အခန်း (၈၄)
Vol. 6 Ch. 84
လွန်ခဲ့သော ဆယ်နှစ်ကျော် ကတည်းက တည်ထောင်ခဲ့သော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် ပြာပုံအတိ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ဂိုဏ်းချုပ် နှင့် အကြီးအကဲများ မရှိကြတော့သောကြောင့် တပည့်နှစ်ရာကျော်တို့သည်လည်း တကွဲတပြားစီ ထွက်ပြေးသွားကြပြီ ဖြစ်၏။
သူတို့သည် တခြားဂိုဏ်းများသို့ ဝင်ရောက်နိုင်ကြသလို ၊ သာမာန်ဘ၀ နှင့် နေထိုင်သွား၍လည်း ရကြသည်။ သို့ပေမဲ့ လူများအား သတ်ဖြတ်ခဲ့သော ကျွင်းချောင်ရှောင်း၏ ပုံရိပ်ကိုတော့ သူတို့၏ နှလုံးသားထဲမှ ဖျောက်ဖျက်ပစ်ရန် ခက်ခဲသွားပေတော့မည် ဖြစ်သည်။ သူတို့၏ ဘဝတွင် ကြောက်လန့်စရာ အတိတ်ဆိုး ပုံရိပ်တစ်ခု အဖြစ် စွဲထင်ကျန်ရစ်နေတော့မှာ သေချာသည်။
တောနက်ထဲတွင်တော့ ….
အစိမ်းရောင် မာဖလာအား ဝတ်ဆင်ထားသော လူငယ်သည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ် … အကြီးအကဲတို့ .. တစ်နေ့မှာ တပည့်က အားလုံးအတွက် … စိတ်ဝိညာဉ် စမ်းချောင်း ဂိုဏ်းအတွက် လက်စားချေပါမယ်။”
သူသည် အဝတ်ထုတ်အား ဆွဲပြီး ခိုင်မာပြတ်သားသော ခြေလှမ်းတို့ဖြင့် အရှေ့အရပ်ဆီသို့ ဦးတည်လျှောက်လှမ်း သွားတော့သည်။
“ကျွင်းချောင်ရှောင်း …”
အစိမ်းရောင် မာဖလာ နှင့် လူ၏ အသံသည် ကွဲအက်လျက် ရှိသည် “ကျုပ် နာမည်က တိုင်လု ပဲ။ သေချာမှတ်ထား”
သူသည် ဤကဲ့သို့ ကြိမ်းဝါးမှုအား မည်သူတစ်ဦးတစ်ယောက်မှ မရှိသော တောနက်ထဲတွင်သာ ပြုလုပ်ရဲလေသည်။
…..
“သတင်းထူးတွေ .. သတင်းထူး..”
“မနေ့တုန်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းတစ်ခုလုံး ပြာကျသွားတယ်။ တပည့်တွေ အားလုံးလည်း ထွက်ပြေးကုန်ကြပြီ”
ရောင့်ယန်မြို့ထဲမှာတော့ မိုးလင်းသည်နှင့် တပြိုင်နက် ဆူညံပွက်လောရိုက်သွားကြတော့၏။
သတင်းသည် လှည်းနေလှေအောင်း မြင်းဇောင်းပါ မကျန် ပြန့်နှံ့သွားသည်။ တစ်ချို့ဆိုလျှင် အကြီးအကျယ် အံ့အားသင့်မှုကြောင့် စကားပင် ကောင်းကောင်း မဆိုနိုင်ကြတော့ချေ။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းမှ တပည့်များ မျက်နှာပျက်ရွင်းစွာနှင့် တစ်ယောက်ပြီး တစ်ယောက် မြို့ထဲမှ လျှောက်လှမ်းထွက်ခွာသွားသည်ကို မြင်မှ အားလုံးက ယုံကြည်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ ဗိုလ်ကျနေသော စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်းသည် ညတွင်းချင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဘယ်သူကများ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးရဲတာလဲ”
“ဂိုဏ်းချုပ်ဝေ နဲ့ အကြီးအကဲဝေ တို့ကိုပါ သတ်သွားတာလား”
“မနေ့ က လွတ်မြောက်လာတဲ့ တပည့်တစ်ယောက် ပြောသလို ဆိုရင် ဂိုဏ်းချုပ်ရော၊ အကြီးအကဲကိုရော သတ်ဖြတ်သွားတယ်တဲ့။ ဂိုဏ်းတစ်ခုလုံးက ကျင့်ကြံခြင်း လောကမှ မရှိတော့ဘူးလို့ သတ်မှတ်လို့ရပြီ”
“ဘယ်သူ သတ်သွားတာလဲ”
“မင်းယုံမှာမဟုတ်ဘူး။ ဝေ ညီအစ်ကိုတွေကို သတ်သွားတာ သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်ပဲ”
“သံမဏိအရိုးဂိုဏ်းလား။ အဆင့်ကိုး ဂိုဏ်းတစ်ခု မဟုတ်ဘူးလား။ ဘယ်လိုလုပ် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးဖို့ အားအင်ရှိရတာလဲ။ ကျွမ်းကျင်သူ တစ်ချို့ကို ဖိတ်ခေါ်လာခဲ့တာလား”
“ဘယ်သူမှ မခေါ်လာဘူး။ တစ်ယောက်တည်း ရောက်လာပြီး သတ်သွားတာပဲ”
“ချီးတဲ့မှ .. အဆင့်ကိုး ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်က အဲလောက်ကြမ်းလား”
“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းနဲ့ သံမဏိအရိုးဂိုဏ်းတို့က ချင်းယန်မြို့မှာ ကတည်းက ပဋိပက္ခတွေ ဖြစ်ခဲ့ကြတာ။ သံမဏိအရိုးဂိုဏ်းပျောက်ကွယ်သွားမယ်လို့ ငါထင်ခဲ့တာ။ တကယ်တန်း ပျောက်ကွယ်သွားတာက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖြစ်နေတာကိုး။”
“စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအနောက်မှာ နတ်စမ်းချောင်းဂိုဏ်းရှိတယ်။ သူတို့ ဒီကိစ္စကို သိရင် ကျိန်းသေပေါက် သံမဏိအရိုးဂိုဏ်းဆီ သွားမှာပဲ”
“နတ်စမ်းချောင်းဂိုဏ်းကိုထားအုံး .. ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က သံမဏိအရိုးဂိုဏ်းကို လွတ်ပေးမှာ မဟုတ်လောက်ဘူး။ ပြီးတော့ မဟာမိတ်အဖွဲ့တွင်း မတိုက်ခိုက်ရ ဆိုတဲ့ စည်းမျဉ်း ရှိတယ်မလား။”
ရောင့်ယန်မြို့တစ်ခုလုံးသည် အလုံးစုံ တုန်လှုပ်လျက်ရှိသည်။
သိုင်းပညာရှင် ဖြစ်ဖြစ် ၊ သာမာန်လူ တစ်ယောက်ဖြစ်ဖြစ် အားလုံးသော သူများသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း နှင့် သံမဏိအရိုးဂိုဏ်းတို့၏ ဖြစ်ရပ်အား ပြောဆိုနေကြတော့၏။
…
သတင်းသည် ချင်းယန်နိုင်ငံ တစ်ခုလုံးသို့ ပြန့်နှံ့သွားသည်။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖျက်ဆီးခံရသော သတင်းသည် တော်ဝင်ဓားမော့ဂိုဏ်း ၊ ကျားဟိန်းသံဂိုဏ်း နှင့် တခြားသော ဂိုဏ်းများသည် အံ့အားသင့် တုန်လှုပ်သွားစေသည်။
မည်ကဲ့သို့သော ဟာသမျိုးဖြစ်သနည်း။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် သံမဏိအရိုးဂိုဏ်း၏ ဖျက်ဆီးခြင်းအား ခံခဲ့ရသည်။ သတင်းတွေ မှန်ကန်ကြောင်း သေချာသွားချိန်မှာတော့ သူတို့တွေသည် ထိုကိစ္စအား မဖြစ်မနေ လက်ခံလိုက်ရတော့၏။
ချင်းယန်မြို့ .. မြို့တော်ဝန် အိမ်တော် ..။
မြို့တော်ဝန် ရှဲ့သည်လည်း လက်ရှိ တစ်ပြေးနေသော သတင်းအား ရရှိပြီး ဖြစ်သည်။ သူသည် လက်နှစ်ဖက်အား နောက်ပစ်ရပ်ကာ ပြောလိုက်သည် “ပထမဆုံး .. တပည့်တွေကို သိုင်းပြိုင်ပွဲဆီ ဝင်ပြိုင်စေတယ်။ ပြီးတော့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ဂိုဏ်းချုပ်ကျွင်း .. မင်းက တကယ့်ကို ကြီးမားတဲ့အရာတွေ လုပ်နိုင်သူပဲ”
“ဒါပေမဲ့ …”
သူ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို တရားဝင် အသိအလင်းကြီး အသိအမှတ် မပြုထားဘူး ဆိုပေမဲ့ ဝေညီအစ်ကိုတွေက နတ်စမ်းချောင်းဂိုဏ်းသားတွေပဲ။ မင်း သူတို့ကို သတ်ပစ်ခဲ့တယ်ဆိုတာ အဆင့်ငါး ဂိုဏ်းတစ်ခုကို စိန်ခေါ်တာနဲ့ တူနေတယ်”
“သတင်းပို့ပါတယ်”
အစောင့်တစ်ယောက်သည် လျှောက်ဝင်လာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏ “ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ ခေါင်းဆောင် လာပါတယ်”
“ဟမ်…..”
မြို့တော်ဝန်ရှဲ့ ပြောလိုက်သည် “သူ လာတာ မြန်လိုက်တာ”
သူ ဂုတ်ပိုးအား ပွတ်သပ်ပြီး ပြောလိုက်၏ “ဧည့်သည်ကို ဟောခန်းထဲ ခေါ်ခဲ့”
“ကောင်းပါပြီ”
…
ဟောခန်းထဲမှာတော့ …
သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အတွင်းသို့ လျှောက်ဝင်လာပြီး လက်သီးဆုပ်လိုက်ကြသည် “မြို့တော်ဝန်ရှဲ့ … မတွေ့တာကြာပြီ။ သတိရနေတာ”
မြို့တော်ဝန်ရှဲ့သည် ထိုင်ရန် လက်အမူအရာ ပြပြီး ပြုံးကာ ပြောလိုက်သည် “ခေါင်းဆောင်ချင် သံမဏိအရိုးဂိုဏ်းအတွက် လာတာလား။”
“အမှန်ပဲ”
ခေါင်းဆောင်ချင်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်း က ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ဝင် မဟုတ်လား။ ဒီတော့ တခြားဂိုဏ်းတစ်ခုကို ဖျက်ဆီးတယ်ဆိုတာ သည်းမခံနိုင်စရာပဲ။ ကျုပ် ဒီနေ့လာတာ မြို့တော်ဝန် ….”
မြို့တော်ဝန်ရှဲ့ က ဖြတ်ကာ ပြောလိုက်သည် “သံမဏိအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ဝင် ဖြစ်တယ်။ ဒါပေမဲ့ သူတို့က ချင်းယန်မြို့ နယ်နိမိတ်ထဲမှာ နေတာ။ ဒီတော့ ဘယ်အဖွဲ့က ဖြစ်ဖြစ် သူတို့ကိုထိလို့တော့ မဖြစ်ဘူး။ မဟုတ်ရင် ချင်းယန်မြို့မှာ ရှိတဲ့ လူဦးရေ ၃.၆ သန်းရဲ့ ရန်သူ လုပ်တာနဲ့ တူသွားလိမ့်မယ်။”
မဟာမိတ်အဖွဲ့ခေါင်းဆောင်ချင် ၏ မျက်နှာသည် မဲမှောင်သွားသည် “မြို့တော်ဝန်ရှဲ့ … သံမဏိအရိုးဂိုဏ်းကို ကာကွယ်ပေးချင်တာလား”
မြို့တော်ဝန်ရှဲ့သည် သူ၏ စားပွဲအား လက်ဖြင့် တတောက်တောက် ခေါက်ရင်း ပြောလိုက်၏ “အထင်မမှားပါနဲ့။ ကျုပ်က သံမဏိအရိုးဂိုဏ်းကို ကာကွယ်ပေးနေတာ မဟုတ်ဘူး။ ချင်းယန်မြို့သားတွေကို ကာကွယ်ပေးနေတာပါ”
“ကောင်းပြီ”
မဟာမိတ်အဖွဲ့ခေါင်းဆောင်ချင် က ပြောလိုက်သည် “ဒီလို ဆိုမှတော့ ချင်းယန်မြို့ရဲ့ စည်းမျဉ်းကို လိုက်နာရမှာပေါ့။ မြို့သားတစ်ယောက် အနေနဲ့ ဝေညီအစ်ကိုတွေ အပြင် ဂိုဏ်းသား သုံးဆယ်ကျော်ကို သတ်သွားတဲ့ ကျွင်းချောင်ရှောင်းကို မြို့တော်ဝန် ဘယ်လိုအပြစ်ပေးမှာလဲ။”
“အပြစ်မပေးပါဘူး”
မြို့တော်ဝန်ရှဲ့ ထူးမခြားနားသလို ပြောလိုက်သည်။
ဖောင်း ..။
မဟာမိတ်ခေါင်းဆောင်ချင်သည် စားပွဲအား ဒေါသတကြီးဖြင့် ရိုက်နှက်ကာ ဒေါသတကြီးဖြင့် ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ … ခင်ဗျားက ဂိုဏ်းတစ်ရာ မဟာမိတ်ဂိုဏ်းကိုလည်း မပါစေချင်ဘူး။ ကိုယ်တိုင်လည်း လျစ်လျူရှုနေတယ်။ ဒါက တရားမလွန်ဘူးလား”
ဖောင်း..။
မြို့တော်ဝန်ရှဲ့သည် စားပွဲအား ထုနှက်ပြီး အော်ဟစ်လိုက်၏ “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ချင်းယန်မြို့ထဲကို မိုးဆွေအဆောက်အဦ ရဲ့ ကြေးစားလူသတ်သမားတွေ လွှတ်ခဲ့တယ်။ သူတို့မှာ ဘယ်လောက်ကြီးမားတဲ့ သတ္တိရှိလို့ ဒီလိုလုပ်ရဲရတာလဲ”
“မိုးဆွေ အဆောက်အဦ ဟုတ်လား ….” မဟာမိတ်ခေါင်းဆောင် ကြောင်အသွားသည်။ သူသည် ဇာတ်လမ်းအား အတွင်းကျကျ မသိကြောင်း ခပ်ရေးရေး သဘောပေါက်မိသွား၏။
မြို့တော်ဝန်ရှဲ့ က အေးစက်စက် ပြောလိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း နဲ့ သံမဏိအရိုးဂိုဏ်း ကိစ္စက သေးသေးလေးပဲ။ ဝေရင်ရှိ က အငြိုးအတေးကြီးကြီးနဲ့ ဟေးဖေးခံတပ်ကိုပါ ငွေပေးပြီး မဟုတ်တာတွေ လုပ်ခဲ့သေးတယ်။ သူတို့ ဖျက်ဆီးခံရတာ ထိုက်တန်တယ်”
“……..” မဟာမိတ်ခေါင်းဆောင်ချင် ဆွံ့အသွားမိသည်။
မြို့တော်ဝန် ရှဲ့ ထိုသို့ပြောဆိုနေသည် ဆိုကတည်းက သက်သေရှိ၍ ဖြစ်ကြောင်း သိသာလှ၏။
“မဟာမိတ် ခေါင်းဆောင် ချင် ….”
မြို့တော်ဝန်ရှဲ့ က ထူးမခြားနား သလို ပြောလိုက်သည် “ကျွင်းချောင်ရှောင်းသာ နှလုံးသားမရှိတဲ့ အရာမျိုး ပြုလုပ်မယ်ဆိုရင် ခင်ဗျား သူ့ကို အပြစ်ပေးစရာမလိုဘူး။ ကျုပ် .. မြို့တော်ဝန် ကိုယ်တိုင် လုပ်မှာ”
မဟာမိတ်ခေါင်းဆောင်ချင် က တည်ငြိမ်စွာနှင့် ပြောလိုက်၏ “ဒီလိုဆိုရင် မြို့တော်ဝန်ရှဲ့ … ကျွင်းချောင်ရှောင်းနဲ့ စကားပြောဖို့ ဖိတ်ခေါ်ပေးပါ”
မြို့တော်ဝန်ရှဲ့ က ပြောလိုက်သည် “သံမဏီအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က ဆိုတော့ ခင်ဗျား အနေနဲ့ သူ့ကို စကားပြောရမှာ အမှန်ပဲ။ ဒီတော့ ကြယ်လစားသောက်ဆိုင်မှာ တွေ့ကြတာပေါ့”
မဟာမိတ်ခေါင်းဆောင်ချင် ပေါက်ကရတွေ အဆင်ခြင်မဲ့ လျှောက်လုပ်မည်ကို စိုးရိမ်သောကြောင့် မြို့တော်ဝန်ရှဲ့ သည် သူ၏ ပိုင်နက်ထဲတွင် တွေ့ဆံုံရန် စီစဉ်ပေးလိုက်ခြင်း ဖြစ်၏။
“ဒါဆို ဂိုဏ်းချုပ်ကျွင်းကို ဖိတ်ခေါ်ပေးပါအုံး…” ခေါင်းဆောင်ချင် မတ်တပ်ထရပ်ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည် “နှုတ်ဆက်ပါတယ်”
“ကျုပ် လိုက်မပို့တော့ပါဘူး” မြို့တော်ဝန်ရှဲ့ က ပြောလိုက်၏။
မဟာမိတ်ခေါင်းဆောင်ချင် ထွက်ခွာသွားပြီး နောက်မှာတော့ သူသည် ထိုင်ခုံတွင် ထိုင်၍ ရေနွေးတစ်ခွက် ငှဲ့ကာ သောက်လိုက်သည်။ ပြီးနောက် ခေါင်းခါယမ်းပြီး “ဂိုဏ်းချုပ်ကျွင်း … ဒီမြို့တော်ဝန်က မင်းအတွက် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကို လှည့်ပတ်ပြောခဲ့ရတယ်။”
“မြို့တော်ဝန်ရှဲ့ .. ဒီလိုမပြောပါနဲ့” ကျွင်းချောင်ရှောင်းသည် အတွင်းခန်းထဲမှ လျှောက်ထွက်လာသည် “ခင်ဗျား နဲ့ ကျွန်တော်တို့က အတူတူ ပူးပေါင်း လုပ်ဆောင်နေတာပဲလေ။ နှစ်ဖက်လုံး အကျိုးရှိတဲ့ ကိစ္စပဲ”
ပြောပြီးသည့်နောက် သူသည် စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှစ်လုံးအား စားပွဲပေါ် တင်လိုက်သည်။
သူသည် မြို့တော်ဝန်ရှဲ့ဆီသို့ ရောက်ရှိလာပြီး စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း နှင့် ကိစ္စအား သေချာရှင်းပြခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့သည် သူ့အား ပြဿနာများ လာပေးမည်ကို သူ ကြိုတွေးမိပြီးဖြစ်သည်။ ထို့ကြောင့် စဦးအဆင့်ပြန်လည် ကောင်းမွန်ခြင်းဆေးလုံး နှစ်လုံး ဖြင့် မြို့တော်ဝန်ရှဲ့ နှင့် အပေးအယူ လုပ်ခဲ့ခြင်း ဖြစ်လေ၏။
ဂိုဏ်းတစ်ခုအား ဖျက်ဆီးခြင်း သည် ကိစ္စကြီးဖြစ်သည်။
သူ့အနေနှင့် ကြိုတင်ဆောင်ရွက်သင့်သည်များကို တွေးတောထားပြီးဖြစ်သည်။ မဟုတ်လျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီး ၌ အသက်ရှည်ရှည် နေရမည် မဟုတ်ကြောင်း သူ နားလည်မိ၏။
မြို့တော်ဝန်ရှဲ့သည် စဦးအဆင့် ပြန်လည် ကောင်းမွန်ခြင်းဆေးလုံးအား ကောက်ယူကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဒီဆေးလုံးက ဒဏ်ရာကို မြန်မြန်ဆန်ဆန် ကောင်းမွန်စေတယ်လား”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မြို့တော်ဝန်ရှဲ့ကို ကျွန်တော် ဘာလို့ လိမ်ရမှာလဲ”
မြို့တော်ဝန်ရှဲ့သည် အားရပါးရ ရယ်လိုက်သည် “မင်း တကယ်တော်တဲ့သူပဲ”
ကျွင်းချောင်ရှောင်း အသာရပ်ကာ ပြောလိုက်သည် “ဂိုဏ်းထဲမှာ လုပ်စရာလေးတွေ ရှိသေးလို့ သွားပါအုံးမယ်။”
“နောက်သုံးရက်အကြာ .. ကြယ်လစားသောက်ဆိုင်နော်။ မမေ့နဲ့” မြို့တော်ဝန်ရှဲ့ ပြောလိုက်၏။
“ကျွန်တော် ကတိအတိုင်း လာမှာပါ” ကျွင်းချောင်ရှောင်း ပြောပြီး မြို့တော်ဝန်အိမ်တော်၏ နံရံအား ခုန်ကျော်ကာ ထွက်ခွာသွားတော့သည်။
မြို့တော်ဝန်ရှဲ့သည် ဆေးလုံး၏ အနံ့အား ရှုကြည့်လိုက်သည် ။ ပြီးနောက် တီးတိုးရေရွတ်လိုက်၏ “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးပြီးနောက်မှာ င့ါဆီ အကူအညီ လာရှာတယ်။ ရှေ့ရေးကို ကြိုမြင်တတ်တယ်။ ဒီကောင်လေး က မရိုးရှင်းလှဘူး”