အခန်း (၈၂)
Vol. 6 Ch. 82
စိတ်ဝိညာဉ်စမ်းချောင်းတောင်သည် ချင်းယန်နိုင်ငံ ရောင့်ယန်မြို့တွင် တည်ရှိသည်။ ကျောင်းတော်သားများ အပန်းဖြေလာရောက် လည်ပတ်တတ်သည့် သာယာသော ရှုခင်းများနှင့် တည်နေရာတစ်ခုလည်း ဖြစ်၏။
နောက်ပိုင်းတွင် ဝေညီအစ်ကိုတို့သည် ဤနေရာသို့ရောက်ရှိလာကြပြီး ဂိုဏ်းတစ်ခု တည်ထောင်ခဲ့သည်။ ထိုအချိန်တည်းက ဤနေရာသည် သီးသန့်နေရာတစ်ခု ဖြစ်သွားပြီး မည်သူမှ သွားလာဝင်ထွက်၍ မရတော့ချေ။
ထိုသို့လှပသော နေရာအား လာရောက်လည်ပတ်ခွင့်မရှိတော့သည့်အတွက် လူများသည် မပျော်ရွှင်ကြချေ။ သူတို့သည် ရောင့်ယန်မြို့တော်ဝန်ဆီ စောဒကတက် တိုင်ကြားကြသော်လည်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း သည် နတ်စမ်းချောင်းဂိုဏ်း၏ ကျောထောက်နောက်ခံ ရှိနေသည်မို့ မြို့တော်ဝန် ကိုယ်တိုင် မျက်စိတစ်ဖက် မှိတ်ပေးထားရသည်။
ဆယ်နှစ်ဆိုသော အချိန်ကာလတိုလေး အတွင်းမှာပဲ …
ဝေညီအစ်ကိုတို့၏ ကြိုးစားမှုနှင့်အတူ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ပိုမို၍ ကြီးထွားလာပြီး တပည့် သုံးရာကျော် ဖြင့် ရပ်တည်လာနိုင်ခဲ့၏။
သို့ပေမဲ့ အဆင့်ကိုး ဂိုဏ်းတစ်ခု အဖြစ်သာ ရှိနေသေးသည်။ နတ်စမ်းချောင်းဂိုဏ်း၏ ထောက်ပံ့မှုကို ရရှိထားသောကြောင့် သူတို့ဂိုဏ်းသည် ကျင့်ကြံခြင်းလောကတွင် ခေါင်းဆောင်ဝမ် တည်ထောင်ထားသော သံမဏိအရိုးဂိုဏ်းထက် ပို၍ သာလွန်နေလေသည်။
….
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အဓိကဟောခန်း။
လက်တစ်ဖက်သာ ရှိသော ဝေရင်နုသည် ဟောခန်း၏ ထပ်နေရာတွင် ထိုင်လျှက်ရှိသည်။ သူ၏ ဘေးတွင်တော့ မှုန်ကုတ်ကုတ် မျက်နှာဖြင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ထိုင်လျက်ရှိ၏။
ထိုသူသည် ဝေရင်ရှိ ဖြစ်သည်။
လက်ရှိ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သလို သိုင်းတပည့် အဆင့်နှစ် ကျင့်ကြံသူတစ်ယောက်လည်း ဖြစ်၏။
“အစ်ကိုကြီး …” ဝေရင်နုသည် အံကို တင်းတင်းကြိတ်လိုက်သည် “ကျွန်တော်တို့ နောက်ထပ် လူသတ်သမား ထပ်ငှားတာတောင်မှ ကျွင်းချောင်ရှောင်းကို မသတ်နိုင်ဘူးလား”
ဝေရင်ရှိ ရေနွေးတစ်ငုံ သောက်လိုက်သည် “မိုးဆွေ အဆောက်အဦ ရဲ့ ရွှေအဆင့် လူသတ်သမားကို ငှားထားတာပဲ။ အကြိမ်နှစ်ရာကျော် လုပ်ကြံသတ်ဖြတ်ပြီးချိန်မှာ တစ်ခါမှ မကျရှုံးဖူးတဲ့သူ။ သူ ကျိန်းသေပေါက် ကျွင်းချောင်ရှောင်းကို သတ်နိုင်လိမ့်မယ်။ မစိုးရိမ်နဲ့”
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအား သတ်ဖြတ်ရန် လူသတ်သမား ငှားရမ်းခဲ့သော သူများမှာ သူတို့ပင်ဖြစ်သည်။ အရင်တစ်ကြိမ်က မအောင်မြင်ခဲ့သောကြောင့် ပိုမိုကျွမ်းကျင်သော လူသတ်သမား အား သူတို့ ငှားရမ်းခဲ့ကြခြင်း ဖြစ်၏။
ဝေရင်နုသည် ထိုင်ခုံလက်ရန်းအား အသာရိုက်နှက်လိုက်သည် “အမှိုက်ဂိုဏ်း ခေါင်းဆောင် တစ်ယောက်ကို သတ်ဖို့ ဘာလို့ အဲလောက်ခက်နေရတာလဲ”
ဝေရင်ရှိ ခေါင်းအား ခါယမ်းလိုက်သည် “စတုတ္ထညီလေး … ကျွင်းချောင်ရှောင်း က ဒုတိယ နဲ့ တတိယ ညီလေးတို့ကိုသတ်ဖြတ်နိုင်ခဲ့တယ်။ မင်းသူ့ကို အမှိုက်လို့ပဲ တွေးနေမယ်ဆိုရင် အကြီးကြီးမှားသွားလိမ့်မယ်”
သူ၏ ညီနှစ်ယောက်သည် ချင်းယန်မြို့တော်ဝန် ဆီသို့ အလည်အပတ်သွားခဲ့ပြီးပြန်မလာခဲ့ကြချေ။ ထို့ကြောင့် သူ ကိုယ်တိုင် လိုက်သွားခဲ့သည်။
မြို့တော်ဝန်ရှဲ့ကလည်း စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းနှင့် အမုန်းမဖွဲ့လိုသောကြောင့် ဝေရင်လဲ့ နှင့် ဝေရင်အိုက် တို့အား ကျွင်းချောင်ရှောင်း သတ်ဖြတ်သွားကြောင်း ပြောပြခဲ့သည်။
သူ၏ ညီများ အသတ်ခံရသည်ကိုကြားတော့ ဝေရင်ရှိ ဒေါသအမျက်ချောင်းချောင်း ထွက်မိ၏။
သို့ပေမဲ့ သူသည် ဂိုဏ်းချုပ် တစ်ယောက်ဖြစ်သည်။ ဒေါသထွက်နေသည် ဆိုသော်လည်း အခြေအနေ အား ကောင်းကောင်းမွန်မွန် သုံးသပ်နိုင်နေသေးသည်။ ကျွင်းချောင်ရှောင်းသည် သူ၏ ညီများအား တစ်ချက်တည်း ဖြင့် သတ်ဖြတ်နိုင်ခဲ့သူ ဖြစ်သောကြောင့် အားအင်အရာတွင် လျော့တွက်၍ ရသည့်သူမျိုး မဟုတ်ပေ။
ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးနောက် သူ အချိန်အတော်ကြာစဉ်းစားခဲ့သည်။ အလုံးစုံ သုံးသပ်ပြီးနောက်မှာတော့ မိုးဆွေအဆောက်အဦ ရှိ ထိပ်တန်း လူသတ်သမားအား ငှားရမ်းခဲ့လေသည်။
သူ့အနေနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မတတ်နိုင်သောကြောင့် နောက်ကွယ်မှ ညစ်လုံးများသုံးကာ တိုက်ခိုက်ရပေလိမ့်မည်။
ဝေရင်နုသည် မတည်ငြိမ်နိုင်ပေ။ သူ၏ ဒုတိယ နှင့် တတိယ အစ်ကိုတို့ သေဆုံးသွားခဲ့ကြောင်း ကြားရချိန်မှာတော့ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒတွေနှင့် လျှမ်းလျှမ်းတောက်လျက်ရှိနေသည်။
သူတို့လေးယောက်သည် အတူတူ ကျင့်ကြံပြီး အတူတူ နတ်စမ်းချောင်းဂိုဏ်းထဲ ဝင်ရောက်ခဲ့ကြသည်။ ပြီးနောက် အားလုံးစုပေါင်း၍ ဂိုဏ်းတစ်ခုကိုပင် ထူထောင်ခဲ့ကြ၏။ သူတို့၏ တစ်ယောက်အပေါ် တစ်ယောက် ထားရှိသော စိတ်ထားနှင့် ခံစားချက်များသည် သာမာန်ညီအစ်ကိုများထက်ပင် ပို၍ နက်နဲနေသေးသည်။
“ဒုတိယ နဲ့ တတိယ ညီလေး …”
ေဝရင်ရှိသည် ရေနွေးခွက်အား စားပွဲပေါ် ပြန်တင်လိုက်သည်။ သူ၏ အကြည့်များသည် သုန်မှုန်လျက်ရှိသည် “ဘယ်လောက်ပဲ ကုန်ကုန် အစ်ကိုကြီးက မင်းတို့အတွက် ကလဲ့စားပြန်ချေမယ်”
ဘယ်လောက်ပဲ ကုန်ကုန် ဆိုသည်မှာ လူသတ်သမား ငှားရမ်းမှုအတွက် ကုန်ကျငွေအား ဆိုလိုခြင်းဖြစ်သည်။
“အစ်ကိုကြီး …”
ဝေရင်နုသည် မုန်းတီးစွာဖြင့် ပြောလိုက်သည် “မိုးဆွေအဆောက်အဦ ရဲ့ လုပ်ကြံသတ်ဖြတ်သူ သာ ကျွင်းချောင်ရှောင်းကို သတ်ဖြတ်ပြီးရင် ကျွန်တော် သံမဏိအရိုးဂိုဏ်းဆီ သွားမယ်။ ပြီးရင် သူတို့ ဂိုဏ်းသားတွေ အားလုံးရဲ့ လည်ချောင်းသွေးနဲ့ ခြေဆေးပစ်မယ်။”
ဝေရင်ရှိ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ကပဲ။ ဒီတော့ မင်းသွားရင် အစစအရာရာ ဂရုစိုက်ပြီး ဘယ်သူမှ မသိအောင်သွား…”
“အင်း …”
ဝေရင်နု၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်တွေက ပိုမိုအားကောင်းလာ၏။
သူ၏ အစ်ကိုနှစ်ယောက်အတွက် သံမဏိအရိုးဂိုဏ်းကိုသွားပြီး အကုန်လုံးအား သတ်ဖြတ်ပစ်ရန် မစောင့်နိုင်သလိုပင်ဖြစ်မိနေသည်။
ဝေရင်ရှိ သည် ရေနွေးတစ်ငုံသောက်လိုက်ပြီး အထင်သေးသလို ပြောလိုက်သည် “ကျွင်းချောင်ရှောင်းက သူ့တပည့်တွေကို ခေါ်ပြီး သိုင်းပြိုင်ပွဲ ဝင်ပြိုင်တယ်လို့ကြားတယ်။ သူ့ကိုယ်သူ တကယ် အထင်ကြီးနေတာပဲ”
“တောက် ..”
ဝေရင်နုသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည် “သူ့ကိုယ်သူ ဘာမှန်းမသိဘူး။ သိုင်းပြိုင်ပွဲ ဝင်ပြိုင်တယ် ဆိုတော့ တခြားသူတွေအတွက် ဟားစရာပဲ ဖြစ်မှာ သေချာတယ်”
ဝေရင်ရှိသည် ထိုင်ခုံလက်ရန်းပေါ် လက်ထောက်ပြီး ဟန်ပါပါ နှင့် ပြောလိုက်၏ “ဒီနှစ် ဘယ်သူ ဗိုလ်ဆွဲသွားလဲ သိချင်မိတယ်”
“အဆင့်ခြောက် ဂိုဏ်းတစ်ခု ဖြစ်တဲ့ ကျုးရင် တောင်ကြားကလည်း သူတို့တပည့်ကို သိုင်းပြိုင်ပွဲအတွက် လွှတ်လိုက်တယ် ကြားတယ်။ အဲ တပည့်ပဲ ဗိုလ်ဆွဲမှာပေါ့” ဝေရင်နု ပြောလိုက်၏။
သူတို့ ညီအစ်ကိုနှစ်ယောက်က တောင်ပေါ်မှ မခွာဘဲ ရှိနေကြသည် ဆိုပေမဲ့ သိုင်းပြိုင်ပွဲနှင့် ပတ်သက်၍တော့ စိတ်ဝင်စားမိနေကြသည်။
“သတင်းပို့ပါတယ်”
ထိုအချိန်မှာပဲ တပည့်တစ်ယောက်က အပြင်ဘက်ဆီမှ မောကြီးပန်းကြီးဖြင့် ပြေးဝင်လာသည် “ဂိုဏ်းချုပ် .. အကြီးအကဲ … တပည့် ရောင့်ယန်မြို့ထဲကနေ ပြန်လာတာပါ။ အဲမှာ ကြားခဲ့တာက …”
“ဘာကိုကြားခဲ့တာလဲ”
“တပည့်ကြားခဲ့တာက .. သံမဏိအရိုးဂိုဏ်း တပည့် ရှောင်ကျီ က ဒီနှစ်သိုင်းပြိုင်ပွဲ မှ ဗိုလ်ဆွဲခဲ့တယ်တဲ့”
“ဘာ ..”
ဝေရင်ရှိ နှင့် ဝေရင်နုတို့သည် မယုံကြည်နိုင်မှုတွေနှင့် နေရာမှ ထရပ်လိုက်မိကြ၏။
တပည့်သည် အသက်ကိုပြင်းပြင်းရှုကာ ပြောလိုက်သည် “ပြီးတော့ တပည့်လေးယောက်လုံးက ထိပ်ဆုံးလေးနေရာကို ဝင်ခဲ့တယ်တဲ့”
“မဖြစ်နိုင်တာ…”
ဝေရင်နု မယုံနိုင်သလို ပြောလိုက်သည် “ဒုတိယအဆင့်ကို တက်ရင်ပဲ သူတို့အတွက် တော်တော်ကံကောင်းတယ်လို့ တွက်ရမလိုဖြစ်နေပြီ။ ဘယ်လိုကြောင့် ထိပ်ဆုံးလေးနေရာကို အားလုံးဝင်ရတာလဲ”
ဝေရင်ရှိ တည်ငြိမ်စွာ ပြောလိုက်သည် “အဲသတင်းက တိကျရဲ့လား”
တပည့်မှ ပြောလိုက်သည် “ရောင့်ယန်မြို့ မှာ ကြေညာစာရွက်တောင် ကပ်ထားသေးတယ်။ တပည့် မျက်လုံးနဲပ သေချာမြင်ခဲ့တာပါ”
ဝေရင်နု ဆွံ့အသွားသည်။
သိုင်းပြိုင်ပွဲစတင်သည်နှင့် ချင်းယန်နိုင်ငံရှိ မြို့တိုင်းတွင် ပြိုင်ပွဲပါ အကြောင်းအရာများအား ကြေညာစာ ကပ်လေ့ ရှိကြသည်။ ထိုမှသာ သတင်းအမှန်လား ၊ အမှားလား ဆိုသည်ကို အကုန်လုံးသိကြမည် မဟုတ်လား။
ဝေရင်ရှိ သည် မျက်မှောင်ကုတ်ကာ ပြောလိုက်သည် “ဂိုဏ်းရဲ့ ဗိုလ်ဆွဲသူ က အနည်းဆုံး သိုင်းတပည့် အဆင့်နှစ် လောက်တော့ ရှိရမယ်။ သံမဏိအရိုးဂိုဏ်းတပည့်တွေ အဲလောက် အားကောင်းလား”
တပည့်မှ ပြောလိုက်သည် “လီရန်မြို့ကနေ ပြန်လာသူတွေ ပြောတာတော့ သံမဏိအရိုးဂိုဏ်းတပည့်တွေ က အရမ်းအားကောင်းတယ်တဲ့။ အားအနည်းဆုံးကတောင်မှ သိုင်းတပည့် ပထမအဆင့်လို့ ပြောတယ်။”
“ဖူး …”
ဝေရင်နု စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံပေါ် ထိုင်ချလိုက်မိသည်။
ကျွင်းချောင်ရှောင်းအား လုပ်ကြံသတ်ဖြတ်သူ သတ်ဖြတ်မည့်အချိန်အား သူ စောင့်မျှော်နေခြင်း ဖြစ်သည်။ လက်ရှိ သတင်းသာ အမှန်ဆိုလျှင် ကြေးစားလူသတ်သမားသည် သေတွင်းထဲ ဝင်သွားသည်နှင့် အတူတူပင် ဖြစ်၏။
“စတုတ္ထ ညီလေး …”
ဝေရင်ရှိသည် လေးလေးနက်နက် ပြောလိုက်သည် “ဒီသတင်းက ဟုတ်ဟုတ် ၊ မဟုတ်ဟုတ် မင်း သံမဏိအရိုးဂိုဏ်းဆီ သွားလို့မဖြစ်ဘူး”
“ဟုတ်တယ်” ဝေရင်နု အလောတကြီး ပြန်ပြောလိုက်သည်။
သူ သွား၍ မဖြစ်ချေ။
သို့ပေမဲ့ တစ်ဖက်မှ ရောက်လာပြီဖြစ်သည်။
ဘန်း …။
ရုတ်တရက် ဆိုသလိုပဲ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံကြီးကြောင့် ဝေရင်နု နှင့် ဝေရင်ရှိ တို့ နှစ်ယောက်လုံး ကြောင်အသွားကြသည်။ သူတို့ အဓိက ဟောခန်းထဲမှ ပြေးထွက်ကာ ကြည့်လိုက်တော့ သူတို့၏ ဂိုဏ်းတံခါးမကြီးသည် အစိတ်စိတ် အမွာမွာ ကျိုးပဲ့နေပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် တစ်လှမ်းချင်းလျှောက်ကာ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းထဲသို့ ဝင်လာသည်။ သူ၏ ပခုံးထက်တွင်တော့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ ဂိုဏ်းအမှတ်အသား ဆိုင်းဘုတ်ကြီး ရှိလို့နေသည်။ သူသည် လက်တစ်ဖက် မှ ကန္တာရ လင်းယုန်အား ကိုင်ဆောင်ကာ လက်တစ်ဖက်တွင် ဆေးပြင်းလိပ် အား ကိုင်ဆောင်ထားသည်။
ဤဆေးပြင်းလိပ်သည် စဦးစတိုးဆီမှ သူ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
စိတ်ကို လန်းဆန်းစေသည့်အပြင် ဟန်ရေးပြသည့် နေရာတွင်လည်း အလွန်အသုံးဝင်သည့် အရာဖြစ်၏။
“ကျွင်းချောင်ရှောင်း ….” ဝေရင်နု မယုံကြည်နိုင်မှုတွေနှင့် မျက်လုံးအပြူးသားဖြစ်သွားသည်။
သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်လား။ ဝေရင်ရှိသည် မျက်မှောင်ကုတ်လိုက်သည်။ သူ၏ မျက်လုံးထဲရှိ ဒေါသတရားတို့သည် ပိုမို၍ တိုးပွားလာသည်။
“ဘုန်း …”
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းဆိုင်းဘုတ်အား မြေပေါ် ပစ်ချလိုက်သည်။ ပြီးနောက် သူ၏ ဂိုဏ်းထက် ကြီးမားသော ခြံဝန်းကြီးအား ကြည့်ကာပြောလိုက်သည် “ဒီလို နေရာကောင်းကို ဖျက်ဆီးပစ်ရမှာ နှမျောစရာပဲ”
ဖျက်ဆီးပစ်ရမှာ ဟုတ်လား။
ဝေရင်ရှိ သုန်မှုန်စွာဖြင့် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဒီကိုလာတဲ့အကြောင်းက …”
“အမှန်ပဲ …..”
ကျွင်းချောင်ရှောင်းသည် လက်ထဲမှ သေနတ်အား မြှောက်ကာ ချိန်လိုက်သည် “ခင်ဗျား ဂိုဏ်းကို လာဖျက်ဆီးတာပဲ”
“မင်း သေချင်နေတာလား” ဝေရင်နု သူ၏ ဒေါသအား မထိန်းသိမ်းနိုင်တော့ချေ။ သိုလှောင်လက်စွပ်ထဲမှ သူ၏ ဓားကြီးအား ဆင့်ခေါ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
ဘန်း ..။
ကန္တာရ လင်းယုန်၏ လက်နက်သည် သူ၏ ရင်ဘတ်အား ဖောက်ထွင်းသွားတော့သည်။
ဝေရင်နု ရပ်တန့်ကာ အသာ ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏ ရင်ဘတ်တွင် ဖြစ်ပေါ်လာသော အပေါက်ကြီးအား မြင်တော့ မျက်လုံးထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်သွား၏။ ပြီးနောက် ကိုင်ဆောင်ထားသော ဓားကြီးနှင့် အတူ သူပါ မြေပေါ် လဲကျသွားတော့သည်။