။
ပြီးနောက် သူ၏ တပည့် ငါးယောက်အား ခေါ်ဆောင်ကာ သံမဏိ အရိုးဂိုဏ်းထဲသို့ ပြန်လာခဲ့တော့၏။