အခန်း (၈၇)
Vol. 7 Ch. 87
ဂိုဏ်းတစ်ရာ မဟာဖိတ်အဖွဲ့၏ ခေါင်းဆောင်ချင်သည် ကြယ်လစားသောက်ဆိုင်တစ်ခုလုံးအား ငှားရမ်းခဲ့၏။ တစ်ခြားသော မည်သည့်အပြင်လူများ အတွင်းသို့ ဝင်၍ မရတော့ချေ။
စားသောက်ဆိုင်၏ ဒုတိယထပ်တွင်တော့ ကြီးမားလှသော စားပွဲကြီးငါးလုံး ခင်းကျင်းထား၏။
တစ်ခုသည် အလယ်ဗဟိုတွင် တည်ရှိနေပြီး စားပွဲလေးခုကတော့ ဘေးတစ်ဖက်တစ်ချက်တွင် ခင်းကျင်းထားသည်။
လူတစ်ယောက်သာလျှင် ထိုင်နေသော အလယ်ဗဟိုရှိ စားပွဲ မှလွဲ၍ တစ်ခြားသော စားပွဲခုံလေးခုတွင် လူရှစ်ယောက်စီ ထိုင်လျက်ရှိကြသည်။
အလယ်ရှိ ကြီးမားလှသော စားပွဲကြီးတွင် ထိုင်နေသည်မှာ ခေါင်းဆောင်ချင်ပင်ဖြစ်၏။
သူသည် စားပွဲပေါ်တွင် လက်တင်၍ ကုလားထိုင်ခုံတွင် မှီကာ ထိုင်လျှက်ရှိသည်။ သူ၏မျက်လုံးများကို မှိတ်ထားပြီး စိတ်အား ကောင်းကောင်းအနားပေးလျက်ရှိ၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဂုဏ်သိက္ခာ ကြီးမားလှသည့် ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါမျိုး ထုတ်ဖော်လျက်ရှိသည်။
တစ်ခြားစားပွဲတွင်ရှိသော ကျင့်ကြံသူ သုံးဆယ့်နှစ်ယောက်တို့သည် များပြားလှသော ဂိုဏ်းများမှ အကြီးအကဲနှင့် ဂိုဏ်းချုပ်များဖြစ်ကြသည်။
သူတို့သည် မဟာမိတ်ခေါင်းဆောင်ချင်ကဲ့သို့ အရှိန်အဝါမျိုး မရှိဘူးဆိုလျှင်တောင်မှ သာမန်လူများ ကြောက်ရွံထိတ်လန့်ရသည့် အရှိန်အဝါ အငွေ့အသက်မျိုးကိုတော့ ပိုင်ဆိုင်ကြ၏။
သူတို့၏တည်ရှိနေမှုကြောင့် ဒုတိယထပ်တစ်ခုလုံးသည် ပိုမို၍ လေးနက်ထည်ဝါလျက် ရှိသည်။
လက်ရှိအချိန်တွင် သာမန်လူ တစ်ယောက်ယောက်သာ ဝင်လာ၍ ဤသို့သော မြင်ကွင်းကို မြင်ရမည်ဆိုလျှင် ကျောရိုးတွေတစ်ခုလုံးစိမ့်တက်၍ ကြောက်ရွံ့သွားပေလိမ့်မည်။
"မဟာမိတ်ခေါင်းဆောင်ချင်"
အချိန်အတော်ကြာပြီးနောက်မှာတော့ တော်ဝင်ဓားမော့ဂိုဏ်း၏ ခေါင်းဆောင်သည် မနေနိုင်တော့ပဲ မေးလိုက်တော့သည်။ "မွန်းတောင်တည့်နေပြီ။သံမဏိအရိုးဂိုဏ်းခေါင်းဆောင်က ဘာလို့မလာသေးတာလဲ။"
"သူ ကျုပ်တို့ကို တမင်စောင့်ခိုင်းထားတာလား။"
ကျားဟိန်းသံဂိုဏ်းမှ ခေါင်းဆောင်သည် မေးလိုက်သည်။
"မဖြစ်နိုင်ဘူး။" မဟာမိတ်ခေါင်းဆောင်ချင်သည် ခိုင်မာစွာ ပြောလိုက်၏။ သံမဏိအရိုးဂိုဏ်းအား ဆက်သွယ်ပေးခဲ့သူမှာ မြို့တော်ဝန်ရှဲ့ ဖြစ်၏။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအနေဖြင့် သူတို့၏ကတိအား ချိုးဖျက်ရဲလိမ့်မည်ဟု သူမထင်ပေ။
"ဟမ့်"
အကြီးအကဲများထဲမှ တစ်ယောက်သည် ထူးမခြားနားသလို ခပ်တည်တည်ဖြင့် ပြောလိုက်၏။ "ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲရဲ့ အစည်းအဝေးက အရမ်းကြီးအရေးကြီးတဲ့ ကိစ္စပဲ။သူကတကယ်ကို နောက်ကျမှ လာရဲတယ်။ကြည့်ရတာ သူက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲကို လုံးဝဂရုစိုက်ပုံ မပေါ်ဘူး။ သူရောက်လာပြီဆိုရင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရင်းနှီးကျွမ်းဝင်လားဆိုတာ ကျုပ် သေချာမေးအုန်းမယ်။"
"ထားလိုက်ပါတော့ ဂိုဏ်းချုပ်ဝေ။ ကျွင်းချောင်ရှောင်းကသာ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိနေတယ်ဆိုရင် ဘယ်လိုလုပ်ပြီး စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးရဲမှာလဲ။"
"ဒီခွေးသားက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို တကယ်ပဲ ဖျက်ဆီးရဲတယ်။တကယ်လို့ နတ်စမ်းချောင်းဂိုဏ်းကသာ ပြဿနာလာရှာရင် ကျုပ်တို့ပါ ရောယောင်ပြီး ဒုက္ခရောက်တော့မယ်။"
များပြားလှသော ဂိုဏ်းချုပ်များသည် အခြေအနေအား ပြောဆိုဆွေးနွေးလျက် ရှိကြသည်။ ကြည့်ရသည်မှာ ကျွင်းချောင်ရှောင်းသာ ရောက်လာလျှင် သူတို့ဝိုင်းဝန်းပြောဆိုသောကြောင့် တံတွေးခွက်ထဲတွင် ပက်လက်မြောသွားမှာ သေချာနေသည်။
အချက်အလက်အရ ပြောရမည်ဆိုလျှင် တစ်ခြားသော ဂိုဏ်းများသာ ဖျက်ဆီးခံရလျှင် သူတို့အနေနှင့် ဤမျှဒေါသထွက်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ လက်ရှိအဖျက်ဆီးခံရသူမှာ နတ်စမ်းချောင်းဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေသော စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း ဖြစ်လို့နေ၏။
နတ်စမ်းချောင်းဂိုဏ်းဆိုသည်မှာ တစ်ခြားသောဂိုဏ်းများနှင့် နှိင်းယှဉ်၍မရအောင် ကွာခြားလှသော ဂိုဏ်းတစ်ခုဖြစ်၏။ တစ်ခြား အဆင့်မြင့်အကြီးအကဲများ မပြောနှင့် ထိုဂိုဏ်း၏ တပည့်တစ်ယောက်သည်လျှင်ပင် သူတို့အား လာရောက်၍ နှိပ်စက်ကျီစယ်သွားနိုင်သော အဆင့်အတန်းမျိုးဖြစ်သည်။
ခေါင်းဆောင်ချင်၏ အမူအရာသည် ပိုမို၍ လေးနက်သွားသည်။
ဤတစ်ကြိမ်မှာတော့ ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ ၏ အစည်းအဝေးဆိုသည်မှာ စိတ်ဝိညာဉ် စမ်းချောင်း ဂိုဏ်းအတွက် အမှန်တရားကို ရှာဖွေပေးရန် မဟုတ်ပေ။ နတ်စမ်းချောင်းဂိုဏ်းကို ဖြေရှင်းချက်ပေးရန်သာ ဖြစ်၏။
"ဒေါက် … ဒေါက် … ဒေါက်"
ရုတ်တရက် ဆိုသလိုပဲ တစ်စုံတစ်ယောက် လှေကားပေါ်သို့ တက်လာသည့်အသံကို အားလုံးကြားလိုက်ရသည်။
ခေါင်းဆောင်ချင် နှင့် ဂိုဏ်းချုပ်ပေါင်းသုံးဆယ့်နှစ်ယောက်တို့သည် လှေကားရှိရာဆီသို့ လှမ်း၍ ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများသည် အေးစက်လျက်ရှိ၏။
ပထမဦးဆုံး လှေကားထိပ်တွင် ပေါ်လာသည်မှာ ကျွင်းချောင်ရှောင်း၏ဦးခေါင်း ဖြစ်သည်။
ကျွင်းချောင်ရှောင်း သည် များပြားလှသော လူများရှိနေသည်ကိုမြင်တော့ ပြောလိုက်၏။ "ကျွန်တော် တောင်းပန်ပါတယ်။ထွက်လာတဲ့ပုံစံမှားသွားပြီ။ခဏလောက်စောင့်ပါအုံး။"
ပြောပြီးသည့်နောက် သူသည် အသာ လက်ကိုပြန်ရုတ်၍ နောက်ဆုတ်သွားတော့သည်။
"သူဘာလို့ပြန်ဆင်းသွားတာလဲ။"
"သူ ခေါင်းဆောင်ချင်နဲ့ ရင်ဆိုင်တွေ့ဖို့ အရမ်းကြောက်နေတာလို့ ကျုပ်ထင်တယ်။သူ ကြောက်နေတယ်ဆိုရင် ဘာလို့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးရဲရတာလဲ။မလုပ်သင့်ဘူးလေ။"
"အမဲလိုက်အက … စင်မြင့်ထက်က ….."
ရုတ်တရက် ဆိုသလို ကျယ်လောင်လှသော အသံတစ်ခုသည် လှေကားထစ်ဆီမှ ထွက်ပေါ်လာသည်။
အပေါ်ထပ်တွင်ရှိနေကြသော ဂိုဏ်းချုပ်များအားလုံးသည် ကြောင်အစွာဖြင့် မတ်တပ်ထရပ်လိုက်မိ၏။
ကျွင်းချောင်ရှောင်းသည်မှာတော့ သိုးမွှေးကုတ်အင်္ကျီကိုဝတ်ဆင်လျှက် ဆေးပြင်းလိပ် ကိုခဲကာ လှေကားထစ်ပေါ်သို့ အသာလျှောက်လှမ်းတက်လာသည်။ သူ၏ ပုံစံမှာ မာဖီးယားဂိုဏ်းခေါင်းဆောင် အလားပင်။
လီချင်းယန်၊စုရှောင်မိုနှင့် ရှောင်ကျီ တို့သည် အနောက်မှလိုက်ပါလာကြ၏။
သူတို့သည် သူတို့ဂိုဏ်းချုပ်၏အနောက်တွင် လက်ပိုက်လျက် တောင့်တောင့်ကြီး လျှောက်လာကြသည်။
သိုင်းအင်ပါယာ ရီရှင်းချန် သည်မှာတော့ ကြောင်တောင်တောင် မျက်နှာပေး နှင့်ဆောင်းဘောက်ကြီးကိုသယ်ကာ နောက်ဆုံးမှလိုက်ပါလာသည်။
"ချီးတဲ့မှ …. တော်တော်ကြီးကို ရှက်စရာကောင်းတဲ့ပုံစံပဲ။ ဘာမှလည်း မဟုတ်ဘဲ ဘာလို့ ဟိတ်ကြီးဟန်ကြီး လုပ်ရတာလဲ"
ရုတ်တရက် ဆိုသလိုပဲ နတ်ဘုရားတေးသံသည် ပြောင်းလဲသွားသည်။
"အောင်သွယ်တော်လမင်းကြီးလည်း …."
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်တုန်ခါသွား၏။ "အဲ သီချင်းကို အခု ပိတ်လိုက်စမ်း။"
ဆောင်းဘောက်ဆီမှအသံသည် ငြိမ်သက်သွား၏။
မျက်နှာချင်းဆိုင်မှာတော့ မဟာမိတ်ခေါင်းဆောင်ချင်နှင့် ဂိုဏ်းချုပ်ပေါင်း သုံးဆယ့်နှစ်ယောက်တို့ အားလုံးသည် မျက်လုံးပြူး မျက်ဆံပြူးနှင့် ကြည့်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း ပုခုံးတွန့်လိုက်၏။
လီချင်းယန်သည် ရှေ့သို့ လှမ်းတက်လာပြီး ကျွင်းချောင်ရှောင်း၏ကိုယ်ပေါ်တွင်ရှိသော သိုးမွေး ကုတ်အင်္ကျီအား အသာလှမ်းယူလိုက်၏။
ပြီးနောက် သူ၏မူလနေရာဆီသို့ ပြန်သွားလိုက်သည်။
"ဖူး …"
ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်နှင့် ပြောလိုက်၏။
"မဟာမိတ်ခေါင်းဆောင်ချင် …. ဒီလောက်ကြီးမားတဲ့စားပွဲကြီးရှိနေတာ ဘာလို့ ထိုင်ခုံတစ်ခုကိုတောင် ပြင်ဆင်မထားတာလဲ။ ဒါက ကျင့်ကြံခြင်းလောကရဲ့ ဥပဒေသလေ။ကွဲလွဲနေတယ်လို့ မထင်ဘူးလား။"
သံမဏိလက်သီးဂိုဏ်း၏ ဂိုဏ်းချုပ်သည် ခပ်တည်တည်နှင့် ဝင်ပြောလိုက်သည်။
"မင်းတို့ သံမဏိအရိုးဂိုဏ်းက ထိုင်ဖိုထိုင်ခုံလိုတယ်လို့ တကယ်ထင်နေတာလား။"
အမှန်တကယ်တမ်းတွင်တော့ ကျွင်းချောင်ရှောင်းအတွက် ထိုင်ခုံတစ်ခု ရှိလို့နေ၏။ သို့ပေမဲ့ သူသည် ထိုထိုင်ခုံအား သိမ်းဆည်းထားခဲ့ခြင်းဖြစ်၏။
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ၏ ဥပဒေသများကို ဆန့်ကျင်၍ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးခဲ့သော ဂိုဏ်းတစ်ခုအနေနှင့် မည်ကဲ့သို့သော အရည်အချင်းရှိ၍ မဟာမိတ်ခေါင်းဆောင်ချင်နှင့် တန်းတူ ထိုင်ခုံတစ်ခုတွင် ထိုင်၍ ရမည်နည်း။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ထိုင်ခုံ ယူခဲ့စမ်း။"
"ကောင်းပါပြီ။"
ရှောင်ကျီ သည် ရှေ့သိုလျှောက်သွား၏။
သံမဏိလက်သီးဂိုဏ်းခေါင်းဆောင်သည် ထိုင်ခုံပေါ် လက်တစ်ဖက်တင်ကာ ခပ်တည်တည်ပြောလိုက်၏။
"တစ်စုံတစ်ယောက်က ခုံကိုလိုချင်တယ်ဆိုရင် လာယူတဲ့လူက ဂိုဏ်းချုပ်တစ်ယောက်ပဲ ဖြစ်သင့်တယ်။ဘယ်လိုဖြစ်ပြီး မင်းလိုတပည့်တစ်ယောက်က ရောက်လာရတာလဲ။"
များပြားလှသော ဂိုဏ်းများမှ အကြီးအကဲများသည် စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြ၏။ သံမဏိလက်သီးဂိုဏ်းဆိုသည်မှာ သူတို့၏ မာကျောလှသော လက်သီးကြောင့် ကျော်ကြားလှသည်။
စားပွဲပေါ်မှတင်ထားသော လက်တစ်ဖက်အား သံမဏိအရိုးဂိုဏ်း၏ တပည့်တစ်ယောက်အနေနှင့် တစ်လက်မမျှရွေ့အောင် ပြုလုပ်၍ ရနိုင်မည်မဟုတ်ချေ။
"ခင်ဗျားရဲ့လက်ကို ဖယ်ပေးပါ။"
ရှောင်ကျီသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။
သံမဏိလက်သီးဂိုဏ်း ခေါင်းဆောင်၏လက်ဝါးသည် လက်သီးအဖြစ်သို့ပြောင်းလဲသွားသည်။
ပြီးနောက် မထီမဲ့မြင်ပြောလိုက်သည်။
"ငါပြောပြီးပြီ။မင်းတို့ရဲ့ဂိုဏ်းချုပ် ….."
"ရွှီ"
ရှောင်ကျီ၏ညာလက်သီးသည် ရုတ်တရက်ဆိုသလိုပဲ လှုပ်ရှားသွား၏။ သူ့ခန္ဓာကိုယ်ဆီမှ အားအင်များသည် ပေါက်ကွဲထွက်လာသည်။
အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လွန်းသည်သာမက ကြီးမားသည့်အားအင်လည်း ပါဝင်နေသောကြောင့် လက်သီးနှင့်အတူ လေအဟုန်များပါ ရောပေါလာသည်။
သံမဏိလက်သီးဂိုဏ်းခေါင်းဆောင်၏ မျက်နှာသည် ရုတ်တရက် ဆိုသလိုပဲ ပြောင်းလဲသွားသည်။ သူသည် အမှတ်မထင် သူ၏လက်ကိုမြှောက်၍ ကာလိုက်၏။
"ဖောင်း"
သံမဏိကဲ့သို့ မာကျောလှသောလက်သည် ရှောင်ကျီ၏လက်နှင့် တွေ့ချိန်မှာတော့ မည်သို့မှ မတားဆီးနိုင်တော့ချေ။
လက်တင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်ထွက်သွားပြီး ပြတင်းပေါက်မှ တစ်ဆင့် အောက်သို့ပြုတ်ကျသွားတော့သည်။
ကြယ်လစားသောက်ဆိုင် အပြင်ဘက်တွင်တော့ များပြားလှသော ကျင့်ကြံသူများသည် စုဝေးလျက်ရှိကြသည်။
သူတို့သည် ဒုတိယထပ်သိုမော့ကြည့်ပြီး တီးတိုးပြောဆိုလျှက်ရှိသည်။
ရုတ်တရက်ဆိုသလိုပဲ ပြတင်းတံခါးတစ်ခုသည် ကျိုးပျက်ပြီး လူတစ်ယောက် အပေါ်မှ ကျလာသည်ကို မြင်လိုက်ကြရ၏။