← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

နတ်ဘုရားတေးသံ၏ ဦးနှောက်ဆေးကြောခြင်းကို ခံရပြီးနောက်မှာတော့ သံမဏိအရိုးဂိုဏ်းသားများသည် ပိုမို လန်းဆန်းသလို ခံစားမိလိုက်ကြသည်။ တစ်နေကုန် ဆက်လက် ကျင့်ကြံမည် ဆိုလျှင်တောင်မှ မောပန်းမှုကို ခံစားရတော့မှာ မဟုတ်ပေ။

ထိုအရာသည် မှော်ပညာဖြင့် အဆင့်မြင့်တင်ထားသော အသံစနစ်၏ အစွမ်းကြောင့်ပင် ဖြစ်သည်။ ပျော်ရွှင်စေရုံတင် မကဘဲ ပိုမို လန်းဆန်းသော ခံစားချက်ကို ဖြစ်ပေါ်စေ၏။

သို့ပေမဲ့ မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက်မှာတော့ ရီရှင်းချန် သည် ထောင့်တစ်ခုတွင် ဆောင့်ကြောင့်ထိုင်ရင်း လက်နှစ်ဖက်နှင့် ဦးခေါင်းအား ဆုပ်ကိုင်ကာ တီးတိုးရေရွတ်လျှက်ရှိသည် “ငါ ဘာတွေလုပ်ခဲ့တာလဲ။ ဘာတွေလုပ်ခဲ့တာလဲ”

င့ါရဲ့ ဂုဏ်သိက္ခာတွေ ဘယ်မှာလဲ။

သူသည် လူအများကြီးရှေ့တွင် အရှက်မဲ့စွာဖြင့် ကခုန်ခဲ့မိသည်။ မြေကြီးတွင် တွင်းတစ်တွင်းလောက် တူး၍ ပုန်းနေချင်စိတ်တွေပင် ဖြစ်ပေါ်နေမိ၏။

“အား …”

ရီရှင်းချန်သည် တွေးလေ နာကျင်မှုကို ခံစားရလေ ဖြစ်သည်။ သူ ခေါင်းမော့ကာ အားရပါးရ အော်ဟစ်လိုက်သည်။

ဘုန်း ..။

ဘောလုံးတစ်လုံးသည် နံရံကို ထိမှန်ရာမှ တဆင့် ပြန်ကန်လာပြီး သူ့ မျက်နှာဆီသို့ တိုးဝင်လာသည်။

ဝှစ် ..။

ရီရှင်းချန် သူ၏ ခန္ဓာကိုယ်အား အသာလိမ်ပြီး ရှောင်လိုက်တော့ ဘောလုံးသည် သူ၏ မျက်နှာနားမှ ကပ်၍ ဖြတ်သန်းသွားတော့သည်။ သူ အသာပြုံးကာ ဟစ်ကြွေးလိုက်သည် “ငါက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ မဟုတ်တော့ဘူး”

“ဂျူနီယာ ညီလေး .. နောက်ကို ကြည့်…” စုရှောင်မို အော်လိုက်သည်။

ရီရှင်းချန် ကြောင်သွား၏ သူ ချက်ချင်းပဲ နောက်ကို လှည့်ကြည့်လိုက်တော့ နံရံအား ကန်၍ ပြန်ရောက်လာော ဘောလုံးသည် သူ၏ မျက်နှာဆီသို့ တိုးဝင်လာတော့သည်။

ဘုန်း …။

ဘုတ်။

ရီရှင်းချန်သည် ခြေကားယား၊ လက်ကားယားဖြင့် မြေပေါ် ဆန့်ဆန့်ကြီး လဲကျနေလေသည်။

သူသည် လွန်ခဲ့သောရက် အနည်းငယ် က ရီရှင်းချန် မဟုတ်တော့ပေ။ ဘောလုံးအား မျက်နှာနှင့် ဖမ်းယူသော စွမ်းရည်တွင် ပိုမို တိုးတက်လာခဲ့ပြီ ဖြစ်သည်။

သူ အမှန်အကန် သေချင်စိတ် ဖြစ်မိနေ၏။

ပြန်သေပြီး နောက်တစ်ကြိမ် ပြန်လည် မွေးဖွားချင်စိတ်တွေ ပေါ်လာမိသည်။

“လီဖေး .. မင်း ဘယ်လိုတွေ ကန်နေတာလဲ။ မင်း ကန်လိုက်တာ ဂျုနီယာညီလေးရဲ့ မျက်နှာကို ထိပြန်ပြီ”

…..

နောက်တစ်ရက် …

သံမဏိအရိုးဂိုဏ်းတပည့်များသည် နတ်ဘုရားသံစဉ် နှင့် အတူ မနက်ခင်း လေ့ကျင့်ခန်း ကို ပြုလုပ်လျက် ရှိသည်။

ရီရှင်းချန်သည် လီချင်းယန်၏ အနီးကပ် စောင့်ကြည့်မှုကြောင့် မလုပ်ချင်ပေမဲ့ မနက်ခင်း လေ့ကျင့်ခန်းအား ပြုလုပ်နေရသည်။ သို့ပေမဲ့ သူသည် အသံပိတ်၍ တိတ်တဆိတ် ဆန္ဒပြထားသည်။

မနက်ခင်း လေ့ကျင့်ခန်းများ ပြီးစီးချိန်မှာတော့ တပည့်များသည် ကိုယ်ပိုင် နည်းလမ်းအတိုင်း ကိုယ့်ဘာသာ လေ့ကျင့်ကြတော့၏။

ကျွင်းချောင်ရှောင်းသည် လမ်းလျှောက်လာပြီး လှေကားရင်းတွင် ထိုင်ကာ ပြောလိုက်သည် “ဒီရက်ပိုင်းအတွင်း အဆင်ပြေလား”

ဘေးတွင် ထိုင်နေသော ရီရှင်းချန်သည် တိတ်ဆိတ် ငြိမ်သက်နေ၏။

ကျွင်းချောင်ရှောင်း ဆက်ပြောလိုက်သည် “မင်းက ဇာတ်လမ်းတစ်ခု နဲ့ လူဖြစ်တယ်လို့ မင်းမျက်လုံးတွေက ပြောပြနေတယ်”

ရီရှင်းချန် ငြိမ်သက်နေတုန်းပင်။

သူ့ဆီမှာသာ လုံလောက်သော အားအင်ရှိသည်ဆိုလျှင် ဂိုဏ်းချုပ်ဆိုသည့်လူအား မြေပေါ် တွန်းလှဲ၍ အားရပါးရ ရိုက်နှက်မိမှာ သေချာသည်။

ကျွင်းချောင်ရှောင်းသည် မေးထောက်၍ ပြောလိုက်သည် “တကယ်တော့ ဇာတ်လမ်းနောက်ခံတွေနဲ့ လာတဲ့သူတွေကို ငါ မနာလို ဖြစ်မိတယ်။”

ရီရှင်းချန် “……..”

ကျွင်းချောင်ရှောင်း မတ်တပ်ထရပ်ပြီး သူ၏ ဖင်မှ ဖုန်များအား သုတ်ခါလိုက်၏ “ရှင်းချန် .. မင်းကို ငါ ဂိုဏ်းထဲ ဝင်ခိုင်းခဲ့တာ နဲ့ ပတ်သက်ပြီး င့ါကို အငြိုးထားနေမယ် ဆိုရင် မင်း အခု ထွက်သွားလို့ရတယ်။”

“တကယ်လား…” ရီရှင်းချန်သည် နောက်ဆုံးမှာတော့ စကားပြောလာသည်။

ကျွင်းချောင်ရှောင်းသည် တံခါးဆီသို့ လက်ညိုးထိုးပြလိုက်၏ “မင်း အခု ထွက်သွား… ဘယ်သူမှ တားမှာမဟုတ်ဘူး။”

ရီရှင်းချန် မတ်တပ်ထရပ်ပြီး တံခါးဆီသို့ လျှောက်သွား၏။

ကျွင်းချောင်ရှောင်းသည် လက်ပိုက်ရပ်ရင်း မှ ပြောလိုက်သည် “ဒါပေမဲ့ မင်း သေချာစဉ်းစားနော်။ ဒီနေရာကနေ ထွက်ခွာတာနဲ့ မင်း ကျင့်ကြံခြင်းအရင်းအမြစ်တွေမရတော့ဘူး။ မင်းဆီမှာ ရန်ငြိုးတွေ ရှိခဲ့တယ် ဆိုရင်တောင်မှ လက်စားပြန်ချေနိုင်ဖို့ ခက်ခဲလိမ့်မယ်”

ရီရှင်းချန်သည် သွားနေရာမှ ရပ်တန့်လိုက်သည်။ သူသည် လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။

သူ ချက်ချင်းပဲ ထွက်သွားချင်မိသည်။ သို့ပေမဲ့ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ ဝင်ပြီးနောက်တွင် သူ၏ ကြွက်သားများသည် ပိုမို၍ တောင့်တင်းလာကြောင်း အသေအချာ ခံစားမိ၏။ ထို့ကြောင့် ထွက်သွားရမည်ကို အနည်းငယ် နှမျောနေမိသည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မင်းရဲ့ ဇာတ်ကြောင်းကို ငါမသိဘူး။ ပြီးတော့ ကြားလည်း မကြားချင်ဘူး။ ဒါပေမဲ့ သံမဏိအရိုးဂိုဏ်းကသာ မင်းကို ပိုမိုအားကောင်းအောင် လုပ်ပေးနိုင်တယ် ဆိုတာ မှတ်ထားါ”

ဘောလုံးကစားနေကြသော တပည့်များသည် ရပ်တန့်၍ ထွက်ခွာသွားတော့မည့် ရီရှင်းချန်အား ကြည့်နေကြ၏။

“ဂျူနီယာညီလေး …”

စုရှောင်မိုသည် ဘောလုံးကို ကောက်ယူပြီး အော်လိုက်သည် “ငါတို့ ဂိုဏ်းက အခု အားနည်းသေးတယ် ဆိုပေမဲ့ ဂိုဏ်းချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ကျိန်းသေပေါက် အားကောင်းလာမှာပဲ။ ထွက်သွားမယ် ဆိုရင် မင်း တစ်သက်လုံး နောင်တရနေလိမ့်မယ်။”

ရီရှင်းချန် နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် နောက်ဘက်လှည့်ကာ ရပ်လိုက်သည် “ကျွန်တော့်ကို သိုင်းအင်ပါယာ အဆင့်ရောက်အောင် လုပ်ပေးနိုင်လား”

ရီရှင်းချန် ပါးစပ် ဖွင့်လိုက်သည်နှင့် ပြောဆိုသော စကားလုံး တစ်ရာတွင် ကိုးဆယ်သည် သိုင်းအင်ပါယာ ဆိုသော စကားလုံး ဖြစ်လို့နေသည်။ ဤလူငယ်သည် မရိုးရှင်းလှပေ။

ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ကုတ်ရင်း ပြောလိုက်သည် “သိုင်းအင်ပါယာဆိုတာ အစပဲ ရှိသေးတယ်။ အဲထက်မြင့်တဲ့ အဆင့်ရှိရင်တောင် မင်းကို လွယ်လွယ်နဲ့ ရောက်အောင် လုပ်ပေးနိုင်တယ်”

အရင်ဆုံး ကြွားလုံးထုတ်ကြတာပေါ့။ နောက်ကိစ္စနောက်မှရှင်းကြမည်။

ညအင်ပါယာသည် အေးစက်စက် ပြောလိုက်သည် “ကျွန်တော် ကျင့်ကြံချင်တယ်”

သူကိုယ်တိုင် တပည့်အဖြစ် လက်ခံ၍ အသိအမှတ်ပြုခဲ့လေပြီ။

သိုင်းအင်ပါယာတစ်ယောက်၏ မှတ်ဉာဏ်နှင့် မွေးဖွားလာသူသည် ကျွင်းချောင်ရှောင်း၏ စကားကို ဤကဲ့သို့ ယုံလိုက်လေသည်လား။

မဟုတ်ပေ။ ရီရှင်းချန်သည် ကြွက်သားတည်ဆောက်ခြင်းအခန်းအား မစွန့်လွတ်နိုင်ခြင်းဖြစ်သည်။

ထို့အပြင် သူသည် အာရုံစူးစိုက်၍ လေ့ကျင့်ချင်သည်။ သံမဏိအရိုးဂိုဏ်းသည် အားနည်းသည် ဆိုလျှင်တောင်မှ တိတ်ဆိတ်ငြိမ်သက်သည်။

သူ ဤဂိုဏ်းအတွင်း နေထိုင်မည် ဆိုလျှင် စုရှောင်မို၏ ရိုက်နှက်ခြင်းကို ခဏခဏ ခံရပေလိမ့်မည်။ သို့ပေမဲ့ သူ၏ ရည်မှန်းချက် ဖြစ်သော ဧကရီမအား ပြန်လည် လက်စားချေမည့် ကိစ္စသည် အမြန်ဆန်ဆုံး အောင်မြင်ပေလိမ့်မည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မနက်ဖြန် ငါနဲ့ ချင်းယန်မြို့ကို လိုက်ခဲ့။ လောကကြီးက ဘာလဲ ဆိုတာ မင်းကိုပြမယ်”

လောကကြီးဟုတ်လား။

ရီရှင်းချန် စိတ်ထဲမှာ ကြိတ်ကာ နှာခေါင်းရှုံ့လိုက်မိသည်။

သိုင်းအင်ပါယာ ဆယ်ပါးထဲမှ တစ်ပါးဖြစ်သော သူသည် လောကကြီး အကြောင်း ကောင်းကောင်းသိခဲ့သည်။ သူ့ အား အထင်သေးနေလေသည်လား။

…

နောက်တစ်ရက်မှာတော့ …

တပည့်များသည် ဆက်လက်၍ ကျင့်ကြံလျက် ရှိကြသည်။

ကျွင်းချောင်ရှောင်းသည် လီချင်းယန်၊ စုရှောင်မို ၊ ရှောင်ကျီ နှင့် ရီရှင်းချန် တို့အား ခေါ်ဆောင်ကာ ချင်းယန်မြို့သို့ သွားလိုက်သည်။

“ဂိုဏ်းချုပ် …”

လမ်းမှာတော့ လီချင်းယန် က ပြောလိုက်သည် “ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က ဂိုဏ်းချုပ်ကို ဖိတ်ထားတာ။ ကျွန်တော်တို့ လိုက်လာလို့ သင့်တော်ပါ့မလား။”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “မသင့်တော်တာ ဘာမှမရှိဘူး”

တောက် .. ဂိုဏ်းအစည်းအဝေးလေး တစ်ခု သွားတက်တာကို လောကကြီးတွေ ဘာတွေ လုပ်နေတာပါလား။ အရင်တုန်းကဆိုရင် ငါဆိုတဲ့ ကောင်က လခြမ်းတောင် မှာ သိုင်းအင်ပါယာကိုးယောက် နဲ့ အတူ သိုင်းပညာ အကြောင်း ဆွေးနွေးခဲ့သူကွ။ ရီရှင်းချန် တွေးလိုက်မိသည်။

ရီရှင်းချန်သည် သူ၏ အတိတ်အောင်မြင်မှုများတွင် သာယာနေတတ်သူဖြစ်ပြီး လက်ရှိမှာ သုံးမရသော သူ တစ်ယောက် ဖြစ်နေသည်ကို ကိုယ့်ကိုယ်ကိုယ် မေ့နေလေ၏။

ရက်အနည်းငယ်အတွင်း ရီရှင်းချန် ၏ ခန္ဓာကိုယ်သည် ပိုမို၍ အားကောင်းလာခဲ့သည်။ သို့ပေမဲ့ ကြွက်သား တည်ဆောက်ခြင်း အခန်းကြောင့်သာ မဟုတ်လျှင် ဤမျှ တိုးတက်လာမည် မဟုတ်ချေ။

သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အား နားမလည်သေးသလို ထိုက်ရွှမ် ကျင့်စဉ်ကိုလည်း နားမလည်သေးချေ။ သူ၏ ကျင့်ကြံခြင်းသည် စွမ်းအင်ဖွင့်ခြင်းအဆင့်တစ် တွင် ရပ်တန့်လျှက် ရှိ၏။

သူ၏ စိတ်ဝိညာဉ်အမြစ်သည်လည်း အလွန် အားနည်းလွန်းလှ၏။

….

ချင်းယန်မြို့ …

ကျွင်းချောင်ရှောင်းသည် ထပ်မံ၍ ရောက်ရှိလာခဲ့ပြန်သည်။

ယခင်တုန်းကနှင့် မတူဘဲ ဤတစ်ကြိမ်တွင်တော့ သူ့အား မည်သူကမှ အထင်သေးစကား မပြောဆိုဝံ့တော့ချေ။ သူ၏ တပည့်လေးယောက်သည် သိုင်းပြိုင်ပွဲ၏ ထိပ်ဆုံး လေးနေရာအား ရယူခဲ့သည်အပြင် သူသည် စိတ်ဝိညာဉ် စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးခဲ့သည်မဟုတ်လား။

လက်ရှိအချိန်တွင် သံမဏိအရိုးဂိုဏ်းအား အမှိုက်ဂိုဏ်းဟု အထင်သေးရဲသူ မရှိတော့ချေ။

“ဂိုဏ်းချုပ်ကျွင်း ...”

လီမိသားစု ခေါင်းဆောင်သည် အပြုံးတွေနှင့် လာရောက်ကြိုဆို၏။

“အဖေ ...” လီချင်းယန် နှုတ်ဆက်လိုက်သည်။

သံမဏိ အရိုး ဂိုဏ်းထဲ ဝင်ပြီးနောက်တွင် သူသည် ချင်းယန်မြို့သို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခြင်း ဖြစ်သည်။

ကျွင်းချောင်ရှောင်း စဉ်းစဉ်းစားစား ပြောလိုက်သည် “မင်း အဖေ နဲ့ လိုက်သွားပြီး အဖေကို သေချာပြုစုလိုက်အုံး။ မင်းရဲ့ ဂျုနီယာညီလေးတွေကိုပဲ ငါ ခေါ်သွားတော့မယ်”

သူ လီချင်းယန်အား ချင်းယန်မြို့သို့ ခေါ်ဆောင်လာရခြင်းမှာ ဤရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

လီချင်းယန် လေးလေးနက်နက် ပြောလိုက်၏ “ဂိုဏ်းချုပ် ကိစ္စတွေ ပြီးမှ တပည့် အဖေနဲ့ စကားပြောပါတော့မယ်။”

သူသည် လီမိသားစု ၏ သားတစ်ယောက် ဖြစ်သလို သံမဏိအရိုးဂိုဏ်း၏ တပည့်လည်း ဖြစ်သည် မဟုတ်လား။

တွေ့ဆုံပွဲတွင် များပြားလှသော ဂိုဏ်းများသည် သူတို့ဂိုဏ်းချုပ်အား အခက်တွေ့အောင် ပြုလုပ်မှာ သေချာနေသည်။ ဒုတိယ တပည့်ကြီးတစ်ယောက် အနေနှင့် သူ ဂိုဏ်းချုပ်နှင့် အတူ လိုက်သွားမှ ဖြစ်မည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်း လက်သီးဆုပ်ကာပြောလိုက်သည် “လီခေါင်းဆောင် .. ကိစ္စတွေပြီးရင် အိမ်တော်ဆီ လာလည်ပါ့မယ်။”

ပြောပြီးသည့်နောက် တပည့်လေးယောက်အား ခေါ်ဆောင်ကာ ကြယ်လစားသောက်ဆိုင်သို့ ဦးတည်လိုက်၏။

“ဟင်း ..”

ထွက်ခွာသွားသူများအား ကြည့်ရင်း လီခေါင်းဆောင် သက်ပြင်းချလိုက်မိသည်။

ကျွင်းချောင်ရှောင်းသည် ကိစ္စကြီး ဖြေရှင်းရတော့မှာ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ များပြားလှသော ဂိုဏ်းများမှ ဂိုဏ်းချုပ်တို့သည် ကြယ်လစားသောက်ဆိုင်တွင် စုဝေးလျှက် ရှိကြသည်။

“ကြယ်လ စားသောက်ဆိုင်ထဲမှာ တကယ့်လူတွေကြီးပဲ။”

“ငါ ပုံမှန်အတိုင်းထင်လို့ ဝင်သွားတာ။ ဂိုဏ်းချုပ်ကြီးတွေကို တွေ့လို့ ချက်ချင်း ပြန်ဆင်းလာရတယ်။”

“ဂိုဏ်းချုပ် ကျွင်း က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။ ဒါကြောင့် မဟာမိတ် အဖွဲ့က စိတ်ဆိုးနေကြတာ။ ဒီတစ်ကြိမ်တော့ သူက အားလုံးရဲ့ ပစ်မှတ်ဖြစ်ပြီပဲ”

ဖြတ်သွားဖြတ်လာနှင့် ကျင့်ကြံသူများသည် တီးတိုး ဆွေးနွေးနေကြသည်။

စာဖတ်ခန်းထဲတွင် ထိုင်လျှက်ရှိသော မြို့တော်ဝန်ရှဲ့သည် ကျွင်းချောင်ရှောင်း ရောက်လာသည်ကို သတင်းကြားတော့ တီးတိုးရေရွတ်လိုက်၏ “ကောင်လေး .. ဒါက မင်းတို့ မဟာမိတ်အဖွဲ့ထဲက ကိစ္စဆိုတော့ ငါ ဝင်ပါလို့ မသင့်တော်ဘူး။ မင်း ကိုင်တွယ်နိုင်မယ်ထင်တယ်။”

All Chapters