အခန်း (၁၀၀)
Vol. 7 Ch. 100
ငွေတစ်သိန်းတန်ဖိုးရှိသော ငွေလွှဲလက်မှတ်အား ကိုင်ဆောင်ထားသော လီချင်းယန်သည် နေရာမှာတင် ဆွံအလျက်ရှိ၏။
ပိုက်ဆံအတော်အသင့်ရှိသော မိသားစုထံမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သောကြောင့် သူသည် ပိုက်ဆံနှင့်ပတ်သက်၍ အလုံးစုံ ပူပင်ရသည့်အဖြစ်မျိုး မရှိခဲ့ပေ။ သို့ပေမဲ့ လက်ရှိသူကိုင်ဆောင်ထားသော ငွေပမာဏသည် အလွန်တရာများပြားလှသည်ဆိုတော့ ကောင်းကောင်းနားလည်သည်။
ထိုသို့သော ပိုက်ဆံအများအပြားအား အသုံးပြု၍ သံမဏိအရိုးဂိုဏ်းအား ပြန်လည်တည်ဆောက်ရခြင်း ဆိုသည်မှာ အလွန်တရာ ကြီးမားလှသည့် ကိစ္စဟု ဆိုရမည်။
လီချင်းယန်သည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ သူ၏အခန်းဆီသို့ပြန်၍ စုတ်တံ၊မှင်နှင့် စာရွက်များကိုယူကာ ပြန်လည်တည်ဆောက်မည့် အစီအစဉ်အတွက် စတင်၍ ရေးဆွဲတော့သည်။
အတွင်းခြံဝန်းသည် ပြန်လည်တည်ဆောက်ဖို့လိုအပ်နေပြီး အပြင်ခြံဝန်းမှာတော့ နေရာချဲ့ထွင်ရန် လိုအပ်နေ၏။
ဤကိစ္စသည် ကြီးမားသောလုပ်ငန်းစဉ်ကြီးဖြစ်တာကြောင့် သူ့အနေ့နှင့် လေးလေးနက်နက် စီစဉ်ရန်လိုအပ်သည်။
တစ်ညလုံး ပုံစံဆွဲပြီးသည့်နောက်မှာတော့ ပုံကြမ်းသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
အပြင်ခြံဝန်းတွင်ရှိသော သံမဏိအရိုးဂိုဏ်း၏ အဓိကဟောခန်းသည် မပြောင်းလဲသွားချေ။ သို့ပေမဲ့ ကျန်သောအဆောက်အဦ များ အားလုံးသည် ပြောင်းလဲသွားသည်။
လေ့ကျင့်ရေးကွင်းပြင်သည် ပိုမိုကျယ်ဝန်းသွားပြီး အဆောက်အဦးတွေများကိုလည်း ထပ်မံ၍ ထည့်သွင်းခဲ့၏။
အတွင်းခြံဝန်းမှာတော့ တော်တော်ကိုပြောင်းလဲသွားသည်ဟု ဆိုရမည်။ မြက်ခင်းစိမ်းများ ထည့်သွင်းထားရုံတင်မက အခန်းတော်တော်များများလည်း ထပ်မံ၍ ထည့်သွင်းထားသည်။ ထိုမှသာလျှင် တပည့်တစ်ထောင်လောက် နေထိုင်ရန် လုံလောက်မည်မဟုတ်လား။
ဟုတ်ပေသည်။
လီချင်းယန်သည် လျိုဝမ်ရှစ် အကြောင်းလည်း သေချာစဉ်းစားထားပြီးသား ဖြစ်၏။ အထူးသဖြင့် ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် မွေးမြူရေးခြံများကိုလည်း သီးသန့်ချဲ့ထွင်၍ သေသေချာချာ ခွဲခြားထား၏။
များပြားလှသော ပိုက်ဆံများရှိသည်မို့ ဂိုဏ်းအဆောက်အအုံ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွင် သူသည် ရဲရဲဝံ့ဝံ့နှင့် လုပ်ချင်သည်များကို စိတ်တိုင်းကျ လုပ်နိုင်စွမ်းရှိပြီဖြစ်၏။ အရာအားလုံးပြီးဆုံးသွားပြီဆိုလျှင် သံမဏိအရိုးဂိုဏ်းသည် အသစ်သစ်သော အဆောက်အအုံတွေနှင့် လှပသေသပ်သွားမှာသေချာသည်။
"မဆိုးဘူး။"
ပုံကြမ်းအားကြည့်ပြီးနောက် ကျွင်းချောင်ရှောင်းသည် စိတ်လှုပ်ရှားသွား၏။
လီချင်းယန်သည် ပုံကြမ်းထဲတွင်ရှိသော နေရာလွတ်တစ်ခုအား လက်ညှိးထိုးပြပြီး ပြောလိုက်သည်။ "ဒီနေရာမှာ အဆောင်တစ်ခု အရင်ဆုံးဆောက်မယ်။ဒီအဆောင်ပြီးသွားပြီဆို လူတွေက အဲ့ကိုအရင်ရွှေ့ကြမယ်။ဒါမှ တစ်ခြားနေရာတွေကို ပြန်လည်ပြင်ဆင်တဲ့အချိန်မှာ လူတွေ နေစရာမရှိမယ့်ကိစ္စမျိုးကို ရှောင်ရှားနိုင်လိမ့်မယ်။"
ကျွင်းချောင်ရှောင်း ပြုံးကာပြောလိုက်သည်။
"မင်းကအရာအားလုံးကို သေချာစဉ်းစားထားတာပဲ။"
သူသည် ဂိုဏ်းပြန်လည်တည်ဆောက်ခြင်း လုပ်ငန်း၏တာဝန်ကို လီချင်းယန်အား ပေးအပ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် လီချင်းယန်သည် သေသေချာချာ စဉ်းစားတွေးခေါ်တတ်သောလူ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ ပြောရမည်ဆိုလျှင် လီချင်းယန်သည် အိမ်တော်ထိန်းကြီးတစ်ယောက်နှင့်ပင် ဆင်တူလှ၏။
ဂိုဏ်း၏ အကြီးအကဲ နေရာများ ပြန်လည်ခွဲဝေသည့် ကိစ္စများ ပြုလုပ်မည်ဆိုလျှင် လီချင်းယန်သည် ကျိန်းသေပေါက် ဂိုဏ်းတွင်းကိစ္စများကို ဆောင်ရွက်ရမည့် အကြီးအကဲတစ်ယောက်ဖြစ်လာမည်ဟု ကျွင်းချောင်ရှောင်း သုံးသပ်မိသည်။
"ဂိုဏ်းချုပ် … ပြန်လည်တည်ဆောက်တဲ့လုပ်ငန်းကို ဘယ်ချိန်မှာစပြီးတော့ လုပ်ကြမှာလဲ။"
"သုံးရက်ကြာရင် …"
"ကောင်းပါပြီ။"
လီချင်းယန် ထွက်ခွာသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် သူ၏မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ "ဂိုဏ်းအဆောက်အအုံ ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းတွေ ပြီးသွားပြီဆိုရင် တပည့်ခေါ်ဖို့ ကိစ္စတွေလုပ်ရမယ်။ ဂိုဏ်းမှာ တပည့်ငါးရာရှိမှ ဂိုဏ်းတာဝန်တွေ ထပ်ပြီးပေါ်လာမှာ။"
ဂိုဏ်းအဆင့်နှစ်သို့ ရောက်ရောက်ပြီးချင်းမှာ သူသည် တပည့်များအား အလျင်စလိုနှင့်မခေါ်ယူခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူ၏ပထမအသုတ်တပည့်များအား ပိုမိုအားကောင်းသည့်သူများ အဖြစ် ဖြစ်စေချင်သောကြောင့်ပင်။
အိုက်ရှန်းရီ သည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးတစ်လုံးကို ယူဆောင်၍ အိုက်မိသားစုဆီသို့ ပြန်လာခဲ့သည်။
သို့ပေမဲ့ သူတို့သည် အလျင်စလိုနှင့် လေလံပွဲကို ပြုလုပ်မည်မဟုတ်ပေ။
ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး၏ သတင်းသည် နေရာအစုံသို ပျံ့နှံ့သွားပြီဆိုမှသာလျှင် သူတို့အနေနှင့် လေလံပွဲကို ပြန်လည်ပြုလုပ်ဖို့ စဉ်းစားထား၏။
အရင်တုန်းက သူ့အနေနှင့် ဆေးလုံးကိုးလုံးအား ရှစ်သိန်းကျော်ရရှိအောင် ရောင်းချနိုင်သည်။
သို့ပေမဲ့ လက်ရှိအချိန်တွင် ကျွင်းချောင်ရှောင်းဆီမှ ဆေးလုံးဆယ်လုံးအား ငွေတစ်သန်းပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အရင်အတိုင်းရောင်းချမည်ဆိုလျှင် သူ မမြတ်ပဲ ရှုံးပင်ရှုံးသွားနိုင်သေး၏။
သို့သော်ငြား ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏သတင်းသည် တည်နေရာအနှံသို့ ပျံ့နှံ့သွားပြီးမှ လေလံပွဲကို ပြုလုပ်မည်ဆိုလျှင် သူသည် ကြောက်မက်ဖွယ်ရာကောင်းသော အမြတ်ငွေများကို ရရှိမှာဖြစ်ကြောင်း ကောင်းကောင်းနားလည်၏။ သူသည် စီးပွားရေးသမားစစ်စစ်တစ်ယောက် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ အိုက်ရှန်းရီ သည် စဉ်းစားနေမိ၏။
ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံး၏သတင်းသည်သာ တည်နေရာအနှံသို ပျံ့နှံ့သွားမည်ဆိုလျှင် အင်အားကြီးမားလှသော ဂိုဏ်းများသည် သတိပြုမိသွားမည် မဟုတ်လော။
သူမည်ကဲ့သို့ ရှင်းပြရမည်နည်း။
…….
သုံးရက်ကြာပြီးသည့်နောက်မှာတော့ များပြားလှသော လက်သမားများသည် သံမဏိအရိုးဂိုဏ်းထဲသို့ဝင်၍ အတွင်းခြံဝန်းထဲသို့ဝင်ကာ စတင်၍ တည်ဆောက်နေကြပြီ ဖြစ်၏။
အခြားတည်နေရာများကို အရင်ဆုံးတည်ဆောက်သောကြောင့် တပည့်များ၏ နေထိုင်ရာ နေရာသည် လွတ်ကင်းနေသေး၏။
သူတို့သည် ပုံမှန်အတိုင်းပဲ ဆက်လက်၍ ကျင့်ကြံလို့ရနေ၏။
"ဂိုဏ်းချုပ်"
တစ်နေ့မှာတော့ လီချင်းယန်သည် ရောက်လာပြီး သတင်းပို့ခဲ့၏။
"လွန်ခဲ့တဲ့ညက တပည့်ကိုးယောက်က မရီဒန်ဖွင့်ခြင်း အဆင့်တစ်ဆယ်ကို ရောက်ရှိခဲ့တယ်။ ဂျူနီယာညီလေးရှောင်၊ဂျူနီယာညီလေးရီ၊ဂျူနီယာညီမလေးလျိုတို့ကလွဲရင် တစ်ခြားတပည့်တွေအကုန်လုံး မရီဒန်ဖွင့်ခြင်းအဆင့်တစ်ဆယ်ကို ရောက်ရှိသွားကြပြီ။"
"မဆိုးဘူး မဆိုးဘူး။"
ကျွင်းချောင်ရှောင်း သဘောတကျဖြင့်ပြောလိုက်သည်။
အချိန်ကို တွက်ချက်ရမည်ဆိုလျှင် တပည့်များ ဂိုဏ်းအတွင်းသို့ရောက်ရှိခဲ့သည်မှာ နှစ်လနီးပါးခန့် ရှိပြီဖြစ်၏။ အဆင့်နှစ်၊ အဆင့်သုံး စွမ်းအင်ဖွင့်ခြင်းအဆင့်မှသည် အဆင့်တစ်ဆယ် စွမ်းအင်ဖွင့်ခြင်းအဆင့်ဆီသို့ ဤအချိန်ကာလ အတွင်း ရောက်ရှိသည်ဆိုသည်မှာ အလွန်အမင်းမြန်ဆန်သည်ဟု ဆိုရမည်။
"သူတို့ကိုဆက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံခိုင်းလိုက်။"
"သိုင်းတပည့်အဆင့်ရောက်သူအကုန်လုံးကို လခြမ်းဓား နည်းစနစ်ပေးမယ်လို့ပြော။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကောင်းပါပြီ။" လီချင်းယန် ထွက်ခွာသွား၏။
ကျွင်းချောင်ရှောင်းသည် မတ်တပ်ရပ်ပြီး ကြွက်သားတည်ဆောက်ခြင်းအခန်းဆီသို့ သွားလိုက်၏။
ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင်တော့ ရှောင်ကျီရှိနေပြီး ပြန်လည်ထွက်ခွာလာရန် နှစ်နာရီကျန်ရှိနေသေး၏။
"ဘုတ်"
ထိုအချိန်မှာပဲ တစ်ခြားသောကြွက်သားတည်ဆောက်ခြင်း အခန်းတံခါးသည် ပွင့်သွားပြီး ပြာနှမ်းနေအောင် အရိုက်ခံထားရသော ရီရှင်းချန် သည် ခြေပစ်လက်ပစ်ဖြင့် ပြန်ထွက်လာခဲ့သည်။
သူ၏ အခန်းပျက်စီးသွားကတည်းက သူသည် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲတွင် ဆက်တိုက်ကျင့်ကြံနေခြင်း ဖြစ်၏။ သူ၏အားအင်အဆင့်သည် ရှောင်ကျီနှင့်တော့ နှိုင်းယှဉ်၍ မရသေးပေ။ သို့ပေမဲ့ တော်တော်လေးတော့ တိုးတက်လာသည်ဟု ဆိုရမည်။
သူ၏ မူလက အားနည်းနေသောခန္ဓာကိုယ်သည် လက်ရှိအချိန်တွင် ပိုမို၍ အားကောင်းလာပြီဖြစ်၏။
သူ၏ကျင့်ကြံခြင်း အဆင့်အရပြောရမည်ဆိုလျှင် ပထမအဆင့် စွမ်းအင်ဖွင့်ခြင်းအဆင့်မှသည် တတိယအဆင့်စွမ်းအင်ဖွင့်ခြင်း အဆင့်ဆီသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ သူ၏အားအင်သည်လည်း ၈၀၀ဂျင်သို့ ရောက်ရှိသွားခဲ့သည်။
တကယ်တမ်းဆိုလျှင် ရီရှင်းချန် ၏စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအရဆိုလျှင် ၄၀၀ဂျင်လောက် ထုတ်ဖော်နိုင်လျှင်ပင် တော်တော်ကြီးကို ကောင်းမွန်သည်ဟု ဆိုရမည်။ သို့ပေမဲ့ သူသည် အပို ၄၀၀ဂျင်ကို ထုတ်ဖော်နိုင်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်၊ထိုက်ရွှမ် ကျင့်စဉ် ၊ကြွက်သားတည်ဆောက်ခြင်း အခန်းနှင့်၊ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးအစွမ်းတို့ကြောင့်ပင်ဖြစ်သည်။
ဤအတောအတွင်း ရီရှင်းချန် တော်တော်ပြောင်းလဲသွားခဲ့ကြောင်းကို ကျွင်းချောင်ရှောင်း မြင်လိုက်၏။
ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။
"အခု သံမဏိအရိုးဂိုဏ်းထဲကိုဝင်ခဲ့တာ မှားပြီလို့ ခံစားနေရတုန်းလား။"
"..." ရီရှင်းချန် သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူသည် အရင်တုန်းက သံမဏိအရိုးဂိုဏ်းထဲ အတင်းအဓ္ဓမဝင်ရောက်ရန် ခိုင်းစေခံရသောကြောင့် စိတ်ဆိုးဒေါသထွက်ခဲ့သည်။ လက်ရှိအချိန်တွင်တော့ ဤဂိုဏ်းထဲသို့ ဝင်ရောက်မိသည်မှာ မှန်သည်ဟု စဉ်းစားမိနေပြီဖြစ်၏။
ကျွင်းချောင်ရှောင်းသည် ကြွက်သားတည်ဆောက်ခြင်းအခန်းထဲသို့ ဝင်သွား၏။
နှစ်နာရီလောက် ကြာမြင့်ပြီးသည့်နောက်မှာတော့ ရှောင်ကျီသည် အားအင်စမ်းသပ်ခြင်းစက်ဆီသို့ ရောက်ရှိလာပြီး သူ၏အားအင်ကို စမ်းသပ်လျှက်ရှိ၏။
"ဘန်း .. ဘန်း … ဘန်း"
သူ၏အားအင်အဆင့်သည် နှစ်ထောင့်ငါးရာဂျင်တွင် ရပ်တန့်လျက်ရှိ၏။
မရီဒန်များကို ဖွင့်လှစ်နိုင်ခြင်းမရှိဘဲနှင့် ခန္ဓာကိုယ်အားအင် သီးသန့်အနေဖြင့် တိုင်းတပည့်တတိယအဆင့်တစ်ယောက် အားအင်နှင့် ညီမျှသော ခန္ဓာကိုယ်အားအင်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။ ဤအရာသည် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှသည်။ သို့ပေမဲ့ ရှောင်ကျီသည် ဤကိစ္စနှင့်ပတ်သက်၍ လုံးလုံးပျော်ရွှင်မှုမရှိပေ။
ကျွင်းချောင်ရှောင်း အပြင်သို့ထွက်လာကာပြောလိုက်သည်။ "မင်းဘာတွေစဉ်းစားနေတာလဲ။"
"ဂိုဏ်းချုပ် … ကျွန်တော် "
ရှောင်ကျီသည် အသာရပ်ကာဖြင့် နာနာကျင်ကျင် ပြောလိုက်သည်။
"ဒီအတောအတွင်း ကျင့်ကြံတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အကန့်အသတ်တစ်ခုကို ရသွားခဲ့တယ်။တိုးတက်ဖို့အတွက် အရမ်းခက်ခဲနေတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သိုင်းပညာရှင်တစ်ယောက်ရဲ့ အစစ်အမှန်အားအင်ဆိုတာက သူတိုရဲ့ခန္ဓာကိုယ်တစ်ခုတည်း ပေါ်မှာပဲ မူတည်နေတာမဟုတ်ဘူး။ တစ်ခြားအရာတွေ အများကြီး ရှိသေးတယ်။လက်နက်တွေ၊အသုံးအဆောင်ပစ္စည်းတွေကော ….။ ငါနဲ့လိုက်ခဲ့။"
သူသည် ရှောင်ကျီအား တောင်နောက်ဘက်ဆီသို့ ခေါ်ယူလာပြီး စနိုက်ပါရိုင်ဖယ်အား ထုတ်ယူလိုက်၏။ ပြီးနောက် မြေပေါ်တွင်တင်ကာ ပြောလိုက်သည်။
"ဒါကိုစမ်းပြီးတော့ ပစ်ကြည့်လိုက်။"
"ကျွန်တော်ပစ်လို့ရလား။" ရှောင်ကျီ ကြောင်သွား၏။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းခန္ဓာကိုယ်က ဒါကို လက်ခံနိုင်တယ်ဆိုရင် ဒီစနိုက်ပါရိုင်ဖယ်ကို ယူလိုက်။"
စနစ်မှသတိပေးလိုက်သည်။
"တပည့်သည် စနိုက်ပါရိုင်ဖယ်အား အသုံးပြုနိုင်သည် ဆိုသော်လည်း ရှစ်ဆ မှန်ဘီလူး၏ လုပ်ဆောင်နိုင်မှုများကိုတော့ လက်ခံသူကသာလျှင် အသုံးပြုနိုင်စွမ်းရှိသည်။"
"ဒီလိုမျိုးလား။" ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်သွား၏။
သူ၏စိတ်ထဲတွင်တော့ ရှောင်ကျီသည် သူ၏မရီဒန်များကို မဖွင့်လှစ်နိုင်ချေ။
ထို့ကြောင့် စိတ်ဝိညာဉ်စွမ်းအားများကို မဖွဲ့စည်းနိုင်ပေ။ စနိုက်ပါသမားတစ်ယောက် ဖြစ်အောင် လေ့ကျင့်ပေးခြင်းက အကောင်းဆုံးဖြစ်မည်ဟုတွေးလိုက်မိ၏။
ထို့အပြင် ရှောင်ကျီ၏ခန္ဓာကိုယ်သည် အလွန်အမင်း အားကောင်းလှ၏။ ထို့ကြောင့် သေနတ်၏ပြန်ကန်အားကို ခုခံနိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားသည်။
သို့ပေမဲ့ လက်ရှိအခြေအနေရဆိုလျှင် ရှစ်ဆမှန်ဘီလူး၏အလိုလိုပစ်မှတ်ချိန်ခြင်း၊ x-rayအမြင်နှင့် တစ်ခြားလုပ်ဆောင်မှုများအားလုံးကို အသုံးပြု၍ မရနိုင်။ ထိုသို့ဆိုလျှင် တစ်ရာရာခိုင်နှုန်း တိကျသည့်ပစ်ချက်များ ဖြစ်ပေါ်အောင် မည်သို့ပြုလုပ်မည်နည်း။
"ဟူး"
ရှောင်ကျီသည် သက်ပြင်းအရှည်ကြီး ချလိုက်၏။
ပြီးနောက် စနိုက်ပါရိုင်ဖယ်ရှေ့ဆီသို့ လျှောက်သွားပြီး စမ်းသပ်ရန် ပြင်လိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ့အား သေနတ်မည်သို့ကိုင်ရမည်၊မည်သိုပစ်ရမည်ဆိုသည့် အချက်များအား သေသေချာချာ ရှင်းပြလိုက်၏။ ပစ်မှတ်၊အရှိန် နှင့် လေတိုက်နှုန်း စသည့် အကြောင်းအရာများကိုပါ သေချာရှင်းပြခဲ့ခြင်း ဖြစ်၏။
"မင်း နားလည်ပြီလား။"
"နားလည်ပါတယ်။"
"ဟို ပေတစ်ရာလောက်မှာရှိတဲ့ ကျောက်တုံးအသေးလေးတစ်ခုရှိတယ်။အဲ့ကောင်ကို ပစ်ကြည့်လိုက်။"
ပြောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေးနေရာဆီသို့ ရှောင်သွားလိုက်၏။
သေနတ်ပစ်ခတ်သည့် ပြန်ကန်အားကြောင့် သူ့အားတစ်ခုခု ဖြစ်ပေါ်လာမည်ကို စိုးရွံသောကြောင့်ဖြစ်သည်။
"ဟူး"
ရှောင်ကျီသည် မှောက်လိုက်ပြီး လက်တစ်ဖက်ဖြင့် သေနတ်ကိုကိုင်လိုက်သည်။ ပြီးနောက် သေနတ်ဖင်အား ပုခုံးနဲ့ထောက်လိုက်၏။
သူ၏မျက်လုံးတစ်ဖက်သည် သေနတ်၏မှန်ဘီလူးမှတစ်ဆင့် ပစ်မှတ်အား သေချာအတည်ပြုလိုက်သည်။
ပြီးနောက် သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သည်။
"ဒိုင်း"
ပြောင်းဝဆီမှ မီးညွန့်များ ထွက်ပေါ်လာသည်။ ပြီးနောက် အလင်းတန်းတစ်ခုသည် သေးငယ်လှသော ကျောက်တုံးလေးတစ်ခုအား တိုက်ရိုက်ပင်ထိမှန်၍ တစ်စစီဖြစ်သွားစေ၏။
"တိကျလိုက်တာ" ကျွင်းချောင်ရှောင်း မျက်လုံးပြူးသွား၏။
ပြီးနောက် သူသည် ပစ်မှတ်ဆီမှ အကြည့်ကိုလွဲ၍ ရှောင်ကျီအား ပြန်ကြည့်လိုက်၏။
သို့ပေမဲ့ တည်နေရာတွင်တော့ သေနတ်သာရှိနေပြီး ရှောင်ကျီသည် မရှိတော့ချေ။
"ဘယ်ရောက်သွားတာလဲ။"
"ဂိုဏ်းချုပ် …. ဂိုဏ်းချုပ်"
အနောက်ဘက် ဆယ်မီတာလောက်တွင်ရှိသော သစ်ပင်ကြီးအပေါ်မှာတော့ ရှောင်ကျီသည် ဇောက်ထိုးကြီး ချိတ်လျက်ရှိ၏။
ပါးစပ်ထဲမှ အမြုပ်တွေထွက်လျက်ရှိပြီး သူသည် အားပျော့စွာဖြင့် ပြောလိုက်သည်။ "တပည့်က ဒီမှာပါ။"