အာရန်၏ နည်းလမ်း
Vol. 3 Ch. 21
အာရန်နှင့် ဝမ်ချင်းယုတို့သည် မမျှော်လင့်ဘဲ အနေခက်သော အခြေအနေမျိုးသို့ ရောက်ရှိနေကြောင်းသတိထားမိလိုက်သည်။
အာရန်သည် ရှက်ရွံ့စွာဖြင့် နီရဲနေသော ချင်းယု၏မျက်နှာလေးကို မြင်လိုက်သည်။ ထို့နောက် သူ့လက်သည် သူမ၏ ခါးသွယ်သွယ်လေးပေါ်တွင်ရောက်ရှိနေသည်ကို သတိထားမိသွားသည်။
သတိပြန်ဝင်လာပြီးချင်း အလျင်အမြန်ပင် ဝမ်ချင်းယု ကို ညင်သာစွာ တွန်းလိုက်ကာ မတ်တပ်ရပ်လိုက်သည်။
“မင်း အဆင်ပြေရဲ့လား”
အာရန်က အေးဆေးတည်ငြိမ်နေဟန်ဖြင့် မေးလိုက်သည်။
ဝမ်ချင်းယု သည် အနည်းငယ် ကြောင်အမ်းနေဆဲဖြစ်သော်လည်း ပြန်လည်ခေါင်းညိတ်ပြကာ လိုက်ပါထရပ်လိုက်သည်။
“ ဆရာ့ကိုယ်ပေါ်ကို ပြုတ်ကျသွားတာ ကျွန်မ...ကျွန်မ တမင်တကာ... မဟုတ်ပါဘူး”
“ရပါတယ်”
အာရန်က နွေးထွေးသော အပြုံးဖြင့် ဘာမှမဖြစ်သလို နှစ်သိမ့်လိုက်သည်။
“မတော်တဆမှုတွေက ဖြစ်တတ်ပါတယ် နောက်ဆို ပိုပြီး သတိထားပါ”
ထို့နောက်သူကဆက်လက်၍ -
“ဒါနဲ့ မင်းကအမြင့်ကို ကြောက်တတ်လို့လား”
အာရန်သည် အကြောင်းအရာကို ပြောင်းလဲပြောဆိုလိုက်ပြီး အနည်းငယ် ကိုးရိုးကားယားနိုင်နေသော လေထုကို ပြောင်းလဲလိုက်သည်။
မိန်းကလေးက ခေါင်းကို ညင်သာစွာ ပြန်ညိတ်ပြလေသည်။
“သတိရှိတာတော့ ကောင်းပါတယ် ဒါပေမယ့် ကြောက်စိတ်ကို ကိုယ့်အပေါ် လွှမ်းမိုးခွင့် မပေးတာပိုကောင်းမယ်။ ဒါကို ဆရာ့ ရဲ့ ပထမဆုံး သင်ခန်းစာလို့ သဘောထားလိုက်ပါ”
အာရန်က သူ့ကိုယ်သူ ဆရာတစ်ယောက်လေသံဖြင့် တပည့်ကို ဆုံးမနေဟန် ပြန်ပြောလိုက်သည်။
အာရန်သည် သူမကြာသေးမှီအချိန်တွင် ချောက်ထဲပြုပ်ကျတုံးက မည်မျှကြောက်လန့်တကြားအော်ဟစ်ခဲ့သည်ကိုတော့ လုံး၀မေ့သွားခဲ့ဟန်ရသည်။
ခုချိန် သူပြုတ်ကျသွားမှာကို မကြောက်ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖီးနစ်က သူ့ကို ကာကွယ်ပေးမည်ကိုသိရှိထားသောကြောင့်ဖြစ်သည်။
ဤကမ္ဘာတွင် သူ့အတွက် သေဆုံးနိုင်သည့် နည်းလမ်းထောင်ပေါင်းများစွာ ရှိသော်လည်း မတော်တဆ ပြုတ်ကျသေဆုံးခြင်းသည်တော့ ထိုအထဲတွင် မပါဝင်ပါ။
ဖီးနစ်သည် အာရန်၏ အိမ်ရှိရာ တောင်ပေါ်သို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။ သို့သော်အိမ်ဟု ခေါ်မည့်အစား အခန်းတစ်ခန်းဟုပြောင်းခေါ်လျှင်ပို၍မှန်ကန်မည်ထင်ရသောနေရာတွင်ဖြစ်သည်။
အာရန်သည် သူ့ရှေ့ကို ကြည့်လိုက်ပြီး သူမေ့နေခဲ့သော ပြဿနာတစ်ခုကို သတိရလိုက်သည်။
သူ့တွင် အခန်းတစ်ခန်းသာရှိသည်။ အခြားသော အကြီးအကဲများသည် တပည့်များကို သင်ကြားရန်အတွက် မိမိတို့၏ တောင်များပေါ်တွင် နေရာများစွာစီစဉ်ထားကြသော်လည်း အကြီးအကဲရန်တွင်တော့ ဘာမှရှိမနေခဲ့ပါ။
သူ့တွင် တပည့်များနေထိုင်ရန်အတွက် တောင်ပေါ်တွင် ခြံဝန်းတစ်ခုလိုမျိုး နေရာတစ်ခုတလေပင် ရှိမနေပါ။
သူသည် သူ့တပည့်အသစ်စက်စက်ကလေးကို လှည့်ကြည့်လိုက်ပြီး သူ့ ဂုဏ်သိက္ခာအားလုံးကို မဆုံးရှုံးစေဘဲ ဤကိစ္စကို မည်သို့ ပြင်ဆင်ရမည်ကို စဉ်းစားနေသည်။
ရုတ်တရက်တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး သူက “ဒါက မင်းအတွက် ဒုတိယမြောက် သင်ခန်းစာပဲ” ဟု ပြောလိုက်သည်။
ဝမ်ချင်းယုတစ်ယောက် ဆရာကသူမအား အကြမ်းစားပညာရပ်များ ပို့ချပေးတော့မည်လောဟူ၍ အာရုံစိုက်နားထောင်နေမိသည်။ သို့မဟုတ် ဓားသိုင်းတစ်ချို့ကို သင်ကြားပေးမည်လားဟုလည်း တွေးနေမိသည်။
“မိမိကိုယ်ကို အားကိုးခြင်း” ဟု အာရန်က ပြောလိုက်သည်။
“ယောက်ျားတစ်ယောက်..အဟွတ်... မိန်းမတစ်ယောက်က မိမိကိုယ်ကို အားကိုးနိုင်ရမယ်။ အဟမ့် .. ဒါကြောင့် ဒါက မင်းရဲ့ ဒုတိယမြောက် သင်ခန်းစာပဲ”
သူသည် သူ့ရှေ့မှ သဘာဝသယံဇာတများဖြင့် ပြည့်နှက်နေသည့် ကျယ်ပြောလှ သော တောင်ကြီးကိုကို ညွှန်ပြလိုက်သည်။ တောင်၏ တစ်ဝက်ကို သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး ကျန်တစ်ဝက်ကို နှင်းမြူများဖြင့် ဖုံးလွှမ်းထားသည်။
“အဲဒီတောင်က ငါ့ရဲ့ တောင်ပဲ။ မင်းက ငါ့ရဲ့ တပည့်ဖြစ်တဲ့အတွက် မိမိကိုယ်ကို အားကိုးတတ်အောင် သင်ယူရမယ်။ ခိုင်မာတဲ့ ဇွဲလုံးလအပြည့်ရှိတဲ့စိတ်ဓာတ်မျိုးကို မွေးမြူနိုင်ပြီးမှသာ တတိယမြောက် သင်ခန်းစာကို ဆက်သွားနိုင်မှာပဲဖြစ်တယ်”
“မင်းရဲ့ ကိုယ်ပိုင်အိမ်ကို မင်းကိုယ်တိုင် ဖန်တီးယူရမယ်” ဟု သူက ပြောလိုက်သည်။
“နက်ဖြန် မနက်နေထွက်ချိန်အမှီပြီးအောင်ဆောက်ရမယ် ပြီးတော့ မင်းရဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ငါ့ကို ပြသရမယ် အရာအားလုံးရဲ့မူလအစကို ပြန်သွားပြီး ကိုယ့်ကိုယ်ကိုသာ အားကိုးနိုင်သူတစ်ယောက်လို နေထိုင်ရမယ်”
“မင်း အဆင်သင့်ဖြစ်ပြီလို့ ငါယုံကြည်တဲ့အခါကျရင်.....”
သူစကားကို ဆုံးအောင် မပြောခဲ့သော်လည်း သူ၏ ဆိုလိုရင်းမှာ ရှင်းလင်းသည်။ သူသည် အခြားသော အကြီးအကဲများကဲ့သို့ မဟုတ်ပေ။
သူသည် သူတို့အား အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်သောကြောင့် ဇိမ်ခံဘဝကို ပေးအပ်ရန် မရည်ရွယ်ခဲ့ပါ။ သူတို့အား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာပြီး မိမိကိုယ်ကို အားကိုးနိုင်သူများ ဖြစ်စေချင်ခဲ့သည်။
အနဲဆုံးတော့ အခြားသူများကို ထိုသို့ထင်စေချင်ခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တွင် သူသည် မည်သည့်အရာကိုမျှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။
ထိုတပည့်မလေး သည် သူ့ထက်ပင် အမှန်တကယ် အားကောင်းနေသည်။ သူမအတွက် သူဘာလို့ အပင်ပန်းခံရမှာလဲ။ ပေါ့ပေ့ါဆဆနေတတ်သော အကြီးအတစ်ဦးအဖြစ်ခံမဲ့ အစား ထိုအချက်ကို သင်ခန်းစာတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး သူမကို ပြန်လည် ညွန်ပြပေးနေသယောင် လုပ်လိုက်၍ကောမရဘူးလား။
“ကျွန်မ ဆရာ့ကို စိတ်မပျက်စေရပါဘူး”
ဝမ်ချင်းယုက သံသယအနည်းငယ်မျှမဝင်မိပဲ ခေါင်းညိတ်အရိုအသေပေး လိုက်သည်။ ယင်းအစား သူမ၏ စိတ်ထဲတွင် သူ့ရဲ့ ဂုဏ်ပုဒ်သည် ပို၍ပင် မြင့်တက်သွားခဲ့သည်။
သူမသည် ဤအကြီးအဲသည် ဆင်းရဲဒုက္ခတရား၏ နက်နဲသော သဘောတရားများကို နားလည်နိုင်ရန် မည်သို့သော ဘဝမျိုးကို ဖြတ်သန်းခဲ့သည်ကို အံ့သြမိနေသည်။
“ဆရာ ကျွန်မကို အသိအမှတ်ပြုလာအောင် ကြိုးစားသွားပါ့မယ်” သူမသည် ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ကောင်းတယ် ငါစောင့်ကြည့်နေမယ်”
အာရန်သည် မိန်းကလေး၏ ခေါင်းကို သူ၏ အိမ်မွေးတိရစ္ဆာန်ငယ်လေးကို ပုတ်သကဲ့သို့ ပုတ်ရင်းရေရွတ်လိုက်သည်။
ပြီးသည်နှင့် သူ့အခန်းမှာ တောင်၏အရှေ့ဘက်စွန်းတွင်ရှိနေသောကြောင့် ဖီးနစ်အား ဝမ်ချင်းယု ကို တောင်၏ နောက်ဘက်သို့ ပို့ဆောင်စေလိုက်သည်။
မိန်းကလေးသည် နှင်းများဖုံးလွှမ်းနေသော လယ်ကွင်းအတွင်းသို့ ဆင်းသက်လိုက်ပြီး ဖီးနစ်၏လှပစွာ ပျံသန်းသွားပုံကို ငေးကြည့်နေမိသည်။
[ဂုဏ်ယူပါတယ် သင်သည် လျှို့ဝှက်ချက်တစ်ခုကိုအောင်မြင်စွာ လော့ခ်ဖွင့်လိုက်နိုင်ပါပြီ]
“ဟိုး… ရွေးချယ်စရာတွေနဲ့ ဆုလာဘ်တွေ ကိုဖော်ပြပေးတာအပြင် မင်းလုပ်နိုင်တာလဲရှိသေးတယ်ပေ့ါ “
အာရန်သည် အသိပေးချက်ကို အံ့အားသင့်စွာ တုံ့ပြန်လိုက်သည်။
အာရန်က စနစ်သည် ရွေးချယ်စရာများနှင့် ဆုလာဘ်ဖော်ပြချက်များ တွင်သာ ကန့်သတ်ထားသည်ဟု ထင်ခဲ့သည်။
[သင်သည် သင်၏ ပထမဆုံး တပည့်ကို လက်ခံလိုက်ပါပြီ]
[သင်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ရွေးချယ်စရာတစ်ခုကို ရွေးချယ်ပါ]
[ရွေးချယ်စရာ တစ် : သင်သည် အကြီးအကဲရန် မဟုတ်ပါ။ သင်၏ဇာတိသည် ဤကမ္ဘာမဟုတ်သောကြောင့် ဤကမ္ဘာအကြောင်းအသေးစိတ်ကိုသင်မသိပါ။
သင်သည် အကြီးအကဲရန်၏ တပည့်အတွက် တာဝန်မရှိဘဲ သူမကို ကောင်းစွာ မသင်ပေးနိုင်ပါ။ ထိုအရာကို ဖော်ထုတ်မခံရအောင် တပည့်ကို ဆက်လက်လှည့်စားပါ။
ဆုလာဘ်: ကျင့်ကြံခြင်းအဆင့် +၁၀]
[ရွေးချယ်စရာ နှစ် : သင်သည် ဤကမ္ဘာ၏ ဇာတိမဟုတ်သော်လည်း ယခင်ကကဲသို့ပင် ဆရာတစ်ဦးဖြစ်နေဆဲပင်ဖြစ်သည်။
သင်သည် တပည့်ကို ထာဝရ လှည့်စားလိုစိတ် မရှိပါ။ သူမကို ပိုမိုအားကောင်းလာစေချင်သည်။ ထိုအတွက်ကြောင့် သင်ကိုယ်တိုင်လည်း ပိုမိုအားကောင်းလာရန် ဆန္ဒရှိသည်။
သင်သည် သင်၏ ကံကြမ္မာကို သင်၏ လက်နှင့် အရယူရန် ဆုံးဖြတ်လိုက်သည်။ သင်သည် အောင်နိုင်သူတစ်ဦး၏ လမ်းကို လျှောက်လှမ်းပြီး ဤကမ္ဘာ၏ အသိပညာအားလုံးကို အောင်နိုင်မည်ဟုယုံကြည်သောကြောင့် သင်၏ တပည့်ကို ကောင်းမွန်စွာ သင်ကြားပေးနိုင်မည်ဖြစ်သည်။
ဆုလာဘ်: မှတ်ဉာဏ်အပိုင်းအစ (အမည်မသိ အဆင့်)]
[ရွေးချယ်စရာ သုံး : ဂိုဏ်းမှ ထွက်ပြေးပြီး တာဝန်အားလုံးကို စွန့်လွှတ်ပါ။ ဤ တိုင်းပြည်ကို စွန့်ခွာပြီး ဘဝ၏ ကျန်ရှိသော အချိန်များကို သာမန်လူတစ်ယောက်အဖြစ် နေထိုင်နိုင်သည့် ဘေးကင်းသော နေရာတစ်ခုကို ရှာဖွေပါ။
သဘာဝအတိုင်း သေဆုံးသည်အထိ အသက်ရှင်ပါ။
ဆုလာဘ်: ဖုံးကွယ်ခြင်း မျက်နှာဖုံး (ထူးခြားသော အဆင့်)]
[ရွေးချယ်စရာ လေး : ထွက်ပြေးရန် မဖြစ်နိုင်ကြောင်း သင်သိသည်။ သင်ကြိုးစားပါက ဖမ်းမိခံရလိမ့်မည်။ သို့သော် သင်သည် တပည့်ကို ထာဝရ လှည့်စားနိုင်မည်လည်း မဟုတ်ပါ။
ခွန်အားကြီးသော နောက်ခံအင်အားတစ်ခုခုကို မှီခိုထားနိုင်မှသာ ရှင်သန်နိုင်ကြောင်း သင်ဆုံးဖြတ်လိုက်သည်။ ထိုအတွက် လုံလောက်အောင် အားကောင်းသူ တစ်ဦးတည်းသာ ရှိကြောင်း သင်သိသည်။
ထို့ကြောင့် သင်၏ အဖြစ်မှန်ကို သိရှိပြီးနောက်တွင်ပင် သင့်အား ကာကွယ်ရန် ဆန္ဒရှိသည်အထိ မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ကို သင့်အား ကြွေဆင်းသွားအောင်ပြု လုပ်ပါ။
ဆုလာဘ်: ကြယ်ကြွေမြို့ ဝင်ပေါက်သော့]
#Catfoot