← Chapters

အခန်း (၉၃)

Vol. 7 Ch. 93

အခန်း (၉၃)

Vol. 7 Ch. 93

ကျွင်းချောင်ရှောင်းသည် တောပုန်းဓားပြများအား သတ်ဖြတ်ပြီးနောက်တွင် သူ၏ ချမ်းသာကြွယ်ဝမှုမှာ ငွေစ ငါးသိန်းခန့် ရှိသွားပြီ ဖြစ်သည်။

ဟုတ်ပေသည်။

စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးပြီးနောက်မှာတော့ များပြားလှသော ရတနာများနှင့် သိုင်းကျင့်စဉ်များ အပြင် ငွေတစ်သိန်းလောက်ကိုလည်း ရရှိခဲ့သေး၏။

အိုက်ရှန်းဖန် နှင့် အိုက်ရှန်းကီတို့ အကြီးအကဲ နှစ်ယောက်သည် အံ့အားသင့်မိသွားသည်။

ငွေဆယ်သိန်း ဆိုသည်မှာ နည်းနည်းနှောေငွေကြေးပမာဏမျိုး မဟုတ်ပေ။ အဆင့်ကိုး ဂိုဏ်းတစ်ခု အတွက် ဆိုလျှင် အလွန်များပြားသည်ဟုပင် သတ်မှတ်နိုင်၏။

“ခေါင်းဆောင်အိုက် …”

ကျွင်းချောင်ရှောင်း မေးလိုက်သည် “ဒီဆေးပင်တွေ အားလုံးကို သယ်ယူပို့ဆောင်ပေးဖို့ ဘယ်လောက်ကြာမလဲ”

အိုက်မိသားစု ခေါင်းဆောင်သည် ခဏလောက် စဉ်းစားလိုက်သည်။ ပြီးနောက် “ဆရာကျွင်းသာ အလျှင်လိုတယ် ဆိုရင် ကျုပ် လေးနာရီ အတွင်း စီစဉ်ပေးပါ့မယ်”

“ကျွန်တော် အလျှင်လိုတယ်” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။

သူသည် လက်ထဲသို့ ဆေးပင်များ ရောက်လာမည့် အချိန်ကို မစောင့်နိုင်အောင်ပင် ဖြစ်မိနေသည်။ ဆေးသန့်စင်ခြင်းအဆောင်အား သူအကောင်းဆုံး အသုံးချချင်စိတ်တွေ ပေါက်နေ၏။

အိုက်မိသားစု ခေါင်းဆောင်သည် အိုက်ရှန်းဖန် အား ကြည့်ကာ ပြောလိုက်၏ “ဆေးဂိုထောင်ရဲ့ အကြီးအကဲကိ ဂိုဏ်းချုပ်ကျွင်း လိုနေတဲ့ ဆေးပင်တွေ အကုန် ပို့ဆောင်ပေးဖို့ ပြောလိုက်”

“ကောင်းပါပြီ” အိုက်ရှန်းဖန် အမိန့်ကို ကြားတော့ ချက်ချင်းပဲ လှည့်ထွက်သွားသည်။

လေးနာရီ ဆိုသည်မှာ အနည်းငယ်တော့ ကြာမြင့်သည် ။ထို့ကြောင့် အိုက်ရှန်းကီ သည် အာလာပ သလ္လာပ ပြောဆိုလိုက်၏ “ဂိုဏ်းချုပ်ကျွင်း ဒီလောက်များတဲ့ ဆေးပင်တွေ လိုနေတာ ဆေးလုံး သန့်စင်ချင်လို့လား”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဟုတ်တယ်”

အိုက်မိသားစု၏ စီးပွားရေးသည် ဆေးပင် နှင့် ဆေးလုံးများ ရောင်းချခြင်း ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် အိုက်မိသားစုသည် အနာဂတ်တွင် လိုလာနိုင်သည်။ ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်း၏ လေသံမှာ နူးညံ့လွန်းပြီး ကြယ်လစားသောက်ဆိုင်မှာတုန်းကလို မာနကြီး မောက်မာသော အသံမဟုတ်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။

ဤသည်က ကျွင်းချောင်ရှောင်း ဖြစ်သည်။

သူသည် စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား အဆင်ခြင်မဲ့ ဖျက်ဆီးနိုင်သလို အိုက်မိသားစု အကြီးအကဲများနှင့်လည်း မိတ်ဆွေရင်းချာများပမာ ရယ်ရယ်မောမောဖြင့် စကားတွေ ဖောင်ဖွဲ့နေနိုင်၏။

အိုက်မိသားစုကလည်း စီးပွားရေးလုပ်ငန်းကို ဦးစားပေးသော မိသားစု ဖြစ်တာလည်း ပါပေလိမ့်မည်။ တခြားသော သိုင်းမိသားစု တစ်ခုခု သာ ဆိုလျှင် သူတို့၏ လက်အောက်ငယ်သားများအား ရိုက်နှက်ထားသူ နှင့် ယခုကဲ့သို့ ရယ်ရယ်မောမော ပြောဆိုနေလိမ့်မည် မဟုတ်ချေ။

အိုက်ရှန်းကီ အံ့အားသင့်သွားသည် “ဂိုဏ်းချုပ်ကျွင်း က ဆေးလုံ သန့်စင်နေတာလား”

”ဟုတ်ပါတယ်” ကျွင်းချောင်ရှောင်း ပြောလိုက်၏။

အိုက်ရှန်းကီ ၏ မျက်လုံးထဲရှိ အံ့အားသင့်မှုများသည် ပိုမို၍ အားကောင်းလာသည်။ “ဂိုဏ်းချုပ်ကျွင်းက ကျင့်ကြံခြင်းမှာလည်း သာမာန်မဟုတ်သလို ဆေးလုံးဖော်စပ်မှုကိုလည်း နားလည်တယ်ပေါ့။ တကယ့်ကို ကျားတွေထဲ က နဂါးပဲ”

စီးပွားရေး လောကထဲမှ လူတစ်ယောက်၏ စကားမို့ သူ့အား မြှောက်ပင့်နေခြင်း ဖြစ်ကြောင်း ကျွင်းချောင်ရှောင်း နားလည်သည်။ သူ နှိမ်နှိမ်ချချ ဖြင့် ပြောလိုက်၏ “ဒီကျွင်းမျိုးရိုးက အတတ်ပညာ တစ်ခုခု ကို လေ့လာနေတာလေ။ အနာဂတ်မှာ ဂိုဏ်းချုပ်မဟုတ်တော့ဘူးဆိုရင် အသက်မွေးမှု အတွက် ဆေးဖော်ရောင်းရမယ် မဟုတ်လား။”

အိုက်မိသားစု ခေါင်းဆောင် နှင့် အိုက်ရှန်းကီ တို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ခါသွားကြသည်။

ဆေးလုံးဖော်စပ်ခြင်း လမ်းစဉ် ဆိုသည်မှာ စားဖိုမှုး တစ်ယောက်လို မဟုတ်ပေ။ ကိုယ့် ပါရမီ အပြင် လိုက်ဖက်ညီသော ခန္ဓာကိုယ် အချိုးအစားလည်း ရှိရသေး၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဆေးလုံးဖော်စပ်ရန် သင့်တော်သူသည် လူဆယ်သိန်းတွင်မှ တစ်ယောက်လောက်သာ ရှိ၏။ ထို့ကြောင့် ဆေးလုံးဖော်စပ်နိုင်သူ ဆိုသည်မှာ အလွန်တရာ ရှားပါးလှကြောင်း သိသာသည်။

အိုက်ရှန်းရီ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်းက ဆေးလုံးတာအိုကို အတတ်ပညာ တစ်ခုလောက်ပဲ သဘောထားတယ် ဆိုတော့ ဒီနယ်မြေမှာ တော်တော်ခရီးရောက်နေပြီ ထင်တယ်။”

“မဆိုးပါဘူး …”

ကျွင်းချောင်ရှောင်းသည် ပြောပြီးပြီးချင်းမှာပဲ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူ ရှေ့သို့တိုး၍ တီးတိုးမေးလိုက်သည် “ဟုတ်ပြီ။ အိုက်ခေါင်းဆောင် .. ခင်ဗျားတို့ လုပ်ငန်းက ဆေးလုံးတွေရော ဝယ်လား”

အိုက်ရှန်းရီ ပြုံးကာ ပြောလိုက်၏ “ကျုပ်တို့ စီးပွားရေးက ဆေးလုံးတွေ ဝယ်တယ်။ ရောင်းတယ်လေ။ ရတာပေါ့”

အိုက်မိသားစု၏ ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းများသည် ချင်းယန်နိုင်ငံ၏ မြို့တိုင်းနီးပါးတွင် တည်ရှိသည်။ ထို့အပြင် တခြားသော ဆေးလုံးများကိုလည်း သူတို့သည် လက်ခံဝယ်ယူခြင်း အမူအား ပြုလုပ်ကြ၏။

ကျွင်းချောင်ရှောင် းပြောလိုက်သည် “ကျွန်တော့်ဆီမှာ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး ရှိတယ်။ အိုက်ခေါင်းဆောင် စိတ်ဝင်စားပါသလား။”

“ဒါက ….”

အိုက်ခေါင်းဆောင် အိုက်ရှန်းရီသည် ခဏလောက် တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည် “အရိုးသားဆုံး ပြောရရင် ဂိုဏ်းချုပ်ကျွင်း .. ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေ ဆိုတာ သာမာန်ဆေးလုံးတွေပဲ။ ကျုပ်တို့ လုပ်ငန်းမှာ ဒီလို ဆေးလုံးတွေ တော်တော်များများ ရှိတယ်။ ဒါကြောင့် မလိုသေးဘူး”

ကျွင်းချောင်ရှောင်း သည် ထိုင်ခုံကို မှီထိုင်ပြီး ဟန်ပါပါနဲ့ ပြောလိုက်၏ “အိုက်ခေါင်းဆောင် .. အတင့်ရဲရဲ နဲ့ ပြောရမယ် ဆိုရင် .. ခင်ဗျားတို့ အိုက်မိသားစု ရဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးတွေက အမှိုက်သက်သက်ပဲ”

အိုက်ရှန်းရီ နှင့် အိုက်ရှန်းကီ တို့သည် ဆွံ့အသွားသည်။ သူတို့၏ မျက်လုံးထဲတွင် ဒေါသတရားတွေ ထင်ပေါ်လာ၏။

သူတို့ရောင်းချသော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် အဆင့်မြင့် အရည်အသွေး ရှိသော ဆေးလုံးများဖြစ်သည်။ ထို့ကြောင့် အမှိုက်ဟု ကင်မွန်းတပ်ခံရခြင်းအား သူတို့ လက်မခံနိုင်ကြချေ။

ကျွင်းချောင်ရှောင်းသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား ယူ၍ စားပွဲပေါ်တင်လိုက်သည် “အိုက်ခေါင်းဆောင် .. ကျွန်တော်သန့်စင်ထားတဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးကို ခဏကြည့်ပါအုံး …”

အိုက်ရှန်းရီ သည် ထူးမခြားနားသလို ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ခင်ဗျားရဲ့ ဆေးလုံးက ထူးမှ မထူးခြားတာကို”

ဆေးလုံးပေါင်းများစွာနှင့် အလုပ်လုပ်ခဲ့သော နှစ်ဆွေးဝါရင့် စီးပွားရေးသမား တစ်ယောက် ဖြစ်သည်မို့ ဆေးလုံး၏ အရည်အသွေးကို သူသည် တစ်ချက်ကြည့်ရုံဖြင့် အတပ်သိနိုင်သည်။

စဦးအဆင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် ထူးခြားသည့် အသွင်သဏ္ဍန်မျိုးမရှိချေ။ ထို့အပြင် အရောင်မှာလည်း မှေးမှိန်နေသေး၏။ လီချင်းယန် အား ကယ်တင်ရန် ကျွင်းချောင်ရှောင်း ဤဆေးလုံးအား ထုတ်လိုက်ချိန်တုန်းက လုချင်းချင်းကိုယ်တိုင်လည်း သာမာန်ဆေးလုံးတစ်လုံးဟု အထင်မှားခဲ့သေး၏။

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အိုက်ခေါင်းဆောင် .. သေချာကြည့်ပါအုံး …”

အိုက်ရှန်းရီ နှင့ ်အိုက်ရှန်းကီ တို့သည် တစ်ယောက် နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့သည် လက်ထဲတွင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား ဖိညှစ်၍ သေချာ စစ်ဆေးလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ဒါက သာမာန်ဆေးလုံးကြီးပဲ”

“ဒီလိုလုပ်ရအောင် …”

ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အိုက်ခေါင်းဆောင် အနေနဲ့ ဆိုင်တာဝန်ခံ မာကျန့်ကို ခေါ်ပြီး ကျွန်တော့် ဆေးလုံးအစွမ်းကို စမ်းကြည့်ပါလား။ သူ ဒဏ်ရာ ရထားတယ် မဟုတ်လား”

အိုက်ရှန်ကီ သည် အိုက်ရှန်းရီ အား လှမ်းကြည့်လိုက်သည်။ ပြီးနောက် ထထွက်သွားပြီး မာကျန့်အား ခေါ်လာ၏။

ဝှီး ..။

ရုတ်တရက် ဆိုသလိုပဲ ကျွင်းချောင်ရှောင်းသည် ထ၍ မာကျန့်ဆီ ပြေးဝင်သွားသည် ။သူ၏ လက်သီးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်ပြီး မာကျန့်၏ ဝမ်းဗိုက်သို့ အားကုန်ထိုးချလိုက်တော့သည်။

ဖူး …။

မာကျန့်၏ မျက်လုံးများသည် အပြင်ဘက်သို့ ပြုတ်ထွက်လာတော့မလို ပြုးကျယ်သွားတော့သည်။ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။

ကျွင်းချောင်ရှောင်းသည် မာကျန့်အား ဆွဲမ၍ ပခုံးပေါ်မှ ကျော်ကာ မြေပေါ်သို့ကိုင်ပေါက်လိုက်သည် ။ပြီးနောက် ရင်အုံအား ခြေဖနောင့်ဖြင့် နှစ်ချက် ထပ်ပေါက်လိုက်သည်။

အွန့် .. အွန့် ..။

တိုက်ခိုက်မှုဖြစ်စဉ်သည် အလွန်တရာ မြန်ဆန်လှသည် ။ အားလုံး သတိဝင်သွားချိန်မှာတော့ ဆိုင်တာဝန်ခံ မာကျန့်သည် မြေပေါ်တွင် သေမလိုဖြစ်နေပြီ ဖြစ်သည်။ အိုက်ရှန်းရီ သည် မတ်တပ်ထရပ်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည် “ကျွင်းချောင်ရှောင်း .. ခင်ဗျားလုပ်ရပ်က လွန်သွားပြီ”

စီးပွားရေး ကိစ္စရှိသောကြောင့် သူသည် ပထမပိုင်း ဖြစ်ပျက်ခဲ့သမျှအား နားလည်ပေးနိုင်သည်။ သို့ပေမဲ့ ယခု ဆိုင်တာဝန်ခံ မာကျန့်အား သူတို့ရှေ့တွင် တိုက်ခိုက်လိုက်ခြင်းမှာ အလွန်အမင်း စိတ်တိုစရာ ဖြစ်လို့နေ၏။

ကျွင်းချောင်ရှောင်းသည် သူ၏ ထိုင်ခုံဆီသို့ ပြန်လာပြီး မျက်နှာအား လက်တစ်ဖက်နှင့် အုပ်ကိုင်၍ တောင်းပန်လိုက်သည် “ဆိုင်တာဝန်ခံ မာရဲ့ အခြေအနေက တော်တော် ဆိုးသွားပြီ မဟုတ်လား။ အိုက်ခေါင်းဆောင် .. ဒီဆေးကို သုံးကြည့်လိုက်ပါ။ သူ့ကို ချက်ချင်း မကုသနိုင်ဘူးဆိုရင် ကျုပ်ကျွင်းချောင်ရှောင်း က ကိုယ့်မရီဒန်တွေကို ကိုယ် ဖျက်ဆီးပစ်လိုက်မယ်”

သူ၏ ဆေးလုံးအား ကြော်ငြာရန် အတွက် တစ်ဖက်လူအား ဆိုးဆိုးရွားရွား ရိုက်နှက်ခဲ့ရုံတင် မကဘဲ သူ၏ စွမ်းအင်ကျင့်ကြံခြင်း မရီဒန် များနှင့်ပါ အာမခံနေသည်။ ထိုအရာသည် လွန်ကျူးလွန်းလှ၏။

“သူ့ကို ချက်ချင်းကုသနိုင်မှာလား”

အိုက်ရှန်းရီ အေးစက်စက် ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ဒီဆေးလုံးကို အင်မော်တယ် ဆေးလုံးလို့ ထင်နေတာလား”

ပြောပြီးသည့်နောက် သူသည် မာကျန့်ရှိရာသို့ လျှောက်သွားပြီး ဆေးလုံးအား ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်မှုသည် အလွန်ပြင်းထန်လွန်းသောကြောင့် အချိန်မီသာ မကုသလျှင် အသက်အန္တရာယ်ကိုပင် စိုးရိမ်ရသည်။

အိုက်ရှန်းရီသည် သူ၏ ကိုယ်ပိုင် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးကိုလည်း ထုတ်ယူထားလိုက်၏။

သို့ပေမဲ့ သူ၏ ဆေးလုံးအား ထပ်မံ မတိုက်ကျွေးရသေးခင်မှာပဲ သေမလိုဖြစ်နေသော မာကျန့်သည် မြေပေါ်တွင် ရုတ်တရက် ထထိုင်လာသည်။

“ကျွန်တော် ….”

ဆိုင်တာဝန်ခံ မာကျန့်သည် လက်ကို မြှောက်၍ ကြောင်အအဖြင့် ပြောလိုက်သည် “ကျွန်တော့် ဒဏ်ရာတွေ ကောင်းသွားပြီလား”

အိုက်ရှန်းရီ နှင့် အိုက်ရှန်းကီ တို့၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။

ကျွင်းချောင်ရှောင်း၏ စောနတုန်းက တိုက်ခိုက်မှုမှာ အလွန်ကြမ်းရမ်းလွန်းသည်။ မာကျန့်အား အချိန်မီ ကုသနိုင်လျှင်ပင် သုံးလလောက် အိပ်ရာပေါ် လှဲနေရမည့် ဒဏ်ရာမျိုးဖြစ်ပေါ်ခဲ့သည်။

သို့ပေမဲ့ သာမာန်ကျလှသော ဆေးလုံးအား တိုက်ကျွေးပြီးချိန်မှာတော့ မာကျန့်သည် မတ်တပ်ရပ်၍ စကားတွေပင် လူကောင်းလို ပြောနေနိုင်နေ၏။

သောက်ကျိုးနည်းလှချေသည်တကား။

အိုက်ရှန်းရီသည် ဘဝမျိုးစုံကို ကျင်လည်ခဲ့သူဖြစ်သည်။ သူသည် ရှေ့ကို လှမ်းတက်ပြီး မာကျန့်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ စိတ်ဝိညာဉ်စွမ်အင်များ ထည့်သွင်းပြီး အသေးစိတ် စစ်ဆေးကြည့်လိုက်သည်။ မာကျန့်၏ ခန္ဓာကိုယ်ထဲမှ မရီဒန်များသည်လည်း အလုံးစုံ ကောင်းမွန်လျက် ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။

ဤမျှ ပြင်းထန်သော ဒဏ်ရာသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။

ထိုအရာသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးမဟုတ်တော့ပေ။ အင်မော်တယ် ဆေးလုံးသာ ဖြစ်ပေလိမ့်မည်။

အိုက်ညီနောင် သုံးဖော်နှင့် အတူ ဆိုင်တာဝန်ခံ မာကျန့်သည်လည်း ဆွံ့အနေမိကြသည်။ သူတို့သည် ကျောက်ရုပ် များလိုပင် နေရာတွင် မလှုပ်ဘဲ ရပ်မိနေကြ၏။

ကျွင်းချောင်ရှောင်း ပြုံးကာ ပြောလိုက်သည် “အိုက်ခေါင်းဆောင် .. ဆေးက ဘယ်လိုလဲ”

အိုက်ရှန်းရီသည် သတိပြန်ဝင်လာချိန်မှာတော့ မြန်မြန်ပဲ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ပြီးနောက် လေးလေးနက်နက် ပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. ကျုပ်တို့ အိုက်မိသားစုက ရှိသလောက် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတွေ ဝယ်မယ်။ ဘယ်လောက်ရှိလဲ”

ဤကဲ့သို့သော ဆေးလုံးများအား ပြန်လည် ရောင်းချလျှင် အမြတ်ကြီးကြီး ရရှိမှာ သေချာသည်။

ကျွင်းချောင်ရှောင်း ပြုံးလိုက်၏ “ဈေးနှုန်းကရော …”

“ဂိုဏ်းချုပ်ကျွင်း သာ ဈေးပြောပါ” အိုက်ရှန်းရီ ပြောလိုက်သည်။

ကျွင်းချောင်ရှောင်း သူ၏ မေးစေ့အား ပွတ်သပ်လိုက်သည်။ ခဏလောက် စဉ်းစားပြီးနောက် “ဆေးတစ်လုံးကို ငွေတစ်သောင်း…”

“ကောင်းပြီ”

အိုက်ရှန်းရီသည် ချက်ချင်းပဲ သဘောတူလိုက်၏။

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းတွေသည် တဆတ်ဆတ် တုန်ရင်သွားသည် “ငါ တောင်းတာ နည်းသွားပြီ ထင်တယ်”

All Chapters