အခန်း (၉၉)
Vol. 7 Ch. 99
“ကျွန်တော် မတ်တပ်ရပ်နေပြီ”
“အဖေ.. ကျွန်တော် မတ်တပ်ရပ်နေပြီ။ ရပ်နေပြီ”
စုန့်ကလန် ဒုတိယသခင်လေး၏ အသံသည် အလွန်အမင်း အံ့အားသင့်မှုတွေနှင့် ပြည့်နှက်နေသည်။ သူ၏ မျက်လုံးထဲမှ မျက်ရည်များသည် စီးကျလျက်ရှိပြီး သူ၏ ခြေထောက်များသည်လည်း တုန်ခါနေသည်။ သူသည် ဘေးတစ်ဖက်မှ ဖေးမသူ မရှိဘဲ ဤကဲ့သို့ မတ်တပ်ရပ်နိုင်ရန် တောင့်တ မျှော်လင့်ခဲ့ရသည်။
သုံးနှစ် ..
ထိုသုံးနှစ်သည် ရက်တစ်ထောင်ကျော် ကြာမြင့်ခဲ့သည်။ ဤအတောအတွင်း သူသည် အိပ်ရာထဲ၌ တနေကုန် လှဲနေခဲ့ရသည်။ သေသည်ထက်ပင် ဆိုးရွားသော ခံစားချက်မျိုးပင် ဖြစ်၏။
ယနေ့မှာတော့ စုန့်ကလန် ဒုတိယ သခင်လေးသည် မတ်တပ်ထရပ်လာသည်။ သူသည် ကမ္မာမြေကြီး၏ ဆွဲငင်အားကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ကို သူ ပိုင်ဆိုင်သည်ဟု ခံစားသက်ဝင်မိသည်။
ပို၍ စိတ်လှုပ်ရှားစရာကောင်းသည်မှာ သူ၏ မရီဒန်များသည် ပြန်လည်ချိတ်ဆက်သွားခဲ့ပြီး သူ၏ ကျင့်ကြံခြင်းသည်လည်း ယခင်တုန်းကအတိုင်း အဆင့်ခုနှစ် စွမ်းအင်ဖွင့်ခြင်းအဆင့်သို့ ပြန်ရောက်နေ၏။
သူသည် လက်သီးကို ဆုပ်လိုက်တော့ လက်ကောက်ဝတ်တွင် အလင်းတန်း ခုနှစ်ခု ပေါ်လာသည်။
နှလုံးသားထဲတွင် ဖြစ်ပေါ်လာသော ခံစားချက်အစုံအား မထိန်းချုပ်နိုင်တော့သောကြောင့် စုန့်ကလန် ဒုတိယ သခင်လေးသည် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့၏။။
ယောကျာ်းတစ်ယောက် အတွက် မျက်ရည်ကျရသည်မှာ လွယ်ကူလှသည်မဟုတ်ပေ။ အလွန်အမင်း စိတ်လှုပ်ရှားသည့် အချိန်အခါမျိုးမှာသာ မျက်ရည်ကျသည် မဟုတ်လား။
သူ၏ သား မတ်တပ်ထရပ်သည်ကို မြင်တော့ စုန့်ကလန် ခေါင်းဆောင်၏ လက်များသည် တဆတ်ဆတ် ဖြင့် တုန်ခါနေပြီး မျက်လုံးထဲတွင်လည်း မျက်ရည်များပြည့်လာသည်။
လေလံပွဲတွင် ရှိနေသော သိုင်းပညာရှင်များသည် မယုံကြည်နိုင်ဟန်ဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ တစ်ချို့သော ခံစားချက်နုသူများဆိုလျှင် စုန့်ကလန်၏ အဖြစ်အပျက်ကို ကြည့်ပြီး မျက်ရည်ပင် ဝိုင်းနေကြ၏။
အိပ်ရာထဲ သုံးနှစ်တိတိ လဲနေသော စုန့်ကလန်သခင်လေးသည် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးအား စားပြီးနောက်တွက် မတ်တပ်ထရပ်လာနိုင်ရုံတင် မကဘဲ ကျင့်ကြံခြင်းအဆင့်များလည်း ပြန်ရခဲ့သည်။ သူတို့၏ မျက်စိဖြင့်သာ မမြင်ရလျှင် ယုံကြည်နိုင်မည်တောင် မဟုတ်ချေ။
အိုက်ရှန်းရီ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
ပထမတုန်းက သူ ဆေးလုံး၏ အစွမ်းနှင့် ပတ်သက်၍ စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့သေးသည်။ သို့ပေမဲ့ ယခု စုန့်ကလန် ဒုတိယသခင်လေး ရဲ့ ဒဏ်ရာများ ပျောက်ကွယ်သွားသည်ကိုမြင်တော့ကျန်သော ဆေးလုံးရှစ်လုံး၏ အစွမ်းကိုလည်း သူ တထစ်ချ ယုံကြည်သွားမိ၏။
မဆိုးပေ။ အလွန်နာမည်ကြီးလာမည့် ဆေးလုံးဖြစ်သည်။
ကလန်နှင့် ဂိုဏ်းပေါင်းစုံတို့သည် ဤကောင်းကင်မှ ငြင်းဆန်ရသော ဆေးလုံးအား မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပြီ ဖြစ်သည်။ အားလုံး၏ မျက်စိထဲတွင် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
“အားလုံးပဲ ….”
အိုက်ရှန်းရီ သည် လေလံစင်မြင့်ပေါ် တက်၍ ကျယ်လောင်စွာ ပြောလိုက်သည် “အိုက်ကလန်ရထားတဲ့ ဆေးလုံးက သိုင်းတပည့် နဲ့ စွမ်းအင်ဖွင့်ခြင်းအဆင့် ကျင့်ကြံသူတွေသာ အသုံးပြုလို့ရတယ်။ အစွမ်းကိုတော့ အားလုံးမြင်ပြီးသားဖြစ်ပါလိမ့်မယ်။ဒီတော့ လေလံပွဲ စရအောင်”
သိုင်းတပည့် နှင့် စွမ်းအင်ဖွင့်ခြင်းအဆင့်သာ အသုံးပြုနိုင်သည်လား။
များပြားလှသော ကျင့်ကြံသူများသည် စိတ်ထဲတွင် အနှောက်အယှက်ဖြစ်သွားကြသည်။ သို့ပေမဲ့ သေချာတွေးကြည့်လိုက်တော့ ဒဏ်ရာအား ဤကဲ့သို့ လျှင်မြန်စွာ သက်သာစေနိုင်သော ဆေးလုံးသည် အကန့်အသတ် မရှိဘဲ လူတိုင်း သုံးနိုင်သည် ဆိုပါက သူတို့ ဝယ်ယူနိုင်မည့် ဆေးလုံးမျိုးလည်း မဟုတ်နိုင်တော့ချေ။
မည်သို့ပင် ဆိုစေကာမူ လက်ရှိ ဆေးလုံးအား သူတို့ရအောင် ဝယ်ယူရမည်။
ချမ်းသာသော ဂိုဏ်းနှင့် ကလန်များသည် စိတ်ဆုံးဖြတ်ထားကြ၏။
အိုက်ရှန်းရီသည် ကျယ်လောင်စွာ ထပ်ပြောလိုက်သည် “ဆေးလုံးရဲ့ စတည်ကြေးက ငွေတစ်သောင်းပါ”
“နှစ်သောင်း..”
“သုံးသောင်း …”
“သုံးသောင်းခွဲ …”
“လေးသောင်း …”
လေလံပွဲ စတင်ပြီးချင်းချင်းမှာပဲ ဂိုဏ်းနှင့် ကလန် အသီးသီးတို့သည် စတင်၍ အလုအယက် ဈေးပေးကြတော့၏။
ပိုက်ဆံမလုံလောက်သော ကျင့်ကြံသူများကတော့ သွားရည်တမြားမြားနှင့်သာ ကြည့်ရှုနေရတော့သည်။
…
အတော်ကြာသည့်နောက် ဆေးလုံးအား ငွေတစ်သိန်းဖြင့် စမ်းချောင်းခြောက်ခု ဂိုဏ်းမှ ရယူသွား၏။ မိုးထိအောင် မြင့်မားသော ဈေးနှုန်းဖြစ်သည်။
စုန့်မိသားစု ဒုတိယသားလိုပင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသော တပည့် ရှိနေသည့် ကျန်းရွှမ်ဂိုဏ်း ဆိုလျှင် ပိုက်ဆံမရှိသောကြောင့် စိတ်ဓာတ်ကျမိနေကြသည်။
လက်ရှိ လေလံပွဲသို့ လာရောက်ကြသည့် ဂိုဏ်းတော်တော်များများတွင် ဒဏ်ရာရထားကြသော တပည့်များသည် တစ်ယောက်မဟုတ်၊ နှစ်ယောက် ရှိနေကြ၏။
မူလအစစ်အမှန် ဂိုဏ်းမှ နောက်ထပ် ငွေတစ်သိန်းဖြင့် ဆေးအား ထပ်မံ ဝယ်ယူသွားချိန်မှာတော့ တော်တော်များများသည် သူတို့ မတတ်နိုင်သော အထူးပစ္စည်းအဖြစ် သက်ပြင်းတချချ ဖြင့်သာ ကြည့်နေရတော့သည်။
နောက်ဆုံးမှာတော့ ဆေးလုံး၏ နောက်ဆုံး ဈေးသည် တစ်သိန်း အဖြစ် တရားဝင် သတ်မှတ်လိုက်ရသည်။ စိတ်ဝိညာဉ်ကျောက်တုံး ဆယ့်နှစ်တုံး တန်ကြေးရှိသော ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး။ အလွန်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းသော ဈေးနှုန်း ဟု ဆိုရမည်။
သို့ပေမဲ့ လေလံပွဲ ပြီးဆုံးသည့်နောက်တွင် အရာအားလုံးသည် မပြီးဆုံးသွားပေ။ အိုက်ကလန်၏ လေလံတင်သော ဆေးလုံးသည် စုန့်ကလန် ဒုတိယသခင်လေးအား အလုံးစုံ ပျောက်ကင်းအောင် လုပ်ပေးနိုင်သည် ဆိုသော သတင်းမှာ ချင်းယန်နိုင်ငံတစ်ခုလုံးသို့ ပြန့်နှံ့သွားတော့သည်။
“တကယ်လား …”
“စုန့်ကလန် သခင်လေး က သုံးနှစ်လုံးလုံး အိပ်ရာထဲ လဲနေတာ။ နာမည်ကြီး သမားတော်တွေ ခေါ်ကုတာတောင် အသုံးမဝင်ခဲ့ဘူး။ အခု တကယ် ပျောက်သွားတာလား။ ကောလဟာလ ဖြစ်နေအုံးမယ်”
“ကျုပ် ကိုယ်တိုင် မြို့ထဲ သွားကြည့်ခဲ့တာ။ စုန့်ကလန်ဒုတိယ သခင်လေး က မြို့ထဲ လမ်းသလားနေတာ။ သူ့ကို ကြည့်ရတာ သုံးနှစ်လုံး အိပ်ရာထဲ လဲခဲ့တဲ့ သူလို့တောင် မထင်ရဘူး”
စုန့်ကလန် ဒုတိယသခင်လေး ၏ ပြန်ကောင်းမှုကို သံသယ ဝင်နေသူများသည် မကြာမီမှာပဲ ဆေးလုံးအစွမ်းအား ယုံကြည်သွားကြသည်။ အဘယ့်ကြောင့်ဆိုသော် စမ်းချောင်းခြောက်ခု ဂိုဏ်းမှ ဒဏ်ရာရ တပည့်သည် တောင်အောက်သို့ ဆင်းလာပြီး ဟူရန်မြို့၌ ချောင်းချောင်းပြေး သောက်ကမြင်းကျော ထသွားသောကြောင့် ဖြစ်သည်။
ဤသို့နှင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး အစွမ်းသည် ကျော်ကြားသွားတော့သည်။ တစ်ချို့သော ဒဏ်ရာပြင်း လူနာရှိသော ဂိုဏ်းနှင့် ကလန်များသည် အိုက်ကလန်၏ နောက်တစ်ကြိမ် လေလံပွဲအား မှီရန် ဟူရန်မြို့သို့ လာရောက် တည်းခို နေထိုင်နေကြ၏။
သို့ပေမဲ့ အိုက်ကလန်မှ လောလောဆယ် လေလံပွဲ ဆက်လုပ်ရန် မရှိကြောင်း ကြေညာသည်ကို ကြားတော့ အားလုံး စိတ်ပျက်လက်ပျက် ဖြစ်မိသွားကြသည်။ သို့ပေမဲ့ ဟူရန်မြို့တွင် နေထိုင်ပြီး လေလံပွဲအား စောင့်မည့် ကိစ္စကိုတော့ လက်မလျော့ကြချေ။
ထို့အပြင် မည်သူကမှ အိုက်ကလန်ဆီသွား၍ ဆေးလုံးလုယက်ရန် မစဉ်းစားကြချေ။
အိုက်ကလန်သည် ကျင့်ကြံခြင်းမိသားစု ၊ ဂိုဏ်းများနှင့် အဆက်အသွယ် အလွန်ကောင်းသော ကလန်တစ်ခုဖြစ်သည်။ မည်သူကမှ ကျင့်ကြံခြင်းလောက၏ ဘုံရန်သူ မဖြစ်ချင်ကြပေ။
……..
“ဂိုဏ်းချုပ် …”
တစ်နေ့မှာတော့ စုရှောင်မို ရောက်လာပြီး သတင်းပို့သည် “အိုက်မိသားစု ခေါင်းဆောင် လာတွေ့ပါတယ်”
ကျင့်ကြံလျက်ရှိသော ကျွင်းချောင်ရှောင်းသည် မျက်စိပွင့်လာပြီး ပြုံး၍ ပြောလိုက်သည် “ဧည့်ခန်းထဲ ဖိတ်ခေါ်လိုက်”
“ကောင်းပါပြီ”
စုရှောင်မို ထွက်ခွာသွားသည်။
ကျွင်းချောင်ရှောင်းသည် အကျင့်အတိုင်း သူ၏ နှာခေါင်းအား ကုတ်၍ ပြောလိုက်သည် “အိုက်ကလန် ခေါင်းဆောင် က ဆေးလုံးကို ရောင်းပြီးသွားပုံပဲ”
အိုက်ရှန်းရီ လိုက်လာလိမ့်မည်ဟု သူ တွက်ချက်ထားပြီးဖြစ်သည်။ သို့ပေမဲ့ ဤမျှ မြန်ဆန်မည်ဟုတော့ မထင်မှတ်မိချေ။
…..
ဂိုဏ်း၏ အဓိက ဟောခန်းထဲမှာတော့ …
ကျွင်းချောင်ရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်၏ “အိုက်ခေါင်းဆောင် လာလည်တာလား။”
ဂိုဏ်းတစ်ခုဟု ဂိုဏ်းချုပ်ဖြစ်သည်မို့ သူသည် ဧည့်သည်အား သေချာ ကြိုဆိုရသည်။ ထို့အပြင် ဧည့်သည် သည် စီးပွားဖက် တစ်ယောက် မဟုတ်လား။
အိုက်ရှန်းရီ မတ်တပ်ထရပ်ပြီး နှုတ်ဆက်လိုက်၏ “မမြင်ရတာ ရက်အနည်းငယ်ပဲ ရှိသေးတယ် ဆိုပေမဲ့ ဂိုဏ်းချုပ်ကျွင်း တော်တော် တိုးတက်လာတာပဲ”
လောကွတ်ပြုပြီးနောက် သူသည် လိုရင်းကို ဦးတည်ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ဆေးလုံးကိုးလုံးကို ရောင်းချပြီးပြီ”
“ဘယ်လောက်ရလဲ”
“ရှစ်သိန်းငါးသောင်းကျော် ရပါတယ်”
ကျွင်းချောင်ရှောင်း ၏ မျက်နှာသည် တည်ငြိမ်နေသည်။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင်တော့ ကမ္ဘာပျက်လျက် ရှိ၏။ သူသည် ဦးနှောက် မြည်းကန်ခံရသော အရူးတစ်ယောက်လိုပင် ဆေးလုံးကိုးလုံးအတွက် ငွေတစ်သိန်းသာ တောင်းဆိုခဲ့သည်။
“ဂိုဏ်းချုပ်ကျွင်း ..”
အိုက်ရှန်းရီသည် ငွေလွှဲစာချုပ် တစ်ချို့အား စားပွဲပေါ်တင်ကာ ပြုံးလိုက်သည် “ငွေ နှစ်သိန်းပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
သူသည် စီးပွားရေး သမား ပီသလှသည်။
ကျွင်းချောင်ရှောင်းသည် ငွေလွှဲစာချုပ်အား သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလိုက်သည် ။ပြီးနောက် ပြုံးကာ ပြောလိုက်၏ “ကျွန်တော် ရေရှည်စီးပွားဖက်ကို ရွေးချယ်တာ မမှားခဲ့ဘူးပဲ”
ရေရှည် စီးပွားဖက် .. ။
အိုက်ရှန်းရီ ပျော်သွာသည် “ဂိုဏ်းချုပ်ကျွင်း .. ဆေးလုံးတွေ ရှိသေးပါသလား”
ကျွင်းချောင်ရှောင်း မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ဒီကိစ္စကြောင့်ပဲ အိုက်ခေါင်းဆောင် လာခဲ့တာပေါ့”
“အဲ …”
အိုက်ခေါင်းဆောင် ရှက်ရွံ့သွားမိသည်။ သို့ပေမဲ့ သူသည် လက်သီးဆုပ်ကာ ပြောလိုက်သည် “အိုက်ကလန် အနေနဲ့ ဂိုဏ်းချုပ်ကျွင်းရဲ့ ယုံကြည်မှုကို ရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်”
စီးပွားရေးသမား တစ်ယောက် အတွက် ငွေသည် အရေးအကြီးဆုံး ဖြစ်သည်။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးသည် ငွေတွင်းကြီးဖြစ်၏။ ထို့ကြောင့် သူသည် ဂိုဏ်းချုပ်ကျွင်းအား ဖားထားရမည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “အိုက်ခေါင်းဆောင် စကားက လေးနက်လွန်းတယ်။ ကျွန်တော် တို့က အခု ယုံကြည်လေးစားရတဲ့ စီးပွားဖက်တွေ ဖြစ်နေပြီမဟုတ်လား။”
သူသည် ဆေးပုလင်းအား စားပွဲပေါ်တင်ပြီး ပြောလိုက်သည် “ဒီမှာ ဆေးလုံးဆယ်လုံး … အိုက်ခေါင်းဆောင် ကြိုက်သလိုရောင်းပြီး ကျွန်တော့်ကို အဆင်ပြေသလို ဈေးပေးပါ”
“ငွေဆယ်သိန်း …” အိုက်ရှန်းရီ တည့်တည့်ပဲ ပြောလိုက်သည်။
ကျွင်းချောင်ရှောင်း လက်မထောင်ပြလိုက်၏ “ကောင်းပြီ”
အိုက်ခေါင်းဆောင်သည် ငွေဆယ်သိန်းနှင့် ငွေလွှဲစာချုပ်အား ထုတ်ယူပြီး အရောင်းအဝယ် ပြုလုပ်တော့သည်။
အိုက်ရှန်းရီ ပြန်လည် မထွက်ခွာခင်မှာပဲ ကျွင်းချောင်ရှောင်း သတိပေးလိုက်၏ “အိုက်ခေါင်းဆောင် .. ဒီဆေးလုံးတွေ ကျွန်တော်နဲ့ ပတ်သက်တယ် ဆိုတာ ဘယ်သူမှ မသိစေချင်ဘူး။ နားလည်မယ် ထင်ပါတယ်”
“နားလည်ပြီ။ နားလည်ပြီ” အာမခံပြီးသည့်နောက် အိုက်ရှန်းရီ သည် ပျော်ရွှင်စွာနှင့် နှုတ်ဆက်ပြန်သွားတော့သည်။
အိုက်ခေါင်းဆောင် ပြန်သွားချိန်မှာပဲ လီချင်းယန်သည် သူ့အား လာတွေ့သည် “ဂိုဏ်းချုပ် .. ဂျူနီယာညီလေးရီ ရဲ့ အခန်းပြိုသွားတာ ဘယ်တော့ ပြန်ပြင်မှာလဲ”
ကျွင်းချောင်ရှောင်းသည် ငွေလွှဲစာချုပ်အား ပစ်ပေးလိုက်သည် “လုပ်ကွာ .. မင်း ပြင်ချင်တာ အကုန်သာ ပြင်ပေတော့။ ရော့ …”
လီချင်းယန်သည် ငွေလွှဲစာချုပ်အား ယူ၍ ငွေပမာဏအား ကြည့်လိုက်သည်။ ပြီးနောက် အလန့်တကြားထ အော်လိုက်မိ၏ “သောက်ကျိုးနည်း .. တစ်သိန်းတောင်လား။”