အခန်း (၉၄)
Vol. 7 Ch. 94
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကျင့်ကြံသူများတည်ရှိနေသော ကုန်းမြေတိုက်ကြီးဖြစ်သည်မို့ ဒဏ်ရာ ရရှိသည် ဆိုခြင်းမှာ သာမာန်ပင်ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ဒဏ်ရာမရ၊ အိပ်ရာထဲ တစ်လလောက် မလဲဘူးလျှင်ကို အပေါင်းအသင်းများကြား၌ ရှက်စရာဟု သတ်မှတ်ကြသည့် ကုန်းမြေတိုက်ကြီးဖြစ်သည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသော သူအား ချက်ချင်းပင် ကောင်းမွန်လာစေသည်ဆိုသော ဆေးအစွမ်းမှာ ကောင်းကင်က ငြင်းပယ်ရလောက်သည့် ဆေးအစွမ်းပင်ဖြစ်တော့၏။
ဆေးလုံးနှင့်ပတ်သက်သော စီးပွားရေးတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီးသား အိုက်မိသားစု ခေါင်းဆောင် အိုက်ရှန်းရီ သည် ထိုဆေးလုံး၏ အမြတ်ငွေမှာ ကြောက်မခန်းလိလိ ဖြစ်လာမည်ဟု ချက်ချင်းပဲ နားလည်လိုက်မိသည်။
ငွေတစ်သောင်းမပြောနှင့် ငါးသောင်းဆိုလျှင်ပင် သူ ချက်ချင်း ဝယ်ယူမိမှာ သေချာ၏။
ကျွင်းချောင်ရှောင်း အလွန်အမင်း စိတ်ဓာတ်ကျမိနေသည်။ သို့ပေမဲ့ သူ ပြောပြီးသော ဈေးနှုန်း အား ချက်ချင်း ပြန်ပြင်၍ မဖြစ်နိုင်တော့ချေ။ သူ ပြောလိုက်သည် “အိုက်ခေါင်းဆောင် … ကျွန်တော် သန့်စင်ထားတဲ့ ဆေးလုံး ဆယ်လုံးရှိတယ်။ ဆိုင်တာဝန်ခံမာ တစ်လုံးသောက်လိုက်ပြီ ဆိုတော့ ကိုးလုံးကျန်သေးတယ်။ အားလုံးကို လိုချင်တယ် ဆိုရင်တော့ တစ်သိန်းပေးရမယ်။”
သူ့တွင် စဦးပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအလုံး နှစ်ဆယ်ရှိသည်။
အားလုံးကို မရောင်းချခဲ့ရခြင်းမှာ သူ့အတွက် တစ်ချို့ကို သိမ်းဆည်းထားပြီး နောက်တစ်ကြိမ်တွင် ဈေးမြင့်တင် နိုင်သည် မဟုတ်လား။
အိုက်ရှန်ရီ သည် မြေပါ် လဲကျမလိုပင် ဖြစ်သွားရသည်။
ဤဆေးသည်သာ ကောင်းကင်မှ ငြင်းဆန်ရလောက်သည့် ဆေးလုံးဖြစ်မယ်မှန်းသိလျှင် သူ့အနေနှင့် ဆိုင်တာဝန်ခံမာအား တိုက်မိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ဤဆေးသည် အမြင့်ဆုံးဈေးနှင့် ရောင်းချနိုင်သည် မဟုတ်လား။
“ကောင်းပြီ”
အိုက်မိသားစု ခေါင်းဆောင်သည် တည့်တည့်ပဲ ပြောလိုက်သည် “ကျုပ်တို့ အိုက်ကလန် က ဆေးလုံးကိုးလုံးအတွက် ငွေတစ်သိန်းပေးမယ်။”
ကျွင်းချောင်ရှောင်းသည် ဆေးလုံးကိုးလုံးအား စားပွဲပေါ်တင်ပြီး ပြောလိုက်သည် “အိုက်ခေါင်းဆောင် ….. ငွေလွှဲစာချုပ်ပေးမှာလား၊ ဆေးပင်တွေ ပေးမှာလား”
အိုက်ရှန်းရီ ပြောလိုက်သည် “ကျုပ်တို့ အိုက်မိသားစု က စည်းမျဉ်းတွေအရ အလုပ်လုပ်တတ်တယ်။ ပစ္စည်းကို ပစ္စည်းနဲ့ ဘယ်တော့မှ မလဲဘူး။ ငွေလွှဲစာချုပ်နဲ့ ရှင်းပါမယ်”
ပြောပြီးသည့်နောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ ငွေလွှဲစာချုပ်အထူကြီးကို ထုတ်ယူကာ ပေးလိုက်သည်။
ချီးတဲ့မှ .. ဒီလောက်များတဲ့ ငွေလွှဲစာချုပ်တွေ ကိုင်ပြီး လျှောက်သွားနေတာလား။
ကျွင်းချောင်ရှောင်းသည် ငွေလွှဲစာချုပ်တွေအား မယူသေးဘဲ ပြောလိုက်သည် “အိုက်ခေါင်းဆောင် .. ကျွန်တော့်ရဲ့ ဆေးက ဒဏ်ရာတွေကို ပြန်ကောင်းစေတယ် ဆိုပေမဲ့ သိုင်းတပည့်နဲ့ စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတွေ အတွက်ပဲ အသုံးဝင်တယ်”
အိုက်ရှန်းရီ ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွား၏။
သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအား ဝယ်ယူ၍ ချင်းယန်တစ်နိုင်ငံလုံးတွင် ကြေညာ၍ ရောင်းချမည်ဟု စဉ်းစားခဲ့သည်။ ယခုလို သိုင်းတပည့် နှင့် စွမ်းအင်ဖွင့်ခြင်းအဆင့်တွေသာ သုံးနိုင်သည့်ဆေးဖြစ်နေလျှင် အကန့်အသတ်တစ်ခု ရှိနေမှာ သေချာသည်။
“ဒဏ်ရာတွေကို မြန်မြန်ပျောက်စေတာပဲ။ ဒါကတင် ကြောက်ဖို့ ကောင်းနေပြီ” အိုက်ရှန်းရီ ခဏလောက် စဉ်းစားပြီး ပြောလိုက်သည် “ရှန်းကီ .. စာချုပ်ယူခဲ့”
“ကောင်းပါပြီ”
အိုက်ရှန်းကီသည် စီးပွားရေး သဘောတူ အရောင်းအဝယ် စာချုပ်အား ယူဆောင်လာသည်။
စီးပွားရေးလုပ်ကိုင်သော မိသားစု ပီသစွာပဲ သူတို့သည် အရောင်းအဝယ်စာချုပ်ကိုပင် ပြင်ဆင်ထားကြ၏။
“ဂိုဏ်းချုပ်ကျွင်း …”
အိုက်ရှန်းရီသည် လေးလေးနက်နက် ပြောလိုက်သည် “ဒီကျန်တဲ့ ဆေးကိုးလုံးကလည်း ပထမတစ်လုံးလိုပဲ အာနိသင် ရှိမယ်လို့ ကျုပ်မျှော်လင့်မိတယ်။”
သူသည် အလိမ်ခံရမည်ကို စိုးရိမ်မိသည်။
ကျွင်းချောင်ရှောင်း ထိုင်ခုံအားမှီထိုင်ပြီး ပြောလိုက်၏ “မပူပါနဲ့။ အိုက်ခေါင်းဆောင် .. ကျုပ်က ဆေးလုံးကို လာရောင်းတာလေ။ လိမ်မှာ မဟုတ်ပါဘူး”
သူတိုနှစ်ယောက်သည် ကိုယ်စီ နာမည်နှင့် လက်မှတ်ကို ရေးထိုးလိုက်ကြပြီး အရောင်းအဝယ်ကို အဆုံးသတ်လိုက်သည်။ ကျွင်းချောင်ရှောင်းသည် သိုလှောင်လက်စွပ်ထဲသို့ ငွေလွှဲစာချုပ်တွေ ထည့်သိမ်းလိုက်၏။
သူသည် ပြန်လည်ကုစားခြင်းဆေးလုံး ဆယ်လုံးအတွက် ဆေးပင်များအား ငွေတစ်ရာလောက် ရင်းနှီးခဲ့ရသည်။ သို့ပေမဲ့ ပြန်ရောင်းချိန်မှာတော့ ငွေတစ်သိန်းရရှိခဲ့သည်။ အကျိုးအမြတ်က ကြမ်းတမ်းလွန်းလှ၏။
ကျွင်းချောင်ရှောင်း စတင်၍တွက်ချက်လိုက်သည်။ သူ့တွင် ဆေးပင်လုံလုံလောက်လောက် ရှိပါက ဆေးလုံးများအား အများအပြား ထုတ်လုပ်၍ ရောင်းချနိုင်သည်။ ထိုသို့ဆိုလျှင် သံမဏိအရိုးဂိုဏ်းအတွက် လုံလောက်သော ငွေအရင်းအမြစ် ရရှိလာမှာ ဖြစ်သည်။ သူ အင်ပါယာနန်းဆောင်ကိုပင် ဂိုဏ်းထဲ၌ တည်ဆောက်နိုင်လောက်သည်။
ဆေးလုံးအရောင်းအဝယ် ပြီးစီးသည့်နောက်မှာတော့ နှစ်ယောက်သားသည် အာပေါင်အာရင်း သန်သန်ဖြင့် စကားပြောဆိုနေကြသည်။
နှစ်နာရီလောက်ကြာတော့ အိုက်ရှန်းဖန်သည် ဆိုင်ထဲသို့ ဝင်လာသည် “ခေါင်းဆောင် .. ဂိုဏ်းချုပ်ကျွင်း လိုချင်တဲ့ ဆေးပင်တွေ အကုန်ပြင်ဆင်ပြီးပါပြီ”
ပြောပြီးသည့်နောက် သူသည် သာမာန်သိုလှောင်လက်စွပ်တစ်ကွင်းအား ထုတ်ပေးလိုက်သည်။
အိုက်ရှန်းရီသည် ပြုံး၍ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ကျေးဇူးပြုပြီး ပစ္စည်းတွေ စစ်ကြည့်ပါအုံး ..”
ဤကဲ့သို့သော သာမာန်သိုလှောင်လက်စွပ်မျိုးသည် ပိုင်ရှင်၏ အသိအမှတ်ပြုမှုကို မလိုအပ်ချေ။ ထို့ကြောင့် မည်သူမဆို အတွင်းရှိ ပစ္စည်းများအား ကြည့်ရှုနိုင်သည်။ ကျွင်းချောင်ရှောင်းသည် အတွင်းရှိ ဆေးပင်များအား ရေတွက်လိုက်သည် “ဆေးပင်တွေရဲ့ အရည်အသွေးက မဆိုးဘူး။ အိုက်ခေါင်းဆောင် .. ကျေးဇူးပြုပြီး ဈေးနှုန်း ပြောပါ”
“ဂိုဏ်းချုပ်ကျွင်း ..ဆယ်သိန်းပါ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လက်ကို ဝေ့ယမ်းပြီး ရွှေတစ်သိန်းအား သိုလှောင်လက်စွပ်ထဲမှ ထုတ်ပေးလိုက်သည်။ ဧည့်ခန်းထဲတွင် ရွှေပုံလေး တစ်ပုံ ပေါ်လာသည်။
ရွှေတွေသည် တန်ဖိုးကြီးသည် ဆိုသော်လည်း လက်ရှိ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အသုံးပြုရာ၌ ငွေနှင့် ငွေလွှဲစာချုပ်များကိုသာ အဓိက ထားသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် အိုက်မိသားစု ဆီမှ ရရှိထားသော ငွေလွှဲစာချုပ်များအား ထုတ်မသုံးခဲ့ချေ။
အိုက်မိသားစု ခေါင်းဆောင်သည် လက်မထောင်ပြကာ ပြောလိုက်သည် “ရွှေတစ်သိန်းလား။ ဂိုဏ်းချုပ်ကျွင်းက အသုံးအဖြုှန်း ကြမ်းတာပဲ”
ပြောပြီးသည့်နောက် သူသည် အိုက်ရှန်းကီ အား ကြည့်လိုက်သည်။ တစ်ဖက်လူသည် စာချုပ် နောက်တစ်စောင် အား ထုတ်ယူလိုက်သည်။ ပြီးနောက် အားလုံးက စာချုပ်တွင် လက်မှတ် ရေးထိုးလိုက်ကြပြန်သည်။
စာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် စနစ်မှ သတိပေးချက်များ ကို ကြားလိုက်ရသည်။
“ဒင် … ဖုံးကွယ်ထားသော တာဝန် .. [ရွှေတစ်ထောင် အသုံးပြုခြင်း] ပြည့်စုံသည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၂၀ ရရှိသည်။”
“ဒင် … ဖုံးကွယ်ထားသော တာဝန် .. [ရွှေတစ်သောင်း အသုံးပြုခြင်း] ပြည့်စုံသည့်အတွက် ဂိုဏ်းစုဆောင်းမှတ် ၅၀ ရရှိသည်။”
ဒင် ..
ဂိုဏ်းစုဆောင်းမှတ် ၂၄၅ / ၅၀၀။
ရွှေသုံးတာကလည်း ဖုံးကွယ်ထားတဲ့ တာဝန်လား။
“ဒင် … ဖုံးကွယ်ထားသော တာဝန် .. [ရွှေတစ်သိန်း အသုံးပြုခြင်း] ပြည့်စုံသည့်အတွက်ဆုလာဘ်ရရှိသည်။ ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးလုံးအား ဝယ်ယူခွင့် ရရှိသည်။”
ကျွင်းချောင်ရှောင်း မြန်မြန်ပဲ စနစ်ကို ဖွင့်၍ ဝင်ကြည့်လိုက်သည်။ စတိုးထဲတွင်တော့ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည် တည်ရှိနေ၏။
သူ အသေးစိတ်အား သေချာဖတ်ကြည့်လိုက်သည်။
ပစ္စည်း - ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်။
အစွမ်းသက်ရောက်မှု - စိတ်ဝိညာဉ်အမြစ်၏ အရည်အသွေးကို နောက်တစ်ဆင့်သို့ မြင့်တင်ပေးနိုင်သည်။ မှတ်ချက် - အလယ်အလတ် စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်သူများသာ အသုံးပြုနိုင်သည်။
အစွမ်းသက်ရောက်မှု - တစ်သက်တာ။
ဈေးနှုန်း - ဂိုဏ်းစုဆောင်းမှတ် ၅၀။
အလယ်အလတ်စား စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သူသာ အသုံးပြုနိုင်သည် ဆိုသော အချက်ကို မြင်တော့ ကျွင်းချောင်ရှောင်း အားရပါးရ ထရယ်လိုက်မိသည်။ အိုက်မိသားစု အကြီးအကဲသုံးယောက်တို့သည် ရုတ်တရက်ကြီး ကြောင်တောင်တောင် နှင့် ထရယ်လာသော ကျွင်းချောင်ရှောင်းအား ကြည့်၍ အံ့အားသင့်မိနေကြ၏။
ဘာတွေဖြစ်နေတာလဲ။
သုံးယောက်လုံး ဆွံ့အနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “အိုက်အကြီးအကဲ တို့ . ကျွန်တော် အရင်သွားလိုက်ပါအုံးမယ်။”
“ကျေးဇူးပြု၍ ကြွပါ။”
အိုက်ရှန်းရီ နှင့် အကြီးအကဲနှစ်ယောက်တို့သည် မြန်မြန်ပဲ လိုက်ပို့လိုက်ကြသည်။
“ထွက်လာပြီ။ ထွက်လာပြီ”
ဆေးဆိုင်အပြင်ဘက်မှာတော့ လူများနှင့် စည်ကားလျက် ရှိသည်။
သူတို့သည် သံမဏိအရိုးဂိုဏ်းခေါင်းဆောင် နှင့် အိုက်မိသားစု အကြီးအကဲတို့ကြား ပဋိပက္ခကို ကြည့်ချင်သောကြောင့် လေးနာရီတိတိ ဇွဲကောင်းကောင်းဖြင့် စောင့်နေကြခြင်း ဖြစ်၏။
သို့ပေမဲ့ အိုက်မိသားစုအကြီးအကဲများသည် ကျွင်းချောင်ရှောင်းအား အပြုံးနှင့် လိုက်ပို့နေကြောင်း မြင်လိုက်ရချိန်မှာတော့ အားလုံး ဆွံ့အသွားမိကြသည်။
တစ်ဖက်လူသည် ဆေးဆိုင်တွင် ပြဿနာလာရှာခဲ့သည်။ ထိုအရာကို ပြုံး၍ပင် ပြန်လိုက်ပို့နေကြသေး၏။ အံ့အားသင့်ဖွယ်ရာပင်။
“နှုတ်ဆက်ပါတယ် အကြီးအကဲတို့ …”
“ဘေးကင်းပါစေ ဂိုဏ်းချုပ်ကျွင်း..”
အားလုံး၏ အူကြောင်ကြောင် အကြည့်အောက်မှာပဲ ကျွင်းချောင်ရှောင်းသည် ထွက်ခွာသွားသည်။
…
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အား အသုံးပြု၍ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးလုံးအား ဝယ်ယူခဲ့သည်။ ဆေးအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်သည်။”
“ဒင် .. ဂိုဏ်းစုဆောင်းမှတ် - ၁၉၅ / ၅၀၀။”
မြို့မှ ထွက်ခွာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပင်ကိုယ်စွမ်းရည်ပြောင်းလဲခြင်း ဆေးရည်အား တစ်ခါတည်းသောက်လိုက်သည်။
“ဒင် .. လက်ခံသူ၏ စိတ်ဝိညာဉ်အမြစ် အရည်အသွေး ပြောင်းလဲခဲ့သည်။”
“ဒင် - လက်ခံသူသည် သိုင်းတပည့် အဆင့်ခုနှစ် သို့ ရောက်ရှိခဲ့သည်။”
အလယ်အလတ် စိတ်ဝိညာဉ်အမြစ်မှသည် အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်အဖြစ် ပြောင်းလဲပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ကျင့်ကြံခြင်းသည် နောက်တစ်ဆင့်သို့ တိုးတက်သွားသည်။
စိတ်ဝိညာဉ်အမြစ် အဆင့်မြင့်လာသည်နှင့် လောကကြီးရှိ စိတ်ဝိညာဉ်စွမ်းအင်များအား စုပ်ယူနိုင်မှုတွင် ပိုမို၍ တိုးတက်လာခဲ့သည်။ သူ လမ်းလျှောက်နေတုန်းမှာပဲ စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ဆီ တိုးဝင်လာနေသည်ဟု ခံစားမိ၏။
အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်သော လီချင်းယန် အား အဘယ့်ကြောင့် ပါရမီရှင်ဟု သတ်မှတ် ခေါ်ဆိုရသနည်း ဆိုသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်း နားလည်သွားသည်။
“အံ့အားသင့်စရာပဲ”
ပို၍ အံ့အားသင့်စရာ ရှိနေသေးသည်။ သူသည် ဂိုဏ်းဆီ ပြန်လာသော လမ်းမှာတင် သိစိတ်အား ဆေးလုံးသန့်စင်ဆောင် ဆီ ပို့ဆောင်၍ ဆေးလုံးလေးမျိုးအား သန့်စင်တော့သည်။