← Chapters

အခန်း (၉၂)

Vol. 7 Ch. 92

အခန်း (၉၂)

Vol. 7 Ch. 92

အိုက်မိသားစု အဓိကဟောခန်း။

အိုက်မိသားစု ခေါင်းဆောင် နှင့် အတူ အိုက်ရှန်းကီ သည် များပြားလှသော အကြီးအကဲတို့၏ ရှေ့၌ ဆေးပင် စီးပွားရေးနှင့် ပတ်သက်သော ကိစ္စများအား ဆွေးနွေးလျှက် ရှိသည်။ သူ၏ မျက်နှာပေါ်တွင် အပြုံးပန်းတွေ ဝေနေ၏

လက်ရှိအချိန်တွင် များပြားလှသော မြို့များ၊ ဂိုဏ်းများမှ ကျင့်ကြံသူများသည် ဆေးပင်များအား ကြိတ်ကြိတ်တိုး ဝယ်ယူနေကြသောကြောင့် သူတို့၏ စီးပွားရေးသည် တိုးတက်လျက် ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကထက် စာလျှင် ပိုမို၍ အမြတ်ငွေများရရှိနေကြသည်။ ထို့ကြောင့် သူတို့အားလုံး ပျော်ရွှင်နေကြခြင်း ဖြစ်သည်။

“ခေါင်းဆောင် .. သံမဏိအရိုးဂိုဏ်း တပည့်က သိုင်းပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အကြောင်း ကြားပြီးပြီလား”

စီးပွားရေး ကိစ္စ ဆွေးနွေးပြီးနောက် အိုက်ရှန်းကီ သည် စတင်၍ ပြောဆိုလိုက်၏။

ခေါင်းဆောင်သည် ရေနွေးတစ်ခွက်အား အသာသောက်ရင်း ပြောလိုက်သည် “ကျုပ် ကြားခဲ့တယ်”

“တတိယညီလေး .. မင်းပြောတာ အမှန်ပဲ။ သံမဏိအရိုးဂိုဏ်းက မရိုးရှင်းဘူး” ဒုတိယအကြီးအကဲ ဖြစ်သော အိုက်ရှန်းဖန် သည် ပြောလိုက်သည်။

အိုက်ရှန်းကီ ပြောလိုက်၏ “တပည့်လေးယောက်က ပြိုင်ပွဲရဲ့ ထိပ်ဆုံးလေးယောက် စာရင်းထဲ ဝင်တယ်။ ဒီကိစ္စက ကံကောင်းပြီး ဖြစ်လာတာ မဟုတ်ဘူး”

သူ ခဏရပ်တန့်ပြီး လေးလေးနက်နက် ပြောလိုက်သည် “ပြီးတော့ သံမဏိအရိုးဂိုဏ်းခေါင်းဆောင် က စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဖျက်ဆီးခဲ့တယ်။”

“ဘာ ….” မိသားစု ခေါင်းဆောင် နှင့် အိုက်ရှန်းဖန် တို့သည် တုန်လှုပ်သွားကြ၏။

သူတို့နှစ်ယောက်သည် ဤရက်ပိုင်းအတွင်း တံခါးပိတ်ကျင့်ကြံနေခဲ့ကြသည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်း၏ သိုင်းပြိုင်ပွဲ ကိစ္စမှ လွဲ၍ တခြားအကြောင်းများကို မသိရှိခဲ့ကြပေ။

အိုက်ရှန်းကီ ပြောလိုက်သည် “ကျွင်းချောင်ရှောင်း က စိတ်ဝိညာဉ်စမ်းချောင်း တောင်ကို တစ်ယောက်တည်း တက်သွားတယ်။ ပြီးတော့ ဝေရင်နု ၊ ဝေရင်ရှိ နဲ့ တပည့် သုံးဆယ်ကျော်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ စိတ်ဝိညာဉ်စမ်းချောင်း ဂိုဏ်း တစ်ခုလုံးကိုတောင်မှ မီးတင်ရှို့ခဲ့သေးတယ်”

“ဒါက အဆင်ခြင်မဲ့လွန်းတယ်” အိုက်ရှန်းဖန် မျက်လုံးအပြူးသားနှင့် မှတ်ချက်ပေးလိုက်သည်။

အိုက်ရှန်းကီ ပြောလိုက်သည် “စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း နဲ့ နတ်စမ်းချောင်းဂိုဏ်းက ဆက်စပ်နေတာ။ သံမဏိအရိုးဂိုဏ်း က သူတို့ကို ဖျက်ဆီးရဲတယ် ဆိုတော့ သေလမ်းရှာတာနဲ့ တူမနေဘူးလား”

အိုက်ရှန်းဖန် ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းမပြောနဲ့အုံး … ဂိုဏ်းတစ်ရာ မဟာမိတ် အဖွဲ့က သံမဏိအရိုးဂိုဏ်းကို လွှတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ မဟာမိတ် အဖွဲ့ထဲမှ အချင်းချင်း ဂိုဏ်းဖျက်ဆီးတာမျိုး မလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းရှိတယ် မဟုတ်လား”

အိုက်ရှန်းကီ ဝင်ပြောလိုက်၏ “မနေ့က ကြယ်လစားသောက်ဆိုင်မှာ ခေါင်းဆောင်ချင် ဦးဆောင်ပြီးတော့ သံမဏိအရိုးဂိုဏ်းကို အပြစ်ပေးဖို့ ဆွေးနွေးကြတယ်”

ဖွီး .. ဖွီး ..။

စာပို့ခို တစ်ကောင်သည် စားပွဲပေါ်တွင် လာရောက် နားခို၏။ ခို၏ ခြေထောက်တွင် ဝါးတောင့်လေး တစ်ခု ချည်နှောင်ထားသည်။

အိုက်ရှန်းကီ သည် ဝါးတောင့်ထဲမှ စာရွက်ကို ထုတ်ယူပြီး ပြောလိုက်သည် “ချင်းယန်မြို့က သတင်းပဲ”

ဖွင့်ကာ ဖတ်ရှုပြီးနောက် အိုက်ရှန်းကီ ၏ မျက်နှာအမူအရာသည် အေးခဲသွားသည်။ သူ၏ မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်သည့် အရိပ်အယောင်များနှင့် ပြည့်နှက်သွား၏။

“…. ဘာမှားလို့လဲ။” အိုက်ရှန်းဖန် မေးလိုက်သည်။

စာကို လှမ်းယူပြီး ဖတ်ရှုကြည့်လိုက်တော့ သူတို့နှစ်ယောက်၏ မျက်နှာပေါ်တွင်လည်း အံ့အားသင့်လွန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာတော့၏။

စာပါ အကြောင်းအရာသည် သံမဏိအရိုးဂိုဏ်း ခေါင်းဆောင် အနေဖြင့် တော်ဝင်ဓားမော့ဂိုဏ်းခေါင်းဆောင် အား ပြင်းပြင်းထန်ထန် ဒဏ်ရာ ရအောင် တိုက်ခိုက်ခဲ့သည် ဆိုသော အကြောင်းအရာဖြစ်သည်။ ထိုသို့ တိုက်ခိုက်ရာတွင်လည်း တိုက်ကွက် နှစ်ကွက်သာ ထုတ်သုံးခဲ့သည်ဟု ပါဝင်သေးသည်။

“တိုက်ကွက် နှစ်ကွက် နဲ့ သိုင်းတပည့် အဆင့်ကိုး ကျင့်ကြံသူကို အနိုင်တိုက်ခဲ့တာလား”

အိုက်ရှန်းဖန် ဆွံ့အနေမိသည် “သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်က သိုင်းဆရာ အဆင့်လား”

အိုက်ရှန်းကီ သည် ကျွင်းချောင်ရှောင်း နှင့် တိုက်ခိုက်ခဲ့သော အချိန်များအား ပြန်လည်စဉ်းစားရင်း ပြောလိုက်သည် “သူက အရမ်းမြန်တယ်။ သိုင်းဆရာ အဆင့်ဖြစ်နေနိုင်တယ်”

သူ၏ စိတ်ထဲတွင် ပုံရိပ်ယောင်အဖြစ် ကျန်ရစ်နေသော ကျွင်းချောင်ရှောင်း၏ ပုံပန်းသွင်ပြင်များ ပြန်ပေါ်လာသည်။ စဉ်းစားကြည့်လိုက်သည်နှင့် ကျောချမ်းစရာပင်။ ထို့အပြင် သူ့အား ထိုအချိန်ကသာ ကျွင်းချောင်ရှောင်း သတ်ဖြတ်မည် ဆိုလျှင် အကြိမ်ပေါင်း များစွာ သူ သေနှင့်ပြီး ဖြစ်ပေလိမ့်မည်။

အိုက်မိသားစု ခေါင်းဆောင် သည် ခဏလောက် တိတ်ဆိတ်သွား၏ “ဒီသံမဏိအရိုးဂိုဏ်းက သာမာန်ကို မဟုတ်ဘူး”

အိုက်ရှန်းကီ ရှုံးနိမ့်ခဲ့သည် ဆိုသော သတင်းကိုကြားတော့ သူ ဒေါသထွက်ခဲ့သည်။ သူ၏ လူများအား လွှတ်၍ သံမဏိအရိုးဂိုဏ်းအား လက်စားချေရန်ပင် စဉ်းစားမိခဲ့သေးသည်။

သို့ပေမဲ့ မလုပ်လိုက်မိတာ ကံကောင်းသည်ဟု ဆိုရမည်။ တော်ဝင်ဓားမော့ဂိုဏ်းချုပ်လို လူကိုတောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရအောင် တိုက်ခိုက်ခဲ့သော ကျွင်းချောင်ရှောင်း၏ အစွမ်းအစသည် သူ့ထက် အစစအရာရာ သာလွန်နေတာ သေချာသည်။

အိုက်မိသားစုသည် စီးပွားရေးကိုသာ လုပ်ဆောင်သူများ ဖြစ်သည်။ ထို့ကြောင့် သံမဏိအရိုးဂိုဏ်းအား ပြေပြေလည်လည် နှင့် ပေါင်းသင်းရမည်ဟု ဆုံးဖြတ်ချက် ချလိုက်ကြသည်။

အိုက်ရှန်းဖန် ပြောလိုက်သည် “ခေါင်းဆောင် .. ကျွန်တော်တို့ သူနဲ့ ပြဿနာ မတက်အောင် နေတာ အကောင်းဆုံးပဲ။ သူငယ်ချင်း အဖြစ် မိတ်မဖွဲ့နိုင်ရင်တောင်မှ ရန်သူတော့ လုပ်လို့မဖြစ်ဘူး”

“မင်းပြောတာ မှန်တယ်” အိုက်မိသားစု ခေါင်းဆောင်က သဘောတူလိုက်၏။

“မကောင်းတော့ဘူး .. မကောင်းတော့ဘူး..”

ထိုအချိန်မှာပဲ အစေခံ တစ်ယောက်သည် မောကြီးပန်းကြီးနှင့် ပြေးဝင်လာပြီး ထိတ်ထိတ်ပြာပြာ ပြောလိုက်သည် “ခေါင်းဆောင် . အကြီးအကဲတို့ .. တစ်စုံတစ်ယောက်က ဆေးဆိုင်မှာ ပြဿနာ ရှာနေတယ်”

အိုက်ရှန်းဖန်း နှင့် အိုက်ရှန်းကီ တို့သည် နေရာမှ ထရပ်လိုက်မိကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တွေ ဖြတ်ပြေးသွား၏။

အိုက်မိသားစု သည် ဟူရန်မြို့တွင် အခြေချ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းရာချီ ခဲ့ပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်သည် ဆေးဆိုင်တွင် လာရောက်၍ ပြဿနာလာရှာခြင်းဆိုသည်မှာ ပထမဆုံးအကြိမ် လည်းဖြစ်သည်။

အိုက်မိသားစု ခေါင်းဆောင်က အသံတိုးတိုးဖြင့် မေးလိုက်သည် “ဘာဖြစ်ခဲ့တာလဲ”

အစေခံသည် အလောသုံးဆယ် ဖြင့် ပြန်ပြောလာသည် “ကိုယ့်ကိုယ်ကိုယ် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် လို့ ပြောတဲ့ လူတစ်ယောက် ရောက်လာပြီး ကျွန်တော်တို့ ဆီက အစောင့်တွေ အားလုံးကို ရိုက်နှက်သွားတာပါ။”

“ဘာ ….”

အိုက်ရှန်းဖန် နှင့် အိုက်ရှန်းကီ တို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

စောနကလေးတင် မိတ်ဆွေ မဖြစ်နိုင်လျှင်တောင်မှ ရန်သူ ဖြစ်အောင် မနေကြရန် သူတို့ ဆုံးဖြတ်ခဲ့ကြသည်။ ယခု တစ်ဖက်လူသည် သူတို့၏ ဆေးဆိုင်တွင် ပြဿနာ လာရှာနေပြီဖြစ်၏။

“သွားစို့”

အိုက်မိသားစု ခေါင်းဆောင်သည် မတ်တပ်ထရပ်ပြီး အသာလျှောက်ထွက်သွားလိုက်သည်။

…

အိုက်မိသားစု ဆေးဆိုင်အပြင်ဘက်တွင်တော့ ကျင့်ကြံသူများသည် စုဝေးရောက်ရှိနေကြပြီး အမျိုးမျိုး ပြောဆိုလျက်ရှိသည်။

“ဟုတ်တယ်။ သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်ဆိုတာပဲ”

“ထူးဆန်းတယ်။ သူ သံမဏိအရိုးဂိုဏ်းထဲ မနေဘဲ ဘာလို့ ဟူရန် မြို့ဆီ ရောက်လာတာလဲ”

“အိုက်မိသားစု ဒီမြို့မှာ အခြေကုတ်ယူထားတာ နှစ်တစ်ရာကျော်နေပြီ။ ဘယ်သူမှ ပြဿနာမရှာရဲဘူး။ ဒီသံမဏိအရိုးဂိုဏ်း ခေါင်းဆောင်က တကယ့်ကို ရဲတင်းတာပဲ”

“သူသာ ငကြောက်ဆိုရင် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဘယ်လိုလုပ် ဖျက်ဆီးမှာလဲ”

“အိုက်မိသားစုဆီ တစ်ယောက်က သတင်းသွားပို့တယ်။ ပွဲကြီးပွဲကောင်းတော့ ကြည့်ရမှာပဲ”

“သူတို့လာပြီ။ သူတို့လာပြီ။ ခေါင်းဆောင် နဲ့ အကြီးအကဲတွေ ကိုယ်တိုင် ပါလာတာပဲ”

တစ်ယောက်က ထအော်လိုက်သည်။

များပြားလှသော ကျင့်ကြံသူများသည် လမ်းဆီသို့ ကြည့်လိုက်ကြတော့ အကြီးအကဲ နှစ်ယောက်နှင့် အတူ လျှောက်လာသော အိုက်မိသားစုခေါင်းဆောင် အား သူတို့တွေ မြင်လိုက်ရသည်။ သူတို့အားလုံး၏ အမူအရာများ သည် လေးနက်သွားကြ၏။

အိုက်မိသားစု အရေးကြီး ပုဂ္ဂိုဟ်များသည် ဆေးဆိုင်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားကြသည်။ ဆေးဆိုင်ထဲမှာတော့ အိုက်မိသားစု၏ ကျင့်ကြံသူများသည် ဝမ်းဗိုက်ကို ဖိနှိပ်ရင်း မြေပေါ်တွင် လဲကျနေလျက် ရှိကြသည်။ ကြည့်ရသည်မှာ မတ်တပ်ပင် ထမရပ်နိုင်လောက်အောင် ရိုက်နှက်ခံထားရပုံပေါ်သည်။

“အကြီးအကဲအိုက် …”

ရုတ်တရက် ဧည့်ခန်းဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏ “ကျုပ်တို့ ထပ်တွေ့ကြပြီ”

ကျွင်းချောင်ရှောင်းသည် ခြေချိတ်၍ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေသည်။ မာကျန့် ဟု ခေါ်သော ဆိုင်ရှင်သည် သူ၏ ဘေးနားတွင် ရှိနေပြီး မျက်နှာအား လက်ဝါးနှင့် အုပ်ကာလျက် မတ်တပ်ရပ်နေ၏။

သူ၏ ခြေလက်များသည် တဆတ်ဆတ် နှင့် တုန်ရင်လျက်ရှိသည်။ အဘယ့်ကြောင့် ဆိုသော် နဂါးစိမ်းဓားမော့ သည် သူ၏ လည်ပင်းထက်တွင် နေရယူထားသောကြောင့် ဖြစ်သည်။ ဓားသာနည်းနည်းလောက် လှုပ်ရှားသွားမည် ဆိုလျှင် သူ၏ ခေါင်းနှင့် ခန္ဓာသည် အိုးစားကွဲသွားမှာ သေချာသည်။

အိုက်ရှန်းကီ ၏ မျက်နှာသည် ပျက်ယွင်းသွား၏။

သူတို့၏ ဆိုင်စီမံအုပ်ချုပ်သူအား ဤကဲ့သို့ အခြေအနေဖြစ်အောင် ရိုက်နှက်ထားသည် ဆိုခြင်းမှာ အလွန်တရာ လွန်ကျူးလှသည်။

အိုက်မိသားစု ခေါင်းဆောင် သည် လေးလေးနက်နက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း …. ဒါက ဘာသဘောလဲ”

ကျွင်းချောင်ရှောင်းသည် တုန်ရင်နေသာ ဆိုင်စီမံ အုပ်ချုပ်သူအား ကြည့်ကာ ပြောလိုက်သည် “ကျွန်တော်က အိုက်မိသားစု နဲ့ စီးပွားရေး ကိစ္စ ပြောချင်လို့ လာတာ။ ဒါပေမဲ့ ဒီလူက လူတွေခေါ်ပြီး ကျုပ်ကို ဖိအားပေးခဲ့တယ်။ ဒါကြောင့် မတတ်သာလို့ ပြန်တိုက်ခိုက်လိုက်ရတာပဲ”

ထိုစကားကိုကြားတော့ အိုက်မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲ နှစ်ယောက်တို့သည် ချက်ချင်းပဲ နားလည်သွားကြသည်။

အိုက်ရှန်းကီ သည် လက်သီးဆုပ်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဓားကြီး ချပြီး စကားပြောကြတာပေါ့”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် ဓားမော့အား ပြန်သိမ်းပြီး ပြောလိုက်၏ “သူသာ အကြီးအကဲအိုက်လို စကားကောင်းကောင်း ပြောရင် အခုလို ဖြစ်မှာ မဟုတ်ဘူး”

ဖူး …။

လည်ပင်းပေါ်မှ ဓားမော့ မရှိတော့ချိန်မှာတော့ ဆိုင်၏ စီမံအုပ်ချုပ်သူ မာ သည် မြေပေါ် ဖင်ထိုင်ပင် ချလိုက်မိသည်။ နဖူးပေါ်မှ ကျဆင်းလာသော ဇောချွေးလုံးကြီးများသည် ဆီးသီးတစ်လုံးလောက်ပင် ကြီးမားနေ၏။

ဒဏ်ရာ ရထားသူများအား ပြန်လည်သယ်ဆောင်သွားပြီးနောက် ဆိုင်၏ စီမံအုပ်ချုပ်သူ မာကျန့် ၊ ကျွင်းချောင်ရှောင်း နှင့် အိုက်မိသားစုအကြီးအကဲများသာ ဆိုင်ထဲ၌ ကျန်ရစ်ခဲ့တော့သည်။

သူတို့သည် ဧည့်ခန်းထဲတွင် တည်တည်ငြိမ်ငြိမ်နှင့် ထိုင်လိုက်ကြ၏

အိုက်မိသားစုသည် သဘောမတွေ့မှုကို ဖိနှိပ်ရင်း ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း ..ကျုပ်တို့နဲ့ ဘာစီးပွားရေး အကြောင်း ပြောချင်တာလဲ”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကိစ္စကြီးပဲ”

“ဘယ်လို ကိစ္စကြီးလဲ” အိုက်ရှန်းဖန် စိတ်ဝင်တစားနှင့် ပြန်မေးလိုက်၏။

စီးပွားရေးသည် လောကကြီးတွင် အရေးကြီးဆုံး ကိစ္စဖြစ်သည်။ ထိုအရာသည် အိုက်မိသားစု၏ ဆောင်ပုဒ်လည်း ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် စာရွက်တစ်ရွက်အား စားပွဲပေါ်တင်ရင်း ပြောလိုက်သည် “ဒီထဲမှာ ရေးထားတဲ့ ဆေးပင်တွေ အိုက်မိသားစု ဆီမှာ လုံလုံလောက်လောက် ရှိလား”

အိုက်ရှန်းဖန်တို့သည် စာရွက်အား ကောက်ယူ၍ သေချာဖတ်ကြည့်လိုက်သည် ။ အတွင်းမှာတော့ ဆေးပင် ဆယ့်နှစ်မျိုးလောက်ကို ရေးသားထားပြီး တစ်ချို့မှာ ရှာရလွယ်ကူပြီး တစ်ချို့မှာတော့ ရှားပါးလွန်းသည်။

“ဂိုဏ်းချုပ်ကျွင်း …”

သူ ခေါင်းကို မော့ကာ ပြောလိုက်သည် “ရသလောက် ယူချင်တာလား”

ကျွင်းချောင်ရှာင်းသည် အိုက်မိသားစု ခေါင်းဆောင်၏ အပြောကို ကြည့်လိုက်တော့ လိုသလောက် ရနိုင်ကြောင်း နားလည်သွားမိသည်။ ထို့ကြောင့် လေးလေးနက်နက် ပြောလိုက်၏ “ဟုတ်တယ်။ ရသလောက် ယူချင်တာ”

အိုက်ရှန်းကီ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ရှားပါးသစ်ဖုတွေ ပါတာမို့ အားလုံးကို ယူမယ်ဆိုရင် ဈေးက မနည်းဘူးနော်”

“ဟုတ်တယ်။ ယူမယ်” ကျွင်းချောင်ရှောင်း နှောင့်နှေးခြင်း မရှိဘဲ ပြန်ပြောလိုက်၏။

ဆေးလေးမျိုးစာအတွက် သူသည် ရှိသမျှအားလုံး ရောင်းချရမည် ဆိုလျှင်ပင် အဆင်ပြေသည်။

အိုက်မိသားစု ခေါင်းဆောင်၏ မျက်လုံးတွေသည် ကျဉ်းမြောင်းသွား၏ “ဂိုဏ်းချုပ်ကျွင်း .. အနည်းဆုံး ငွေစ ဆယ်သိန်းလောက် ကျမယ် ထင်တယ်”

ကျွင်းချောင်ရှောင်း ဟန်ပါပါ နှင့် ပြန်ပြောလိုက်သည် “ပြဿနာမရှိဘူး”

All Chapters