အခန်း (၉၈)
Vol. 7 Ch. 98
ဂိုဏ်း၏ သိုင်းပညာအဖြစ် လိုက်ဖက်ညီသွားပြီလား။
ကျွင်းချောင်ရှောင်း စိတ်လှုပ်တရှားဖြင့် စနစ်အား ဖွင့်ကြည့်လိုက်သည်။
ဂိုဏ်းနာမည် - သံမဏိအရိုးဂိုဏ်း ။
ဂိုဏ်းချုပ် - ကျွင်းချောင်ရှောင်း။
ဂိုဏ်းအဆင့် - အဆင့်ကိုး။
ဂိုဏ်းအဆောက်အအုံ - အဆင့်နှစ်။
ဂိုဏ်းလုပ်ဆောင်မှု - ဆေးသန့်စင်ဆောင်။
ဂိုဏ်းကျင့်ကြံခြင်းနည်းစနစ် - ရီကျင့်ကျင်း [နတ်ဘုရားအဆင့်]၊ လခြမ်းဓားကွက် [အလယ်အလတ် အဆင့်]
ဂိုဏ်းအဖွဲ့ဝင် - ၁၀၂ / ၅၀၀။
ဂိုဏ်းစုဆောင်းမှတ် - ၁၇၇ / ၅၀၀။
ဂိုဏ်းအောင်မြင်မှု အမှတ် - ၀ / ၅၀၀။
ဂိုဏ်းတာဝန် - ၀ ။
ဂိုဏ်းအဓိက တာဝန် - နှစ်တစ်ရာအတွင်း …. ။
….
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “ဒီသိုင်းနည်းစနစ်ကို တပည့်တွေ လေ့ကျင့်လို့ရတယ်လို့ ဆိုလိုတာလား။”
ပြောနေတုန်းမှာပဲ သူသည် ဂိုဏ်း၏ သိုင်းနည်းစနစ် ဖြစ်သော လခြမ်းဓားကွက် အား မိတ္တု ၁၀၀၀ ကူးလိုက်သည်။
“ဒင် .. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ဆယ်မှတ်အား အသုံးပြု၍ လခြမ်းဓားကွက် အား မိတ္တုဆွဲလိုက်လိုက်သည်။ ပစ္စည်းအား သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်လိုက်သည်။”
ကျွင်းချောင်ရှောင်းသည် စာအုပ်ကို ထုတ်ယူ၍ ဖတ်ကြည့်လိုက်သည် “ဒါက နားလည်ဖို့ လွယ်ကူတာပဲ”
ပြောနေတုန်းမှာပဲ သူသည် လျှို့ဝှက်နည်းစနစ်အတိုင်း သူ၏ စွမ်းအင်များအား လှည့်ပတ်ကြည့်လိုက်သည်။ ဆယ်မိနစ် မကြာခင်မှာပဲ သူ၏ လက်ဝါးတွင် စိတ်ဝိညာဉ်စွမ်းအင် အားအင်တစ်ခု စုဝေးလာသည်ကို ခံစားမိလိုက်၏။
အဓိက ဟောခန်းထဲမှ ထွက်၍ သိုင်းလေ့ကျင့်ခြင်းကွင်းပြင်၌ ရပ်ကာ သူ၏ လက်များအား လေထဲသို့ ဝေ့ယမ်းလိုက်သည်။
ရွှီး …။
စိတ်ဝိညာဉ်စွမ်းအင်များသည် လက်ဝါးဆီမှ ထွက်ပေါ်လာပြီးနောက် လခြမ်းပုံစံ အလင်းတန်းတစ်ခု အဖြစ် အသွင်ပြောင်းကာ လွန်ခဲ့သော ရက်အနည်းငယ် က ကွင်းပြင်တွင် ထောင်ထားသည့် တိုင်အား ထိမှန်သွားစေသည်။
ဘန်း …။
သစ်သားတိုင်သည် နေရာမှာပဲ ပေါက်ကွဲထွက်သွားသည်။ အနားတွင် ရှိနေသော တပည့်များသည် အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ကြ၏။
“ကောင်းကင်ဘုံ …..” စုရှောင်မို သည် ပါးစပ် အဟောင်းသားနှင့် အံ့အားတသင့်ပြောလိုက်သည် “ဂိုဏ်းချုပ် .. ဒါက ဘယ်လို တိုက်ကွက်မျိုးလဲ”
ကျွင်းချောင်ရှောင်း လက်ခုပ်တီးကာ ပြောလိုက်သည် “လခြမ်းဓားကွက်လေ။ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှု တစ်ခုပဲ”
“စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုလား။” စုရှောင်မိုသည် ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားသည်။
သူ၏ နားလည်မှုအရဆိုလျှင် စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုများသည် ဈေးကွက်တွင် အလွန်ရှားပါးသည့် တိုက်ကွက်မျိုးဖြစ်သလို အလွန်လည်း ဈေးကြီးလွန်းလှ၏။
“ဒီမှာ ….”
ကျွင်းချောင်ရှောင်းသည် လခြမ်းဓားကွက် စာအုပ်အား ပစ်ပေးပြီး စုရှောင်မို၏ ပခုံအား အသာပုတ်ကာ ပြောလိုက်သည် “ယူပြီး သေချာလေ့ကျင့်။ ဒါကိုမှ မလေ့ကျင့်နိုင်ရင် ကိုယ့်မရီဒန်တွေကို ကိုယ်ဖျက်ဆီးပြီး ဒိုးလိုက်တော့”
ပြောပြီးသည့်နောက် သူသည် အသာလှည့်ပြီး အဓိက ဟောခန်းဆီ ပြန်သွားလိုက်၏။
စုရှောင်မိုသည် စာအုပ်အား ယူကြည့်လိုက်တော့ မျက်နှာဖုံးတွင် လခြမ်းဓားကွက်ဟု ရေးသားထားသည်ကို မြင်လိုက်ရသည်။ သူ၏ မျက်လုံးများသည် တောက်ပသွားသည် “ကျွန်တော် ကျိန်းသေပေါက် အောင်မြင်အောင် လေ့ကျင့်ပါမယ်”
အဓိက ဟောခန်းဆီ ပြန်လာပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လုချင်းချင်း ၊ လီချင်းယန် နှင့် ထျန်းချီ တို့အား ခေါ်ဆောင်ကာ မိတ္တုတစ်အုပ်စီ ပေးလိုက်သည်။
“စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစား တိုက်ခိုက်မှုလား”
“ကောင်းကင်ဘုံ .. ဒါက ရှာဖို့ ခက်လွန်းတယ်”
“ဂိုဏ်းချုပ်က ကျွန်တော်တို့အတွက် ကောင်းလွန်းတယ်”
လုချင်းချင်းသည် အလယ်အလတ်အဆင့် သိုင်းနည်းစနစ် ဆိုသည့် စာကို မြင်တော့ ကျင့်ကြံဖို့ အစီအစဉ် မရှိတော့ပေ။ သို့ပေမဲ့ စာအုပ်များ ဖွင့်ကြည့်လိုက်တော့ ကျင့်စဉ်၏ မန္တာန်သည် နားလည်ရလွယ်ကူနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် စမ်းသပ် လေ့ကျင့်ကြည့်ရန် သူမ ဆုံးဖြတ်လိုက်၏။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ပိုမို၍ ကြိုးစား ကျင့်ကြံလာကြသည်။ အဘယ့်ကြောင့် ဆိုသော် သိုင်းတပည့်အဆင့်သို့ တက်ရောက်နိုင်သော မည်သူ့ကိုမဆို လခြမ်းဓားကွက် ပေးမည်ဟု ကြေညာခဲ့သောကြောင့် ဖြစ်သည်။
အလုပ်ကြိုးစားလျှင် သူတို့အတွက် အခွင့်အရေးသည် ရှေ့မှ စောင့်လျက်ရှိသည်။
သံမဏိအရိုးဂိုဏ်းတပည့်များသည် ပိုမို၍ ကြိုးစားလာကြသည်နှင့်အမျှ သူတို့၏ အားအင်သည်လည်း နေ့တိုင်းလိုပဲ ပိုမို၍ အားတွေ တိုးလာကြ၏။
တစ်ကိုယ်တော် ဓားသမား မာရုံနင်ကိုတော့ ငါးရက်ကြာပြီးနောက်တွင် အချုပ်ထဲမှ လွှတ်ပေးလိုက်သည်။ သို့ပေမဲ့ မာရုံနင်သည် ကုတ်ဖြင့် ကော်ထုတ်လျှင်တောင်မှ ဂိုဏ်းမှ မသွားဟု ခေါင်းမာမာဖြင့် ငြင်းဆန်လျက်ရှိသည်။
အဘယ့်ကြောင့် ထွက်မသွားချင်ရသနည်း။
အဘယ့်ကြောင့်ဆိုသော် ရက်အနည်းငယ်လောက် သံမဏိအရိုးဂိုဏ်းတွင် ချုပ်နှောင်ခံရပြီးနောက်မှာတော့ လျှိုဝမ်ရှစ်၏ အချက်အပြုတ် လက်ရာအား သူ စွဲလန်းသွားခဲ့သည်။ သူသည် စားသောက်ခန်း လှေကားထစ်တွင် ဆောင့်ကြောင့်ထိုင်၍ သနားညှာတာပေးရန် တောင်းဆိုလျက်ရှိ၏။
“နည်းနည်းပိုပြီး အရှက်ရှိလို့မရဘူးလား” ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
မာရုံနင်သည် မြေပေါ် လှဲနေပြီး အရှက်ဆိုသည်မှာ မွေးကတည်းက ပါမလာသော ပုံစံမျိုးနှင့် ပြန်ကြည့်ကာ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း … ကျုပ်တို့ရန်ငြိုးတွေကို ဖယ်ရှားလိုက်ရအောင်။ ကျုပ်ဒီမှာ နေရပြီး မိန်းကလေးလျှို ရဲ့ အစားအသောက်တွေကို စားရမယ်ဆိုရင် ဘာမဆို လုပ်မယ်”
ကျွင်းချောင်ရှောင်း “……”
ချီးတဲ့မှ .. စောစောကတည်းကသာ သိရင် ဘာတစ်ခုမှ မကျွေးဘဲ အငတ်ထားပါတယ်။
“ဂိုဏ်းချုပ် ….” လျှိုဝမ်ရှစ်သည် မျက်လုံးတွေ ပေကလပ် ပေကလပ် လုပ်ကာ ပြောလိုက်သည် “စားသောက်ခန်း မှာ ပန်းကန်တွေ ဆေးဖို့ လူလိုနေတယ်။ သူ့ကို ဒီမှာနေခိုင်းပြီး ဟိုခိုင်းဒီခိုင်း လုပ်လို့မရဘူးလား”
“ရတယ်”
မာရုံနင် ချက်ချင်းပဲ မတ်တပ်ထရပ်လာသည်။ ပြီးနောက် သူ၏ ကြမ်းတမ်းလွန်းသော လက်များအား ဖြန့်ပြပြီး ပြောလိုက်သည် “ဒီလက်တွေက ပန်းကန်ဆေးဖို့ မွေးဖွားလာတာပဲ”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “တုတု က စားသောက်ခန်းထဲမှာ အလုပ်အရမ်းများတာပဲ။ ဒီတော့ အကူအညီပေးမယ့်သူ ရှိရင် ပိုကောင်းမယ်”
“ရှောင်မို …”
“ဟုတ်ကဲ့ …”
“လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်ကို သွားခေါ်ပြီး ဒီမှာ ဟိုဒီခိုင်းလိုက်။ သူတို့ မလုပ်ချင်ဘူးဆိုရင် တစ်ခုပဲရှိတယ်။ ပက်ပက်စက်စက် ရိုက်တာပဲ”
“ကောင်းပါပြီ”
စုရှောင်မို သည် အကျဉ်းထောင်ဆီသို့ သွားလိုက်သည်။ သူ၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ရင်နေ၏ “ရိုက်ရမှာလား”
မကြာခင်မှာပဲ မာရုံနင် နှင့် လုပ်ကြံသတ်ဖြတ်သူ နှစ်ယောက်တို့သည် စားသောက်ခန်းထဲတွင် အလုပ်လုပ်လျက် ရှိသည်။ ထို့အပြင် သူတို့အားလုံးသည် လျှိုဝမ်ရှစ် အတွက် လိုလိုချင်ချင် နှင့် ကူညီနေကြခြင်း ဖြစ်သည်။ သူတို့လည်း လျှိုဝမ်ရှစ်၏ အချက်အပြုတ် လက်ရာအောက်တွင် ကျရှုံးနေကြပြီဖြစ်၏။
လူများအား ရက်ရက်စက်စက် သတ်ဖြတ်တတ်သူများသည် လက်ရှိအချိန်တွင်တော့ လျှိုဝမ်ရှစ်၏ လက်ရာကို ခေါင်းမဖော်တမ်း စားနိုင်ရန် ပန်းကန်ဆေးသည့်အလုပ်ကိုပင် မငြိုမငြင် လုပ်လျက်ရှိသည်။
….
တပည့်များသည် ပင်ပန်းကြီးစွာဖြင့် ကျင့်ကြံလျက် ရှိကြသည်။ ကျွင်းချောင်ရှောင်းသည် မိုးဆွေ အဆောက်အဦ အကြောင်း စတင် စဉ်းစားကြည့်လိုက်သည် “ငါ့ကိုသတ်ဖို့လာတဲ့ လူသတ်သမား သုံးယောက် ပြန်မလာတာ သိရင် တခြားသူတွေ ထပ်လွှတ်ဖို့ များတယ်”
အားလုံးကို သူ သွားသတ်လိုက်ရင် ကောင်းမလား။
မဖြစ်သေးဘူး။
လူသတ်သမားသုံးယောက်ကို သတ်ဖြတ်ပြီးချိန်တွင် အထူးတာဝန် အဖြစ် သူသည် ဂိုဏ်းစုဆောင်းမှတ်များအား ရရှိခဲ့သည်။ တစ်နေ့တစ်ခါ ရွှေဥ ဥပေးနေသော ငန်းအား ရိုက်သတ်၍ မဖြစ်သေးချေ။
စနစ်မှ ပြောလိုက်သည် “လက်ခံသူ အတွေးလွန်နေပါပြီ”
“တော်စမ်း”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ငါ အဲလောက်မှ တွေးမထားရင် ရက်စက်လှတဲ့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးမှာ ဘယ်လို ရှင်သန်ရမလဲ”
…..
သံမဏိအရိုးဂိုဏ်းတပည့်များသည် ကျင့်ကြံခြင်းအား နှစ်လိုလက်ရ ကျင့်ကြံလျက်ရှိသည်။
ကျွင်းချောင်ရှောင်းသည် အလကား မနေပေ။ သူသည် ကျင့်ကြံလိုက်၊ ကြွက်သားတည်ဆောက်ခြင်း အခန်းထဲ ဝင်လိုက်နှင့် သံသရာ လည်နေသည်။
ဤအတောအတွင်းတွင် ချင်းယန်နိုင်ငံ တွင်တော့ အုတ်အော်သောင်းနင်း ဖြစ်လျက်ရှိသည်။ ဟူရန်မြို့ရှိ အိုက်ကလန်သည် ဒဏ်ရာများအား ချက်ချင်း ပြန်လည်သက်သာစေနိုင်သော ဆေးလုံးအား လေလံပစ်မည် ဆိုသော သတင်းပေါက်ကြားလာသောကြောင့် ဖြစ်၏။
ကျင့်ကြံခြင်းလောကသည် ရက်စက်လွန်းလှသည်။ ထိုကဲ့သို့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးမျိုးကို ရရှိမည် ဆိုလျှင် ကျောက်ကပ်ထုတ်ရောင်း၍ ပေးရမည် ဆိုလျှင်ပင် ပေးမည့်သူများ တန်းစီ၍ ရှိနေပေသည်။
ထို့ကြောင့် ထွက်ပေါ်လာသော သတင်းနှင့် ပတ်သက်၍ ပထမဆုံး လှုပ်ရှားတက်ကြွလာသူများမှာ ကျင့်ကြံသူများ ဖြစ်သည်။
“သုံးရက်ကြာရင် အိုက်ကလန်က ဆေးလုံးကို လေလံပစ်လိမ့်မယ်။ ဆေးလုံးက ကိုးလုံးပဲ ရှိတယ်လို သတင်းကြားထားတယ်။”
“ငါတို့ သွားကြည့်ကြစို့”
အချိန်တိုအတွင်းမှာပဲ ချင်းယန်နိုင်ငံအနှံ့ရှိ ကျင့်ကြံသူများသည် ဟူရန်မြို့သို့ ဦးတည်လာလေတော့သည်။ ဆေးလုံးသည် ဆွဲဆောင်အားသည် မည်မျှကောင်းကြောင်း စည်ကား သိုက်မြိုက်နေပြီဖြစ်သော ဟူရန်မြို့ကို ကြည့်လျှင် သိနိုင်၏။
ဆေးလုံးနှင့် ပတ်သက်၍ တစ်ချို့သော လူများ သံသယ ဖြစ်နေသည်ကို အိုက်ကလန်က နားလည်သည်။ ထို့ကြောင့်ပင် နှစ်ပေါင်းများစွာ အိပ်ရာထဲ လဲနေသော စုန့်ကလန် သခင်လေးအား ဖိတ်ခေါ်ထားသည်။
“ချင်းယန်နိုင်ငံမှာ ရှောင်ကျီ ရဲ့ နောက် ဒုတိယ ချိတ်တဲ့ ရှားပါး ပါရမီရှင်က တောနက်ထဲမှာ သားရဲတစ်ကောင် ရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီး တစ်ကိုယ်လုံး ဒုက္ခိတလို ဖြစ်သွားတယ်။ ဒါက ရင်နာစရာပဲ”
“အိုက်ကလန် သူ့ကို ဖိတ်ခေါ်တာ ဆေးလုံးအစွမ်းကို ပြချင်လို့ ဖြစ်မယ်”
“စုန့်ကလန်ရဲ့ ဒုတိယ သခင်လေး က အိပ်ရာထဲ လဲနေတာ နှစ်တော်တော်ကြာပြီ။ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးလေး တစ်လုံးက သူ့ကို ပြန်ကောင်းလာစေပါ့မလား။”
အားလုံးက သေချာဆွေးနွေးနေမိကြသည်။
“အားလုံးပဲ …”
အိုက်ရှန်းရီသည် ရှေ့သို့ လျှောက်ထွက်လာပြီး ပြောလိုက်၏ “အိုက်ကလန်ရဲ့ဆေးလုံး က ဘယ်လောက်စွမ်းတယ် ဆိုတာ သက်သေပြဖို့ ကျုပ်တို့ စုန့်ကလန် ခေါင်းဆောင် နဲ့ သဘောတူညီမှု ယူထားတယ်။ စုန့်ကလန် ခေါင်းဆောင် က ဒီဆေးသာ သူ့သား ရောဂါကို ကုသပေးနိုင်ရင် ငွေသုံးသောင်း နဲ့ ဝယ်မယ်တဲ့။ အားလုံးပဲ ဆေးအစွမ်းကို မျက်မြင်ကြည့်ကြပါ”
ပြောပြီးသည့်နောက် သူသည် ဆေးလုံးအား စုန့်ကလန် ခေါင်းဆောင်ဆီ ကမ်းပေးလိုက်၏။
အားလုံးသည် သူ့အား လှည့်ကြည့်လိုက်ကြသည်။
စုန့်ကလန် ခေါင်းဆောင်သည် တုန်ရင်နေသော လက်ဖြင့် ဆေးလုံးကို လှမ်းယူလိုက်သည်။
“အဖေ …” ဘီးတပ်ကုလားထိုင်တွင် ထိုင်နေသောာ စုန့်ကလန် ၏ ဒုတိယ သခင်လေးသည် ဖြူရော်နေသော မျက်နှာဖြင့် ပြောလိုက်၏ “သား သောက်လိုက်မယ်။ အဆိပ်ဖြစ်နေမယ် ဆိုရင်တောင်မှ ကိစ္စမရှိဘူး”
ရှောင်ကျီ နောက်မှ ဒုတိယလိုက်သော ပါရမီရှင် တစ်ယောက်အနေနှင့် အိပ်ရာထဲ လှဲနေရသော ဘဝမျိုးသို့ ရောက်ရှိခဲ့ရခြင်းမှာ သူ၏ မျှော်လင့်ချက်များအားလုံး ရေစုန်မျောသွားသည်ဟု သတ်မှတ်ရမည်။ သူသာ အနည်းငယ်လောက် လှုပ်ရှားနိုင်လျှင် မိမိကိုယ်ကိုယ် သတ်သေပစ်ဖို့ပင်တွေးထားမိသည်။
စုန့်ကလန်ခေါင်းဆောင်သည် ရှေ့သို့ တိုးလာပြီး ဆေးလုံးအား သူ့သား ပါးစပ်ထဲ ခွံလိုက်သည်။ ဖြစ်ပေါ်လာမည့် ကံကြမ္မာကို မျှော်လင့်ရင်း သူ၏ မျက်နှာပေါ်တွင် မျက်ရည်များက စီးကျလာ၏။
ဆေးလုံးသောက်ပြီးနောက်မှာတော့ စုန့်ကလန် ဒုတိယ သခင်လေး၏ လက်များသည် အနည်းငယ် တုန်ခါလာသည်။ ပြီးနောက် အားလုံး၏ အကြည့်အောက်မှာပဲ သူသည် အတင်းရုန်းကန်၍ မတ်တပ်ထရပ်လာတော့သည်။