အခန်း (၈၉)
Vol. 7 Ch. 89
သေခြင်းရှင်ခြင်းစင်ရှေ့မှာတော့ ကျွင်းချောင်ရှောင်းနှင့် တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်တို့သည် အသာရပ်လျက် ရှိသည်။
လက်ရှိအချိန်မှာတော့ ချင်းယန်မြို့ရှိလူများသည် လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် သေခြင်းရှင်ခြင်း စင်မြင့်ရှေ့သို့ ရောက်ရှိလျက် ရှိ၏။
ထိုသူတို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုး ပြောဆိုလျက် ရှိ၏။ "ဂိုဏ်းချုပ်ရှန်က သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ပဲ။ ဂိုဏ်းချုပ်ကျွင်း သူ့ကို ဘယ်လိုလုပ် နိုင်မှာလဲ။”
“ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲတုန်းက ဂိုဏ်းချုပ်ကျွင်းရဲ့ အဆင့်က စွမ်းအင်ဖွင့်ခြင်း အဆင့်လေး ဒါမှမဟုတ် အဆင့်ငါးလောက်ပဲ ရှိတယ်။ အဲ့တုန်းက စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ်ရှိတဲ့ အကြီးအကဲတွေကို အနိုင်ယူခဲ့တယ် မဟုတ်ဘူးလား။"
"သိုင်းတပည့် အဆင့်ကိုး တစ်ယောက် က အနည်းဆုံး ပေါင်တစ်သောင်းလောက် အားအင်ကို ထုတ်ဖော်နိုင်စွမ်းရှိတယ်။ စွမ်းအင်ဖွင့်ခြင်း အဆင့်ဆယ့်နှစ် လူတစ်ယောက်အနေနဲ့ ဘယ်လိုမှ ယှဉ်ပြောလို့ မရဘူးလေ"
"ဒါလည်း ဟုတ်တာပဲ။"
အားလုံးက ဝိုင်းဝန်းဆွေးနွေးပြီးသည့်နောက်မှာတော့ များပြားလှသောကျင့်ကြံသူများသည် တော်ဝင်ဓားမော့ ဂိုဏ်း၏ ဂိုဏ်းချုပ် အနိုင်ရမည်ဖြစ်ကြောင်း သုံးသပ်လိုက်ကြ၏။
များပြားလှသော ဂိုဏ်းချုပ်များသည်လည်း သိုင်းပွဲအား လာရောက်ကြည့်ရှုကြသည်။
သူတို့သည် တော်ဝင်ဓားမော့ ဂိုဏ်း၏ ဂိုဏ်းချုပ်ရှန်အား အကြီးအကျယ် အားပေးလျက် ရှိကြသည်။
ဂိုဏ်းချုပ်ရှန် သည် မောက်မာလှသော ကျွင်းချောင်ရှောင်းအား သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင် အကောင်းဆုံး ရိုက်နှက် နိုင်လိမ့်မည်ဟု မျှော်လင့်မိကြသည်။
မဟာမိတ် ခေါင်းဆောင်ချင် သည်လည်း ထွက်ခွာမသွားချေ။
သူ သေခြင်းရှင်ခြင်းစင်မြင့်၏ မနီးမဝေးတွင် မတ်တပ်ရပ်လျက် ကြည့်ရှုနေ၏။
စားသောက်ဆိုင်၏ လေးထပ်မြောက်မှာတော့ မြို့တော်ဝင်ရှဲ့သည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဇဝေဇဝါဖြင့် ပြောလိုက်သည်။
"ဒီကောင်လေးက ညံ့ဖျင်းတဲ့လူတစ်ယောက် မဟုတ်ဘူး။ ပြီးတော့ ဦးနှောက်လည်း ရှိတာပဲ။ သူ ဘာလို့ တော်ဝင်ဓားမော့ဂိုဏ်းရဲ့ ခေါင်းဆောင် ရှန်တုံံ ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ရတာလဲ။"
သူ၏ လေသံနှင့် မျက်လုံးများကို ကြည့်လိုက်သည်နှင့် ကျွင်းချောင်ရှောင်း နိုင်မည်ဟု မထင်ကြောင်း သိသာထင်ရှားလှ၏။
ဤသို့ထင်သည်မှာလည်း သာမန်ပင်ဖြစ်သည်။
တော်ဝင်ဓားမော့ဂိုဏ်းသည် အဆင့်ရှစ်ဂိုဏ်းဖြစ်ပြီး ဂိုဏ်းချုပ်သည် သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဖြစ်၏။
ထို့ကြောင့် ချင်းယန်နိုင်ငံတွင် ကျွမ်းကျင်သူအဖြစ် သတ်မှတ်၍ရသည်။
ကျွင်းချောင်းရှောင်းကတော့ ဝေရင်ရှိအား သတ်ဖြတ်နိုင်သည်ဆိုလျှင်တောင်မှ သိုင်းတပည့်အဆင့်သုံး တစ်ယောက်သာ ဖြစ်လိမ့်မည်ဟု တော်တော်များများက သုံးသပ်မိကြသည်။
"ဂိုဏ်းချုပ်။"
လီချင်းယန် တီးတိုးပြောလိုက်သည်။
"ဒါက နည်းနည်း ကြမ်းတယ်နဲ့တူတယ်။"
ကျွင်းချောင်ရှောင်းသည် သူ၏ ဆေးပြင်းလိပ်အား အသာသိမ်းပြီး ထူးမခြားနားသလို ပြောလိုက်သည်။ "မှတ်ထား … ချင်းယန်။ ငါ့မျက်လုံးထဲမှာ ကြမ်းတဲ့လူဆိုတာ မရှိဘူး။ အားနည်းတဲ့လူတွေချည်းပဲ။"
ပြီးနောက် သူသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။
“ဒင်။
သီးခြားတာဝန် အသက်ဝင်။”
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် စနစ်အား ဖွင့်လိုက်၏။
သီးခြားတာဝန်မှာ တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းချုပ်အား အနိုင်ယူရန် ဖြစ်ပြီး ဤအရာအား အထူးတာဝန်အဖြစ် သတ်မှတ်ထားသည်။
ရှန်တုံ။
အထူးတာဝန်တစ်ခု ဖြစ်ပေါ်လာသည်ကို မြင်တော့ ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် လင်းလက်သွားသည်။
လက်ရှိအချိန်တွင် အလိုအပ်ဆုံးအရာသည် မည်သည့်အရာ ဖြစ်သနည်း။
ဂိုဏ်းစုဆောင်းမှတ်များသာ ဖြစ်၏။
ဂိုဏ်းချုပ်ရှန် သည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ ခုန်တက်လာပြီး ထူးမခြားနားသလို ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ လက်သီးချင်းချကြမလား ၊ လက်နက်ချင်း ချကြမလား။"
"ဘာပဲဖြစ်ဖြစ် ရပါတယ်။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
ဂိုဏ်းချုပ်ရှန် ပြောလိုက်၏။
"တော်ဝင်ဓားမော့ဂိုဏ်းဆိုတာက ဓားမော့ နဲ့ ပတ်သက်ပြီး နာမည်ကြီးတာ။ ဒါပေမဲ့ ကျုပ် ဂိုဏ်းချုပ်ကျွင်းအပေါ် အခွင့်အရေး မယူချင်ဘူး။ ဒီတော့ ကျုပ်တို့ လက်သီးချင်းပဲ တိုက်ခိုက်ကြတာပေါ့။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်းသည် မငြင်းဆန်ချေ။
"သိုင်းတပည့်အဆင့်ဆိုတာက အဆင့်တစ်ခုတိုးလာရင် အားအင်ဂျင်း တစ်ထောင်ကနေ နှစ်ထောင် တိုးလာတာပဲ။ ဒီတော့ သေချာတွက် ကြည့်မယ်ဆိုလျှင် ဒီလူရဲ့ အားအင်အဆင့်က ဂျင်းထောင့်ငါးရာအဆင့်လောက် ရှိလိမ့်မယ်။"
စနစ်မှ ပြန်ပြောလိုက်၏။
“ဤလူ၏ အားအင်အဆင့်သည် ဂျသ် သောင်းလေးထောင်အားအင်သာ ရှိ၏။”
ကျွင်းချောင်ရှောင်း ကြောင်သွားသည်။ "မင်း ဒီကိစ္စကို သိတယ် ဟုတ်လား ။"
"သိပါသည်။"
"ဒါဆို ဘာလို စောစောက မပြောတာလဲ။"
“မမေးလိုပါ.....”
ကျွင်းချောင်ရှောင်းသည် ခဏလောက် ဆွံ့အသွားသည်။ ပြီးနောက် သူ အသာတွေးလိုက်မိသည်။
“သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်က ဒီလောက်အားအင်ပဲ ရှိတာလား။ ဒါဆိုရင် သူ့ကို အနိုင်ယူဖို့ သိပ်မခက်ဘူး။"
စဉ်းစားပြီးသည့်နောက် သူ ပြောလိုက်သည်။
"ခင်ဗျားအရင်စပါ”
“ရှန်တုံ။"
“ကျွင်းချောင်ရှောင်း”
သူတို့၏ နာမည်များအား အသီးသီး မိတ်ဆက်ပြီးသည့်နောက် ရှန်တုံ သည် ညာလက်သီးကို အသာဆုပ်၍ ရှေ့သို့ လှမ်းတက်ကာ ထိုးနှက်တော့သည်။
လက်သီး၏ တိုက်ခိုက်ချက်သည် ပတ်ဝန်းကျင်ရှိ လေထုများကိုပင် ကွဲအက်သွားစေသည်။
ထင်မှတ်ထားသည့်အတိုင်းပဲ သိုင်းတပည့်အဆင့်ကိုးတစ်ယောက် ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်စွမ်းအင် သည် သိုင်းပြိုင်ပွဲအား လာရောက်ကြည့်ရှုသူများကိုပင် အရှိန်ဟက်သွားစေသည်။
လီချင်းယန် ၏ အမူအယာသည် ပိုမို၍ လေးနက်သွားသည်။ တော်ဝင်ဓားမော့ဂိုဏ်းချုပ်၏ အားအင်သည် ပေါ့သေးသေးတော့ မဟုတ်ပေ။ သူသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက မည်သို့မှ အနိုင်ယူနိုင်မည်မဟုတ်ချေ။
စုချောင်မိုနှင့် ရှောင်ကျီတို့သည်လည်း ထိုသို့ပင် တွေးမိကြသည်။
သူတို့၏ အားအင်အဆင့်သည် သိုင်းတပည့်အဆင့်တစ် ဒါမှမဟုတ် အဆင့်နှစ်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် အဆင့်ကိုး ဂိုဏ်းများ၏ ဂိုဏ်းချုပ်များအား သူတို့ လွယ်လွယ်ကူကူ အနိုင်ယူနိုင်စွမ်းရှိကြသည်။
သို့ပေမဲ့ ရှန်တုံ ကဲ့သို့ သိုင်းတပည့်အဆင့်ကိုး တစ်ယောက်နှင့် တိုက်ခိုက်မည်ဆိုလျှင် သူတို့သည်သာ ခံသွားရပေလိမ့်မည်။
"အမှိုက်ပဲ။" ရီရှင်းချန် သည် မထီမဲ့မြင်ဖြင့် ပြောလိုက်သည်။
သိုင်းအင်ပါယာတစ်ယောက်ဖြစ်ခဲ့ဖူးသည်မို့ သူသည် သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်အား မျက်လုံးထဲသို့ မထည့်ပေ။
သူ့အနေဖြင့် သူ၏ကျင့်ကြံခြင်းတွေသာ ပြန်လည်ရရှိမည်ဆိုလျှင် ထိုသူအား လက်ညိုးတစ်ချောင်းတည်းပင် သတ်ဖြတ်နိုင်ပေလိမ့်မည်။
ညီလေး ….. မင်း တကယ့်အဖြစ်မှန်ကို နားမလည်သေးဘူးလား။ မင်းက အခု မိုးတွေလေတွေကို ဆင့်ခေါ်နိုင်တဲ့ သိုင်းအင်ပါယာတစ်ယောက် မဟုတ်တော့ဘူး။
မင်းက ဘာမှသုံးမရတော့တဲ့ သောက် စွမ်းအင်ဖွင့်ခြင်းအဆင့်တစ် တစ်ယောက်ပဲ။
မင်းဆီမှာ သာမန်ထက်ပိုတဲ့ အတွေ့အကြုံတွေ ရှိမယ်ဆိုရင်တောင်မှ မင်းရဲ့ စွမ်းအင်နဲ့ ခန္ဓာကိုယ်တွေက လိုက်နိုင်တာ မဟုတ်ဘူး။
မင်းသာ ဒီအပေါ်ကို တက်သွားရင် ပြာနှမ်းနေအောင် အရိုက်ခံရမှာပဲ။"
ဘန်း။
ရုတ်တရက်ဆိုသလိုပဲ သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှ ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ လက်များအား မြှောက်၍ ရှန်တုံ ၏ ပြင်းထန်လှသော လက်သီးချက်အား ကာကွယ်လိုက်၏။
သူ၏ခန္ဓာကိုယ်သည် အနောက်သို့ လွင့်စင်သွားပြီး စင်မြင့်၏ အစပ်နား၌ ရပ်တန့်သွားသည်။
ခြေတစ်လှမ်းလောက် နောက်ဆုတ်လိုက်မည်ဆိုလျှင် စင်မြင့်ပေါ်မှ ပြုတ်ကျသွားမှာ သေချာသည်။
"နာလိုက်တာ။"
သူသည် လက်များကို ယမ်းခါလိုက်သည်။ သူ၏ မျက်နှာသည် ပျက်ရွင်းသွား၏။
"ဂိုဏ်းချုပ်ရှန် က အားကုန်ထုတ်မသုံးရသေးဘူး။ ဒါတောင် သူမခံနိုင်ဘူး။ အားနည်းတာပဲ။"
ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်သည် အထင်သေးသလို ပြောလိုက်မိ၏။
သို့ပေမဲ့ သူသည် သိုင်းတပည့်အဆင့်နှစ် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကိုတော့ မေ့လျော့နေခဲ့သည်။
ရှန်တုံ အစား သူသာဝင်ပြီး တိုက်ခိုက်မယ်ဆိုလျှင် ကျွင်းချောင်းရှောင်း၏ လက်ချက်ဖြင့် အသက်ပင် ဘယ်နေရာမှ ထွက်သွားမှန်းမသိ ဖြစ်သွားပေလိမ့်မည်။
သို့သော် လူများ၏ သဘာဝသည် ထိုသို့ပင်ဖြစ်သည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင်အားနည်းမှုကို မစဉ်းစားကြချေ။ တစ်ခြားသူ၏ အားနည်းချက်ကိုသာ ထုတ်ဖော်ရန်သာ ဝါသနာထုံကြ၏။
"ဒီကောင် အရမ်းအားနည်းလွန်းတယ်။ ငါ ဒီလောက် အားလျော့ပေးထားတာတောင် မခံနိုင်ဘူး။ ဒီအတိုင်းဆို ဘယ်လိုဆက်တိုက်မလဲ။"
ရှန်တုံသည် ရှေ့သို့ ဆက်တိုးသွားပြီး သူ၏ လက်သီးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ဖြည့်သွင်းလိုက်သည်။ သူသည် သူ၏ အားအင်တစ်ဝက်လောက်ကို ထုတ်သုံးလိုက်သည်။
သူ၏ရည်မှန်းချက်သည် အနိုင်ယူရန်မဟုတ်ပေ။
ကြယ်လစားသောက်ဆိုင်တွင် မောက်မာခဲ့သော ကျွင်းချောင်ရှောင်းအား ပေးဆပ်ခိုင်းသည့် အနေဖြင့် ပြာနှမ်းနေအောင် ရိုက်နှက်ရန်ဖြစ်သည်။
ဝှစ်။
သူ၏လက်သီးရောက်ရှိလာချိန်မှာတော့ လေထု၏ အသံမှာ တွဲ၍ ပါလာတော့သည်။
ကျွင်းချောင်ရှောင်း၏ ပျက်ရွင်းနေသော မျက်နှာပေါ်တွင် မိစ္ဆာဆန်သော အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
“ဟမ်။”
ရှန်တုံ သည် သတိအပြည့်နှင့် ဖြစ်သွား၏။
ဝှီ။
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် ရှေ့သို့ တိုးလာခဲ့၏။ သူ၏ ညာလက်ဝါးသည် ရှန်တုံ ၏ လက်သီးအား အသာဖိနှိပ်လိုက်၏။ ပြီးနောက် သူ၏ ဘယ်လက်သီးမှာတော့ ရှန်တုံ ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားတော့သည်။
လက်နှစ်ဖက်တွင် တစ်ဖက်သည် ခုခံတွန်းဖယ်ခြင်း၌ အသုံးပြု၍ လက်တစ်ဖက်မှာ တိုက်ခိုက်ခြင်းကို ပြုလုပ်သည်။
အလွန်တရာ မြန်ဆန်လှ၏။
တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း နားလည်သွားပြီဖြစ်သော်လည်း ရှန်တုံသည် မရှောင်ရှားနိုင်တော့ပေ။
ဘုန်း။
ဂျင်တစ်သောင်းလောက်အားအင်ပါသော လက်သီးတစ်လုံးသည် ဝမ်းဗိုက်ဆီသို့ ဆင်းသက်လာတော့သည်။
ပြင်းထန်လှသော လက်သီးချက်များသည် ရှန်တုံ ၏ ခန္ဓာကိုယ်နှင့် မရီဒန်များအား ထိခိုက်ဒဏ်ရာ ရသွားစေ၏။
ဝမ်းဗိုက်ကို အထိုးခံရပြီးသည့်နောက် သူ၏ မျက်လုံးသည် ပြူးကျယ်ထွက်သွား၏။
"အား နားလိုက်တာ။"
ကျွင်းချောင်းရှောင်းသည် သူ၏ လက်တစ်ဖက်ကို အသာမြှောက်၍ ရှန်တုံ၏ ကျောကုန်းအား တံတောင်ဖြင့် ထုနှက်လိုက်၏။
ရှန်တုံ ၏ မျက်လုံးများသည် အောက်သို့ ပြုတ်ကျတော့မလိုပင် ဖြစ်သွားတော့သည်။
ပြီးနောက် ကျယ်လောင်လှသောအသံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
ဟင်။
ကြည့်ရှုနေကြသော သိုင်းပညာရှင်များ အားလုံးသည် အသက်ကို ရဲရဲမရှုရဲတော့ချေ။
ဂိုဏ်းချုပ်ကျွင်း၏ တိုက်ခိုက်မှု နှစ်ခုထဲတွင် များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေကြောင်း သူတို့ သိလိုက်ရ၏။ ဤတိုက်ခိုက်ချက်သည် အလွန်ပင် အကောင်းလှ၏။ ထိုသို့သာ တိုက်ခိုက်ခံရမည်ဆိုလျှင် သူတို့၏ မရီဒန်နှင့် အတွင်းအင်္ဂါများအားလုံး ပျက်စီးသွားမှာ သေချာသည်။
ဂိုဏ်းချုပ်ရှန်တုံ အနိုင်ယူတော့မည်ဟု ထင်မှတ်ထားကြသော များပြားလှသော ဂိုဏ်းများမှ ခေါင်းဆောင်များအားလုံးသည် ဆွံအသွားကြ၏။
ရုတ်တရက်ဆိုသလိုပဲ အစောတုန်းက ရှန်တုံ ၏ လက်သီးချက်ကြောင့် ကျွင်းချောင်ရှောင်း နောက်သို့ လှန်သွားသည်မှာ သရုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း သူတို့ နားလည်သွားတော့သည်။
မြိုတော်ဝင်ရှဲ့ သည် မျက်မှောင်ကုတ်လိုက်မိသည်။
"ခုနက တိုက်ခိုက်ချက်နှစ်ခုကို ကြည့်ရတာ အားအင်ဂျင်တစ်သောင်းခွဲလောက် ရှိနေတာပဲ။ ဒါ …. ဒါဆိုရင် ကျွင်းချောင်ရှောင်းက သိုင်းတပည့် အဆင့်ကိုး ကို ရောက်နေတာလား။"
ကျွင်းချောင်ရှောင်းသည် သိုင်းတပည့်အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်သာဖြစ်၏။ သို့ပေမဲ့ သူ၏ တိုက်ခိုက်မှု စွမ်းရည်အဆင့်သည် အလွန်အမင်း အားကောင်းနေ၏။
အဘယ့်ကြောင့် သူ ဤမျှ အားကောင်းရသနည်းဆိုသည်မှာ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်နှင့် ကြွက်သားတည်ဆောက်ခြင်းအခန်းကြောင့်ပင် ဖြစ်သည်။
ရီရှင်းချန် သည်လည်း ထိုအရာကို သတိပြုမိ၏။
သူသည် လေးနက်သည့်အမူအယာမျက်နှာဖြင့် ပြောလိုက်မိသည်။ "ဒီလူက အရမ်းအားကောင်းနေမယ်လို မထင်မိဘူး။ သူ့ကို အမှီလိုက်ဖို့ အချိန်တော်တော်ယူရမှာပဲ။"
“ဝေါ့။”
မြေပေါ်တွင် လဲကျနေသော ရှန်တုံ သည် သွေးတစ်လုံးအန်ထုတ်လိုက်သည်။
သူ့မျက်နှာတစ်ခုလုံးသည် ဖြူဖျော့လျက် ရှိသည်။
တိုက်ခိုက်လိုက်ချိန်တွင် သူသည် စိတ်ဝိညာဉ်စွမ်းအင်များကို ငါးဆယ်ရာခိုင်နှုန်း ထုတ်သုံးခဲ့သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆီမှ ပြင်းထန်လှသော တိုက်ခိုက်ချက်ကို ခံယူပြီးသည့်နောက်မှာတော့ သူ၏ မရီဒန်နှင့် အတွင်းအင်္ဂါအစိတ်အပိုင်းများသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ဆောင့်ကြောင့်ထိုင်ပြီး တောင်းပန်လိုက်၏။ "ဂိုဏ်းချုပ်ရှန် …. တောင်းပန်ပါတယ်။ ကျုပ် နည်းနည်းလက်လွန်သွားတယ်။"
"မင်း ….. ။"
သူပါးစပ်ကိုဟ၍ ပြောရန်ပြင်လိုက်ချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ၏ ခြေထောက်အား လက်တစ်ဖက်ဖြင့် လှမ်းဆွဲ၍ စင်မြင့်ပေါ်မှ တရွတ်တိုက် ဆွဲချသွားတော့သည်။
ဘုတ်။
ရှန်တုံ သည် မြေပေါ်သို့ ခြေပစ်လက်ပစ် ပြုတ်ကျသွားတော့သည်။ သူသည် သူ့ကိုယ်သူ မထိန်းနိုင်သောကြောင့် နေရာမှာပဲ သတိလစ်မေ့မျောသွားတော့၏။
“ဒင်။
တော်ဝင်ဓားမော့ဂိုဏ်းချုပ်အား အနိုင်ယူခြင်း။ အထူးတာဝန်။”
“ဒင်။
အထူးတာဝန်အား ပြည့်စုံအောင် ပြုလုပ်နိုင်တဲ့အတွက် လက်ခံသူအား ဂုဏ်ပြုပါသည်။
ဂိုဏ်စုဆောင်းမှတ် ၅၀ ကို ရရှိသည်။”
“ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၁၇၇/၅၀၀။”
အထူးတာဝန်ကို ပြည့်စုံပြီးသည့်နောက် သူသည် ဂိုဏ်းစုဆောင်းမှတ်များအား လွယ်လွယ်ကူကူ ရရှိခဲ့သည်။
ကျွင်းချောင်ရှောင်းသည် စိတ်ကောင်းဝင်နေသောကြောင့် အောက်တွင်ရှိသော များပြားလှသည့် ဂိုဏ်းချုပ်များအား ကြည့်ကာ စိန်ခေါ်လိုက်တော့သည်
"ကျုပ်နဲ့ ဘယ်သူ ချချင်သေးလဲ။"