ပြန်လာခြင်း
Vol. 013 Ch. 1225
“ကောင်းကင်ဘုံ စမ်းသပ်ချက်တွေက အမြဲကြမ်းတမ်း ခက်ခဲတော့ ပညာရှိသူက ဉာဏ်ကိုလွှာပြီး လှုပ်ရှားရမယ်”
တာလီတော်ဝင် အကြံပေး၏ အသံက လူတိုင်း၏ စိတ်ထဲသို့ ပဲ့တင်ထပ်လာသည်။ အင်ပါယာရှားဘုံမှ တန်ခိုးရှင်များသည် သူတို့၏ ရန်သူဖြစ်သော တာလီပြည်ထောင် အင်ပါယာလီကို ခစားရသည့် သည်ပုဂ္ဂိုလ်ထူးကြီးမှာ ရီဖူရှင်းအား အလွန်တရာ တန်ဖိုးထားသည်ကို သူတို့ မည်သည့်အခါမှ သဘောပေါက် နားလည်ကြမည် မဟုတ်ပေ။
နှစ်ဖက်အဖွဲ့များသည် ရန်ဘက်နယ်မြေများ ဖြစ်ကြသော်လည်း တော်ဝင်အကြံပေးသည် ရီဖူရှင်းကို သူ၏ တပည့်အဖြစ် အမှန်တကယ် မှတ်ယူခဲ့သည်။ သူသည် မည်သည့် အခြေအနေမျိုးတွင် ဖြစ်စေ ရီဖူရှင်းအား အန္တရာယ်တွင်း ကျရောက်စေမည့် ကိစ္စမျိုး ကျိန်းသေ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
တာလီမှ တန်ခိုးရှင်များ ထွက်သွားပြီးသော်လည်း ဤနေရာတွင် ဖြစ်ပျက်သမျှ အားလုံးမှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။ အဝေးမှ လူများသည်လည်း တော်ဝင်အကြံပေးက ရီဖူရှင်းအား လွှတ်ပေးသည်ကို မျက်မြင်တွေ့ကြသည်။
လီယောင် သေသွားပြီးနောက် တော်ဝင်အကြံပေး ပထမဆုံး လုပ်သင့်သည်မှာ သူ့ မျက်စိရှေ့၌ ရှိနေသည့် ရီဖူရှင်းကို သတ်ဖြတ်ခြင်းပင် ဖြစ်၏။
သို့သော်လည်း သူသည် ရိုးရှင်းစွာပင် ထွက်သွားရန် ရွေးချယ်ခဲ့သည်။
သည်ကိစ္စများ ပြီးသောအခါတွင် သူက တာလီ၏နန်းတွင်း အကြံပေးအဖြစ် ဆက်လက် ရပ်တည်နိုင်ပါဦးမည်လော။
ရီဖူရှင်းသည် ပြန်လှည့်လိုက်ကာ ရှားရှင်းယွန်ထံသို့ လျှောက်လာခဲ့သည်။
ရှားရုန်က ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး မည်သည့်စကားမှ ထပ်၍ မဆိုတော့ပေ။
သူ ယနေ့ ပြုလုပ်လိုက်သည့် အပြုအမူအား ရီဖူရှင်း နားလည်နိုင်မည် မဟုတ်သည်ကို သူ သိ၏။ ရီဖူရှင်းက အခြားလူများနှင့် မတူသည်ကို သူ သိသည်။ သူသည် အင်ပါယာရှားဘုံ၏ အစိတ်အပိုင်း ဖြစ်နေသောကြောင့် ရီဖူရှင်းက အလျော့ပေးလိမ့်မည် မဟုတ်ပေ။ ရီဖူရှင်းတွင် အလွန်ထူးခြားသည့် စရိုက်သဘာဝ ရှိလေသည်။
ရီဖူရှင်းသည် ရှောင်ရှမ်းကို သတ်ရန် ရှောင်ကလန်သို့ မည်သို့ သွားရောက်ခဲ့သည်ကို ရှားရုန် သိရှိခဲ့ပြီး ဖြစ်သည်။ ဖြစ်ပြီးသည့်ကိစ္စက ဖြစ်ပြီးခဲ့လေပြီ။ ရှားရုန်သည် မည်သို့မှ ရှင်းပြခြင်း မပြုတော့။ သူ့အနေဖြင့် ရှင်းပြလျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
တာလီတော်ဝင် အကြံပေးသည် လေးစားရန် အလွန်ထိုက်တန်သည့် ရန်သူဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူသည် အန္တရာယ်များသည့် ပြိုင်ဘက်လည်း ဖြစ်သည်။ တော်ဝင်အကြံပေးသည် လီယောင်၏ သေဆုံးမှုကို ပခုံးထမ်း တာဝန်ယူရန် လိုပေသည်။ သူက ရီဖူရှင်းကို သတ်ရန် ရွေးချယ်ခဲ့လျှင်ပင် အင်ပါယာလီ၏ ယုံကြည်မှုကို ပြန်လည်ရရှိရန်မှာ သူ့အတွက် ခက်ခဲပေလိမ့်မည်။
အဆိုးဆုံးမှာ သူသည် ရီဖူရှင်းကို မည်သို့မှ မလုပ်ခဲ့ပေ။ ထို့ကြောင့် ရလဒ်သည် သတ်မှတ်ထားပြီး ဖြစ်၏။ အင်ပါယာလီသည် မည်သို့ပင် စိတ်သဘောထား ကြီးရင့်ပြီး သည်းခံနိုင်သည်ဟု ဆိုသော်လည်း သစ္စာဖောက် တစ်ယောက်ကိုတော့ ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ယနေ့တွင် တော်ဝင်အကြံပေး လုပ်ခဲ့သည့် အရာများသည် သစ္စာဖောက်သည်နှင့် တူပေသည်။
သူ ပြန်ရောက်သည့်အခါ သူ၏ အမှားကို သေခြင်းတရားနှင့် ပြန်လည် ပေးဆပ်ရနိုင်ပေသည်။
ရီဖူရှင်းက စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး လမ်းလျှောက် လာနေသည်ကို ရှားရှင်းယွန် မြင်လျှင် သူမ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်မိသည်။
သူမသည်လည်း ဤကဲ့သို့ ဖြစ်ရပ်မျိုးကို လုံးဝ ကြိုတင် မခန့်မှန်းမိခဲ့ပေ။ သူမ အစ်ကို၏ လုပ်ရပ်က မည်သို့ပင် ဂုဏ်သိက္ခာ ကင်းမဲ့ပါစေ၊ အင်ပါယာရှားဘုံ၏ ရှုထောင့်ဘက်မှကြည့်လျှင် နားလည်ပေးနိုင်ဖွယ် ရှိသော်လည်း သူ လုပ်ခဲ့သည့်အရာသည် ရီဖူရှင်းနှင့် တော်ဝင်အကြံပေး နှစ်ယောက်လုံးကို ခက်ခဲစေခဲ့သည်။
အထူးသဖြင့် ရီဖူရှင်း၏ ရှုထောင့်မှဆိုလျှင် ရှားရုန်၏ လုပ်ရပ်သည် ခွင့်လွှတ်နိုင်စရာ မရှိပေ။
ထို့ကြောင့်ပင် ဤအခိုက်အတန့်၌ သူမ၏ ခံစားချက်များက အလွန် ရှုပ်ထွေးနေခြင်း ဖြစ်၏။
“သွေးနဂါးဘုံက ဆုတ်ခွာပြီး အင်ပါယာရှားဘုံကို ပြန်ကြမယ်” ရှားရုန်က ပြောသည်။ လူတိုင်းသည် ရှားရုန်ကို လှမ်းကြည့်လိုက်ကြသည်။ လူအများသည် သူ့အမိန့်ကို အရေးထားပြီး လိုက်နာကြသည်။ အထူးသဖြင့် သူ ခေါ်ဆောင်လာခဲ့သည့် သူများ ဖြစ်၏။
ရှားရုန်သည် ဗိုလ်ချုပ်ထန်၏ လက်ထောက်ဗိုလ်ချုပ် ဖြစ်ပြီး စစ်တပ်တွင် အလွန်မြင့်မားသော ဂုဏ်သိက္ခာရှိသည်။ ထန်စစ်တပ်သည် အင်ပါယာရှားဘုံ၏ နံပါတ်တစ်တပ်မဟာ ဖြစ်သောကြောင့် ရှားရုန်၏ အဆင့်အတန်းကို ခန့်မှန်းနိုင်ပေသည်။ သူသည် စစ်ပွဲများ အတွင်း၌ ကြီးပြင်းလာသည့် သံမဏိစိတ်ဓာတ်ဖြင့် မင်းသားတစ်ပါး ဖြစ်သည်။
သို့သော်လည်း ရှားရုန်၏ အမိန့်ကို နာခံသူမှာ လူတိုင်း မဟုတ်ပေ။ သူသည် အကြီးဆုံးမင်းသား ဖြစ်သော်လည်း ပြန်လည်မွေးဖွားခြင်း အဆင့်သို့ရောက်နေသည့် လီဟန်ဓားသမား ကဲ့သို့သော လူမျိုးသည် အင်ပါယာရှားဘုံကို ခစားနေသူ မဟုတ်သည့်အတွက် မင်းသားနှင့် မင်းသမီးများသည် သူတို့ကို လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ပေ။ အင်ပါယာရှား ကိုယ်တိုင်သာလျှင် သူတို့ကို တိုက်ရိုက် အမိန့်ပေးနိုင်သည့် အာဏာရှိပြီး အခြားလူများကတော့ သူတို့ကို တောင်းဆိုခြင်းသာလျှင် ပြုလုပ်နိုင်ပေသည်။
မှော်ဆရာသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူသည် မင်းသားနှင့် မင်းသမီးများအပေါ် လေးစားမှုထားသော်လည်း အမှန်တကယ်တွင်တော့ အင်ပါယာရှားသာလျှင် သူ့ကို တိုက်ရိုက် အမိန့်ပေးနိုင်စွမ်း ရှိပေသည်။
ထို့ကြောင့်ပင် ရှားရုန်ပြောပြီးနောက်တွင် တန်ခိုးရှင်များ၏ အနေအထားသည် အနည်းငယ် ပြောင်းလဲသွားသည်။ လီဟန်ဓားသမားက နည်းနည်းလေးမှ မလှုပ်ဘဲ ရီဖူရှင်းဘက်သို့သာ ကြည့်နေပေသည်။ သူသည် ယနေ့တွင် ဖြစ်ခဲ့သော အရာအားလုံးကို သတိပြုမိလေသည်။ လီဟန်ဓားသမားသည် သူ့ဓားကို ရီဝူချင်းထံသို့ ပေးအပ်ခဲ့သည်မှာ ရီဝူချင်းက ဓားလေ့ကျင့်သူ ဖြစ်ခြင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ပေ။ သူ့ဆုံးဖြတ်ချက်တွင် ရီဖူရှင်း၏ လွှမ်းမိုးမှုများ ပါဝင်နေပေသည်။
ဖြစ်ပျက်ခဲ့သည်များကို ကြည့်လျှင် ရီဖူရှင်းသည် သူ၏ ပါရမီထက်ပို၍ ထူးချွန်ပုံပေါ်လေသည်။ ရန်သူ့တိုင်းပြည်မှ တော်ဝင်အကြံပေးပင်လျှင် သူ၏ မွေးရပ်ပြည်ထောင်မှ အာဏာကို စွန့်ပယ်၍ ရီဖူရှင်းကို ထူးခြားစွာ ဆက်ဆံခဲ့၏။
လုယွီသည် ရှားရှင်းယွန် အနောက်တွင် ရပ်နေသည်။
လုယွီသည် ဤနှစ်များအတွင်း အင်ပါယာရှား၏ နောက်သို့ လိုက်ပါခဲ့သော်လည်း လက်ရှိတွင် သူ၏ တာဝန်မှာ ရှားရှင်းယွန်ကို ကာကွယ်ရန် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရှားရုန်၏ အမိန့်ထက် ရှားရှင်းယွန်ထက် အမိန့်ကို နာခံသည်မှာ သဘာဝပင် ဖြစ်၏။
ဤအခိုက်တွင် လူအများသည် တူညီသောအတွေးများ ရှိနေကြပြီး သမမျှတမှု ပျောက်ဆုံးသွားကာ အင်ပါယာရှားဘုံဘက်မှ ဖြစ်ပွားသော အရာများသည် အတော်လေး ထူးဆန်းနေပုံရသည်။ အခြေအနေအရ ရီဖူရှင်းနှင့် တော်ဝင်အကြံပေးကြားမှ ဖြစ်ရပ်အပြီးတွင် မည်သူကမှ ထုတ်ဖော် မပြောကြသော်လည်း သူတို့အကြား၌ တစ်ခုခု ဖြစ်ပွားတော့မည်ကို ခန့်မှန်းနိုင်ပေသည်။
“အင်ပါယာရှားဘုံကိုပဲ ပြန်ကြရအောင်” ရီဖူရှင်းက ရှားရှင်းယွန်ကို ပြောသည်။ သူသည် ချက်ချင်း ပြန်ရန် လိုအပ်နေပေသည်။
“ကောင်းပြီ” ရှားရှင်းယွန်သည် သူ့မျက်လုံးများကို ကြည့်ပြီး ခေါင်းညိတ်သည်။ လူအများသည် ရှားရှင်းယွန်နှင့် ရှားရုန်အကြားတွင် ဂိုဏ်းဂနများကွဲကာ နောက်မှ လိုက်ပါလာကြသည်။
ရှားရုန်သည် အခြားတစ်ဖက်မှ လူများကို ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။ သူသည် အလျင်အမြန်ပင် လှုပ်ရှားကာ ကူးပြောင်းရေး မဟာဝင်္ကပါကို သုံးကာ အင်ပါယာရှားဘုံသို့ ပြန်ရန် အသင့် ဖြစ်နေလေသည်။
ရီဖူရှင်းသည် သူ ထွက်မသွားမီ ဆန်းထျန်ကျန့်ထံသို့ လျှောက်သွားကာ ပြောသည်… “ဒီစစ်ပွဲမှာ ကူညီပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ။ ဒါပေမဲ့ ကြည့်ရတာ ကတိပေးထားတာ တချို့ကို ပြောင်းလဲရတော့မယ် ထင်တယ်။ အဲဒီအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဒီမှာ ဂရုစိုက်ပြီး နေပါ စီနီယာ”
“ကောင်းပါပြီ” ဆန်းထျန်ကျန့် ခေါင်းညိတ်သည်။ ထို့နောက် သူသည် ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “မင်း သွေးနဂါးဘုံကို ပြန်လာမှာကို စောင့်နေမယ်”
သူသည် ဤတိုက်ပွဲတွင် အဓိကအနေဖြင့် ပါဝင် တိုက်ခိုက်ခဲ့သော်လည်း အဆိုပါတိုက်ပွဲသည် အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံကြားမှ တိုက်ပွဲဖြစ်သည်။ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ၏ ပစ်မှတ်သည် အင်ပါယာရှားဘုံမှ လူများသာ ဖြစ်ပေသည်။ သူသည် နောင်အနာဂတ်တွင် ပိုပြီး ဂရုစိုက်နေပါက မည်သည့် ပြဿနာမှ ရှိလိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းသည် ဆန်းထျန်ကျန့်ကို ကြည့်သည်။ သူပြန်လာသည်ကို စောင့်နေမည်ဟူသော စကားတွင် နက်ရှိုင်းသော အဓိပ္ပာယ် ရှိနေပုံရပေသည်။
ဖြစ်ခဲ့သည့်အရာများမှ ကြည့်ရလျှင် သူနှင့် ရီဖူရှင်းသည် နောင်အနာဂတ်၌ ဆန့်ကျင်ဘက်တွင် ရှိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ဆန်းထျန်ကျန့်သည် ထိုသို့ ပြောမည့်အစား သူ့ကို သွေးနဂါးဘုံတွင် စောင့်နေမည်ဟု ပြောခဲ့သည်။
“ကောင်းပါပြီ” ရီဖူရှင်းသည် ခေါင်းညိတ်လိုက်ပြီး အဖွဲ့ကြီးနှင့်အတူ ထွက်ခွာ သွားခဲ့သည်။
ဆန်းထျန်ကျန့်သည် ပျောက်ကွယ်သွားသည့် ပုံရိပ်များကို ကြည့်ရင်း သုံးသပ်မိသည်။ သူသည် ရီဖူရှင်းနှင့် ယူချင်းနှစ်ယောက်လုံးတွင် ထူးကဲသာလွန်သည့် ပါရမီ အရည်အချင်းများ ရှိသည်ကို သိရှိခဲ့သည်။ ထို့ကြောင့်ပင် ရီဖူရှင်းက သူ့ကို ကူညီရန် တောင်းဆိုခဲ့သောအခါ သူ သဘောတူခဲ့ခြင်း ဖြစ်သည်။
မည်သည့်ကိစ္စ ဖြစ်လာပါစေ သူ ဤတိုက်ပွဲ၌ ပါဝင်ခဲ့သည်အား နောင်တရမည် မဟုတ်ပေ။
သူသည် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချခဲ့ခြင်းဖြစ်သည်ဟု တွေးမိသည်။
သူသည် ရီဖူရှင်းနှင့် တာလီ တော်ဝင်အကြံပေး၏ ကြားတွင် မည်သည့် ဆက်ဆံရေး ရှိသည်ကို မသိပေ။ သို့သော်လည်း အထွတ်အထိပ် ရှန့်ထိုတစ်ပါး အနေနှင့် ထိုသို့ စရိုက်လက္ခဏာမျိုး ရှိခြင်းမှာ ထူးခြားအံ့သြဖွယ်ပင် ဖြစ်၏။ တော်ဝင်အကြံပေးသည် တကယ့်ကို ထူးဆန်းအံ့ဖွယ် ကောင်းလှပြီး ဆန်းထျန်ကျန့်သည် တော်ဝင်အကြံပေး ကဲ့သို့သော လုပ်ရပ်မျိုး လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်ပေ။
တော်ဝင်အကြံပေးသည် ရီဖူရှင်းအတွက် သူ လုပ်နိုင်သမျှ လုပ်ပေးခဲ့သည်။ သူက ရီဖူရှင်းနှင့်ပတ်သက်၍ သိပ်မသိပေ။ သို့သော်လည်း ရီဖူရှင်းအတွက် နန်းတော်အကြံပေးသည် သူ့ကိုယ်သူ စတေးရဲသည်ဆိုခြင်းက ရီဖူရှင်းအပေါ် မည်မျှ အလေးထားသည်ကို တွေ့မြင်နိုင်၏။
ရီဖူရှင်းအတွက် တော်ဝင်အကြံပေးပင်လျှင် သူ့ကိုယ်သူ စွန့်လွှတ်ရန် ထိုက်တန်သည်ဟု မြင်လျှင် ထိုတိုက်ပွဲမှနေ၍ ဆန်းထျန်ကျန့်အတွက် အကျိုးရှိမည်မှာ သံသယရှိရန် မလိုပေ။
အင်ပါယားရှားဘုံသည် တော်ဝင်ဘုံဖြစ်သော်လည်း သွေးနဂါးနယ်မြေဒေသထဲမှ ဘုံတစ်ခုသာ ဖြစ်သည်။ ရီဖူရှင်းသည် သူ ထင်သလိုသာ သာမန်ထက် လွန်ကဲစွာ ထူးချွန်ခဲ့မည် ဆိုလျှင် သူ ဘုံအပြင်သို့ စွန့်စားထွက်ခွာရန် အချိန်တစ်ခုသာ လိုမည်ဖြစ်သည်။
ချန်ယဲ့မြို့မှ များပြားလှသော တန်ခိုးရှင်များမှာ တိုက်ပွဲ၏ မျက်မြင်သက်သေများ ဖြစ်ကြသည်။ သူတို့ မြင်လိုက်ရသည့် မြင်ကွင်းသည် သူတို့ကို အလွန်ပင် တုန်လှုပ်စေနိုင်သည်။
အထူးသဖြင့် ခွန်ရွှမ်၊ ရှန်းနန်နှင့် အခြားလူများလည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ခွန်ရွှမ်သည် လေထဲတွင် ရပ်နေပြီး သူမ၏ ဆံနွယ်များက လေထဲတွင် ဝဲလွင့်နေသည်။ တော်ဝင်အကြံပေးနှင့် ရီဖူရှင်းကြားမှ ခွဲခွာခြင်းသည် သူမ၏ စိတ်ထဲတွင် စွဲထင်သွားခဲ့ပြီး မမေ့နိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပေသည်။
မကြာခင်တွင် တာလီပြည်ထောင်နှင့် အင်ပါယာရှားဘုံ ကြားမှ မုန်တိုင်းက စတင်တိုက်ခတ် လာတော့မည် ဖြစ်သည်။
တာလီ၏ အတွင်းရေး ပြဿနာများမှ တစ်ဆင့် ကြီးမားသော ဂယက်တစ်ခု ဖြစ်လာလိမ့်မည်။
***
တာလီပြည်ထောင်ရှိ တော်ဝင်အကြံပေး အိမ်တော်တွင် ထိုအခိုက်အတန့်၌ တိတ်ဆိတ် ငြိမ်းချမ်းနေပေသည်။
သူသည် သူ့လူများကို ခေါ်ဆောင်ကာ သွေးနဂါးဘုံသို့ ပြန်လာခဲ့သည်။ နန်ကျိုင်းနှင့် ဖေးရွှီ နှစ်ယောက်သည်သာ အိမ်တော်မှာ ကျန်ရစ်ခဲ့သူများ ဖြစ်သည်။
ထိုအချိန်တွင် ဖေးရွှီသည် စားပွဲပေါ်မှ ပန်းချီကို ထိသည်။ နန်ကျိုင်းသည် သူမ၏ ဘေးတွင်ရှိနေကာ ပန်းချီ ဆွဲနေခြင်း ဖြစ်သည်။
“ကြည့်ရတာ အစ်ကိုနှစ်ရဲ့ ပန်းချီပညာက အများကြီး တိုးတက်လာတာပဲ” ဖေးရွှီက ပြုံးကာ ပြောသည်။ သူမသည် ပန်းချီဆွဲထားသည်ကို မမြင်နိုင်သော်လည်း သူမ၏ လက်တို့မှတစ်ဆင့် ခံစားသိရှိနိုင်ပေသည်။
“မင်းသာ ဒါကို မင်းမျက်လုံးတွေနဲ့ မြင်နိုင်မယ်ဆိုရင် ဖေးရွှီ ပိုပြီးတောင် အံ့သြရမှာ”နန်ကျိုင်းက ပြုံးကာ ပြောလိုက်၏။
“တကယ်လား” ဖေးရွှီက ဖျော့တော့စွာ ပြုံးသည်… “ကျွန်မလည်း မျက်လုံးတွေကို ဖွင့်ချင်ပါတယ်။ ကျွန်မလည်း တခြား အစ်ကိုတွေကိုပါ မြင်တွေ့ချင်တယ်”
“အစ်ကိုတွေကိုပဲလား” နန်ကျိုင်းက အဓိပ္ပာယ်ပါသော မေးခွန်းဖြင့်မေးသည်… “အငယ်လေးရော မပါဘူးလား”
ဖေးရွှီက တောက်ပစွာ ပြုံးလိုက်ပြီး ခေါင်းကို အသာအယာ ညိတ်သည်… “သတ္တမဓား ဒီမှာရှိရင် သူက ဘယ်လိုပုံမျိုးလဲဆိုတာ ညီမ ကျိန်းသေသိချင်မိမှာပါ”
“သူက အရမ်းချောတယ်” နန်ကျိုင်းက ပြုံးရင်း ထပ်ပြောသည်… “အကြီးဆုံးအစ်ကိုနဲ့ ညီလေး ၅လိုပဲ”
ရန်ယွင်နှင့် လုချွန် နှစ်ယောက်လုံးသည် ချောမော ခန့်ညားသူများအဖြစ် သတ်မှတ်နိုင်ပေသည်။
ဖေးရွှီသည် သူမ၏ ပါးချိုင့်လေးများ ပေါ်အောင် ပြုံးလိုက်သော်လည်း စိတ်မသက်သာစရာ တစ်ခုအား တွေးလိုက်မိသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် အဝေးသို့ ငေးလှည့်ရင်း ပြောသည်… “အဖေနဲ့ တခြားလူတွေ သွေးနဂါးဘုံမှာ ဘယ်ဖြစ်နေကြလဲ သိချင်မိတယ်”
သူမသာ ရီဖူရှင်းနှင့် သူမ၏ အဖေတို့ နှစ်ယောက်လုံးကို ရန်သူများအဖြစ် တိုက်ခိုက်နေသည်အား မမြင်မတွေ့လိုပေ။
“ဆရာက ကောင်းကောင်း ဖြေရှင်းနိုင်မှာပါ” နန်ကျိုင်းက ပြောသည်။ သို့သော်လည်း သူ၏ အသံမှာ ယုံကြည်ချက်များ ပျောက်နေသည်။ သူသည်လည်း ထိုကိစ္စကို စိတ်ပူနေဟန်ရ၏။
ထိုအချိန်တွင် နန်ကျိုင်းသည် သူ၏ စွမ်းအားကို ဖြန့်ကြက်လိုက်ကာ မျက်မှောင်ကြုတ် လိုက်၏။ သူ၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ့နှလုံးသားက အေးစိမ့်လာသည်။
“ဖေးရွှီ၊ စောစော အနားယူတာ ကောင်းမယ်” နန်ကျိုင်းက ညင်သာစွာ ပြောသည်။
“ဟုတ်ကဲ့ အစ်ကိုကြီး” ဖေးရွှီက ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ နန်ကျိုင်းသည် သူမကို အခန်းသို့ ပြန်ပို့ပေးခဲ့ပြီးနောက် အပြင်ဘက်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်ကြံတော့သည်။ သူ့စွမ်းအားများက သူ့အနီးမှ ကျယ်ပြောလှသည့် နေရာအထိ လွှမ်းခြုံထားပြီး ထိုနေရာအတွင်းမှ မည်သည့်လှုပ်ရှားမှုပင် ဖြစ်စေ သူ၏ သတိပြုမှုအတွင်းမှ မလွတ်မြောက်နိုင်ပေ။
“တစ်ခုခုများ ဖြစ်နေပြီလား”
အခြေအနေမှာ တည်ငြိမ်နေသော်လည်း အကြံပေးအိမ်တော်သည် တစ်စုံတစ်ခု၏ ပြစ်မှတ်အပြစ် ဖြစ်လာနေသည်ကို သူခံစားမိ၏။
တာလီပြည်ထောင်တစ်ခွင်တွင် လူအချို့သည်သာ ဤနေရာကို စောင့်ကြည့်ရဲပေသည်။
ထို့အပြင် သူ၏ စူးစမ်းလေ့လာမှုအရ သွေးနဂါးဘုံတွင် ဆိုးဝါးသည့် ရလဒ်တစ်ခုခု ဖြစ်လာပြီး ဤအချိန်သည် ဆတ်ဆတ်ထိ မခံနိုင်သည့် အခြေအနေမျိုး ဖြစ်ကြောင်း နန်ကျိုင်း ခန့်မှန်းနိုင်ပေသည်။
သို့သော်လည်း သူ့ဆရာက ပြန်မလာသေးသည်မို့ ဘာတွေဖြစ်နေသည်ကို သူ မသိရှိသေးပေ။
***
တစ်နေ့တည်းမှာပင် အင်ပါယာရှားဘုံမှ တော်ဝင်နန်းတော်တွင် ရီဖူရှင်းနှင့် အခြားလူများ ပြန်ရောက်လာကြသည်။
သူတို့သည် ရှားရှင်းယွန်နှင့်အတူ တော်ဝင်နန်းတော်သို့ သွားရောက်ခဲ့ကြသည်။ မှော်ဆရာလည်း အနားတွင် ရှိနေခဲ့သည်။ သူတို့သည် တိမ်များဖြင့် ဝန်းရံထားသည့် နန်းတော်ထဲမှ အင်ပါယာရှားနှင့် တွေ့ဆုံရန် လာရောက်ခဲ့ကြသည်။
“ကျွန်တော်တို့ကို ကူညီပါ အရှင်မင်းကြီး” ရီဖူရှင်းသည် အင်ပါယာရှားကို မြင်မြင်ချင်း ဦးညွှတ်ကာ ပြောသည်။
အင်ပါယာရှားသည် ရီဖူရှင်းကို ကြည့်ပြီးနောက် ရှားရှင်းယွန်ကို ကြည့်သည်။ သူက သူတို၏ တည်ကြည်နေသော အမူအရာကို သတိပြုမိလိုက်ပြီး မှော်ဆရာထံသို့ လှည့်ကာ မေးလိုက်သည်… “မှော်ဆရာ၊ ဘာဖြစ်ခဲ့တာလဲ”
“အရှင်မင်းကြီး” မှော်ဆရာက အသာအယာ ဦးညွှတ်လိုက်ကာ သွေးနဂါးဘုံ၌ ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြကာ အင်ပါယာရှားက ငြိမ်သက်၍ အလေးအနက် နားထောင်နေသည်။
မှော်ဆရာ၏ စကားဆုံးသွားသောအခါ အင်ပါယာက ရီဖူရှင်းဘက်သို့ လှည့်၍ မေးသည်… “မင်း ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ”
“အရှင်မင်းကြီးက တာလီကို သွားပေးစေချင်ပါတယ်” ရီဖူရှင်းက တစ်ဖန် ထပ်၍ ဦးညွှတ်သည်။ ယခုအချိန်၌ တော်ဝင်အကြံပေးကို ကယ်တင်နိုင်မည့် သူမှာ အင်ပါယာရှား တစ်ဦးသာလျှင် ဖြစ်နိုင်ပေသည်။
***