အဲ့ဒါ သူလား။
Vol. 3 Ch. 23
အာရန်၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေသည်။ အကြီးအကဲရန် ကဲ့သို့ အားနည်းသော လူတစ်ယောက်သည် အဘယ်ကြောင့် ဤမျှ မယုံကြည်နိုင်လောက်သော အောင်မြင်မှုများကို ရရှိနိုင်ခဲ့သနည်း။
“မှတ်ဉာဏ်အပိုင်းအစကို အခုနေ သုံးလို့မရသေးဘူးလို့ ပြောခဲ့တယ်။ သုံးကြည့်ရင် ဘာဖြစ်နိုင်မလဲ” ဟု မေးလိုက်သည်။
သို့သော် ဘာတုံ့ပြန်မှုမှပြန်မရပါ။
သူသည် မေးခွန်းများ ပိုမေးရန် ကြိုးစားခဲ့သော်လည်း မည်သည့်အဖြေကိုမျှ ပြန်မရရှိခဲ့ပါ။ ယခုအချိန်အထိ သူသည် အဖြေဟူ၍ တစ်ကြိမ်သာ ရရှိခဲ့ပြီး ယင်းမှာ ရွေးချယ်စရာများနှင့်ပတ်သက်၍ ရှင်းလင်းချက်ပြန် ပြောပြသောအချိန်ပင်ဖြစ်သည်။
“စနစ်မှတ်ဉာဏ်က ရွေးချယ်စရာတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေရယ် သာမန် အခြေခံမေးခွန်းတွေရယ်ကိုပဲ မေးလို့ရတဲ့ပုံပဲ”
မှတ်ဉာဏ်အပိုင်းအစကို အသုံးပြုနိုင်ရန် မည်မျှအထိ သန်မာလာရန်လိုအပ်မည်ကို သူ မသိနိုင်ပါ။ သို့သော် ဆုလာဘ်ကိုယ်တိုင်က သတိပေးချက်တစ်ခုနှင့် ပါလာခြင်းဖြစ်သဖြင့် ၎င်းကို လျစ်လျူရှုခြင်းသည် ကြီးမားသော အမှားတစ်ခုဖြစ်နိုင်ကြောင်း ရှင်းလင်းလေသည်။
ဖြစ်နိုင်ခြေ နှစ်ခုရှိသည်ဟု သူထင်သည်။ တစ်ခုမှာ သူအခု ကြိုးစားဖွင့်ကြည့်ပါက အမှန်တကယ် သေဆုံးသွားနိုင်ခြင်းဖြစ်သည်။ ဒုတိယ ဖြစ်နိုင်ခြေမှာ အကြီးအကဲရန်၏ မှတ်ဉာဏ်များကိုရှာဖွေရင်း သူ့ကိုယ်သူ မှတ်ဉာဏ်အတွင်း ပျောက်ဆုံး သွားနိုင်ခြင်းပင်ဖြစ်သည်။
“မှတ်ဉာဏ်အပိုင်းအစတွေအကြောင်းကို ပိုပြီးလေ့လာထားဖို့လိုမယ်ထင်တယ်”
ထို့နောက်အာရန်သည် ခန်းမဆီမှထွက်ခွာကာ ဖီးနစ်၏ကိုယ်ပေါ်သို့ တက်လိုက် သည်။
တတ်နိုင်သမျှ အမြန်ဆုံး အနားယူချင်နေသော်လည်း သူ့စိတ်က အနားမယူနိုင်သေးပါ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူဒီည အိပ်မပျော်နိုင်ကြောင်း သူသိနေသည်။
စနစ်က အခြားဘယ်နေရာကမှ ဆုလာဘ်များကို ဖန်တီးနေခြင်း မဟုတ်ဘူးဟု သူယုံကြည်သည်။ ဤဆုလာဘ်များသည် ဤကမ္ဘာနှင့်သာ သက်ဆိုင်နေရမည်။
ဝတ္ထုထဲတွင် ဓားဘုရင်၏အော်ရာ အကြောင်းကို မဖတ်ဖူးခဲ့သော်လည်း ဤကမ္ဘာတွင် ဓားဘုရင်ဟုခေါ်သော တစ်စုံတစ်ယောက် ရှိရမည်ဟုလည်း သူယုံကြည်သည်။
ထိုသူသည် အများမေ့ပျောက်သွားသော ခေတ်တစ်ခုမှ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်လေသည်။ သို့မဟုတ် သူသည် ခုထိအသက်ရှင် နေနိုင်သေးသည်။ သို့သော် ထိုအရာများသည် အရေးမကြီးပါ။ အရေးကြီးသည်မှာ သူ့အတွက် အကျိုးသက်ရောက်မှုများပင်ဖြစ်သည်။
ဆုလာဘ်များသည် အစစ်အမှန်အရာများဆိုပါက ၎င်းတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များ ရှိရမည်ဟု ဆိုလိုသည်။ ဤကမ္ဘာတွင် မှတ်ဉာဏ်အပိုင်းအစများ ကဲ့သို့ တစ်စုံတစ်ခုရှိပါက ၎င်းတို့နှင့်ပတ်သက်သော သတင်းအချက်အလက်များလည်း ရှိရမည်။
သတင်းအချက်အလက်များကို စုဆောင်းနိုင်သည့် နေရာတစ်ခုသာ ရှိသည်။ ၎င်းမှာ ဂိုဏ်း၏ စာကြည့်တိုက်ပင်ဖြစ်သည်။
ပါမောက္ခတစ်ဦးအနေဖြင့် သူသည် ကမ္ဘာပေါ်ရှိ အသိပညာများ ၏ အကျိုးကျေးဇူး ကို ကောင်းစွာ သိရှိလေသည်။ အသိပညာအချက်အလက်များကို အဓိကစုဆောင်း ထားသည့် နေရာမှာ စာကြည့်တိုက်ပင်ဖြစ်သည်။
အလွန်မျက်စိပသာဒဖြစ်ဖွယ် လှပလွန်းသော ဖီးနစ်ငှက်တစ်ကောင်သည် ဂိုဏ်းအထက်တွင် ပျံသန်းနေပြီး လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေသည်။ ၎င်း၏ ခမ်းနားသော အတောင်ပံများသည် နေရောင်အောက်တွင်
အလွန်တောက်ပလွန်းလျက်ရှိပြီး ပတ်ဝန်းကျင်ရှိ ရှုခင်းများအပေါ် သူမ၏အလင်းရောင်များကို ဖြန့်ကျက်ပေးလျက် ရှိသည်။
လူအများအပြားသည် အကြီးအကဲရန်ကို မတွေ့ဖူးကြသော်လည်း လူတိုင်း နီးပါးသည် ဤဖီးနစ်အကြောင်းကို ကြားဖူးကြသည်။
ဂိုဏ်းတွင် ဒဏ္ဍာရီဆန်သော သားရဲ နှစ်ကောင်သာ ရှိသည်။ ပထမတစ်ခုမှာ ဂိုဏ်းချုပ်ပိုင်ဆိုင်သော ကောင်းကင်ကျားဖြူကြီးပင်ဖြစ်သည်။
ဒုတိယတစ်ခုမှာမူ ၎င်းသည် အကြီးအကဲရန်၏ ဖီးနစ်ငှက်ပင်ဖြစ်သည်။
“ငါ စာအုပ်ထဲမှာ ဖတ်ကြည့်ခဲ့ရသလောက် စာကြည့်တိုက်ကဒီနေရာမှာပဲ ဖြစ်ရမယ်”
အာရန်သည် အဝေးမှ ခမ်းနားထည်ဝါသော အဆောက်အအုံတစ်ခုကို လှမ်း၍ လေ့လာနေ
သည်။ အထပ်ငါးထပ်မြင့်သော အဆောက်အအုံတစ်ခုသည် သူ၏ ကြီးကျယ် ခမ်းနားမှုကို ထုတ်ဖော်ပြသလျက်ရှိသည်။
ရှုပ်ထွေးသော ပန်းပုလက်ရာများဖြင့် အဆောက်အဦး၏ အပြင်ပိုင်းကို အလှဆင်ထားပြီး ၎င်း၏ နံရံများအတွင်း၌ ကြွယ်ဝသော သမိုင်းနောက်ခံပုံများနှင့် ဗဟုသုတရဖွယ်ရာများစွာတို့ကို ဖော်ပြထားလေသည်။ ရှေးခေတ် ဗိသုကာလက်ရာသည် ထင်ရှားပေါ်လွင်ပြီး စာကြည့်တိုက်ကိုပို၍ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ပေးနေလေသည်။
စာကြည့်တိုက်၏ပထမထပ်သည် လူတိုင်းကို ကြိုဆိုသော်လည်း အပေါ်ထပ်များသို့ ဝင်ရောက်ခွင့်ကို မူကန့်သတ်ထားသည်။
ဥပမာအားဖြင့် ဒုတိယထပ်သည် အပြင်စည်းတပည့်များဝင်ရောက်ခွင့်အတွက် တားမြစ်ထားသည်။
အလားတူ တတိယထပ်ကိုလည်း ဂိုဏ်း၏ အဓိကတပည့်များနှင့် အကြီးအကဲများ၏ တပည့်များအတွက်သာ သီးသန့်ထားရှိပြီး အတွင်းစည်း တပည့်များအား ဝင်ရောက်ခွင့် မပေးပါ။
အကြီးအကဲများသည်လည်း စတုတ္ထထပ်သို့သာ သွားရောက်နိုင်ပြီး ပဉ္စမထပ်ကိုမူ ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏ မဟာအကြီးအကဲများအတွက်သာ သီးသန့်ဖြစ်လေသည်။
အဆင့်အတန်းသည် ရှင်းလင်းပြီး လူတိုင်းသည် တစ်ထပ်စီ၏ အရေးပါမှုကို နားလည်ကြသည်။
ဒဏ္ဍာရီဆန်သောသားရဲ ဆင်းသက်လာသည်နှင့် ဂိုဏ်းအဖွဲ့ဝင်များသည် အကြီးအကဲအတွက် လမ်းဖယ်ပေးရန် အလျင်အမြန် နေရာများကို ရှင်းလင်းလိုက်ကြသည်။ မည်သူမျှ ထိုကဲ့သို့ လေးစားခံရသူ၏ လမ်းကို ပိတ်ပင်တားဆီးရန် ဆန္ဒမရှိကြပါ။
အကြီးအကဲရန်သည် သူ၏ရာထူးတွင် အသစ်ဖြစ်သော်လည်း အကြီးအကဲကျန်းထက်ပင် ခွန်အားသာလွန်သည်ဟူသော သတင်းသည် ဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့ပြီးဖြစ်သည်။
ဝင်ခွင့်စာမေးပွဲတွင် ပါဝင်ခဲ့သော ဂိုဏ်းတပည့်များသည် ယနေ့အစောပိုင်းတွင် ၎င်းတို့မြင်တွေ့ခဲ့ရသော အံ့အားသင့်ဖွယ် မြင်ကွင်းကို ပြန်ပြောပြပြီးဖြစ်သည်။
ဤအချိန်တွင် အာရန်၏ ဂုဏ်သတင်းသည် နေအလင်းရောင်ကဲ့သို့ အလွန်ထွန်းလင်းတောက်ပလျက်ရှိနေပြီ ဖြစ်သည်။ သူသည် လူသစ် ဖြစ်သော်လည်း လျှို့ဝှက်ဆန်းကြယ်လွန်းပြီး အားကောင်းလွန်းလှသည်။ သူ့တွင် ကြယ်ခြောက်ပွင့်အရည်အချင်းရှိသည့် တပည့်တစ်ဦးသာ ရှိသည်။
ခမ်းနားသော ဖီးနစ်သည် စာကြည့်တိုက်ကြီး၏ အဝင်ဝတွင် ကျက်သရေရှိစွာ ဆင်းသက်လိုက်ပြီး လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
စာကြည့်တိုက်၏ အစောင့်များသည်ပင် အာရန်၏ အငွေ့အသက်ကြောင့် ဖိနှိပ်ခံရပြီး ဒူးထောက်ရန် လိုအပ်သည်ဟု ခံစားရလုမတတ် ဖြစ်သွားကြသည်။
စာကြည့်တိုက်ရှေ့တွင် ရပ်လိုက်သောအခါ အာရန်သည် ၎င်း စာကြည့်တိုက်၏ခမ်းနားကြီးကျယ်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရ၍ အံ့အားသင့်သွားလေသည်။ သူသည် သူ့ကမ္ဘာတွင် စာကြည့်တိုက်များစွာသို့ သွားရောက်ခဲ့ဖူးသော်လည်း သူ့ရှေ့မှ စာကြည့်တိုက်၏ ခမ်းနားမှုနှင့် မယှဉ်နိုင်ပါ။
ဖီးနစ်၏ လေစွမ်းအားများသည် အာရန်ကို ဝန်းရံထားသောကြောင့် သူသည် လေထဲတွင် ပျံသန်းနေရသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး ဖီးနစ်သည် ကောင်းကင်တွင် တခါထပ်မံ ပျံတက်သွားပြီး စာကြည့်တိုက်အထက်ရှိ ကောင်းကင်တွင် စက်ဝိုင်းပုံစံဖြင့် လှည့်ပတ်ကာ စောင့်ဆိုင်းနေလေသည်။
အထက်မှ ဖီးနစ်ကို ကြည့်ရင်း အာရန် မပြုံးဘဲ မနေနိုင်ပါ။
“သူမက ကလေးတစ်ယောက်နဲ့ တဖြည်းဖြည်း ပိုတူလာသလိုပဲ”
ခန်းမထဲတွင် မိန်းကလေးများစွာ ရှိနေသည်။ ၎င်းတို့သည် အာရန်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် သူ့ကိုမြင်သည်နှင့် အံ့အားသင့်သွားကြသည်။
၎င်းတို့သည် သူ့အကြောင်းကို ကြားရုံသာ ကြားဖူးသော်လည်း သူ့ကိုယ်တိုင် မြင်တွေ့ရသောအခါ ပို၍ပင် ကြည့်ကောင်းနေသည်ဟု ထင်ကြသည်။
အာရန်၏ အပြုံးကိုမြင်လိုက်သည်နှင့် မိန်းကလေးများသည် ၎င်းတို့၏ နှလုံးသားကို ကျူးပစ်၏ အချစ်မြှားများဖြင့် အပစ်ခံရသကဲ့သို့ ခံစားလိုက်ကြရသည်။
၎င်းတို့သည် မှင်သက်မိန့်မောသွားကြလေသည်။
“ဒီကမ္ဘာမှာ ဒီလောက် ချောမောတဲ့သူ ဘယ်လိုလုပ်ရှိနိုင်ရတာလဲ”
အာရန်သည် သူ့အကြည့်ကို နှိမ့်ချလိုက်ရသည်။ ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက်ကို သူ မမေ့သေးပါ။ သူသည် အဖြေများကို ရှာဖွေရန်လိုအပ်သည်။
ထို့နောက်အာရန် သည် ရှေ့သို့အနည်းငယ် ခြေလှမ်းလိုက်သော်လည်း စာကြည့်တိုက်ထဲသို့ ဝင်ရောက်ရန် ပြုလုပ်သော ရွေးချယ်စရာ လေးခု သူ့ရှေ့တွင် ပေါ်လာပြီး အံ့အားသင့်စေခဲ့သည်။
စာကြည့်တိုက်၏ ပဉ္စမထပ်တွင် အမျိုးသမီးတစ်ဦးသည် တင်မလင်ခွေထိုင်၍ စွမ်းအင်ကျင့်ကြံနေလေသည်။
အလွန်အားကောင်းသောအော်ရာတစ်ခုကို ခံစားမိသောအခါ သူမသည် စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်သည်။
“ဒါဘယ်သူလဲ”
သူမသည် မကျယ်လွန်း မနူးညံ့လွန်းသော အသံဖြင့် မေးလိုက်သည်။
“ဂိုဏ်းချုပ်ခေါ်လာတဲ့ အာရန်လို့ခေါ်တဲ့ လူငယ်လေးပဲဖြစ်မှာပေါ့”
အသံတစ်ခုက တုံ့ပြန်လိုက်သည်။
အနီးအနားရှိ ကုလားထိုင်တစ်ခုပေါ်တွင် အခြားအမျိုးသမီးတစ်ဦးသည် စာအုပ်တစ်အုပ်ကိုအာရုံစိုက်၍ ဖတ်ရှုနေလေသည်။ သူမသည် ထိုစာအုပ်ကို အလွန်နှစ်သက်နေပုံရသည်။
“အဲ့ဒါ သူလား”
မိစ္ဆာဂိုဏ်းချုပ်သည် အနည်းငယ် အံ့အားသင့်သွားသော လေသံဖြင့်ပြောလိုက်သည်။
#Catfoot