အခန်း (၈၅)
Vol. 6 Ch. 85
ချင်းယန်နိုင်ငံတွင် များပြားလှသော ဂိုဏ်းကြီး၊ ဂိုဏ်းသေးတို့ ရှိကြသည်။ လွန်ခဲ့သော ဆယ်စုနှစ် ကျော်တုန်းက ဂိုဏ်းများသည် မဟာမိတ် အဖွဲ့တစ်ခု အဖြစ် ဖွဲ့စည်းခဲ့ကြပြီး အဆင့်ခြောက် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သော ချင်ဟောင်ရန်အား ခေါင်းဆောင်အဖြစ် တင်မြောက်ခဲ့ကြသည်။
သူတို့၏ ရည်ရွယ်ချက်သည် အတူတူ လက်တွဲလုပ်ဆောင်ပြီး ပိုမိုတိုးတက်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်လာနိုင်ရန် ဖြစ်၏။
အဆင့်မြင့် ဂိုဏ်းများတင်မကဘဲ ချင်းယန်နိုင်ငံ၏ ဂိုဏ်းတော်တော်များများသည် မဟာမိတ်အဖွဲ့ထဲသို့ ဝင်လာကြသည်။
ဂိုဏ်းတစ်ခုသည် မဟာမိတ်အဖွဲ့ထဲ မဝင်ပါက တခြားသော ဂိုဏ်းများ၏ ပစ်ပယ်ခြင်းကို ခံကြရ၏။
ဂိုဏ်းချုပ်ဝမ်သည် သံမဏိအရိုးဂိုဏ်းအား တည်ထောင်ပြီးချိန်၌ အားလုံးအား မုန့်ကျွေး၊ လက်ဆောင်ပေး၍ ဂိုဏ်း၏ ဂုဏ်သိက္ခာတိုးတက်စေရန် ပြုလုပ်ခဲ့သည်။
ကံဆိုးစွာနှင့် သူ၏ ကြိုးစားမှုများသည် လက်ရှိတွင် အသုံးမဝင်နိုင်တော့ပေ။ အဘယ့်ကြောင့် ဆိုသော် မဟာမိတ် အဖွဲ့ထဲရှိ များပြားလှသောဂိုဏ်းများသည် ကျွင်းချောင်ရှောင်း တစ်ယောက် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း အား ဖျက်ဆီးသည့် ကိစ္စအား လက်မခံနိုင်ခြင်းကြောင့် ဖြစ်၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖျက်ဆီးခံရသည်ဟူသော သတင်း ထွက်ပေါ်လာချိန်တွင် ခေါင်းဆောင်ချင်သည် အလွန်အမင်း ဒေါသထွက်ခဲ့သည်။
ပြီးနောက် ချင်းယန်မြို့သို့ ရောက်လာပြီး သူ၏ ကိစ္စများအား မရှုပ်စေရန် မြို့တော်ဝန်နှင့် သီးသန့်လာတွေ့ခဲ့သည်။ ထိုမှသာ သူသည် သံမဏိအရိုးဂိုဏ်းအား ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ပေလိမ့်မည်။
သူသည် မြို့တော်ဝန်၏ ငြင်းပယ်မှုကို ခံခဲ့ရသည် ဆိုသော်လည်း အလျော့မပေးချေ။ သုံးရက်ကြာလျှင် မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် ကြယ်လစားသောက်ဆိုင်တွင် ကျွင်းချောင်ရှောင်း နှင့် စကားပြောရန် သူ ဆုံးဖြတ်ခဲ့၏။
တခြားသော ဂိုဏ်းများသည် အခြေအနေအား အလုံးစုံ သိရှိပြီးနောက်တွင် ခေါင်းဆောင်ချင်၏ ဉာဏ်ပညာကို ချီးကျးမိကြသည်။ သူတို့သည် ချိန်းဆိုထားသော နေ့၌ ကျွင်းချောင်ရှောင်းအား အားလုံး၏ တံတွေးခွက်ထဲတွင် မျောပါသွားအောင် ပြုလုပ်ရန် တေးထားကြသည်။
အားအင်နှင့် ပြဿနာအား မဖြေရှင်းနိုင်လျှင် စကားလုံးများနှင့် စိတ်ပင်ပန်းအောင် ဝိုင်း၍ ပြုလုပ်နိုင်သည်။ သူတို့၏ တံတွေးခွက်ထဲတွင် ကျွင်းချောင်ရှောင်း မျောပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပင် ပေါက်သွားရမည်ဟု အားလုံးက သံဓိဋ္ဋာန် ချမှတ်လိုက်ကြ၏။
မဟာမိတ် ခေါင်းဆောင်နှင့် သံမဏိအရိုးဂိုဏ်းခေါင်းဆောင်တို့သည် ကြယ်လစားသောက်ဆိုင်တွင် တွေ့ဆုံကြမည် ဆိုသော သတင်းသည် ချင်းယန်တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။
“ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က တကယ်ကြီး လှုပ်ရှားလာပြီပဲ”
“ကျွင်းချောင်ရှောင်းက ဒီတစ်ကြိမ် ပြဿနာကြီး လုပ်ခဲ့တယ်။ သူ့အနေနဲ့ အကောင်းဆုံး ဖြေရှင်းမှ ဖြစ်တော့မယ်”
“ကျုပ်အထင်အရဆိုရင် မဟာမိတ် ခေါင်းဆောင်ချင်က နတ်စမ်းချောင်းဂိုဏ်းကို စိုးရွံ့တာမို့ သံမဏိအရိုးဂိုဏ်းကိုပဲ အပြစ်ပေးလိမ့်မယ်။”
“အဲပွဲက ဂိုဏ်းချုပ်တော်တော်များများ တက်ရောက်ကြလိမ့်မယ်။ နောက်သုံးရက်ကြာရင် ချင်းယန်မြို့ကတော့ တကယ်လူတွေနဲ့ ပြည့်နေတော့မှာပဲ”
“ဒါက တွေ့ဆုံပွဲလို့သာ အမည်တပ်ထားတာ။ တကယ်တော့ သံမဏိအရိုးဂိုဏ်းကို စစ်ဆေးမေးမြန်းကြမှာပဲ”
“ဟုတ်တယ်။ ဒါက ဝိုင်းပြီး စစ်ဆေးမေးမြန်းကြမှာ”
များပြားလှသော မြို့များရှိ ကျင့်ကြံသူများသည် ပြောဆို ဆွေးနွေးနေကြသည်။ တစ်ချို့သည် မဟာမိတ်အဖွဲ့ ကျွင်းချောင်ရှောင်းအား မည်သို့ အခက်တွေ့အောင် ပြုလုပ်မလဲ ဆိုသည်ကို စိတ်ဝင်စားနေကြသည်။
…..
သံမဏိအရိုးဂိုဏ်း .. အဓိက ဟောခန်း။
ပြန်ရောက်လာပြီးနောက် ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ခြေတစ်ဖက် ချိတ်ကာ ထိုင်လျက်ရှိသည်။ သူသည် လက်တစ်ဖက် နှင့် မေးထောက်ကာ ပြောလိုက်၏ “သုံးရက်ကြာရင် စားပွဲတစ်ခု ရှိတာပဲ”
“ဂိုဏ်းချုပ် …”
လီချင်းယန် အားပျော့စွာ မေးလိုက်သည် “တကယ်ပဲ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တာလား။”
“အင်းပေါ့” ကျွင်းချောင်ရှောင်း ပြန်ပြောလိုက်သည်။
လီချင်းယန် တည်ငြိမ်စွာ ပြောလိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့ကပဲ။ ဂိုဏ်းချုပ်အနေနဲ့ ပြဿနာ ရှင်းရမှာ သေချာတယ်”
ကျွင်းချောင်ရှောင်းသည် အသာ ဆင်းလျှောက်လာပြီး လီချင်းယန်၏ ပခုံးအား ပုတ်လိုက်သည် “ဂိုဏ်းထဲမှာ ဒီလို စဉ်းစားတတ်တာ မင်းတစ်ယောက်ပဲ ရှိတယ်။ မင်း တော်တယ်။ ကျေးဇူးပဲ”
လီချင်းယန် ကြောင်သွားသည်။ သူ၏ စိတ်ထဲတွင် မကောင်းသည့် ခံစားချက်များ ရရှိနေ၏။
ထင်မှတ်ထားသကဲ့သို့ပင် …
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အဲဒီ ရီရှင်းချန် က နည်းနည်းလေး ပြဿနာရှိတယ်။ ဒုတိယ တပည့် အနေနဲ့ မင်း က သူ့ကို စည်းကမ်းပိုင်းဆိုင်ရာ ပိုပြီး တင်းကျပ်သင့်တယ်။ သူ အဓိပ္ပာယ်မရှိတာတွေ လုပ်မယ် ဆိုရင် တစ်ခုပဲ လုပ် …. နှိပ်စက်”
ပြီးနောက် ကျွင်းချောင်ရှောင်းသည် ပူပင်ကြောင့်ကျကင်းစွာဖြင့် လျှောက်ထွက်သွားတော့သည်။
လီချင်းယန် အူလည်လည်ဖြင့် ကျန်ခဲ့ရ၏ “နှိပ်စက်ရမှာလား”
…
ကျွင်းချောင်ရှောင်း အတွင်းခြံဝန်းထဲရှိ သူ၏ အိမ်ဆီသို့ ပြန်ရောက်တော့ ခြေချိတ်ထိုင်ကာ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်အား လှည့်ပတ်လိုက်သည်။
ဟူး ..ဟူး..။
ကောင်းကင်နှင့် မြေပြင် တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ အနားတွင် မြူတွေကဲ့သို့ ဖြစ်တည်လာ၏။
စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် မွေးညှင်းပေါက်များမှ တဆင့် မရီဒန် တွေဆီ စုစည်းလာသည်။ ပြီးနောက် ဒန်ထျန်ဆီသို့ ဦးတည်သွားသည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အဆင့်တစ်ခုစီတိုင်း၌ စွမ်းရည် အသစ်တစ်ခု ရှိသည်။ သိုင်းတပည့်အဆင့် တစ်ယောက်၏ လုပ်ဆောင်နိုင်မှုသည် ဒန်ထျန်လေပွေကို ဖွင့်လှစ်နိုင်ရန်ဖြစ်သည်။
ထိုစွမ်းရည်အား အထင်သေး၍ မရချေ။ စွမ်းအင်တွေ ပို၍ သန့်စင်လေ ကြောက်ဖို့ကောင်းလေ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အဆင့်တက်ပြီးနောက်တွင် သူ၏ ဒန်ထျန်လေပွေအား ပိုမို အားကောင်းရန် ပြုလုပ်လျက်ရှိသည်။ ထိုမှသာ သူသည် ပိုမိုအဆင့်မြင့်သော အဆင့်သို့ရောက်ရှိမှာ ဖြစ်၏။
အတော်ကြာ ကျင့်ကြံပြီးနောက်မှာတော့ ….
သူ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်မိသည် “စိတ်ဝိညာဉ်အမြစ် က အကန့်အသတ် ဖြစ်နေတာပဲ။ ကြိုးစားလေ့ကျင့်တာတောင်မှ အလုပ်သိပ်မဖြစ်ဘူး”
စနစ်မှ ပြောလိုက်သည် “လက်ခံသူ အနေဖြင့် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် ရရှိစေရန် စတိုးအား refresh လုပ်နိုင်သည်။ ထိုသို့ဆိုလျှင် အလယ်အလတ် အဆင့် စိတ်ဝိညာဉ်အမြစ် ကို ရရှိနိုင်သည်။”
“အင်း …”
ကျွင်းချောင်ရှောင်း စတိုးအား ဖွင့်လိုက်၏။
“ဒင် ….”
“ဂိုဏ်းစုဆောင်းမှတ် - ၁၄၀ / ၅၀၀”
လေးမှတ် လျော့နည်းသွားခြင်းသည် ဂိုဏ်းအစီအရင်အား အသက်သွင်းခဲ့သောကြောင့် ဖြစ်သည်။
စတိုးထဲတွင် ပစ္စည်းသစ်များ ပေါ်လာသည်။ ပထမဆုံး မြင်လိုက်ရသည်မှာ အဆင့်မြင့်တင်ထားသော ဆောင်းဘောက် ဖြစ်၏။
သူ အသေးစိတ်ကို သိချင်သောကြောင့် ဝင်ကြည့်မိလိုက်သည်။
ပစ္စည်းအမျိုးအစား - မှော်စွမ်းအင်ဖြင့် အဆင့်မြင့်တင်ထားသော အသံ စနစ် နှင့် ဆောင်းဘောက်။
မိတ်ဆက် - သီချင်းများ ဖွင့်နိုင်သော ပစ္စည်း။
အစွမ်းသက်ရောက်မှု - တပည့်များ၏ မနက်ခင်း လေ့ကျင့်ခန်းအတွက် အသုံးဝင်သည်။ ဆောင်းဘောက် အား ဖွင့်လိုက်မည် ဆိုလျှင် နတ်ဘုရား တေးဂီတသည် ပွင့်သွားမည် ဖြစ်ပြီး စိတ်အား ပိုမို၍ အားကောင်းအောင် ကျင့်ကြံနိုင်သည်။
အထူးအစွမ်း - လက်ခံသူသည် မီတာ တစ်ရာအတွင်း ပစ်မှတ်အား ရွေးချယ်နိုင်သည်။ ပစ်မှတ် အတည်ပြုပြီး နတ်ဘုရား တေးသံများ ဖွင့်လိုက်ပါက ပစ်မှတ်သည် ဦးနှောက် ဆေးကြောခံလိုက်ရသလို ဘာတစ်ခုမှ မစဉ်းစားဘဲ အသိစိတ်မဲ့စွာဖြင့် စည်းချက်အတိုင်း လိုက်ပါ ကခုန်ပေလိမ့်မည်။
အားနည်းချက် - ကျင့်ကြံခြင်းအဆင့် မြင့်မားသူများအား ဦးနှောက်ဆေးကြောရန် မဖြစ်နိုင်ပေ။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၁၀ မှတ်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “နတ်ဘုရား တေးဂီတ နဲ့ ဦးနှောက်ဆေးတာလား။ စိတ်ဝင်စားစရာပဲ”
သူ တခြားပစ္စည်းများအား ဆက်ရှာကြည့်လိုက်သည်။ သို့ပေမဲ့ တစ်ခု မှ အသုံးဝင်သည်ကို မတွေ့သောကြောင့် ဆောင်းဘောက်ကိုသာ ဝယ်ယူလိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် စတိုးအား ထပ်မံ၍ refresh လုပ်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ အလွန်အမင်း ကံကောင်းသည်ဟု ဆိုရမည်။ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်အား သူတွေ့လိုက်ရသည်။ ချက်ချင်း ဆိုသလိုပဲ ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အားအသုံးပြုကာ ဝယ်ယူလိုက်သည်။
ဒင် …
လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် အား ဝယ်ယူခဲ့သည်။
ဒင် ….
ဂိုဏ်းစုဆောင်းမှတ် - ၈၀ / ၅၀၀။
ကျွင်းချောင်ရှောင်း ဆေးရည်အား ယူ၍ တစ်ခါတည်း မော့သောက်လိုက်သည်။ အရင် အရသာ အတိုင်းပင် ဖြစ်၏။
ဒင် ..။
လက်ခံသူသည် ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည် ကို အသုံးပြု၍ စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေးအား ပြောင်းလဲခဲ့သည်။
စိတ်ဝိညာဉ်အမြစ် အရည်အသွေး တိုတက်သွားသည်။
လက်ခံသူသည် သိုင်းတပည့် အဆင့်ခြောက် သို့ ရောက်ရှိသွားသည်။
စိတ်ဝိညာဉ်အမြစ် ၏ အရည်အသွေး ပြောင်းလဲမှုသည် ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းကို ပိုမို တိုးတက်စေခဲ့သည်။ သို့ပေမဲ့ အဆင့်သေး တစ်ခုသာ ဖြစ်၏။
စိတ်ဝိညာဉ်အမြစ် အလယ်အလတ် အဆင့်သို့ ရောက်ရှိချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနိုင်မှုသည် ပိုမို၍ တိုးတက်လာခဲ့သည်။ တစ်ညတာ ကျင့်ကြံပြီးနောက် ဖြစ်ပေါ်လာသော ရလဒ်သည်လည်း ကွာခြားလွန်းသွားသည်။
“မဆိုးဘူး .. မဆိုးဘူး”
အခန်းထဲမှ လျှောက်ထွက်ပြီးသည့်နောက် သူသည် လက်ကို ယမ်းခါလိုက်မိသည်။ ကောင်းကင်ကြီးသည် တောက်ပနေပြီး အရာအားလုံးသည်လည်း လန်းဆန်း၍ ကြည့်ကောင်းနေ၏။
အပြင်ခြံဝန်းဆီ လျှောက်ထွက်လိုက်တော့ ကြွက်သားတည်ဆောက်ခြင်းအခန်းထဲမှ ထွက်လာပြီး လှေကားထစ်တွင် မောကြီးပန်းကြီး ထိုင်နေသော ရှောင်ကျီ အား မြင်လိုက်ရသည်။
“မင်း အရမ်းကြိုးစားတယ်” ကျွင်းချောင်ရှောင်း ချီးကျူးလိုက်မိ၏။
တပည့်များသည် တစ်ယောက်ပြီး တစ်ယောက် နိုးထလာကြသည်။ မျက်နှာသစ်၊ ကိုယ်လက်များ ဆေးကြောပြီးနောက်မှာတော့ နေ့စဉ် ကျင့်ကြံမှုအတွက် လေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ရောက်ရှိလာသည်။
“မြန်မြန်လုပ် …”
လီချင်းယန်လည်း ရောက်လာ၏။ သူ၏ နောက်တွင်တော့ ရီရှင်းချန် လိုက်လာပါသည်။ ညအင်ပါယာ ဖြစ်သော အရှင်သခင် ရီရှင်းချန်သည် သူ၏ ခေါင်းအား ငုံ့ထားသည် ဆိုသော်လည်း မျက်လုံးထဲမှာတော့ အေးစက်နေ၏။
“ဘယ်သွားမလို့လဲ” ကျွင်းချောင်ရှောင်း မေးလိုက်သည်။
လီချင်းယန် ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဂျူနီယာညီလေးရီ က ဂိုဏ်းကို စပြီး ဝင်ကတည်းက မနက်ခင်း လေ့ကျင့်ခန်းကို တစ်ခါမှ မလုပ်ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကျွန်တော် ဆွဲခေါ်လာခဲ့တာ”
“ဟမ့် …”
ရီရှင်းချန် အေးစက်စက် ပြောလိုက်သည် “ကျုပ်က ဂုဏ်သိက္ခာကြီးမားလွန်းတဲ့ သိုင်းအင်ပါယာ တစ်ယောက်ပဲ ။ ဘာလို့ ခင်ဗျားတို့လို သာမာန်လူတွေနဲ့ မနက်ခင်း လေ့ကျင့်ခန်းလုပ်ရမှာလဲ”
ကျွင်းချောင်ရှောင် းပြောလိုက်သည် “ရှင်းချန် .. မင်း ဂိုဏ်းသားတစ်ယောက်ရဲ့ ဘဝ ကို အသားမကျသေးဘူး ထင်တယ်”
ဖျောက် ..။
သူ လက်ဖျောက်တီးကာ ပြောလိုက်သည် “အားလုံး ပျော်ရွှင်စေဖို့ လုပ်ပေးရမယ်”
“ပျော်အောင်လား”
အားလုံး ဇဝေဇဝါ ဖြစ်သွားကြသည်။
“ဘုတ် …” ကျွင်းချောင်ရှောင်းသည် အဓိက ဟောခန်း ရှေ့တွင် ဆောင်းဘောက်အား ချလိုက်သည်။ “ဒီနေက စပြီး မင်းတို့အားလုံး တေးဂီတ နဲ့ အတူ မနက်ခင်း လေ့ကျင့်ခန်းကို ကျော်ဖြတ်ရမယ်။”
စုရှောင်မိုသည် ရောက်ရှိလာပြီး ဘေးဘယ်ညာ သေချာကြည့်ကာ မေးလိုက်၏ “ဂိုဏ်းချုပ် .. ဒါ ဘာကြီးလဲ”
ကျွင်းချောင်ရှောင်း မရှင်းပြပေ။ တပည့်များ စုံလင်စွာ ရောက်ရှိလာချိန်မှာတော့ သူသည် ဆောင်းဘောက်အား ဖွင့်လိုက်တော့သည်။
….
လှုပ် .. လှုပ် .. လှုပ်လို့ရပြီ။
“ချီးတဲ့မှ …”
စုရှောင်မိုသည် ဆောင်းဘောက်နားတွင် ကပ်နေသောကြောင့် ရုတ်တရက် ထွက်ပေါ်လာသည့်အသံကို ကြားချိန်တွင် လန့်ဖြန့်၍ လှေကားထစ်မှပင် ပြုတ်ကျသွားသည်။
လှုပ် .. လှုပ် .. လှုပ်လို့ရပြီ။
သာယာလှသော အသံသည် သံမဏိအရိုးဂိုဏ်း တစ်ခုလုံးသို့ပြန့်နှံ့သွား၏။
“အရူးတွေ ….” ရီရှင်းချန် တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ့ရှိရာသို့ လက်ညိုးထိုးကာ ပြောလိုက်သည် “လာ .. လာ .. လှုပ်တော့”
ရီရှင်းချန်၏ မျက်စိ သူငယ်အိမ်များသည် ကြုံ့ဝင်သွားသည်။ သူ လက်တွေမြှောက်ကာ သံစဉ်စည်းချက် နှင့် အတူ ကခုန်တော့သည်။
ဂုဏ်သိက္ခာကြီးမားလှသော သိုင်းအင်ပါယာသည် လေ့ကျင့်ရေး ကွင်းထဲတွင် ပျော်ရွှင်စွာ ကခုန်နေပြီဖြစ်၏။
တပည့်များသည် အူကြောင်ကြောင့်ဖြင့် သူ့အား ကြည့်လိုက်ကြ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ အပေါ်ဝတ်စုံကို ချွတ်ကာ ပြောလိုက်သည် “ကောင်လေးတို့ .. ပျော်လိုက်ရအောင်”
သူ၏ စိတ်စွမ်းအင်သည် တည်နေရာတစ်ခုလုံးရှိ တပည့်များ အားလုံးကို လွှမ်းခြုံသွားသည်။
ပြီးနောက် …
တပည့်များအားလုံးသည် နတ်ဘုရားတေးသံနှင့်အတူ ကခုန်ကြတော့၏။
“ဒုတိယ စီနီယာအစ်ကို .. ကျွန်တော် ခန္ဓာကိုယ်ကို ထိန်းသိမ်းလို့မရဘူး”
“ကျွန်တော်ရောပဲ …”
“ဟားဟား .. ပျော်စရာပဲ”
“စီနီယာအစ်မကြီးက ဘာလို့ ကျွန်တော်တို့လို မကတာလဲ။”