ဘဝက သံပုရာသီးတွေပေးရင်တောင် ….
Vol. 2 Ch. 19
ဒါဟာမဖြစ်သင့်ဘူး။
ဒုတိယနေရာသည် ရဲ့လန်ကို တစ်ရာခိုင်နှုန်းအလိုဖြင့် ရှုံးနိမ့်ခဲ့သော ဝမ်ချင်းယု သာရသင့်သည့်မဟုတ်လား။
နောက်ဆုံးတွင် သူမကို အကြီးအကဲ (၁၅) ဦးက ရွေးချယ်ခဲ့ကြပြီး သူမကမူ အကြီးအကဲကျန်း ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။ ဒါဆို ဘယ်လိုဖြစ်ပြီး သူမက ပထမနေရာကို
ရောက်လာတာလဲ။
"ငါ့ကြောင့်လား"
အာရန်က သူသည် သူထင်ထားသည်ထက် ပိုမိုကြီးသော နှင်းဘောလုံးအကျိုးသက်ရောက်မှုဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့မှန်းသဘောပေါက်လိုက်ပြီး အနည်းငယ် ပြုံးမိသွားသည်။
သူ့ရဲ့ ဖီးနစ်ငှက်သည် ရဲ့လန်ကို သူ့ရဲ့ ကျွမ်းကျင်မှုများ ပြသရန် အခွင့်အရေးပင် မပေးခဲ့သောကြောင့် ရဲ့လန်၏ အမှတ်ကို လျော့ကျစေခဲ့သည်။
အာရန် သည် ဝတ္ထုထဲကအတိုင်း အကြီးအကဲရန်ကဲ့သို့ တူညီသော အမှတ်ကို ပေးခဲ့သော်လည်း အခြားအကြီးအကဲနှစ်ဦးက အမှတ်ကို လျှော့ချခဲ့သည်မှာ ထင်ရှားသည်။ ဤဖြစ်နိုင်ခြေ တစ်ခုသာရှိသည်။
"ခဏလေး… ဒါလဲအဆင်ပြေတာပဲမဟုတ်လား" အာရန်က တွေးလိုက်သည်။
"အကယ်၍ ရဲ့လန်သာ ပထမနေရာကို ရယူခဲ့ပါက မည်သူ့ကိုမဆို သူ့ဆရာအဖြစ် ရွေးချယ်ပိုင်ခွင့်ရှိလိမ့်မည်။ ငါ့ကို သူ့ဆရာအဖြစ် ရွေးချယ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဓိက ဇာတ်ကောင်နဲ့ အတူတူ ပိတ်မိနေတာမျိုး ဘယ်လိုနည်းနဲ့မှ အဖြစ်မခံနိုင်ဘူး။"
အာရန်သည် အဓိက ဇာတ်ကောင်၏ လုပ်ရပ်များကို မယုံကြည်ပါ။ သူသည် သူ့ကို စမ်းသပ်မှုတွင် စိန်ခေါ်ခြင်းအားဖြင့် မူလဇာတ်ညွှန်းကိုသွေဖယ်သွားစေခဲ့ပြီး ဖြစ်သည်။
ယခု သူသည် ဒုတိယနေရာတွင် ရှိနေသောကြောင့် ထိုသို့သော အပြောင်းအလဲများ ပြုလုပ်ရန် အခွင့်အရေး မရှိတော့ပါ။ နောက်ဆုံးတွင် ဇာတ်လမ်းက မူလလမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိရန် ကြိုးစားနေပုံရသည်။
ရဲ့လန်သည် သူ့ကို ရွေးချယ်ခဲ့သော အကြီးအကဲများထဲမှ တစ်ဦးကိုသာ ရွေးချယ်နိုင်တော့မည်။ အာရန်က သူ့ကို ရွေးချယ်ရန် အစီအစဉ် လုံး၀မရှိပါ။
သူ့ကို ရွေးချယ်မည့်သူများထဲတွင် အကြီးအကဲလီသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်လိမ့်မည်။ ထို့ကြောင့် နောက်ဆုံးတွင် ရဲ့လန်သည် ဝတ္ထုထဲက ကဲ့သို့ပင် အကြီးအကဲလီကို ရွေးချယ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပါ။
ဝမ်ချင်းယုအတွက်ကတော့ သူမသည် ကျန်းဝေကို နှစ်သက်သူသည်။ သူမသည် ပထမနေရာရသူ၏ ဆုလာဘ်ကို ရရှိခဲ့လျှင်တောင် ကျန်းဝေကိုသာ ရွေးချယ်မည်ဖြစ်သည်။ ထို့ကြောင့်မည်သည့် အပြောင်းအလဲမျှ မရှိနိုင်တော့ပါ။
၎င်းသည် အကောင်းဆုံးဖြစ်ကြောင်း သဘောပေါက်သောအခါ အာရန်သည် အနည်းငယ် စိတ်သက်သာသွားသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်အတွင်း သူသည် ခံစားချက် ထောင်ပေါင်းများစွာကို ခံစားခဲ့ရသော်လည်း သူ့ရဲ့ အပြင်ပန်း အမူအရာများက တည်ငြိမ်နေဆဲဖြစ်သည်။
ရဲ့လန်တွင်မူလကအခွင့်အရေး အနည်းငယ်ပို ရှိခဲ့သည်။ ဝတ္ထုထဲတွင် အကြီးအကဲ အားလုံးနီးပါးက သူ့ကို လိုချင်ကြသည်။ သူသည် ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်ခံရသည်။
သို့သော် ဤတစ်ကြိမ်တွင် အကြီးအကဲ နှစ်ဆယ်ခန့်သာ သူ့ကို ရွေးချယ်ခဲ့သည်။ ၎င်းတို့အထဲတွင် အကြီးအကဲလီလည်း ပါဝင်သည်။
အာရန် မျှော်လင့်ထားသည့်အတိုင်း ရဲ့လန်သည် အကြီးအကဲ လီကို သူ့ဆရာ အဖြစ် ရွေးချယ်ခဲ့သည်။
နောက်ဆုံးတွင် ဝမ်ချင်းယု၏ အလှည့်ဖြစ်သည်။
"မင်းက ထိပ်ဆုံးရသူဖြစ်တဲ့အတွက် မင်းက ဘယ်အကြီးအကဲကိုမဆို ရွေးချယ်နိုင်ပါတယ်။ ဘယ်အကြီးအကဲကိုမင်းရွေးရွေးကိစ္စမရှိပါဘူး။ ဒါပေမယ့် ပိုရွေးနိုင်အောင် အခြားအကြီးအကဲတွေအကြောင်းကို ငါပြောပြမယ်။"
ရဲ့လန်သည် ဝမ်ချင်းယုကို မနာလိုစွာ ကြည့်လိုက်သည်။ ဤသည်မှာ သူ့နေရာ ဖြစ်သင့်သည်။ သူသည် ပထမနေရာကို ရယူပြီး စနစ်မှ ဆုလာဘ်ကို ရရှိသင့်သည်။
သူ့ရဲ့ မျှော်လင့်ချက်အားလုံးသည် အာရန်ကို စိန်ခေါ်ခဲ့မှုနှင့်အတူ ပြိုကျပျက်စီးသွားခဲ့သည်။ ဤအရာအားလုံးသည် အာရန့် အမှားဟုထင်ကာ အာရန်ကို ပိုမိုမုန်းတီးစွာ ကြည့်လိုက်သည်။
ကျန်းဝေသည် အကြီးအကဲများအကြောင်းနှင့် ၎င်းတို့၏ အထူးပြုနယ်ပယ်များကို ရှင်းပြခဲ့သည်။ သူမသည် ၎င်းတို့၏ သင်ကြားနည်းများနှင့် အကြီးအကဲတစ်ဦးချင်းစီအောက်ရှိ တပည့်အရေအတွက်ကိုပင် ပြောပြခဲ့သေးသည်။
"ဆုံးဖြတ်ချက် ချပြီးပြီလား" ကျန်းဝေက မေးလိုက်သည်။
"ဟုတ်ကဲရှင့်" ဝမ်ချင်းယုက ခေါင်းညိတ်လိုက်သည်။
"ဆုံးဖြတ်ချက်မြန်မြန်ချနိုင်တာလဲ ကောင်းတဲ့ အရည်အချင်းတစ်ခုပဲ" အကြီးအကဲလီက ပြုံးပြီး ပြောလိုက်သည်။
"ဒါဆို ဘယ်သူ့ကို ရွေးချယ်မှာလဲ ကျုပ်အကြံပေးရရင်တော့ အကြီးအကဲ ကျန်းက မင်းအတွက် အသင့်လျှော်ဆုံး ဖြစ်လိမ့်မယ်လို့ ထင်တယ်။"
အာရန်သည် ပြောပြနေသော အကြီးအကဲ လီကို အပြုံးဖြင့် ကြည့်လိုက်သည်။
'သူမ မသိဘူးလို့ ထင်နေတာလား သူမ ဒီကို မလာခင်ကတည်းက ဆုံးဖြတ်ချက် ချပြီးသားလေ သူမက ကျန်းဝေရဲ့ အမာခံပရိသတ်ပဲ။ ဒါကြောင့် သူမကို ဆွဲဆောင်ဖို့တောင် မလိုပါဘူး။ သူမရဲ့ ရွေးချယ်မှုက အစကထဲကသတ်မှတ်ပြီးသားလေ။'
အာရန်က သူ့အတွေးများကို သူ့ဘာသာ သိမ်းထားလိုက်သည်။ ရွေးချယ်မှု ပြီးဆုံးလုနီးပြီဖြစ်နေသောကြောင့် တောင်ပေါ်သို့ ပြန်သွားရန် သာကျန်တော့သည်။ နောက်ဆုံးတွင်တော့ သူ အေးအေးဆေးဆေး ပြန်နေနိုင်တော့မည်။
ကံမကောင်းစွာဖြင့် သူ၏ ပျော်ရွှင်မှုသည် ကြာရှည်မခံခဲ့ပါ။ ဝမ်ချင်းယု၏ တုံ့ပြန်မှုကို ကြားလိုက်ရသောကြောင့်ဖြစ်သည်။
"ကျွန်မ အကြီးအကဲရန်ကို ရွေးချယ်ချင်ပါတယ်"
ဤတစ်ကြိမ်တွင် တစ်ဦးတည်းသော ကြယ်ခြောက်ပွင့်ပါရမီရှင်ဖြစ်သော ဝမ်ချင်းယုက အကြီးအကဲရန်ကို ကြည့်ရင်း ပြောလိုက်သည်။
"အဟွတ် အဟွတ်..." အာရန်သည် သူ မမျှော်လင့်သလိုဖြစ်သွားသဖြင့် အလွန်အံ့အားသင့်သွားပြီး ချောင်းဆိုးခြင်းကို ရပ်တန့်မရနိုင် ဖြစ်သွားရသည်။
"မင်းတို့နှစ်ယောက် ဂိုဏ်းကို လာတဲ့လမ်းမှာ ခေါင်းကို ထိခိုက်မိသွားကြတာလား ဒီနေ့ လူတိုင်း ငါ့ကို ဘာလို့ ရွေးချယ်နေကြတာလဲ ငါ့မှာ င့ါဟာနဲ့ငါတောင် ဒုက္ခပင်လယ်ဝေနေလို့ တိုင်ပါတ်နေတာ" အာရန်က စိတ်ထဲမှာ ဆက်တိုက် ကျိန်ဆဲနေမိသည်။
သူသည် ဝမ်ချင်းယု၏ ရွေးချယ်မှုကို မယုံကြည်နိုင်သေးပါ။ သို့သော် သူသည် အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီး သူ့မျက်နှာတွင် အားပေးသည့် အပြုံးကို ဖန်တီးလိုက်ရသည်။
သူမကို သူ့အားရွေးချယ်မှုကို ပြောင်းလဲပြီး အကြီးအကဲ ကျန်းကိုသာ ရွေးချယ်ရန် နားချကြည့်ချင်ခဲ့သည်။ သို့သော် သူဘာမှမစတင်ရသေးခင် အကြီးအကဲကျန်းက စတင်ပြောဆိုလိုက်သည်။
"ဒါက အလွန်ကောင်းတဲ့ ရွေးချယ်မှုပဲ အကြီးအကဲရန်က ကျွန်မတို့ ဂိုဏ်းမှာ လူသစ်လိုဖြစ်နေပေမဲ့ ဒီနေ့ လူတိုင်းမြင်တွေ့ခဲ့တဲ့အတိုင်းပဲ ခွန်အားဘယ်လောက်ကြီးလဲဆိုတာအားလုံးအသိ
ဖြစ်မှာပါ။ ပြီးတော့ သူဟာ တပည့်မရှိသေးတဲ့ တစ်ဦးတည်းသောအကြီးအကဲလည်း ဖြစ်တယ်။ ဒါကြောင့် မင်းက သူ့ရဲ့ ပထမဆုံး တပည့် ဖြစ်လာလိမ့်မယ်။"
ဝမ်ချင်းယုသည် အကြီးအကဲ ရန်ကို ရွေးချယ်သည့်အတွက် ကျန်းဝေက စိတ်မဆိုးပါ။ ယင်းအစား ၎င်းသည် မှန်ကန်သော ရွေးချယ်မှုဟု ယုံကြည်ကာ သူမကပင် အားပေးခဲ့သေးသည်။
" ကြယ်ခြောက်ပွင့်ပါရမီရှင်ကို တပည့်အဖြစ် ခေါ်ယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် အကြီးအကဲရန် "
အကြီးအကဲ လီကလည်း အာရန်ကို ဂုဏ်ပြုခဲ့သည်။
အာရန်သည် ပြောစရာများစွာ ရှိသော်လည်း သူ့တွင်ထိုအခွင့်အရေးကို ဆုံးရှုံးခဲ့ရလေသည်။ ဤမိန်းကလေးကို မည်သို့ သင်ကြားပေးရမည်ကိုပင် သူမသိပါ။
သူသည် ဤအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းရှိသေးသလားဟု တွေးတောနေဆဲဖြစ်သည်။
[ရွေးချယ်မှု ၁: ကြယ်ခြောက်ပွင့်ပါရမီရှင်တစ်ဦးက သင့်ကို ရွေးချယ်ခဲ့သည်။ သို့သော် သူမ၏ ပါရမီသည် သင့်စံနှုန်းအရ အလွန်နည်းပါးသည်။ ကြယ်ခြောက်ပွင့်ပါရမီရှင်သည် သင့်အာရုံနှင့် မထိုက်တန်ကြောင်းနှင့် ထိုကဲ့သို့ အမှိုက်များကို တပည့်အဖြစ် မလိုချင်ကြောင်း လူတိုင်းကို ပြောပြပါ။
ဆုလာဘ်: အရိပ်ပွင့်ဓား (အဆင့်မြင့်)]
[ရွေးချယ်မှု ၂: ဘဝက သံပုရာသီးတွေ ပေးရင် သံပုရာရည် လုပ်သောက်ပါ။ တပည့်တစ်ဦးကို ရရှိပြီးဖြစ်သောကြောင့် သူမကို လက်ခံပါ။
ဆုလာဘ်: ဘာမှန်မသိရသော ဥတစ်ဥ (ရှားပါးအဆင့်)]
[ရွေးချယ်မှု ၃: ဝမ်ချင်းယုကို သူမ၏ ခံစားချက်ကို မထိခိုက်စေဘဲ အခြားအကြီးအကဲတစ်ဦးကို သူမ၏ ဆရာအဖြစ် ရွေးချယ်ရန် တိုက်တွန်းပါ။
ဆုလာဘ်: ရေခဲကြာပန်း (ရှားပါးအဆင့်)]
[ရွေးချယ်မှု ၄: သင်သည် အကြီးအကဲ အတုဖြစ်ကြောင်းနှင့် ကြယ်ခြောက်ပွင့်ပါရမီရှင်သည် သင့်ကို သူမ၏ ဆရာအဖြစ် လက်ခံခြင်းဖြင့် သူမ၏ ဘဝကို ပျက်စီးစေသည်ကို မမြင်ချင်ကြောင်း လူတိုင်းကို ပြောပြပါ။
ဆုလာဘ်: နဂါးအတောင်ပံ (ထူးခြားအဆင့်)]
--------------------------------------------------------------------------------
(ဘာသာပြန်သူမှတ်ချက်။ ။ When life gives you lemons, make lemonade - ဘဝက သံပုရာသီးတွေ ပေးရင် သံပုရာရည်သာလုပ်သောက်ပစ်ပါဆိုတာလေးနဲနဲရှင်းပြချင်ပါတယ်။ အဓိပ္ပါယ်ကတော့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့ သဘောထားကို ထားရှိဖို့ အားပေးထားတဲ့ စကားပါ။ သံပုရာသီးရရင် သံပုရာရည်လုပ်သောက်ပစ်မယ်ပေ့ါ ပြောချင်တာ ဘာလာလာဒေါင်းရမယ်ဆိုပါတော့။)
#Catfoot