အခန်း (၈၈)
Vol. 7 Ch. 88
သံမဏိအရိုးဂိုဏ်း၏ ဆောင်ပုဒ်သည် သံမဏိအရိုးဂိုဏ်းသား ဖြစ်ရန်နှင့် သံမဏိအရိုးဂိုဏ်း၏ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ဖြစ်သည်။ သို့ပေမဲ့ သေခြင်းရှင်ခြင်း အခြေအနေတွေနှင့် တွေ့ကြုံရလျှင် ခြားနားသွားသည်။
ထို့အပြင် တစ်စုံတစ်ယောက်မှ လာရောက်ရန်စလျှင် ထိုလူအား ရှင်းလင်းပေးရန်ဆိုသည့် ဆောင်ပုဒ်လည်း ရှိသေး၏။
ဆောင်ပုဒ်သည် အချိန်အခါပေါ်မူတည်၍ ပြောင်းလဲနေသည် ဆိုသော်လည်း တကယ့် အစစ်အမှန် အဓိပ္ပာယ်မှာ ငါ့ကို ရန်လာမစနဲ့ ဆိုတာပင်ဖြစ်၏။
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းသည် သူတို့အား ရန်လာစခဲ့၏။ ထို့ကြောင့် ဖျက်စီးခံလိုက်ရ၏။
“ဟမ့်။”
တော်ဝင်ဓားမှော်ဂိုဏ်း ဂိုဏ်းချုပ်သည် အေးစက်စက် ပြောလိုက်သည်။
"စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက မင်းကို ရန်စတာပဲ ဖြစ်ဖြစ် ၊ …ရန်မစတာပဲဖြစ်ဖြစ် မင်းအနေနဲ့ သူတို့ဂိုဏ်းကို ဖျက်စီးပစ်လို့မရဘူး။"
ကျွင်းချောင်ရှောင်းသည် ထိုသူအား လှမ်းကြည့်၍ ခပ်တည်တည်ဖြင့် တစ်ချက်ကြည့်၍ ခပ်တည်တည်ဖြင့် ပြောလိုက်၏။
"ခင်ဗျားရဲ့ ဂိုဏ်းက သံမဏိအရိုးဂိုဏ်းကို လာပြီးတော့ ရန်စမယ်ဆိုရင် ခင်ဗျားဂိုဏ်းကလည်း စိတ်ဝိညာဉ်စွမ်းအင်ဂိုဏ်းလို အဆုံးသတ်သွားလိမ့်မယ်။"
အလွန်တရာ မောက်မာလှသည်။
တော်ဝင်ဓား မှော်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဒေါသအမျက်ချောင်းချောင်း ထွက်သွား၏။
ကျိုင်းရီသံဂိုဏ်း၏ဂိုဏ်းချုပ်သည်လည်း အေးစက်စက် ဝင်ပြောလာတယ်။
"ဂိုဏ်းချုပ်ကျွင်း … အဲ့လောက်ကြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောစရာမလိုဘူး။ မဟာမိတ်အဖွဲ့ ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မင်း နားမလည်ဘူးလို့ ငါ့ကို လာမပြောနဲ့။"
ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံတွင် အသာမှီထိုင်လိုက်ပြီး ခြေချိတ်ကာ ပြောလိုက်၏။ "ကျွန်တော့်ကိုရန်စဖို့ ကြံတဲ့လူတွေ အကုန်လုံးက ဖျက်ဆီးခံရမှာပဲ။ သူ့ကို ထပ်ပြီးတော့ မကြည့်ချင်ဘူးလေ။"
"ဒီအကောင် …."
တစ်ခြားသော ဂိုဏ်းခေါင်းဆောင်များအားလုံးသည်လည်း ဒေါသထွက်သွားကြ၏။
အရင်ဂိုဏ်းတစ်ရာအဖွဲ့၏ အစည်းအဝေးများတွင် ဂိုဏ်းချုပ်ဝမ်သည် သိုသိုသိပ်သိပ်နှင့် မည်သည့်စကားမှ ပြောဆိုခဲ့ခြင်း မရှိပေ။
သို့ပေမဲ့ ဂိုဏ်းချုပ်ဝမ်၏ ဒုတိယမျိုးဆက်ဖြစ်သော ဂိုဏ်းချုပ်ကျွင်းကတော့ အလွန်တရာမောက်မာလှပြီး အပြောအဆိုမှာလည်း ကြမ်းတမ်းလှချေသည်။
အခြားသော ဂိုဏ်းချုပ်တစ်ယောက်သည် ဝင်ပြောလာသည်။ "မဟာမိတ်အဖွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လျစ်လျူရှုပြီး မဟာမိတ်အဖွဲ့ဝင်ဂိုဏ်းကို ဖျက်ဆီးပစ်တယ်ဆိုတာက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုတစ်ခုပဲ။ ခေါင်းဆောင်ချင်း တစ်ခြားသူတွေကို သတိပေးတဲ့အနေနဲ့ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။"
တစ်ခြားဂိုဏ်းချုပ်တစ်ယောက်ချင်းစီကလည်း ဝင်၍ ပြောလိုက်ကြသည်။
သူတို့၏ အဓိကအဆိုတင်သွင်းချက်မှာ သံမဏိအရိုးဂိုဏ်းချုပ် ဂိုဏ်းချုပ်ကျွင်းအား ပြင်းပြင်းထန်ထန် အပြစ်ပေးရန်ဖြစ်သည်။
"ခွင့်လွှတ်လို့မရတဲ့ပြစ်မှု ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။
"ဂိုဏ်းချုပ်တို့ … ကျုပ်မေးချင်တယ်။ ဓားမြတွေနဲ့ လက်တွဲခဲ့တဲ့ ဂိုဏ်းချုပ်၊ ကြေးစားလူသတ်သမားတွေကို ဌားရမ်းခဲ့တဲ့ ဂိုဏ်းချုပ် ။ ဒီလိုညစ်ပတ်တဲ့ လုပ်ရပ်တွေကို လုပ်မယ်ဆိုရင် ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့က ဘယ်လိုပြစ်မှုမျိုးလို သတ်မှတ်မှာလဲ။"
ဂိုဏ်းချုပ်များအားလုံးသည် ဆွံအသွားကြ၏။
တစ်ခြားသော ဂိုဏ်းချုပ်တစ်ယောက်သည် ဝင်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း …. ဒါက အမှန်ဆိုရင် မင်းအနေနဲ့ ငါတို့ကို သက်သေပြလေ။ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲက မင်းအတွက် အမှန်တရားကို ရှာဖွေပေးမှာပဲ။ သက်သေမရှိဘဲ လျှောက်ပြောတယ်ဆိုရင်တော့ အလကားပဲ။"
"လျှောက်ပြောတာ ဟုတ်လား။"
ကျွင်းချောင်ရှောင်း ထူးမခြားနားသလို ပြောလိုက်သည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ခွင့်လွတ်ပေးပါ။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ နှလုံးသားထဲမှာ အမှန်တရားဆိုတာ ရှိတာ မဟုတ်ဘူး။ ခင်ဗျားတို့က ဟန်ဆောင်နေကြတာ။"
"မင်း …."
ဂိုဏ်းချုပ်တစ်ယောက်သည် ဒေါသတကြီးဖြင့် မတ်တပ်ရပ်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။
"စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ဓားပြတွေနဲ့ ပတ်သက်ဆက်နွယ်ခဲ့တယ်။ ပြီးတော့ လုပ်ကြံသတ်ဖြတ်သူတွေ ငှားရမ်းခဲ့တယ်။ ကျုပ်ဆီမှာ သူတို့ကို ဖျက်ဆီးပစ်ဖို့ အကြောင်းအရင်း လုံလုံလောက်လောက် ရှိတယ်။တစ်ခြားဘက်က ပြောရရင် ခင်ဗျားတို့က နတ်စမ်းချောင်းဂိုဏ်းကို ကြောက်နေကြတာပဲ။ ခင်ဗျားတို့က တစ်နေကုန် ကျင့်ကြံခြင်းလောကရဲ့ ဥပဒေသတွေ စည်းမျဉ်းစည်းကမ်းတွေအကြောင်းကို လျှောက်ပြောနေကြတာ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူခိုးကို ဓားရိုးကမ်းထားကြတာပဲ။ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ နေထိုင်ရပ်တည်မှုကိုပဲ စိတ်ဝင်စားကြတာ။ တစ်ခုခုဖြစ်ရင် ခင်ဗျားတို့ပါ အမှုပတ်မှာကို ကြောက်လို့ ဒီလိုမျိုးတွေ လုပ်နေကြတာ မဟုတ်လား။"
"မင်း …..မင်း။"
မတ်တပ်ရပ်ကာ ပြောလိုက်သော ဂိုဏ်းချုပ်တစ်ယောက်၏ အသံသည် တုန်ရင်လျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာဖြင့် ဆက်လက်ပြောလိုက်၏။ "ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်အနေနဲ့ ခင်ဗျားလူတွေအတွက် ဘာလုပ်ပြီးပြီလဲ။ ခင်ဗျားရဲ့လျှာကို အသုံးပြုပြီးတော့ တစ်ခြားလူတွေကို လှည့်ပတ် စကားပြောဖို့ပဲ လုပ်တာလား။ အခုစိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းက ဓားပြတွေနဲ့ ပတ်သက်ခဲ့တယ်။ ခင်ဗျား ဘာလုပ်နေလဲ။ နှုတ်ဆိတ်နေတာပဲမလား။ ကျောရိုးအချိုးခံထားရတဲ့ ခွေးတစ်ကောင်လိုပဲ ဟောင်ရုံပဲ တတ်နိုင်တယ်။ ဒီလိုအရှက်မဲ့တဲ့ လူတစ်ယောက်ကို ကျုပ် အရင်က မမြင်ခဲ့ဖူးဘူး။"
"ဖူး …."
ကျွင်းချောင်ရှောင်း၏ စကားများကို ကြားတော့ ထိုဂိုဏ်းချုပ်သည် သွေးများပင် အန်ထွက်လာသည်။
ကျွင်းချောင်ရှောင်းသည် ပါးစပ်ထဲတွင်ရှိသော ဆေးပြင်းလိပ်အား အသာမှုတ်သောက်လိုက်ပြီး သူ့ကိုယ်သူ မှတ်ချက်ပေးလိုက်၏။ ကောင်းလိုက်တဲ့ စကားတွေကွာ။ လာစမ်းပါ စကားလုံးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျုပ်က အားလုံးကို သွေးအန်တဲ့အထိ ထိုင်ပြောလို့ရတယ်။
များပြားလှသော ဂိုဏ်းချုပ်များ၏ နဖူးဆီမှ ချွေးစးများ အလုံးလိုက်ကျဆင်းလာသည်။ ကံကောင်းသည်မှာ ကျွင်းချောင်ရှောင်းအား စကားလုံးများနှင့် အပြစ်တင်ခဲ့သူမှာ စစ်တုဝမ်ဖြစ်လို့နေ၏။ သူတို့သာ ထိုနေရာမှာဆိုလျှင် ဒေါသထွက်လွန်းသောကြောင့် သွေးသုံးလီတာလောက်ပင် အန်ထွက်လောက်သည်။
မဟာမိတ်ခေါင်းဆောင်ချင် ၏ မျက်နှာသည် မဲနက်သွားသည်။
အသက်နှစ်ဆယ်တောင်မပြည့်သေးသော လူငယ်တစ်ယောက်သည် ဤကဲ့သို့ ပက်ပက်စက်စက် ပြောနေလိမ့်မည်ဟု သူ မထင်မိခဲ့ချေ။
ကျွင်းချောင်းရှောင်းပြောလိုက်သည်။ "အားလုံးပဲ …. လွတ်လွတ်လပ်လပ် ပြောစရာရှိတာ ပြောပါ။"
ဂိုဏ်းချုပ်များ၏ နှုတ်ခမ်းများသည် တစ်ဆတ်ဆတ် နှင့် တုန်ရင်သွား၏။
သူတို့အနေနဲ့ ပြောချင်ရာကို လွတ်လွတ်လပ်လပ် ပြောချင်လိုက်ချင်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ နှုတ်သီးကောင်းလျှာပါး စကားလုံးများသည် ပိုမို၍ ကြောက်စရာ ကောင်း၏။ သူတို့အနေနှင့် ဆက်၍ မပြောနိုင်တော့ပေ။
"ဒုတိယ စီနီယာအစ်ကို …."
စုချောင်မိုသည် အနောက်မှ ရပ်၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကတော့ ဟိုအဘိုးကြီးကို သွေးအန်အောင် လုပ်လိုက်ပြီ။ တကယ့်ကို ကြောက်စရာပဲ။"
လီချင်းယန်နှင့် ရှောင်ကျီတို့သည်လည်း သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူတို့သည် သူတို့၏ ဂိုဏ်းချုပ်အား ချီးကျူးလိုက်မိကြ၏။
ရီရှင်းချန် ကတော့ တစ်ခြားသူများနှင့် မတူဘဲ တလွဲတွေးလိုက်သည်။ "ဒီကမ္ဘာကြီးမှာ အားနည်းတဲ့လူတွေကသာ နှုတ်သီးကောင်းလျှာပါး ပါးစပ်နဲ့ ရန်ဖြစ်ရဲကြတာ။ တကယ့်ကို အားကောင်းတဲ့လူတွေဆိုတာ အရာအားလုံးကို လက်သီးနဲ့ပဲ ဖြေရှင်းတယ်။"
“ဒင်။”
"ဂုဏ်ယူပါတယ်။ ဖုံးကွယ်ထားတဲ့ တာဝန်ကို အောင်မြင်ခဲ့တဲ့အတွက် လက်ခံသူအား ဂုဏ်ပြုပါ၏။"
“စကားနှင့် နိုင်ပွဲရရှိသည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၅၀ အားရရှိသည်။”
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၁၂၇/၅၀၀။
ကြယ်လစားသောက်ဆိုင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ဂိုဏ်းချုပ်များ အားလုံးသည်လည်း ငြိမ်သက်နေကြ၏။
အစပိုင်းမှာတုန်းက သူတို့သည် ကျွင်းချောင်ရှောင်းအား တံတွေးခွက်ထဲ ပက်လက်မျောစေရန် ပစ်တင်ရှုချ ပြောဆိုကြမည်ဟု တိုင်ပင်ထားသည်။ တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်း၏ တံတွေးခွက်ထဲမှာ သူတို့မျောသွားခဲ့ရ၏။
"ဘယ်သူမှ မပြောချင်ဘူးလား။"
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်ပြီး စားပွဲပေါ်သို့ စာရွက်တစ်ခုကို တင်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ကျုပ်ကပဲ ပြောမယ်။ ဒီနေ့ကစပြီး သံမဏိအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်ကနေ ထွက်ခွာပါပြီ။"
စာရွက်ပေါ်မှာတော့ သံမဏိအရိုးဂိုဏ်းသည် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲမှ ထွက်ခွာမည်ဖြစ်ကြောင်း ရေးသားထား၏။ ပြီးနောက် ဂိုဏ်းချုပ်၏ စည်းတံဆိပ်အားလည်း ထုနှိပ်ထား၏။
မဟာမိတ်ခေါင်းဆောင်ချင် သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်း ….. ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့က စားသောက်ဆိုင် မဟုတ်ဘူး။ မင်း နေချင်သလိုနေ ၊ ထွက်ချင်သလို ထွက် လုပ်လို့ မရဘူး။"
ကျွင်းချောင်ရှောင်းသည် အသာ ပုခုံးတွန့်ကာဖြင့် ပြောလိုက်၏။
"သံမဏိအရိုးဂိုဏ်းက နတ်စမ်းချောင်းဂိုဏ်းကို ကြောက်လို့ ကပေါက်တိ ကပေါက်ချာ လျှောက်လုပ်နေတတ်တဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ ဝင်နေမယ့် ဂိုဏ်းတစ်ခု မဟုတ်ဘူး။"
ဘုန်း။
ခေါင်းဆောင်ချင် သည် စားပွဲအား ထုနှက်ပြီး ထရပ်လိုက်၏။
ချလွမ် … ချလွမ်။
လီချင်းယန် စုချောင်မိုနှင့် ရှောင်ကျီတို့သည် သူတို့၏ ဓားများကို လျှောက်၍ သူတို့၏ ဂိုဏ်းချုပ်ရှေ့တွင် လျှောက်ကာ အကာအကွယ် ပြုလုပ်ထား၏။
"ဘာလို့လဲ။"
ကျွင်းချောင်ရှောင်းသည် သွားဖြီးကာ ရယ်လိုက်၏။
"ခေါင်းဆောင်ချင် က တိုက်ခိုက်ချင်လို့လား။"
ခေါင်းဆောင်းချင် သည် တကယ်တမ်းမှာတော့ မလှုပ်ရှားရဲချေ။ ဤနေရာသည် မြိုတော်ဝန်၏ ပိုင်နက်ဖြစ်သည်။
သူသည် ဒေါသအား ထိန်းကာ ကြေညာလိုက်၏။ "ဒီနေ့ကစပြီး သံမဏိအရိုးဂိုဏ်းကို ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့ကနေ ထုတ်ပယ်လိုက်တယ်။"
အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ထွက်ခွာသွားမည်ဆိုလျှင် ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့အနေ နှင့် အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် သူသည် အဖွဲအစည်းအတွင်းမှ ဦးစွာ နှင်ထုတ်လိုက်ခြင်း ဖြစ်၏။
ထိုမှသာ မဟာမိတ်အဖွဲ၏ ဂိုဏ်သိက္ခာသည် တည်ရှိနေမည် မဟုတ်လား။
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ မထားဘဲ ခပ်တည်တည်ဖြင့် ပြောလိုက်၏။
"ကျုပ်အနေနဲ့ အရူးတွေရဲ့ အဖွဲထဲမှာ မနေရရင် ပြီးတာပဲ။ ပြီးတော့ ခေါင်းဆောင်ချင်က ထုတ်တာပဲ ဖြစ်ဖြစ်၊ ကျုပ်က ထွက်တာပဲ ၊ ဖြစ်ဖြစ် ဒီကိစ္စကို တူတူပဲလို့ ခံယူထားတယ်။"
ပြီးနောက် သူသည် လှည့်ကာဖြင့် ထွက်သွားတော့သည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည်လည်း သူတို့၏ ဓားများအား ဓားအိမ်ထဲသို့ ထည့်ကာ ဂိုဏ်းချုပ်နောက်သို့ လိုက်ပါသွားကြသည်။
ခေါင်းဆောင်ချင် နှင့် ဂိုဏ်းချုပ်ပေါင်း သုံးဆယ်ကျော်တို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် လှေကားထစ်မှ အသာဆင်းလျှောက်သွားသည်ကိုသာ ကြည့်နေရသည်။
အသံတစ်သံထွက်ပေါ်လာသည်။
"အောင်သွယ်တော် လမင်းကြီးလည်း …."
ကျွင်းချောင်ရှောင်းသည်လည်း လှည့်ကာ အော်လိုက်၏။
"အဲသီချင်းကို ပိတ်လိုက်စမ်း။"
ကျွင်းချောင်းရှောင်း ထွက်ခွာသွားပြီးသည့်နောက် တော်ဝင်ဓားမော့ဂိုဏ်းသည် စားပွဲကို ထုနက်၍ ဒေါသတကြီး ပြောဆိုလိုက်သည်။ "ဒီကောင် မောက်မာလွန်းတယ်။"
"သံမဏိအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့စပြီး တည်ထောင်ကတည်းက စပြီး ထွက်ခွာရဲတဲ့အဖွဲ့ပဲ။ သူတို့ ထွက်ခွာသွားလည်းကောင်းတာပဲ။နတ်စမ်းချောင်းဂိုဏ်းက လာမေးမယ်ဆိုရင် ကျုပ်တို့နဲ့ မပတ်သက်တော့ဘူးပေါ့။"
"ဒါက အဓိပ္ပါယ်ရှိတယ်။"
ပုံမှန်အားဖြင့် ဒေါသထွက်နေသော ဂိုဏ်းချုပ်များသည် တစ်ယောက်၏စကားကို ကြားတော့ တည်ငြိမ်သွားကြသည်။
တော်ဝင်ဓားမော့ ဂိုဏ်း၏ ခေါင်းဆောင်သည် ပြောလိုက်သည်။
"ခေါင်းဆောင်ချင် …. သံမဏိအရိုးဂိုဏ်းက ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူးဆိုတော့ သူတို့နဲ့ ပတ်သက်ပြီး ရေရှည်မှာ ပတ်သက် ဆက်နွယ်စရာ မလိုတော့ဘူး မဟုတ်လား။"
ခေါင်းဆောင်ချင်းသည် မတ်တပ်ရပ်ပြီး လှေကားထစ်များကို ဆင်းလျှောက်ကာ ပြောလိုက်သည်။
"သူတို့နဲ့ ငါတို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။"
တော်ဝင်ဓားမော့ ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချက်ချင်းပဲ နားလည်သွားသည်။
သူသည် မတ်တပ်ရပ်ပြီး ပျက်ဆီးသွားသော ပြတင်းပေါက်ရှိရာသို့ လျှောက်သွားကာ ကျွင်းချောင်ရှောင်း ရှိရာသို့ အော်လိုက်၏။
"ဂိုဏ်းချုပ်ကျွင်း ခဏနေပါဦး။"
"ဘာကိစ္စရှိလို့လဲ။"
ကျွင်းချောင်ရှောင်းသည် ရပ်တန့်ကာ ပြန်မေးလိုက်၏။
တော်ဝင်ဓားမော့ဂိုဏ်းခေါင်းဆောင်သည် နှာခေါင်းကိုရှုံ့လိုက်၏။
ပြီးနောက် သူသည် လက်သီးဆုပ်ကာဖြင့် ပြောလိုက်သည်။
"မင်းရဲ့ ဂိုဏ်သားတွေက ဂိုဏ်းပြိုင်ပွဲမှာ ထိပ်ဆုံး လေးနေရာကို ရသွားတယ်လို့ဆိုတယ်။ ဆိုလိုတာ ဂိုဏ်းချုပ်ကျွင်းကလည်း သာမန်ထက် ပိုတဲ့ စွမ်းရည်ရှိသူ ဖြစ်လိမ့်မယ်။ ဒီနေ့မှာ ကျုပ်က မင်းဆီကနေ သင်ယူချင်မိတယ်။ အချိန်ရှိရဲ့လား။ ကျုပ် မင်းကို စကားလုံး နဲ့ နိုင်အောင်မပြောနိုင်ဘူးဆိုတော့ နိုင်အောင် တိုက်ခိုက်ရမယ်။"
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာဖြင့် သူ၏ ဆေးပြင်းလိပ်အား ဖွာ၍ ပြောလိုက်သည်။
"အားတာပေါ့။"