← Chapters

အခန်း (၉၁)

Vol. 7 Ch. 91

အခန်း (၉၁)

Vol. 7 Ch. 91

သံမဏိအရိုးဂိုဏ်းဆီ ပြန်လာပြီးသည့်နောက် ဆေးလေးမျိုးအား အရေအတွက် များများ ဖော်စပ်နိုင်ရန် ဆေးပင်များ မည်သည့်နေရာက ရရှိနိုင်မလဲ ဆိုသည်ကို သေချာစဉ်းစားနေမိသည်။

အရေအတွက် များများရလျှင် အကောင်းဆုံးဖြစ်သည်။ သူတို့အသုံးပြုရန် ပိုလျှံနေသည်ဆိုလျှင်တောင်မှ ရောင်းစား၍ ရနိုင်သေးသည်။

ခန္ဓာကိုယ် ဖြစ်တည်ခြင်းဆေးလုံး နှင့် ချီစုစည်းခြင်း ဆေးလုံးတို့သည် ခန္ဓာကိုယ်ကို အားကောင်းစေရုံတင် မကဘဲ ကျင့်ကြံခြင်းအမြန်နှုန်းကိုလည်း ပို၍တိုးတက်စေသည်။ သိုင်းကျင့်ကြံသူတို့အတွက် မရှိမဖြစ် ပစ္စည်းဟုပင် ပြောရမည်။ ထို့ကြောင့် အရေအတွက် များများရလေ ကောင်းလေဖြစ်၏။

ချီလေပွေ ဆေးလုံးကတော့ ပို၍ အံ့အားသင့်စရာ ကောင်းလှသည်။

ထိုဆေးလုံးနှင့် ဆိုလျှင် တပည့်များသည် မရီဒန် ဆယ့်နှစ်ခုကို ဖွင့်လှစ်နိုင်ပြီး သိုင်းတပည့်အဆင့်သို့ မြန်မြန်ရောက်ရှိနိုင်သည်။

သူ့တွင် ဆေးလုံးများ လုံလုံလောက်လောက်ရှိပါက ကိုယ်တိုင်လည်း လွယ်လွယ်ကူကူ အဆင့်တက်နိုင်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဖြစ်နိုင်သမျှ အမြန်ဆုံး ဆေးပင်တွေ ရှာမှ ဖြစ်မယ်။ အများကြီး မထုတ်လုပ်နိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံး ဆေးလုံးတစ်ရာလောက် ထုတ်လုပ်ထားမှ ဖြစ်မယ်။”

ဟူရန်မြို့ .. သူ သွားမှဖြစ်မည်။

သူ ချက်ချင်းမထွက်ခွာသွားပေ။ အဲအစား ဆေးခန်းမဆောင်ထဲသို့ ဝင်၍ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး လေးလုံး ၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး သုံးလုံး နှင့် ချီစုစည်းခြင်းဆေးလုံး တစ်လုံးကို သန့်စင်လိုက်၏။

“ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး က လူတစ်ယောက်ကို တစ်ကြိမ်ပဲ သောက်ဖို့လိုတယ် ။ ပိုသောက်ရင်လည်း ပိုပြီး ထူးခြားမှာ မဟုတ်ဘူး။ ဒီတော့ ချင်းချင်း နဲ့ ချင်းယန်ကို အရင်ဆုံး ပေးရမယ်။”

သံမဏိအရိုးဂိုဏ်းတွင် တပည့် တစ်ရာကျော်ရှိသည်။ ကျွင်းချောင်ရှောင်းသည် လက်ရှိ အခြေအနေအရ အားလုံးကို ဂရုမစိုက်နိုင်သေးပေ။ ထို့ကြောင့်ဂိုဏ်းသို့အရင်ဆုံး ဝင်ရောက်လာသူများကို ဦးစားပေးရမည်။

…..

“ဂိုဏ်းချုပ် .. ဒါ ဘာကြီးလဲ”

လီချင်းယန်သည် စပျစ်သီးအရွယ်အစားလောက် ရှိနေသော ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးကို လက်ထဲတွင်ကိုင်၍ ဇဝေဇဝါဖြင့် မေးလိုက်သည်။

ကျွင်းချောင်ရှောင်း ပြောလိုက်၏ “ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးပဲ။ ဒါကို သောက်ပြီးရင် မရီဒန် နဲ့ ခန္ဓာကိုယ်ကို အားကောင်းစေလိမ့်မယ်။ အစွမ်းသက်ရောက်မှုက ကြီးမားတယ်”

လီချင်းယန် မျက်လုံးပြူးသွားသည်။

သူ သိသလောက်ဆိုလျှင် ခန္ဓာကိုယ်အားအင်ကို တိုးတက်စေဖို့ ဆိုသည်မှာ ကျင့်စဉ်တွေမှ တဆင့် ကြိုးစားရတာ ဖြစ်သည်။ ဆေးလုံးတစ်လုံးသည် ခန္ဓာကိုယ်အား ပြောင်းလဲစေနိုင်ကြောင်းကို သူ ယုံကြည်ရန် ခက်ခဲနေ၏။

သူ ပါးစပ်ဟ၍ ဆေးလုံးအား မြိုချလိုက်သည်။

ဆေးလုံးသည် ပါးစပ်ထဲ ရောက်ရောက်ချင်းမှာပဲ အရည်ပျော်သွားခဲ့သည်။ ဆေးလုံးထဲရှိ စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးနောက် ခန္ဓာကိုယ်အတွင်း၌ အထူးစွမ်းအင်တစ်ခု ဖြစ်တည်လာ၏။

မကြာမီမှာပဲ လီချင်းယန်သည် သူ၏ သွေး၊ မရီဒန် နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းသည် အသွင်ပြောင်းလာကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်မိသည်။ သူ၏ ခန္ဓာကိုယ်အားအင်သည် ဆက်တိုက်ဆိုသလိုပဲ မြင့်တက်လျက်ရှိသည်။

အသွင်ပြောင်းပြီးနောက် သူသည် အားအင်စမ်းသပ်ခြင်းစက် ဆီသို သွား၍ လက်သီးဖြင့် ထိုးကြည့်လိုက်ရာ အားအင် ဂျင်သုံးထောင် ရှိနေကြောင်း သိရှိလိုက်ရ၏။

စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းမထားလျှင် ခန္ဓာကိုယ်အားအင် သီးသန့်ပင်ဖြစ်သည်။ အရင်တုန်း စမ်းသပ်ချက်အရဆိုလျှင် သူ၏ အားအင်သည် ဂျင် ၂၅၀၀ ဖြစ်သည်။ ယခု ဆေးလုံးသောက်သုံးပြီးနောက်တွင် ဂျင် ငါးရာ တိုးလာသည်ဟု ဆိုရမည်။

“မယုံနိုင်စရာပဲ ….” လီချင်းယန် ထအော်လိုက်မိသည်။

စုရှောင်မိုသည် ဆေးသောက်ပြီးနောက်တွင် ရောက်လာပြီး စမ်းသပ်ပြန်သည်။

သူသည် စွမ်းအင်ဖွင့်ခြင်းအဆင့် ဆယ့်နှစ်တွင်သာ ရှိနေသော်လည်း မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မသုံးဘဲ ခန္ဓာကိုယ်အား သီးသန့်ထုတ်ဖော်မှုတွင် ဂျင် ၂၀၀၀ အားအင်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ အရင်ကထက် ဂျင် ၂၀၀ လောက် ပို၍တိုးလာသည်ဟု ဆိုရမည်။

ဘုန်း..။

စုရှောင်မိုသည် ဘောလုံးအား ကန်ကျောက်ကြည့်လိုက်သည်။ ဂျင် ၂၅၀၀ အားအင်သည် ထွက်ပေါ်လာသည်။ သူသည် ဘောလုံးကို ပုံမှန်ကစားပြီးနောက်တွင် သူ၏ ခြေထောက်များရှိ ချီ လှည့်ပတ်မှုသည် ပို၍ အားကောင်းလာသည်။ သူ၏ လက်သီးအားအင်ထက် ခြေထောက်အားအင်သည် ၅၀၀ လောက် ပိုများနေသည်။

သာမာန် အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်းအဆင့်သည် ဂျင် ၁၅၀၀ လောက်သာ ရှိသည်။ စုရှောင်မို၏ ပင်ကိုယ်စွမ်းရည်သည် အရည်အသွေးမြင့်မားသည် မဟုတ်ပေ။ ထို့ကြောင့် ၂၀၀၀ ဂျင်ကို ထုတ်ဖော်နိုင်သည် ဆိုခြင်းမှာ ကြွက်သားတည်ဆောက်ခြင်းအခန်း နှင့် ဆေးလုံး၏ အစွမ်းတို့ကြောင့် ဖြစ်ကြောင်း ယုံမှားသံသယ ဖြစ်စရာမလိုပေ။

လုချင်းချင်းသည်လည်း ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးအား သောက်လိုက်သည်။ သူမသည် အံ့အားသင့်နေသည် ဆိုသော်လည်း မျက်နှာသွင်ပြင်မှာ ပုံမှန်အတိုင်းပင် တည်ငြိမ်လျက် ရှိနေ၏။ ထို့အပြင်သူမသည် အားအင်စမ်းသပ်ခြင်းစက်၌ သူမ၏ အားအင်ကို မစမ်းသပ်ခဲ့ချေ။

သူမသည် အေးစက်၍ မောက်မာတတ်သော မိန်းကလေးဖြစ်၏။

“ချင်းယန် …”

ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည် “တပည့်တွေကို ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ အရင်ဝင်ခိုင်းလိုက်။ ပြီးရင် အဖွဲ့တွေခွဲပြီး စိတ်ဝိညာဉ်စွမ်းအင် အစီအရင်ထဲ ပို့လိုက်။”

“ကောင်းပါပြီ”

……

မနက်ခင်းမှာတော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် နတ်ဘုရား တေးသံနှင့်အတူ ညီညီညာညာ ကခုန်လျှက် ရှိသည်။

ရီရှင်းချန်သည်လည်း ထိုသူတွေထဲမှ တစ်ယောက်ဖြစ်သည်။

သူ၏ ခြေလှမ်းများသည် တုန်ခါနေပြီး လှုပ်ရှားမှုများမှာလည်း အချိုးအစား မလှပေ။ သူ့ကို ကြည့်ရသည်မှာ အသက်ရှင်သန်ချင်စိတ်ပင် ရှိသည့်ပုံမပေါ်ချေ။

မနက်ခင်း လေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက်မှာတော့ တပည့်များသည် ကြွက်သားတည်ဆောက်ခြင်း အခန်း နှင့် စိတ်ဝိညာဉ်အစီအရင် ထဲသို့ အဖွဲ့များခွဲကာ ကိုယ်စီ ဝင်လိုက်ကြ၏။

ကျွင်းချောင်ရှောင်းသည် စားသောက်ဆိုင်တွင် ထိုင်၍ ဟူရန်မြို့သို့ ခရီးထွက်ရန် စဉ်းစားနေမိသည်။ ရုတ်တရက် ဆိုသလိုပဲ ဘုန်း ဟူသော အသံတစ်ခု ထွက်ပေါ်လာပြီး ဂိုဏ်း၏ အဓိက တံခါးနီကြီးသည် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ဆီသို့ ပျံသန်းလာလေသည်။ ဂိုဏ်းအကာအကွယ်ကို ကျွင်းချောင်ရှောင်းသည် နေ့စဉ် အသက်မသွင်းထားချေ။ တစ်နေ့လျှင် ဂိုဏ်းစုဆောင်းမှတ် တစ်မှတ် ကုန်သောကြောင့် ဖြစ်သည်။

ငါ့ တံခါးလေး …။

မာရုံနင် သည် ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်ဝင်လာသည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခုလုံးတွင် ဖုန်တွေ အလိမ်းလိမ်းနှင့် ညစ်ပတ်လျက်ရှိ၏။ “ငါ့ကို ဘယ်ကောင် ကျောက်လှေကားအစပ် မှာ သွားတင်ထားတာလဲ”

“ချီးတဲ့မှ …”

ကျွင်းချောင်ရှောင်း ပြေးထွက်သွားသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များအား လက်သီးဆီ ပို့လွှတ်လိုက်ပြီး တစ်ကိုယ်တော် ဓားသမား မာရုံနင်အား အားရပါးရ ထိုးနှက် ကန်ကျောက်တော့သည်။

“ငါ့တံခါးက မင်းကို ဘာလုပ်မိလို့ လာတိုင်း တံခါးကို ဖျက်ဆီးနေရတာလဲ”

…

တုံ .. တုံ . တောက် .. တောက်. .။

မွန်းတည့်ချိန်မှာတော့ တစ်ကိုယ်လုံး ရောင်ကိုင်းလျက် ရှိသော မာရုံနင်သည် တူတစ်ချောင်းကို ကိုင်၍ သံမဏိအရိုးဂိုဏ်း၏ အဓိက တံခါးနီကြီးအား ပြန်လည် ပြင်ဆင်နေသည်။

“ဟူး….”

အမှတ်မထင်ဆိုသလိုပဲ သူ၏ နာကျင်နေသော ဒဏ်ရာများအား ဖိနှိပ်ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိ၏။

“ငါ က ဓားသမားလေ။ ဘယ်လိုကြောင့် လက်သမား လုပ်နေရတာလဲ” မာရုံနင် ၏ မျက်လုံးထဲတွင် ဒေါသတရားတွေနှင့် ပြည့်နှက်လျက်ရှိသည်။ သူသည် ရုတ်တရက် ဆိုသလိုပဲ တူအား ပစ်ချလိုက်ပြီး ဓားမော့ကို ကောက်ကိုင်ကာ ဂိုဏ်းထဲမှ ထွက်ပြေးတော့သည်။

“လီဖေး ..”

“ကောင်းပါပြီ စီနီယာအစ်ကို”

လီဖေး ဟု ခေါ်သော တပည့်သည် မာရုံနင် အား ချိန်ရွယ်၍ ဘောလုံးနှင့် ကန်ကျောက်လိုက်၏။

ဝှစ် ..။

ဟမ်…။

မာရုံနင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသည်။ သူ နောက်ကို လှည့်ကြည့်လိုက်ချိန်မှာတော့ ဘောလုံးသည် သူ၏ မျက်နှာအား တည့်တည့် လာရောက်ထိမှန်လေသည်။ သူ နောက်ပြန်လန် လဲကျသွားသည်။

ဘောလုံးအား မျက်နှာဖြင့် ဖမ်းယူသော စွမ်းရည်သည် သာမာန်တော့ မဟုတ်ချေ။

စုရှောင်မိုသည် ရှေ့သို့ လျှောက်လာပြီး မာရုံနင် အား ခြေထောက်မှ ဆွဲ၍ သိုင်းလေ့ကျင့်ရေးကွင်းပြင် ဆီ လက်သမား လုပ်ငန်းတည်နေရာ ဆီ ခေါ်လာသည် “ဒီကနေ မသွားခင် တံခါးကို ရအောင်ပြင်ဖို့ ဂိုဏ်းချုပ် အမိန့်ပေးထားတယ်။ တံခါးမပြင်ဘဲ ဒီက ခြေတစ်လှမ်းတောင် ထွက်ဖို့ မစဉ်းစားနဲ့”

“သေစမ်း .. သေစမ်း..”

မာရုံနင်သည် ဒေါသချောင်းချောင်း ထွက်မိနေသည်။ သို့ပေမဲ့ သူသည် တံခါးကို ဆက်ပြင်လိုက်ရ၏။

…..

ဟူရန်မြို့ ……

ဂိုဏ်းချုပ်ကျွင်း သည် အဓိက လမ်းတစ်ခုတွင် ရပ်လျက် ထွက်ပေါ်နေသော ဆေးပင်ရနံ့များအား ရှုရှိုက်နေသည်။ “ဆေးပင်မြို့တော်ပဲကိုး …”

ချင်ယန်နိုင်ငံ၏ မြို့ရှစ်မြို့ထဲမှ တစ်မြို့ဖြစ်သည့် ဟူရန်မြို့သည် ဆေးလုံးနှင့် ဆေးပင်များအား အဓိက ထား ရောင်းချသည်။ မြို့ထဲတွင် အိုက်မိသားစု ပိုင်ဆိုင်သော ဆေးဆိုင်များ အများအပြားရှိ၏။

ကျွင်းချောင်ရှောင်းသည် မြို့ထဲရှိ လှပေသော အဆောက်အဦ များအား ကြည့်ရှုရန် အချိန်မရချေ။ ထို့ကြောင့် ဆေးပင်အရောင်းဆိုင်နေရာအား မေးမြန်း၍ သွားလိုက်သည်။

သူ ဤနေရာသို့ လာရောက်ရန် စဉ်းစားခဲ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်၏။

သူ ဆေးဆိုင်များဆီ သွား၍ ပြန်လည်ကုစားခြင်းဆေးလုံး ငါးစုံစာအား စုဆောင်းလိုက်သည်။

မြို့ထဲတွင် အနည်းဆုံး ဆေးဆိုင် ဆယ်ဆိုင်လောက် ရှိသောကြောင့် ကျွင်းချောင်ရှောင်း သဘောကျနေမိသည်။ သူသည် ဆေးဆိုင်တစ်ခုပြီးတစ်ခု သွားကာ ဆေးပင်များ ဝယ်ယူနေမိ၏။

တစ်နာရီလောက် သွားပြီးနောက်တွင် ပြန်လည်ကုစားခြင်းဆေးလုံး ၂၀ ၊ ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံး ငါးလုံး ၊ ချီစုစည်းခြင်းဆေးလုံး လေးလုံး ၊ ချီလေပွေဆေးလုံး နှစ်လုံး စာ ဆေးပင်များ ရရှိခဲ့သည်။

ဟူရန်မြို့သည် ဆေးနှင့် ပတ်သက်၍ ချင်းယန်မြို့ထက်ပင် ပို၍ သာလွန်သည်။ သို့ပေမဲ့ လက်ရှိ ရရှိထားသော ဆေးပင်အရေအတွက်သည် သူ့အတွက် မလုံလောက်ချေ။ ထို့ကြောင့် အိုက်မိသားစု၏ အဓိက ဆေးဆိုင်ဆီသို့ သွားမှ ဖြစ်မည်။

“သခင်လေး .. ဘာလိုချင်လို့လဲ”

သူ ဆေးဆိုင်ထဲ ဝင်လိုက်ချိန်မှာတော့ သွက်လက်ချက်ချာသော ဝန်ထမ်းတစ်ယောက်သည် သူ့ဆီ ပြေးလာ၏။

ကျွင်းချောင်ရှောင်းသည် ဆိုင်ထဲရှိ ဆေးပင်များအား ကြည့်ရှုပြီး ပြောလိုက်သည် “ကျုပ် စီးပွားရေး ကိစ္စကြီး ရှိနေလို့ ဆိုင်တာဝန်ခံကို ခေါ်ပေးလို့ရမလား။”

စီးပွားရေး ကိစ္စကြီး ဟုတ်လား။

ဆိုင်ဝန်ထမ်းသည် တာဝန်ခံအား အတွင်းခြံဝန်းထဲ သွားခေါ်လိုက်သည်။

မကြာမီမှာပဲ ခပ်ဝဝ လူတစ်ယောက် လိုက်ပါလာသည်။ ထိုသူသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ကျုပ်က မာကျန့်ပါ။ ဆိုင်ရဲ့ တာဝန်ခံပါ။ ဘယ်သူပါလဲ”

ကျွင်းချောင်ရှောင်းသည် ဆေးပင် များအား တစ်ချက်လှမ်းကြည့်ပြီး လက်နှစ်ဖက် နောက်ပစ်ကာ ခပ်တည်တည် နှင့် ပြောလိုက်သည် “ကျွန်တော်က သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်ပါ။”

ဆိုင်တာဝန်ခံမာ တုန်လှုပ်သွားသည် “ဒါဆို ကျွင်းချောင်ရှောင်းပေါ့”

ဆိုင်တာဝန်ခံမာ၏ အမူအရာကိုကြည့်လိုက်သည်နှင့် သူနှင့် ပတ်သက်၍ မကောင်းသော သတင်းများ ကြားရှိထားကြောင်း သူ နားလည်လိုက်မိသည်။

ဟင်း ..

ငါ သာမာန်လူပဲ ဖြစ်ချင်တာလေ။ ဘယ်လိုကြောင့် နာမည်ပြောတာနဲ့ လူတွေ ကြောက်ကုန်ရတာလဲ။

ဆိုင်တာဝန်ခံမာ၏ မျက်နှာသည် မဲနက်သွားသည် “ငါတို့သခင်လေးအိုက်ကို ရိုက်နှက်ပြီးတာတောင်မှ ကျုပ်တို့ ဆိုင်ဆီ လာရဲတယ်ပေါ့။ မင်းမှာ သတ္တိတော့ ရှိတာပဲ။ ကိုယ်လူတို့ .. ဒီကောင့်ကို ရိုက်ကြ…”

ဝှစ် .. ဝှစ် ..

အတွင်းခြံဝန်းထဲမှ လူတွေ ပြေးထွက်လာပြီး ကျွင်းချောင်ရှောင်းအား ဝိုင်းရံထားလိုက်ကြတော့သည်။

All Chapters