← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

"ဂိုဏ်းချုပ် နဲ့ စီနီယာအစ်ကို ၊ စီနီယာအစ်မတို့ ပြန်လာကြပြီနဲ့တူတယ်။"

ငြိမ်သက်တိတ်ဆိတ်နေသော သံမဏိအရိုးဂိုဏ်းသည် ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်လှသော အော်ဟစ်သံများနှင့်အတူ လှုပ်ရှားသက်ဝင်သွားတော့သည်။

တပည့်များသည် သိုင်းပြိုင်ပွဲတွင် သူတို့၏ဂျူနီယာညီလေး ရှောင်ကျီ ဗိုလ်ဆွဲခဲ့ရုံသည်မကဘဲ သူတို့၏စီနီယာအစ်ကိုသုံးယောက်သည်လည်း ထိပ်ဆုံးသုံးယောက်သို့ ဝင်ခဲ့ကြောင်း စုရှောင်မိုဆီက ကြားသိပြီးသည့်နောက် ချက်ချင်းပဲ စိတ်လှုပ်တရှားဖြင့် ချီးကျူးလိုက်မိကြသည်။

ဂိုဏ်း၏ အဖွဲဝင်များအနေနှင့် သူတို့သည် ဤဂုဏ်ယူရသည့်ကိစ္စအား တန်ဖိုးထားကြသည်မှာ သဘာဝပင်ဖြစ်သည်။

“ဟင်း။”

လျိုဝမ်ရှစ်သည် ထမင်းစားခန်းရှေ့တွင် မှီထိုင်နေရင်း နှုတ်ခမ်းကိုဆူကာ ပြောလိုက်သည်။ "သူတို့ကို ဝဝဖြိုးဖြိုးဖြစ်အောင် လုပ်ရတာ လွယ်တာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ဝိတ်တွေကျအောင်လို့ လေ့ကျင့်ခန်းတွေ လုပ်ကြတော့မှာပဲ။"

"ဂိုဏ်းချုပ် ကျွန်တော်တို့ ဒီလူကို ဘာလုပ်ရမလဲ။" ရှောင်ကျီသည် သတိမေ့နေသော ရီရှင်းချန် အား သယ်ဆောင်လာရင်း မေးလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ခဏလောက်စဉ်းစားလိုက်ပြီးသည့်နောက် ပြောလိုက်သည်။ "ဒီကောင်ကို အရင်ဆုံး ဆေးကုသဆောင်ထဲကို ထည့်ထားလိုက်။"

ရှောင်ကျီသည် အမိန့်ကို ရပြီးသည့်နောက် ဆေးကုသဆောင်ထဲသို့ ဝင်သွားတော့သည်။

ပြီးနောက် ကုတင်တစ်ခုပေါ်သို့ ရီရှင်းချန် အား ပစ်တင်လိုက်၏။

သူ ထွက်ခွာခါနီး အချိန်မှာပဲ ရီရှင်းချန် ၏ ပြောဆိုသံကို ကြားလိုက်ရသည်။

"ငါ ကောင်းကင်ဘုံကို ငြင်းဆန်မယ်။"

ကောင်းကင်ဘုံကို ငြင်းဆန်မယ် ဟုတ်လား။ ကောင်းကင်ဘုံက မင်းဆီက ပိုက်ဆံများ ချေထားလို့လား။

ကယောင်ကတမ်းနှင့် ယောင်ယမ်းကာ စကားပြောနေသည်ဟု ထင်မှတ်မိသော ရှောင်ကျီသည် သူ့အား လျစ်လျူရှုကာ ထွက်ခွာသွားတော့သည်။

လေ့ကျင့်ရေးကွင်းထဲတွင်တော့ များပြားလှသော တပည့်များသည် အမဲနှင့်အဖြူကွက် ဘောလုံးတစ်လုံးအား စိုက်ကြည့်လျှက် ရှိကြသည်။

သူတို့သည် ဇဝေဇဝါဖြင့် မေးလိုက်ကြသည်။ "စီနီယာအစ်ကို …. ဒါ ဘာလဲ။"

စုရှောင်မို ပြုံးကာ ပြောလိုက်သည်။

"ဒါကို ဘောလုံးလို့ ခေါ်တယ်။ ဂိုဏ်းချုပ်ယူလာတာပဲ။ ဒါကို နေ့တိုင်းဆော့မယ်ဆိုရင် ငါတို့ ခန္ဓာကိုယ် သန်မာလာရုံတင်မက ငါတို့ရဲ့ ခြေထောက်တွေကလည်း ပိုပြီး ကောင်းလာမယ်လို့ ပြောတယ်။"

တပည့်တစ်ယောက်သည် ဘောလုံးပေါ်တွင်ရေးထားသော စာလုံးအား သေချာ ဖတ်ကြည့်လိုက်သည်။

[ရှစ်ထောင်နှစ်ဆယ့်ရှစ်ခုနှစ် … ကမ္ဘာ့ဖလားဖိုင်နယ်။

မြန်မာအသင်းသည် ဘရာဇီးအသင်းအား အနိုင်ယူခဲ့သည်။]

"စီနီယာအစ်ကို ဒါ ဘာလဲ။"

"ငါလည်း မသိဘူး။"

စုရှောင်မိုသည် သူ၏ လက်ကို ယမ်းခါပြီး ပြောလိုက်သည်။

"ဖယ်ကြ ငါ ဒီကောင်ကို စမ်းကြည့်မယ်။"

"ကောင်းပါပြီ။"

အားလုံးသည် အလျင်အမြန်ပဲ နောက်ဆုတ်လိုက်ကြ၏။

စုရှောင်မိုသည် ခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး ပြေးကာ ကန်လိုက်သည်။

ဘောလုံးသည် အဝေးသို့ လွင့်စင်သွားပြီး အပြင်ဘက်နံရံသို ထိမှန်ကာ အက်ကွဲကြောင်းများ ပေါ်လာသည်။

ဖြောင်း ဖြောင်း ဖြောင်း။

စုရှောင်မိုသည် လက်ခုပ်တီးကာ ပြောလိုက်သည်။ "ဘယ်လိုလဲ … အံ့အားသင့်စရာပဲ။"

"စီနီယာအစ်ကို ….စီနီယာအစ်ကိုရဲ့ကန်ချက်က အားအင် ငါးရာကီလိုဂရမ်လောက် ပါမယ်ထင်တယ်။"

တပည့်များက ထအော်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည် ဤဘောလုံးကို ဝယ်ယူရန်အတွက် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြုခဲ့ရသည်။

ဘာမှလုပ်စရာမရှိလျှင် သူ၏ တပည့်များ ဆော့ကစားရန် ဖြစ်သည်။

ထို့အပြင် တပည့်များ၏ သက်လုံကိုလည်း ပိုမိုကောင်းမွန်စေရန် သူ ရည်ရွယ်မိ၏။

နောက်တစ်နေ့မနက်တွင်တော့ သိုင်းလေ့ကျင့်ရေးကွင်းပြင်သည် အဆင့်မြင့် ပြောင်းလဲထားသော ဘောလုံးကွင်းပြင်ကဲ့သို့ ဖြစ်လျှက် ရှိ၏။

တပည့်များသည် စည်းမျဉ်းများ သတ်မှတ်ပြီးသည့်နောက် နှစ်ဖက်ခွဲကာ ကန်ကြတော့သည်။

"ငါ့မျက်နှာ … အား … နာလိုက်တာ။"

ဆေးခန်းဆောင်တွင် လှဲလျက် ရှိသော ရီရှင်းချန် သည် ရုတ်တရက်နိုးထလာခဲ့သည်။ အမှတ်မထင် သူ၏ မျက်နှာအား အုပ်ကိုင်လိုက်၏။

သူ၏ မျက်နှာများသည် ရုတ်တရက်ဆိုသလိုပဲ အေးစက်သွားသည်။

ပျံသန်းလာသော လက်နက်ပုန်းတစ်ခုသည် သူ့အား ထိမှန်သွားခဲ့ပြီး သတိလစ်မေ့မြောအောင် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း ခပ်ရေးရေး သတိရမိသွား၏။

"ချီးထဲမှ …. ငါက ရီရှင်းချန်လေ။ ကုန်းမြေတိုက်ကြီးတစ်ခုလုံးမှာ နာမည်ကျော်ကြားခဲ့တဲ့ သိုင်းအင်ပါယာတစ်ယောက်က ဘာမှန်းမသိတဲ့ လက်နက်ပုန်းတစ်ခုရဲ့ ထိမှန်ခြင်းကို ခံခဲ့ရတယ် ဟုတ်လား။"

အတော်ကြာအနားယူပြီးသည့်နောက်မှာ သူ ရုန်းကန်၍ ထလိုက်သည်။

ပြီးနောက် အနားပတ်ဝန်းကျင်ကို ကြည့်ကာ တီးတိုးရေးရွတ်လိုက်၏။ "ငါ့ကို တစ်ယောက်ယောက်ကယ်ခဲ့တာနဲ့တူတယ်။ ထားလိုက်တော့ …. ငါ ဒီကနေ အရင်ဆုံး ထွက်သွားရမယ်။ ပြီးတော့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပေါများတဲ့ အကောင်းဆုံးနေရာတစ်ခုကို ရှာပြီး ကျင့်ကြံရမယ်။ ငါ့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံး သိုင်းအင်ပါယာအဆင့်ရောက်အောင် ကျင့်ကြံရမယ်။"

ရီရှင်းချန် သည် တံခါးအား ဖွင့်လိုက်၏။

သို့ပေမဲ့ အပြင်ဘက်သို လှမ်းလျှောက်မထွက်ခင်မှာပဲ “ဝှီး” ဆိုသော အသံတစ်ခုကြားလိုက်ရပြီး သူ၏ မျက်နှာအား ဘောလုံးသည် လာရောက်ထိမှန်ခဲ့သည်။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ နောက်ပြန်လန်ကျသွားတော့သည်။

"လီဖေး ….။"

သိုင်းလေ့ကျင့်ကွင်း၏ အလယ်၌ရှိသော စုရှောင်မိုသည် အော်လိုက်၏။ "ဘောလုံးကို ဘယ်လို ကန်လိုက်တာလဲ။"

လီဖေးဟုခေါ်သောတပည့်သည် ခေါင်းကုတ်ကာ ပြောလိုက်သည်။ "စီနီယာအစ်ကို … ဒါ ကျွန်တော် ပထမဦးဆုံး ကန်ဖူးတာလေ။ ကျွန်တော် ဘယ်ကို ကန်ရမလဲ သေချာမသိဘူး။"

"သွား … ဘောလုံး သွားကောက်ခဲ့။"

"ကောင်းပါပြီ ။ ကောင်းပါပြီ။"

လီဖေးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဘောလုံးအား ပြန်လည်ကောက်ယူလိုက်သည်။

သံမဏိအရိုးဂိုဏ်းတပည့်တိုသည် ပျော်ရွှင်စွာဖြင့် ဘောလုံးအား ကန်လျက်ရှိသည်။

သူတို့သည် အပျော်တမ်း ဘောလုံးအသင်းတစ်ခုလိုတော့ မဟုတ်ချေ။

တော်တော်များများသည် သူတို့၏ မရီဒန်များကို ဖွင့်လှစ်ပြီး ကန်သောကြောင့် ကန်ချက်များသည် အတော်အားပါ၏။

"သေစမ်း … သေစမ်း။"

ရီရှင်းချန် သည် သူ၏ မျက်နှာအား အုပ်ကိုင်ပြီး မတ်တပ်ထရပ်လိုက်၏။ ပြီးနောက် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ငါ့ကို ထပ်ပြီး လုပ်ကြံပြန်ပြီဟုတ်လား။"

ဘန်း။

ဘောလုံးသည် ဆေးခန်းမဆောင်ထဲသို ရောက်လာပြန်သည်။ ပြီးနောက် ထောင့်ချိုး နံရံများအား ကန်၍ သူ၏ ဦးခေါင်းအား ထပ်မံ ထိမှန် သွားခဲ့ပြန်သည်။

ရီရှင်းချန် သည် မြေပြင်ပေါ်သို့ ထပ်မံပြုတ်ကျသွားတော့၏။

စုရှောင်မို ပြောလိုက်သည်။

"လီဖေး … မင်းကန်တာ တစ်လွဲတွေချည်းပဲ။"

လီဖေးသည် ခေါင်းကို ကုတ်လိုက်၏။ ပြီးနောက် ဘောလုံးကို ကောက်ကာ ပြန်လှည့်သွားတော့သည်။

ဘုန်း။

ရီရှင်းချန်သည် အိပ်ယာအား ပြင်းထန်စွာ လက်ဖြင့် ပုတ်လိုက်၏။

ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လာသည်။ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များနှင့် ပြည့်နက်လျက်ရှိနေသည်။

သူ ပြောလိုက်၏။ "ဒီနေ့ဖြစ်ခဲ့တာတွေ အားလုံးကို ငါမှတ်ထားမယ်။"

ပြောပြီးပြီးချင်းမှာပဲ သူသည် တံခါးဆီသို့သွား၍ အသာပိတ်လိုက်၏။

လျိုဝှက်လက်နက် နောက်တစ်ကြိမ်ပျံသန်းလာပြီး သူ၏ မျက်နှာအား ထိမှန်လာမည်ကို စိုးသောကြောင့် ဖြစ်သည်။

"ဒီလူတွေ ဘယ်သူတွေလဲ။ ဘာလို့ ငါ့ကို ဒုက္ခပေးနေရတာလဲ။"

ရီရှင်းချန်သည် တံခါးဘေး နံရံတွင် အသာမှီရပ်ပြီး ပြတင်းပေါက်မှတစ်ဆင့် သိုင်းလေ့ကျင့်ကွင်းဆီသို့ အသာချောင်းမြောင်း ကြည့်ရှုလိုက်၏။

ထိုအချိန်မှာပဲ တံခါး သည် ရုတ်တရက်ဆိုသလိုပဲ ပွင့်လာသည်။

ကျွင်းချောင်ရှောင်းသည် အထဲသို ဝင်ရောက်လာတော့ အိပ်ယာပေါ်တွင် ဘယ်သူမှ မရှိသည်ကို မြင်လိုက်ရ၏။ ဇဝေဇဝါဖြင့် မေးလိုက်၏။ "ဟိုကောင်လေး ဘယ်ရောက်သွားတာလဲ။"

ဘုတ်။

တံခါးနားတွင် ပုန်း၍ ချောင်းမြောင်းနေသော ရီရှင်းချန်သည် တံခါးတွန်းဖွင့်လိုက်ချိန်မှာပဲ တံခါးနှင့် ဦးခေါင်းနှင့် ရိုက်မိကာ ပါးစပ်ထဲမှ အမြုပ်တွေထွက်၍ သတိလစ် မေ့မျောသွားခဲ့ပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဘာလို့ တံခါးနောက်ထဲကို လာပုန်းနေရတာလဲ"

နာရီဝက်လောက်ကြာပြီးသည့်နောက်မှာတော့ ရီရှင်းချန် ၏ ခန္ဓာကိုယ်မှာ ရှိသော နာကျင်မှုများသည် တစ်ဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသည်။ သူသည် အေးစက်စက် အကြည့်ဖြင့် ပြောလိုက်သည်။ "ခင်ဗျား ဘယ်သူလဲ။"

အမ်။

ကျွင်းချောင်ရှောင်း အံ့အားသင့်သွားသည်။

ဤလူငယ်လေးသည် သူထက် ငယ်ရွယ်၏။ သို့ပေမဲ့ သူ၏ မျက်လုံးထဲတွင် ရှိသော အရိပ်အယောင်များသည် အတွေ့အကြုံ ရင့်ကျက်လွန်းသော ဖားအိုကြီးတစ်ကောင်ကဲ့သိုပင် ဖြစ်နေ၏။ ဤကောင်လေးသည် အမှန်ပင် မရိုးရှင်းလှပေ။

ကျွင်းချောင်းရှောင်း ပြောလိုက်သည်။ "ငါ့နာမည်က ကျွင်းချောင်ရှောင်းပဲ။ သံမဏိအရိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ။"

"သံမဏိအရိုးဂိုဏ်း ဟုတ်လား။"

ရီရှင်းချန် ပြောလိုက်၏။ “ဒီလောက်ဆိုးဝါးတဲ့ နာမည် ကြည့်ရတာ ဂိုဏ်းအကြီးကြီးတစ်ခုတော့ ဖြစ်မယ် မထင်ဘူး။”

ငါ့ဂိုဏ်းနာမည်က ဆိုးဝါးတယ်ဆိုတာနဲ့ပဲ ဂိုဏ်းကြီးတစ်ခုမဟုတ်ဘူးလို တန်းပြီး တွေးလိုက်တာပဲ။ ဒီကောင် နည်းနည်း မောက်မာလွန်းအားကြီးတယ်။

ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းက ဘယ်သူလဲ။"

ရီရှင်းချန်သည် သူ၏ မျက်ခုံးကို ပင့်ကာဖြင့် ဂုဏ်ယူစွာပြောလိုက်သည်။ "ခင်ဗျား သိထားဖို့ လိုတာတစ်ခုပြောပြမယ်။ ကျုပ်က ခင်ဗျား ပြဿနာရှာလို့ရတဲ့ လူတစ်ယောက် မဟုတ်ဘူး။"

ဤအရာသည် အနည်းငယ် မောက်မာတာ မဟုတ်တော့ပေ။ အလွန်အကျူး မောက်မာခြင်း ဖြစ်လို့သွားသည်။

ရီရှင်းချန် သည် မတ်တပ်ထ၍ တံခါးအပြင်ဘက်သို လျှောက်သွား၏။ ပြီးနောက် အသာပြောလိုက်၏။

"ကျုပ်ကို အနာဂတ်မှာ ရန်မစနဲ့။ မဟုတ်ရင် ကျုပ် …." သူ့မျက်လုံးတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များနှင့် ပြည့်နက်သွားသည်။

ဘန်း။

အပြင်ဘက်တွင်ရှိသော ဘောလုံးသည် ဝှီးခနဲ အသံနှင့်အတူ သူ၏မျက်နှာဆီသို့ တည့်တည့်လာရောက် ထိမှန်တော့သည်။

သူ ထပ်မံ၍ သတိလစ်မိသွားရ၏။

ရီရှင်းချန် နိုးထလာချိန်မှာတော့ သူ့အား ကုလားထိုင်ပေါ်တွင် ချည်နှောင်ထားသည်ကို သတိပြုလိုက်မိ၏။

“ဂိုဏ်းချုပ် သူနိုးလာပြီ။” စုရှောင်မို ပြောလိုက်သည်။

ကျွင်းချောင်ရှောင်းသည် အပြင်သို့ ထွက်လျှောက်လာပြီး ပြုံးကာ ပြောလိုက်၏။

"ကောင်လေး မင်း ဘယ်သူလဲတော့ ငါမသိဘူး။ ဘာကောင်ဖြစ်လဲ ငါစိတ်မဝင်စားဘူး။ ဒါပေမဲ့ ဒီနေ့ကစပြီး မင်းက သံမဏိအရိုးဂိုဏ်းက ဂိုဏ်းသားတစ်ယောက် ဖြစ်သွားပြီ။"

ဤကောင်လေး၏ ထက်ရှသော မျက်လုံးတစ်စုံကို မြင်လိုက်သည်နှင့် နောက်ကွယ်တွင် ဇာတ်လမ်းတစ်ခု ရှိနေကြောင်း သတိပြုလိုက်မိသည်။ ဤကောင်လေးသည် မရိုးရှင်းလှပေ။

ဂိုဏ်းတွင်လည်း နေရာလွတ်များစွာပေါ်လာပြီဖြစ်သောကြောင့် သူ့အနေနှင့် အရင်ဆုံး ဂိုဏ်းသားအသစ် အဖြစ် ခေါ်ဆောင်ရပေလိမ့်မည်။

လျိုဝမ်ရှစ် အား ဂိုဏ်းသားအသစ်အဖြစ် လက်ခံပြီးပြီဖြစ်သော်လည်း ဝင်ခွင့်ဖောင်ကို ဖြည့်ရန်နှင့် တံဆိပ်တုံးထုရန် လိုအပ်နေပေးသည်။

ရီရှင်းချန် ၏ မျက်လုံးများသည် သုန်မှုန်သွား၏။

ကြီးမြင့်လှသော သိုင်းအင်ပါယာ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီဖြစ်သည်။

သို့ပေမဲ့ ယခု လက်ရှိအချိန်မှာတော့ သူသည် ကြိုးချည်၍ ချုပ်နှောင်ခံထားရ၏။ သည်းခံနိုင်လောက်သည့် ကိစ္စမျိုး မဟုတ်ပေ။

"ကောင်လေး။"

သူ အေးစက်စက် ပြောလိုက်သည်။ "ကျုပ် ဂိုဏ်းထဲကို မဝင်ချင်ဘူး။ ဒီဂိုဏ်းက ကျူပ် ဝင်ရလောက်အောင် အရည်အသွေးရှိတဲ့ ဂိုဏ်းမျိုးမဟုတ်ဘူး။"

ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကောင်လေး … မင်းကိုယ်မင်း သိုင်းအင်ပါယာတစ်ယောက်လို့ ထင်နေတာလား။"

ရီရှင်းချန် ၏ မျက်လုံးများသည် ပို၍ သုန်မှုန်သွားသည်။ သူ၏ အကြည့်များသည် ပိုမို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။

ပြန်လည်မွေးဖွားလှသော ဇာတ်ကောင်၏ ဇာတ်လမ်းများအရဆိုလျှင် များပြားလှသော ဗီလိန်ဂိုဏ်းခေါင်းဆောင်များသည် သူ့အား အထင်သေးရမည် ဖြစ်သည်။

အပြင်ဘက်တွင်တော့ ကျွန်းချောင်ရှောင်းသည် ကိုယ်ကို အသာကွေးကာဖြင့် ပြောလိုက်သည်။ "စဉ်းစားဖို့ သုံးအထိ ရေပေးမယ်။ မဟုတ်ရင် မင်းကို မယဉ်ကျေးတော့ဘူး။"

"ခင်ဗျား ကျုပ်ကို ခြိမ်းခြောက်နေတာလား။" ရီရှင်းချန် ပြောလိုက်၏။

ကျွင်းချောင်ရှောင်း လက်ကို အသာယမ်းခါပြီး သူ၏ ကိုယ်အား အသာနောက်ဆုတ်လိုက်၏။

"မင်းကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ရိုက်ကို ရိုက်ရဲတာ။"

ဘန်း …။

စုရှောင်မို သည် ရီရှင်းချန် ၏ မျက်နှာအား ထိုးကာ မာနတကြီးဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ် က မင်းကို သဘောကျတယ်ဆိုတာ မင်းရဲ့ ကံကောင်းခြင်းပဲ။ ဘာလို့ ဒီသောက်ခွက်ကြီးက ပြိုင်ဘက်ကင်းကျွမ်းကျင်သူလို ဟန်လုပ်နေရတာလဲ။"

ရီရှင်းချန် ၏ ဒေါသများသည် ပေါက်ကွဲထွက်သွားသည်။ သူသည် စူးရဲသော အကြည့်ဖြင့် စုရှောင်မို အား စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို ဒီလို စိုက်ကြည့်ရဲတယ် ဟုတ်လား။" စုရှောင်မိုသည် သူ၏ လက်သီးကို မြှောက်၍ ထပ်ခါထပ်ခါဖြင့် ထိုးနှက်တော့သည်။

အတော်ကြာပြီးသည့်နောက်မှာတော့ ရီရှင်းချန် ၏မျက်နှာတစ်ခုလုံးသည် ပြာနှမ်းကာ ဖူးရောင်သွားလေတော့သည်။

ရီရှင်းချန် …. သိုင်းအင်ပါယာ။

ဘယ်သူမှယှဉ်ပြိုင်၍ မရအောင် ဂုဏ်သိက္ခာ ကြီးကျယ် မြင့်မြတ်သူသည် လက်ရှိအချိန်တွင်တော့ ပြာနှမ်းအောင် ရိုက်ခံထားရသည်။

သို့ပေမဲ့ သူသည် နောက်ဆုံး၌ ဂိုဏ်းထဲသို့ ဝင်ရန် လက်ခံလိုက်ရသည်။

အဘယ့်ကြောင့်ဆိုသော် သူ့အား ဘောလုံးနှင့်ကန်ရန် စောင့်ဆိုင်းနေကြသော တပည့်များသည် နှစ်ဒါဇင်ကျော် တန်းစီ၍ ရှိနေသည် မဟုတ်လော။

All Chapters