အခန်း (၈၃)
Vol. 6 Ch. 83
ဝေရင်နုသည် သူ့ဆီ ဝင်လာသော အလင်းတစ်ခုအား ရိပ်ခနဲ မြင်လိုက်ရသည်။ ပြီးနောက် ထိုအလင်းသည် သူ၏ ရင်ဘတ်အား ထိုးဖောက်သွားသည်။
သေဆုံးခဲ့ပြီးသည်တောင်မှ မည်သည့်လက်နက်သည် သူ့အား သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မသိရှိနိုင်ခဲ့ပေ။
“ဖူး …”
ကျွင်းချောင်ရှောင်းသည် ပြောင်းဝမှ အငွေ့များအား မှုတ်ထုတ်ကာ ဟန်ပါပါ နှင့် ပြောလိုက်သည် “ခင်ဗျား ဒါနဲ့ သေရတာ ထိုက်တန်တယ်။ ဘာလို့လဲ ဆိုတော့ ဒီလက်နက် ဖြစ်ဖို့ ငွေတော်တော် သုံးခဲ့ရတာမို့ပဲ”
အမှန်ပင် ထိုက်တန်သည်ဟုဆိုရမည်။ ကျွင်းချောင်ရှောင်း၏ လက်ရှိ အားအင် အဆင့်အရ သူသည် ဝေရင်နုအား လက်ဗလာနှင့်ပင် သတ်ဖြတ်နိုင်၏။
“စတုတ္ထညီလေး .. ညီလေး …”
ဝေရင်ရှိ၏ အမူအရာသည် ပိုမို၍ ကြမ်းတမ်းလာသည်။ သူ၏မျက်လုံးများသည် နီနီရဲလာ၏။ သူသည် ဒေါသထွက်လွန်းသောကြောင့် အသံပင် မထွက်လာတော့ချေ။
သူ၏ ညီလေးသုံးယောက်သည် ငယ်ရွယ်စဉ်ကတည်းက သူ့နောက် လိုက်ခဲ့ကြသူများဖြစ်သည်။ သူတို့သည် တခြားသူအား အနိုင်ကျင့်လည်း တူတူ၊ တခြားသူ၏ အနိုင်ကျင့်ခြင်းကို ခံရလည်း တူတူပင် ဖြစ်၏။ ယခု တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ခြင်းမှာ သူ့အား ကြီးမားပြင်းထန်သော အားအင်နှင့် ရိုက်နှက်လိုက်သလို ခံစားရစေ၏။
ဝုန်း .. ဝုန်း .. ဝုန်း ..။
ထိုအချိန်မှာပဲ အတွင်းစည်းအတွင်းရှိ တပည့်များသည် ပြေးဝင်ရောက်ရှိလာကြသည်။ ထိုသူတို့သည် အားလုံးပေါင်း တစ်ရာကျော်ခန့်ရှိကြသည်။ မြေပြင်တွင် လဲကျသေဆုံးနေသော စတုတ္ထအကြီးအကဲအား မြင်တော့ သူတို့အားလုံး မျက်လုံးပြူးသွားကြသည်။
မည်သူ သတ်လိုက်သနည်း။
ပထမဆုံးအနေဖြင့် သူတို့သည် ကျွင်းချောင်ရှောင်းအား ကြည့်လိုက်မိကြ၏။
အထူးသဖြင့် ဂိုဏ်း၏ ဆိုင်းဘုတ်အား ခြေတင်၍ ခပ်တည်တည်ရပ်နေပုံကို မြင်သည်နှင့် ပြဿနာ လာရှာသူ ဖြစ်မှန်း သိသာနေသည် မဟုတ်လား။
“သူ .. သူပဲ … ” အစိမ်းရောင် မာဖလာကို ဝတ်ဆင်ထားသော တစ်ယောက်သည် ကျွင်းချောင်ရှောင်းအား မြင်တော့ ပါးစပ်အဟောင်းသားဖြင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ တောနက်ထဲတွင် သူ့အား ရိုက်နှက်ခဲ့သော သံမဏိအရိုးဂိုဏ်းခေါင်းဆောင် ဆိုသူသည် ယခု သူတို့ဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့သည်။
ပြောရမည် ဆိုလျှင် သံမဏိအရိုးဂိုဏ်းနှင့် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတို့ ဤကဲ့သို့အခြေအနေထိ ရောက်ရှိပြီး အငြိုးအတေးတွေနှင့် ဖြစ်ကုန်သည်မှာ သူ၏ စနက်လည်း မကင်းပေ။ သူသာ တောထဲတွင် လုချင်းချင်း အား ပါးစပ်ဆော့၍ စနောက်ခြင်းအမှုအား မပြုလုပ်မိခဲ့လျှင် ယနေ့လို ပဋိပက္ခမျိုး ဘယ်သောအခါမှ ဖြစ်လာခဲ့မှာ မဟုတ်ချေ။
ဟင်း ….။
သေချာစဉ်းစားကြည့်လျှင် သူ၏ အပြစ်ကြီးပဲတော့ လုံးလုံးမဟုတ်ချေ။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် သူတို့၏ ဂုဏ်သိက္ခာအတွက် တပည့်များအား ကာကွယ်ပေးချင်သည်။ သူတို့၏ တပည့် ရိုက်နှက်ခံရသည်ကိုကြားတော့ ချက်ချင်းပဲ ကလဲ့စားချေကြ၏။ ထိုသို့ ကလဲ့စားချေရန်လည်း အရည်အချင်း နှင့် နောက်ခံမှာ ပြည့်စုံလွန်းသည် မဟုတ်လား။
သို့ပေမဲ့ ကံဆိုးသည်မှာ သူတို့ရင်ဆိုင်တွေ့ခဲ့သည်မှာ သာမာန်အဆင့်ကိုး ဂိုဏ်းလေးတစ်ခု ဆိုပေမဲ့ ကျွင်းချောင်ရှောင်း ဟူသော ဂိုဏ်းချုပ် ဖြစ်လို့နေသည်။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ကလဲ့စား မချေနိုင်သည့်အပြင် သူတို့၏ အကြီးအကဲသုံးယောက် အသက်အား ပေးဆပ်ခဲ့ရ၏။
ကံဆိုးစွာဖြင့် ဝေရင်ရှိ သည် သင်ခန်းစာမယူနိုင်သေးပေ။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ပြောလိုက်သည် “သူ့ကို သတ်ကြစမ်း”
တပည့်များသည် ဂိုဏ်းချုပ်၏ အမိန့်အား မလွန်ဆန်ဝံ့ကြချေ။ ချက်ချင်းဆိုသလိုပဲ လက်နက်များအား ထုတ်ယူပြီး ကျွင်းချောင်ရှောင်းအား ဝိုင်းထားလိုက်ကြသည်။
ထိုထဲတွင် အစိမ်းရောင် မာဖလာကို ပတ်ထားသော လူငယ်လည်း ပါဝင်သည်။ သူ၏ မျက်လုံးထဲရှိ အမုန်းတရားသည် သူတို့ဂိုဏ်းချုပ်ထက် မည်သို့မှ အားမနည်းချေ။
“ဖူး ….”
ကျွင်းချောင်ရှောင်းသည် ဆေးပြင်းလိပ် အငွေ့များအား မှုတ်ထုတ်ရင်း ပြောလိုက်သည် “ကျုပ်သာ ခင်ဗျားနေရာမှာဆို ဂိုဏ်းသားတွေကို သေတွင်းထဲ ပို့မှာ မဟုတ်ဘူး”
“ခွေးကောင် .. တော်စမ်း … သွားသေလိုက်”
ဂိုဏ်းချုပ်၏ ရှေ့တွင် အစွမ်းပြချင်နေသော တပည့်တစ်ယောက်သည် ချက်ချင်းဆိုသလိုပဲ ရှေ့တိုး၍ သူ၏ ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ကန္တာရ လင်းယုန်အား သိမ်းဆည်းလိုက်၏။ သူ၏ လက်ထဲတွင် အအေးဓား ပေါ်လာသည်။ လက်တစ်ချက် အဝှေ့မှာတော့ အအေးဓား၏ အလင်းများသည် ပြန့်နှံ့သွားတော့၏။
ရွှီး …။
ထိုသူ၏ လည်ပင်းပေါ်တွင် ဓားရာတစ်ခု ပေါ်လာပြီး သွေးများသည် ရေပန်းကဲ့သို့ ပန်းထွက်လာသည်။ ပြီးနောက် မြေပေါ် လဲကျ သေဆုံးသွားတော့သည်။
စွမ်းအင်ဖွင့်ခြင်း အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် သူတို့၏ စီနီယာအစ်ကိုသည် တစ်ဖက်လူ၏ ဓားတစ်ချက်တည်းမှာပဲ သေဆုံသွားခဲ့သည်ကို မြင်တော့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား တို့၏ မျက်နှာများသည် သွေးဆုတ်ဖြူရော်သွားကြ၏။
“သွား .. သတ်ကြစမ်း” ဝေရင်ရှိ ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ အဘယ့်ကြောင့်မသွားသနည်း။
အဘယ့်ကြောင့် ဆိုသော် သူ၏ စတုတ္ထညီလေးအား သတ်ဖြတ်သွားသော တစ်ဖက်လူ၏ လက်နက်သည် အလွန်အမင်း ကြောက်မက်ဖို့ ကောင်းကြောင်း သိရှိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် တပည့်များအား အရင်လွှတ်၍ ကျွင်းချောင်ရှောင်း လက်ထဲမှ ငွေရောင်လက်နက် အားကုန်သွားသည်အထိ သူ စောင့်နေခြင်း ဖြစ်၏။
သူသည် သူ၏ တပည့်များ၏ အသက်ကိုအသုံးချနေခြင်းပင် ဖြစ်တော့သည်။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသားများသည် သူတို့ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင်တော့ ဘာတစ်ခုမှ ထိုက်တန်သူများ မဟုတ်ကြချေ။
အားလုံးသည် သူတို့ဂိုဏ်းချုပ်၏ အမိန့်အတိုင်း လက်နက်များနှင့် ဝင်ရောက် တိုက်ခိုက်လာကြ၏။
“သနားစရာကောင်တွေပဲ …”
ကျွင်းချောင်ရှောင် ခေါင်းအား ခါယမ်းလိုက်သည်။ သူ၏ လက်ထဲတွင် အအေးဓား နှင့်အတူ သူသည် ထိုသူများအား ရင်ဆိုင်လိုက်တော့သည်။
ကိုးလှိုင်းဓားသိုင်းအား ထုတ်ဖော်လိုက်ချိန်မှာတော့ ဓားချီများသည် တည်နေရာတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။
ရွှီး … ။
ဓားချီများ ဖြတ်သန်းသွားတော့ ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ရှိနေသော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသား ဆယ်ယောက်ကျော်သည် မြေပေါ်သို့ လဲကျသေဆုံးသွားကြပြီဖြစ်သည်။
ဘောက် .. ဘောက် ..။
အအေးဓား၏ ဓားဦးဆီမှ သွေးများသည် တစက်စက်ဖြင့် ကြမ်းပြင်ပေါ်သို့ ကျဆင်းနေ၏။
မြေပေါ်တွင် လဲကျသေဆုံးနေသော အလောင်းများအား ကြည့်ရင်း ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ပိုမို၍ အေးစက်လာသည်။ သူသည် ငရဲပြည်မှ ရောက်ရှိလာသော သတ်ဖြတ်ခြင်း နတ်ဆိုးတစ်ပါးလိုပင်။
စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းသားများသည် ကြောက်လန့်သွားကြသည်။ ရှေ့သို့ တက်မလာရဲကြတော့ချေ။
ကျွင်းချောင်ရှောင်းသည် လက်ထဲမှ ဓားအား မြှောက်၍ ဝေရင်ရှိ အား ပြောလိက်သည် “ကျုပ် ဒီနေ့သတ်ချင်တာက ခင်ဗျားပဲ။ ကျန်တဲ့သူတွေ ထွက်သွားကြ”
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသားများသည် ဟေးဖေးခံတပ် မှ ဓားပြများ မဟုတ်ကြချေ။ ထို့ှကြောင့် သူ့အနေနှင့် အားလုံးကို မသတ်ဖြတ်ချင်။ ဝေညီအစ်ကို လေးယောက်ကို သတ်နိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။
“ကောင်လေး .. သေစမ်း”
တပည့်တစ်ယောက်သည် ဓားနှင့် နောက်မှ ဝင်ရောက် တိုက်ခိုက်လာသည်။
ကျွင်းချောင်ရှောင်း၏ အမူအရာများသည် ပိုမို၍ အေးစက်ကာ ရက်စက်သွားတော့၏။
ဝှစ် .. ။
ဓားအလင်းနှင့်အတူ ဝင်ရောက် တိုက်ခိုက်လာသော တပည့်၏ ဦးခေါင်းသည် ပိုင်းဖြတ်ခံလိုက်ရသည်။
“သတ် .. သတ်”
စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းသားများသည် အခွင့်အရေးကို အရယူပြီး နေရာအနှံ့မှ ဝင်ရောက် တိုက်ခိုက်ကြတော့သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ကျင့်ကြံခြင်းအဆင့်အား မဖုံးကွယ်ထားတော့ချေ။ သိုင်းတပည့် အဆင့်ငါး ကျင့်ကြံသူတစ်ယောက်၏ အားအင်ကို ထုတ်ဖော်ကာ ဝင်လာသမျှသော ရန်သူများအား သတ်ဖြတ်လေတော့၏။
“မင်းတို့ စကားနားမထောင်မှတော့ ငါလည်း မတတ်နိုင်တော့ဘူး” ဓားတစ်ချက် ဝေ့ယမ်းမှုအောက်မှာပဲ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း တပည့်များ၏ များပြားလှသော အသက်များသည် ဇီဝိန်ကြွေသွားရသည်။
ထိုသူတို့အားလုံးသည် အော်ဟစ်ချိန်ပင်မရလိုက်ကြချေ။ တစ်မိနစ်ပင် မကြာသော အချိန်ကာလ အတွင်းမှာပဲ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ တပည့် နှစ်ဆယ်ကျော်တို့သည် မြေပေါ်လဲကျ၍ သေဆုံးသွားခဲ့ရပြီဖြစ်၏။
ထိုသူများသည် အဆင့်ငါး၊ အဆင့်ခြောက် စွမ်းအင်ဖွင့်ခြင်း ကျင့်ကြံသူများဖြစ်သည်မို့ ကျွင်းချောင်ရှောင်းအတွက် သူတို့အား သတ်ဖြတ်ရသည်မှာ ငှက်ပျောသီးအခွံနွှာရသည်ကပင် ပို၍ ခက်ခဲပေသေးသည်။
ဝေရင်ရှိ ကြောက်လန့်တုန်လှုပ်သွားမိ၏။
သံမဏိအရိုးဂိုဏ်းခေါင်းဆောင်သည် သူ့ထက် အလွန်အမင်း အားကောင်းသူဖြစ်ကြောင်း သူ သိရှိလိုက်ကြသည်။
သူတင်မဟုတ် … စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း တစ်ခုလုံးသည် တုန်လှုပ်လျက်ရှိနေကြ၏။
သူတို့၏ ကျွင်းချောင်ရှောင်းအား ဝိုင်းပိတ်ထားသော ခြေထောက်များသည် အလိုလို နောက်သို့ ဆုတ်မိသွားကြသည်။
“သွား .. သတ်ကြလေ” ဝေရင်ရှိ သည် အရူးတစ်ယောက်လို အော်ဟစ်လိုက်၏။ သူသည် သူ၏ တပည့်များ အသက်ကို နည်းနည်းလေးမှ ဂရုမစိုက်ချေ။ ကျွင်းချောင်ရှောင်းအား သတ်ဖြတ်နိုင်ပါက တပည့်သုံးရာလုံး သေဆုံးသွားလည်း သူမမူချေ။
သို့ပေမဲ့ ….
ကျွင်းချောင်ရှောင်းသည် အလွန်တရာ အားကောင်းလှသည်။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသားများသည် မျက်ကန်း တစ္ဆေမကြောက် မဝင်လာရဲကြတော့ချေ။ သူတို့၏ ဓားကိုင်ထားသော လက်များသည် တဆတ်ဆတ် ဖြင့် တုန်ရင်နေသည်။
သွားရောက်တိုက်ခိုက်လျှင် သေဆုံးဖို့ရာ သေချာနေသည်။
ရွှီး ..။
ကျွင်းချောင်ရှောင်း၏ ဓား လှုပ်ရှားသွားတော့ အားလုံးအလန့်တကြာဖြင့် နောက်သို့ ဆုတ်မိလိုက်ကြ၏။ ပြီးနောက် လှည့်ကာ ထွက်ပြေးကြတော့၏။
“မင်းတို့တွေ ….” ဝေရင်ရှိ အကြီးအကျယ် ဒေါသူပုန်ထမိသွားသည်။
သူသည် တပည့်များ တိုက်ခိုက်ချိန်အား အခွင့်ကောင်းယူပြီး ထွက်ပြေးရန် စဉ်းစားထားသည်။ သို့ပေမဲ့ သူ ဘာမှမလုပ်ရသေးခင်မှာပဲ တပည့်များသည် အရင်ဆုံး ထွက်ပြေးသွားကြ၏။
ကျွင်းချောင်ရှောင်း၏ လက်ထဲရှိ အအေးဓားသည် မြန်ဆန်စွာဖြင့် လှုပ်ရှားသွားသည်။
“မကောင်းတော့ဘူး …”
ဘုတ်။
ဝေရင်ရှိ ၏ ဦးခေါင်းသည် ခန္ဓာကိုယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ သွေးများသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဟု ရေးသားထားသော ဆိုင်းဘုတ်ပေါ်တွင် ရဲရဲနီ လျက်ရှိနေတော့သည်။
“ဂိုဏ်းချုပ် ….”
နောက်ကျသည့်ခြေထောက် သစ္စာဖောက်ဟု သတ်မှတ်ကာ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း တပည့်များသည် ပြေးကုန်ကြတော့သည်။
…..
ယနေ့မှာတော့ …
စိတ်ဝိညာဉ်စမ်းချောင်းတောင်ပေါ်တွင် တနေကုန် မီးတောက်လျက်ရှိ၏။ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း သိမ်းပိုက်ထားသော တောင်သည် လွတ်လပ်ရေး ရသွားခဲ့ပြီဖြစ်၏။
ဟူး …။
တောင်ပေါ်မှ ဆင်းသက်လာသည့် ကျွင်းချောင်ရှောင်းသည် ဟန်ပါပါ နှင့် ဆေးလိပ် မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်သည် ။ ပြီးနောက် လှပသော တောတောင်ရှုခင်းများအား လှမ်းကြည့်ရင်း တီးတိုးပြောလိုက်သည် “စနစ် … ဒီဆေးပြင်းလိပ်က ဘာလို့ ဆေးရွက်ကြီး အရသာ မရှိတာလဲ”
စနစ်မှ ပြောလိုက်သည် “ဒါက အားသွင်းဆေးပြင်းလိပ်ကြီးပါ”
“ချီးတဲ့မှ ….”