အခန်း (၈၁)
Vol. 6 Ch. 81
ကျွင်းချောင်ရှောင်းသည် စဦးစတိုးအား ငါးကြိမ်မြောက် refresh လုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ် ၉၀အား အသုံးပြုခဲ့ရသည်။
ထိုထဲမှ ဂိုဏ်းစုဆောင်းမှတ် ၄၀သည် ဘာမှန်းမသိသော အရေးမကြီးသည့်ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုခဲ့ရသောကြောင့် သူသည် ရင်နာနေမိ၏။
သို့ပေမဲ့ ကံကောင်းစွာဖြင့် ဂိုဏ်းအကာအကွယ်အစီအရင်အား တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် ထိုက်တန်သည်ဟု သတ်မှတ်ရပေလိမ့်မည်။
သူအသေးစိတ်အား ထောက်၍ ကြည့်လိုက်၏။
ပစ္စည်း - စဦးအဆင့်ဂိုဏ်းအကာအကွယ်အစီအရင်။
အစွမ်းသက်ရောက်မှု - အသုံးပြုပြီးသည့်နောက်တွင် ဂိုဏ်းအတွင်းသို့ ဂိုဏ်းသားမဟုတ်သူများ မဝင်နိုင်စေရန်အကာအကွယ် ပြုလုပ်ထားနိုင်၏။
အချိန်ကာလ - ချက်ချင်းအသုံးပြုနိုင်သည်။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် - ၅၀။
မှတ်ချက် - အစီအရင်ကို အောင်မြင်စွာ ပြုလုပ်ပြီးသည့်နောက်တွင် နေ့စဉ်အသက်ဝင်နိုင်ရန်အတွက် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ်ကို အသုံးပြုရပေလိမ့်မည်။
"ဝယ်မယ်"
ကျွင်းချောင်ရှောင်းသည် ဆက်လက်မစဉ်းစားတော့ပေ။ တိုက်ရိုက်ပဲ ဝယ်ယူလိုက်တော့သည်။
"ဒင်"
"လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ်ငါးဆယ်အား အသုံးပြု၍ စဦးအဆင့် ဂိုဏ်းအကာအကွယ်အစီအရင်တစ်ခုအား ဝယ်ယူခဲ့သည်။"
"ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပိုဆောင်ပြီးဖြစ်သည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၁၂၄/၅၀၀"
စဦးအဆင့် ဂိုဏ်းအကာအကွယ်အစီအရင်သည် စိတ်ဝိညာဉ်အစီအရင်ကဲ့သို့ပင်ဖြစ်သည်။ အလံငယ်လေး များနှင့် အသုံးပြုနည်းစာအုပ်တစ်အုပ်တို့ ပါဝင်သည်။
"ငါ နေထွက်တဲ့အချိန်ကျမှပဲ သွားပြီးတော့ စီရင်ရမယ်။" ကျွင်းချောင်ရှောင်း ကြိတ်ကာ ပြောလိုက်မိ၏။
အမှောင်ထဲတွင် ပုန်းအောင်းနေသော လုပ်ကြံသတ်ဖြတ်သူများ ရှိနေသည်။
ထို့ကြောင့် သံမဏိအရိုးဂိုဏ်းသားများသည် တစ်ညလုံး အဓိကဟောခန်းထဲတွင် နေထိုင်နေကြ၏။
များပြားလှသောတပည့်များသည် အချင်းချင်း အလှည့်ကျတာဝန်ယူ၍ စောင့်ကြပ်လျှက်ရှိကြသည်။
ထိုအချိန်အတွင်း စုရှောင်မိုသည် ရီရှင်းချန်၏ဒဏ်ရာအား ပတ်တီးစည်းပေးနေ၏။
ရီရှင်းချန်၏ ဖင်နှစ်ဖက်လုံးတွင် ပတ်တီးအဖွေးသားနှင့် ဖြစ်လျှက်ရှိသည်။
ညသည် ကုန်လွန်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်အနည်းငယ်ကိုခေါ်၍ အစီအရင်ကို စတင်၍ စိုက်ထူတော့သည်။ များပြားလှသော အလံလေးများသည် ဂိုဏ်း၏နံရံအပြင်ဘက်တွင် နေရာယူပြီးဖြစ်၏။
နာရီဝက်လောက် ကြာပြီးသည့်နောက်မှာတော့ အစီအရင်တစ်ခုလုံးသည် ဂိုဏ်းအားလွှမ်းခြုံသွားခဲ့သည်။
"ရွှီ"
အလင်းတန်းတစ်ခု ဖြတ်ပြေးပြီးသည့်နောက် အလင်းအကာအကွယ်တစ်ခု ပုံစံမျိုး ဖြစ်တည်လာတော့သည်။ သို့ပေမဲ့ ချက်ချင်းဆိုသလိုပဲ ပြန်လည်ပျောက်ကွယ်သွား၏။
ကျွင်းချောင်ရှောင်းသည် ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်၍ သူ၏လက်ကိုဆန့်တန်းကာ ပျောက်ကွယ်သွားသော အတားအဆီးနေရာအား ထိကြည့်လိုက်သည်။
မည်သည့်ပြောင်းလဲမှုကိုမှ သူ မခံစားရချေ။ သူ့ရှေ့တွင် အစီအရင်ရှိသည်ကိုပင် ယုံကြည်ရန် ခက်ခဲလှသည်။
စနစ်မှ ပြောလိုက်သည်။ "ဂိုဏ်းအကာအကွယ်အစီအရင်ဆိုတာ အပြင်လူတွေ အထဲကိုဝင်တာပဲဖြစ်ဖြစ်၊ လာရောက်တိုက်ခိုက်တာပဲဖြစ်ဖြစ် အဲလိုအချိန်မျိုးမှာပဲ ပေါ်လာပေလိမ့်မည်။"
"ဒါက ဘယ်လောက်ထိ အားကောင်းလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
စနစ်မှ ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ စွမ်းအားအဆင့်နဲ့ ပြောရမည် ဆိုလျှင် သိုင်းဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ခံနိုင်သည်။"
ကျွင်းချောင်ရှောင်း စိတ်သက်သာရာ ရသွား၏။
စနစ်မှပြောလိုက်သည်။ "စဦးအဆင့် ဂိုဏ်းအကာအကွယ် အစီအရင် သည် အနည်းငယ်နိမ့်ကျနေသေးသည်။လက်ခံသူအနေ နှင့် အနာဂတ်တွင် ဤထက် ကောင်းမွန်သော အစီအရင်ကို ရှာဖွေ၍ အစားထိုးထားသင့်၏။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"အခု ဂိုဏ်းမှာဘာတွေလိုအပ်နေလဲ ငါ့ကိုပြော။"
စနစ်မှ သတိမပေးလျှင် ဂိုဏ်းအကာအကွယ်အစီအရင်ဆိုသည့်အရာ ရှိသည်ဆိုသည်ကိုပင် သူသိရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် အရင်ဆုံး မေးသင့်မေးထိုက်သည်များအား မေးမြန်းရပေလိမ့်မည်။
စနစ်မှပြောလိုက်သည်။ "ဂိုဏ်းက လောလောဆယ်မှာ တပည့်တွေနဲ့ပတ်သက်လို့ ခွဲခြမ်းစိတ်ဖြာမှုတွေ လိုအပ်နေသေးသည်။ အတွင်းတပည့်၊ အပြင်တပည့်၊ ဒုတိယဂိုဏ်းချုပ်၊ အကြီးအကဲ စသဖြင့် ခွဲခြားရန် လိုအပ်နေသေးသည်။ ထို့အပြင် ဆေးဖော်စပ်ခြင်း အဆောင်၊ သိုင်းလေ့ကျင့်ရေး အဆောင် ၊ကျင့်ကြံခြင်းနည်းစနစ်အဆောင် တို့လည်း တည်ဆောက်ရန် လိုအပ်နေသေးသည်"
"အလျင်မလိုနဲ့။အလျင်မလိုနဲ့။"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ဒါတွေက အေးအေးဆေးဆေးပေါ့။"
သူ့တွင် တပည့် တစ်ရာကျော်သာလျှင်ရှိ၏။ ထိုသို့သော တပည့်တစ်ရာကျော်အား အတွင်းတပည့်၊အပြင်တပည့်တွေ လျှောက်ခွဲမည်ဆိုလျှင် အကုန်ရှုပ်ကုန်ပေလိမ့်မည်။
ထို့အပြင် ဒုတိယဂိုဏ်းချုပ်၊အကြီးအကဲ ဆိုသည့်ရာထူးများနှင့် ပတ်သက်၍ မည်သည့်တပည့်မှ အရည်အချင်းမပြည့်မီသေးပေ။ ထို့ကြောင့် အချိန်ကိုစောင့်ရန် လိုအပ်နေ၏။
လက်ရှိအချိန်တွင် ဂိုဏ်းအကာအကွယ်အစီအရင် ရှိနေပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် အနည်းငယ်စိတ်သက်သာရာ ရသလို ခံစားလိုက်မိ၏။
တပည့်များသည် အရင်ကအတိုင်းပဲ ကျင့်ကြံသူကကျင့်ကြံ၊ဘောလုံးကစားသူကကစား ပြုလုပ်လျှက်ရှိကြသည်။
ရီရှင်းချန် ကတော့ ပြန်လည်မွေးဖွားလာပြီးသည့်နောက် သူ၏ပထမဦးဆုံး ကျင့်ကြံခြင်းကို စတင်၍ ပြုလုပ်လျက်ရှိသည်။
သူသည် “ရီကျင်ကျင်း” ကျင့်ကြံခြင်း နည်းစနစ်ကား အာရုံစိုက်ကာ ကျင့်ကြံနေ၏။
ထို့အပြင် အရင်ဘဝတွင် သူ၏ခန္ဓာကိုယ်မကြံ့ခိုင်မှုကြောင့် မဆုံးရှုံးသင့်သည့်အရာများ ဆုံးရှုံးခဲ့ရသည် မဟုတ်လော။ ထို့ကြောင့် သူသည် လက်ရှိဘဝတွင် အကောင်းမွန်ဆုံးသော အခြေခံကိုရရှိရန် အာရုံစိုက်လျက်ရှိသည်။
သို့ပေမဲ့ သူသည် သာမန်တပည့်များကဲ့သို့ပင် အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်ကိုသာ ပိုင်ဆိုင်သူတစ်ယောက်ဖြစ်၏။ အောင်မြင်အောင် ကျင့်ကြံမည်ဆိုလျှင် အချိန်အများကြီး ကုန်ပေလိမ့်မည်။
လက်ရှိဖြစ်ရပ်သည် သူ့အား အချို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ သတိပေးလျက်ရှိသည်။
သူသည် အရင်ဘဝတုန်းက ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကြီးစိုးခဲ့သူ ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိအချိန်တွင် သာမန်လူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခဲ့သည် ဖြစ်သောကြောင့် ချက်ချင်းလက်ငင်းကြီး ကောင်းကင်အား ပုန်ကန်၍ မဖြစ်နိုင်ခြင်းပင်။
…..
ကျွင်းချောင်ရှောင်း၏ ဂိုဏ်းစုဆောင်းခြင်း အမှတ်များသည် တော်တော်များပြားသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။
သူသည် စိတ်ဝိညာဉ်စွမ်းအင်အစီအရင်အားဖွင့်၍ တပည့်များအား ဝင်ရောက်ကျင့်ကြံစေ၏။
ပြီးနောက် ရီရှင်းချန် အား လက်ယပ်ကာ လှမ်းခေါ်လိုက်၏။ "လာ…. လာ ငါမင်းကို ပျော်စရာကောင်းတဲ့နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။"
"ပျော်စရာကောင်းတဲ့နေရာ ဟုတ်လား။"
ရီရှင်းချန်သည် နောက်ဆုံးမှာတော့ ကြွက်သားတည်ဆောက်ခြင်း အခန်းရှေ့သို့ ရောက်ရှိသွားတော့သည်။
"အထဲကိုဝင်"
ကျွင်းချောင်ရှောင်းပြောလိုက်သည်။
ဘာလဲ ဒီအကောင်က အင်ပါယာကို ခွေးတိုးပေါက်လိုအပေါက်ထဲကနေ တိုးပြီး ဝင်စေချင်တာလား။
"ဘုတ်"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ရီရှင်းချန် အား ကြွက်သားတည်ဆောက်ခြင်းအခန်းထဲသို့ တွန်းလွှတ်လိုက်တော့သည်။
ပြီးနောက် စက်ကား အသက်သွင်းလိုက်၏။
ကြာမြင့်သည့်အချိန်မှာ - ဆယ်နာရီဖြစ်သည်။
"ဖောင်း ဖောင်း ဖောင်း ဖောင်း"
"အား"
ညဘက်ရောက်ချိန်မှာတော့ ရီရှင်းချန်သည် တစ်ကိုယ်လုံးပျော့ခွေ၍ အိပ်ရာထဲ၌ လဲလျောင်းလျက်ရှိ၏။ သူ၏ မျက်လုံးများသည် အသက်ရှင်ရသည်မှာ မည်သည့်အဓိပ္ပါယ်မှ မရှိတော့ သည့် အရိပ်အယောင်မျိုး ဖြစ်ပေါ်နေလေသည်။
"ဒီအင်ပါယာရဲ့အခြေအနေက လွဲမှားနေတာကြောင့် ခုလိုအဖြစ်အပျက်မျိုးဖြစ်နေတာပဲ။"
……
လုချင်းချင်း၊လီချင်းယန်နှင့် တစ်ခြားသူများသည် သူတို့၏အခန်းရှေ့တွင် ရပ်တန့်နေကြ၏။
သူတို့၏လက်များသည် ဓားပေါ်တွင် အဆင်သင့် ရှိနေကြပြီး ပေါ်လာနိုင်သော လုပ်ကြံသတ်ဖြတ်သူကို စောင့်မျှော်နေကြသည်။
"ဖောင်း ….ဖောင်း"
သေးငယ်လှသော သိုင်းလေ့ကျင့်ရေးကွင်းပြင်ထဲမှာတော့ စုရှောင်မိုသည် ကျွမ်းကျင်စွာဖြင့် ဘောလုံးအား ကန်လျက်ရှိသည်။
သူသည် အမြန်နှုန်းအား ဦးစားပေးကျင့်ကြံသည့်အတွက် ဘောလုံးကန်ခြင်းဆိုသည်မှာ အလွန်ကောင်းမွန်သည့်အရာတစ်ခုပင် ဖြစ်သည်။ သူ၏ခြေလှမ်းများကို ပိုမိုကျွမ်းကျင်လာစေရန် လေ့ကျင့်သည်နှင့် ဆင်တူ၏။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲတွင်ထိုင်၍ "သမိုင်းဝင်မှတ်တမ်းများ" ဟု ရေးထိုးထားသော ဝါးပြားတစ်ခုကို ကိုင်လျက် ဖတ်နေသည်။
ဤအရာကား စနစ်အား refreshလုပ်ရန် မဖြစ်မနေ ဝယ်ယူရသည့် အခြေအနေမျိုး ဖြစ်နေသောကြောင့် ဝယ်ယူခဲ့ရသော ပစ္စည်းဖြစ်၏။
"ရွှီ"
ထိုအချိန်မှာပဲ လေတိုးသံတစ်ခုအား သူ ကြားလိုက်ရ၏။
"လာပြီဟ။"
အေးအေးဆေးဆေး အနားယူဖို့စဉ်းစားထားသော ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန်ပဲ နောက်သို့ဆုတ်လိုက်၏။
သို့ပေမဲ့ ထက်ရှပြီး အေးမြလှသောဓားသည် သူ့ဆီသို့ တိုးဝင်လာခဲ့သည်။
သူ မရှောင်တိမ်းနိုင်တော့ချေ။ အကူအညီမဲ့စွာဖြင့် သူသည် လက်ထဲတွင်ရှိသော ဝါးပြားအားမြှောက်၍ သူ၏အရေးကြီးသော အစိတ်အပိုင်းများအား ကာကွယ်လိုက်သည်။
"ဒင်"
ထက်ရှလှသောဓားသည် ဝါးပြားနှင့်ထိတွေ့ချိန်မှာတော့ သတ္တုသံ နှင့် အတူမီးပွားများပင် လွင့်စင်သွားတော့သည်။
အမည်းရောင်ဝတ်စုံနှင့်လူ၏လက်သည် ထုံကျင် သွားသည်။ ထိုသူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။
သို့ပေမဲ့ သူသည် တစ်ခြားအရာကို ဂရုမစိုက်နိုင်ပေ။ ချက်ချင်းဆိုသလိုပဲ ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်ကာ ပြေးတော့သည်။
ကျွင်းချောင်ရှောင်းလည်း ဆွံအသွားသည်။
သူ၏လက်ထဲတွင် ကိုင်ထားသည်မှာ ဝါးပြားလား ၊သံပြားလားပင် မသဲကွဲသလို ဖြစ်မိနေ၏။
တွေဝေနေရန် အချိန်မရှိသည်ကို သိသည်မို့ ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ပြတင်းပေါက်ဆီမှ ခုန်ထွက်လိုက်သည်။
သို့ပေမဲ့ အမည်းရောင်ဝတ်စုံနဲ့လူသည် ကန္ဓာရလင်းယုန်နဲ့ လှမ်းပစ်၍ရလောက်သည့် အကွာအဝေးတွင် မဟုတ်တော့ပေ။ တော်တော်ခပ်လှမ်းလှမ်းသို့ ရောက်ရှိနေပြီဖြစ်၏။
ထိုအချိန်မှာပဲ လုချင်းချင်းနှင့် လီချင်းယန်တို့သည် အသံဗလံများကို ကြားရလိုက်သောကြောင့် အလျင်အမြန်ပြေးလာကြ၏။
သူတို့သည် ထွက်ပြေးပျောက်ကွယ်သွားသော လူရိပ်နောက်သို့ လိုက်ရန်ပြင်လိုက်ကြ၏။
"လိုက်ဖို့မလိုဘူး။"
ကျွင်းချောင်ရှောင်းသည် အသာလက်ပြကာ ပြောလိုက်၏။
"လိုက်ဖို့မလိုဘူး ဟုတ်လား။" လုချင်းချင်းနဲ့လီချင်းယန်တို့သည် ကြောင်သွားသည်။
မကြာခင်မှာပဲ သူတို့သည် "ဖောင်း"ဟူသော အသံကိုကြားလိုက်ရ၏။
ပြီးနောက် အမည်းရောင်ဝတ်စုံဝတ်ဆင်ထားသော လူ၏ခြေလက်လေးဖက်နှင့် မျက်နှာတို့သည် စီးဆင်းနေသော အလင်းအတားအဆီးတစ်ခုတွင် ကပ်လျှက်ရှိနေသည်ကို သူတို့မြင်လိုက်ရ၏။
အလင်းအတားအဆီး ဆီမှ "ကျွီ ကျွီ ကျွီ"ဆိုသည့်အသံများ ထွက်ပေါ်နေ၏။
"အစီအရင် …."
နှစ်ယောက်လုံး သံပြိုင်အော်ဟစ်လိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် သူ၏အင်္ကျီလက်အား အသာလိပ်တင်ကာ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။
သူ၏လက်ထဲတွင်ရှိသော ဂန္ဓာရလင်းယုန်အား သူ ကျည်ဖြည့်ပြီးပြီဖြစ်၏။
ပြီးနောက် မြေပေါ်တွင် လဲကျနေသော လုပ်ကြံသတ်ဖြတ်သူအား သေနတ်ဖြင့်ချိန်ကာ အော်လိုက်သည်။
"ခွေးသား … ပြေးအုံးမှာလား။"
အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူသည် မူးဝေနေမှုကို အသာထိန်းရင်း အခြားတစ်ဖက်ဆီသို့ ပြေးလွှားသွားပြန်သည်။
နောက်ဆုံးမှာတော့ ဂိုဏ်းအကာအကွယ်အစီအရင်နှင့် ထပ်မံထိတွေ့၍ မြေပေါ်တွင် လဲကျသွားတော့သည်။
"ဘာတွေဖြစ်နေတာလဲ။"
စုရှောင်မို၊ထျန်းချီ နှင့် တစ်ခြားသောတပည့်များသည်လည်း ရောက်ရှိလာကြ၏။
သို့ပေမဲ့ စီးဆင်းနေတဲ့ အလင်းအတားအဆီးတွင် ကပ်လျှက်ရှိသော အမည်းရောင်ဝတ်စုံနှင့်လူကို မြင်လိုက်ချိန်မှာတော့ သူတို့အားလုံးဆွံအသွားကြသည်။
"ဒီလင်းနေတဲ့ အလင်းတွေက ဘာတွေလဲ။"
"ဒါအစီအရင်မဟုတ်လား။ငါတို့ဂိုဏ်းဆီမှာ ဘယ်တုန်းက ဒီလိုအရာမျိုး ရှိခဲ့တာ။" အားလုံးသည် နားလည်ရခက်သွားကြသည်။
အတွင်းခြံဝန်းထဲတွင် ပုန်းအောင်းလျှက်ရှိသော အမည်းရောင်ဝတ်စုံဝတ်လူမှာတော့ ဇဝေဇဝါဖြစ်လျှက်ရှိသည်။
သူဝင်လာတုန်းကပင် မည်သည့်အရာမှ မရှိခဲ့ပေ။ ယခု ဘယ်ကအစီအရင်က ပေါ်လာသနည်း။
"ဘုန်း"
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ လှမ်းတက်လာပြီး အမည်းရောင်ဝတ်စုံနှင့်လူအား လက်သီးဖြင့် အားရပါးရ ထိုးနှက်တော့သည်။
ဤလုပ်ကြံသူသည် သိုင်းတပည့်အဆင့်လေး ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
သူပေါ်လာလိုက် ၊ ပျောက်သွားလိုက် ပြုလုပ်နိုင်ခြင်းက သူ၏ ထက်မြက်လှသော လှုပ်ရှားမှု နည်းစနစ်တစ်ခုကြောင့်ဖြစ်၏။
လက်ရှိအချိန်တွင် ထွက်ပြေး၍ မရနိုင်သည်ဖြစ်သောကြောင့် သိုင်းတပည့် အဆင့်ငါးတစ်ယောက်၏ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ခံနေရတော့သည်။
ကျွင်းချောင်ရှောင်းသည် သေနတ်အား ခါးကြားထဲသို့ ပြန်ထိုးလိုက်သည်။
ပြီးနောက် သူ၏ဝါးပြားအားယူ၍ အမည်းရောင်ဝတ်စုံနှင့်လူ၏ ခေါင်းအား အားရပါးရ ထုနှက်တော့သည်။
လုပ်ကြံသတ်ဖြတ်သူ၏ခေါင်းတွင် သွေးများရွှဲလာပြီး မကြာခင်မှာပဲ သတိလစ်မေ့မြောသွားတော့သည်။
ရီရှင်းချန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။ "ဒီကောင် တကယ့်ကို ရက်စက်တာပဲ။"
"ဒင်"
"ဖုံးကွယ်ထားသည့်တာဝန်အား ပြည့်စုံစေသည့်အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။ ဆုလာဘ်သည် ဂိုဏ်းစုဆောင်းမှတ် သုံးဆယ်ဖြစ်သည်။"
"ဒင်"
"ဂိုဏ်းစုဆောင်းမှတ် - ၁၅၃/၅၀၀"
"သေစမ်း … ဒီအကောင်အတွက် ငါ ဂိုဏ်းစုဆောင်းမှတ်တွေ အများကြီးသုံးခဲ့ရတယ်။ပြန်ရတော့ သုံးဆယ်တည်းပါလား။"
"သူရဲ့မရီဒန်တွေကို စည်းခတ်ပြီးတော့ ဖမ်းချုပ်ထားလိုက်။"
"ကောင်းပါပြီ။"
ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူသည် သူ၏ ၂၆၅ ခုမြောက် လုပ်ကြံသတ်ဖြတ်မှုကိုပြုလုပ်ရန် ကြိုးစားနေချိန်မှာတော့ အမှတ်မထင် အဖမ်းခံရပြီး အကျဉ်းသားဖြစ်သွားတော့၏။
သူ့အား စည်းပိတ်ထားသော အခန်းထဲသို့ ပိုဆောင်လိုက်ကြသည်။
ပထမအကြိမ်အဖမ်းခံထားရသော လုပ်ကြံသတ်ဖြတ်သူသည် ယခုမှဝင်လာသော လုပ်ကြံသတ်ဖြတ်သူ၏ လက်ပေါ်တွင်ရှိသော ဆေးမှင်ရုပ်ကိုမြင်တော့ ချက်ချင်းပဲ တုန်လှုပ်သွားသည်။
ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူတောင်မှ သံမဏိအရိုးဂိုဏ်းရဲ့ အဖမ်းအဆီးကို ခံလိုက်ရတာလား။
ကျွင်းချောင်ရှောင်းသည် အပြင်မှာရပ်လျက် တံခါးအကွယ်ချောင်မှတစ်ဆင့် လှမ်းကြည့်နေ၏။
သူသည် လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာပေါ်မှ ပြောင်းလဲမှုကို ချက်ချင်းနားလည်လိုက်သည်။
သူအေးစက်စက် ပြောလိုက်၏ "ဒါ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ပို့လိုက်တဲ့ နောက်ထပ် လူတစ်ယောက်ပဲ။"
နောက်တစ်နေ့မှာတော့ သူသည် ဂိုဏ်း၏ကိစ္စဝိစ္စများအားလုံးကို လီချင်းယန် နှင့် လွှဲအပ်ပြီး တောင်ပေါ်မှ တစ်ယောက်ထဲ ဆင်းသွားတော့သည်။
သူ၏ခါးကြားရှိ ခါးပတ်ထဲတော့ ကန္ဓာရလင်းယုန်နှင့်အတူ ခြောက်လက်မအရွယ် ရှိသော ဓားမော့တစ်ချောင်းလည်း ရှိနေ၏။
သူ ဦးတည်သွားရာနေရာဆီက စိတ်ဝိညာဉ်စမ်းချောင်းတောင်ပင် ဖြစ်သည်။
"စီနီယာအစ်မ ဂိုဏ်းချုပ် ကြည့်ရတာ အရမ်းစိတ်ဆိုးနေသလိုပဲ။"
ဒေါသတကြီးဖြင့် တောင်တက်လမ်းပေါ်မှ မြန်မြန်ဆန်ဆန် ဆင်းသက်သွားသော လူရိပ်ကိုကြည့်ပြီး လီချင်းယန် တည်ငြိမ်စွာဖြင့် ပြောလိုက်မိ၏။
လုချင်းချင်းသည် တံခါးအားအသာမှီပြီး ထူးမခြားနားသလို ပြောလိုက်သည်။ "လုပ်ကြံသတ်ဖြတ်ဖို့ လူသတ်သမားတွေ တစ်ယောက်ပြီးတစ်ယောက် လွှတ်နေတာ။သူ့နေရာမှာ ငါဆိုရင်လည်း ကျိန်းသေပေါက် ဒေါသထွက်လို့ သွားသတ်မှာပဲ။"
"ဂိုဏ်းချုပ်အဆင်ပြေပါ့မလား။"
"စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းဆိုတာ ရှိပါတော့မလား ဆိုတာကို မင်းပိုစိုးရိမ်သင့်တယ်။"