← Chapters

သူ့ရဲ့ မူလဇစ်မြစ်...

Vol. 3 Ch. 29

သူ့ရဲ့ မူလဇစ်မြစ်...

Vol. 3 Ch. 29

အာရန်သည် ရွေးချယ်စရာများကို အကြိမ်ပေါင်းများစွာ ရွေးချယ်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်များတွင် ပေါ်ထွက်လာသော စံသတ်မှတ်ချက်တစ်ခုကို သူတွေ့ရှိခဲ့ပြီဖြစ်သည်။

သူ့လေ့လာတွေ့ရှိချက်များအရ ရွေးချယ်မှုပြုလုပ်ခြင်းများသည် ကျပန်းမဟုတ်ပါ။ ၎င်းတို့တွင် ထင်ရှားသော စံသတ်မှတ်ချက်ပုံစံတစ်ခုရှိသည်။

ပထမဆုံးရွေးချယ်မှုသည် မည်မျှ ရိုးရှင်းပုံပေါ်နေပါစေ အမြဲတမ်း အန္တရာယ်အရှိဆုံးဖြစ်သည်။ ဒုတိယရွေးချယ်မှုသည် မည်မျှ အန္တရာယ်များပုံရနေပါစေ အလုံခြုံဆုံး ရွေးချယ်မှုဖြစ်သည်။

ယခင်က သူသည် ဤစံသတ်မှတ်ချက်ပုံစံကို သံသယဝင်ခဲ့ပြီး ထိုအရာကို အတွေးလွန်ခြင်းဟုသာ ထင်ကာ ပထမရွေးချယ်မှုကို ရွေးချယ်ခဲ့မိသည်။

ထို့နောက် ကြုံတွေ့ခဲ့ရသည်များကို ထောက်ရှုခြင်းအားဖြင့်ထို စံသတ်မှတ်ချက် သည် မှန်ကန်ကြောင်း သဘောပေါက်လိုက်သည်။ ပထမရွေးချယ်မှုကို ရွေးချယ်ခြင်းဖြင့် သူသည် သေမင်းတံခါးသို့ ရောက်လုရောက်ခင်ဖြစ်ခဲ့သည်။

ဒုတိယရွေးချယ်မှုသည် အန္တရာယ်များသည်ဟု ခံစားရသော်လည်း ဤ စံသတ်မှတ်ချက်နှင့်ပတ်သက်၍ သူ့နှလုံးသားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

ဒုတိယရွေးချယ်မှုသည် အန္တရာယ်အရှိဆုံးဟု ထင်ရသော်လည်း သူသည် ၎င်းကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်။

သူ့ကိုယ်ပိုင် လေ့လာတွေ့ရှိချက်အပေါ် ယုံကြည်ကာ ဂိုဏ်းချုပ်အား သူ့ကိစ္စနှင့် မသက်ဆိုင်ကြောင်း ပြောလိုက်ပြီးသောအခါ သူ့နောက်ကျောတွင် ချွေးစေးများ စိုရွှဲသွားခဲ့သည်။

စာကြည့်တိုက်အတွင်းမှထွက်ခွာပြီးချိန်တွင် သူ့ခေါင်းသည် မည်သည့်အချိန်တွင် ပြုတ်ထွက်သွားမည်ကို မျှော်လင့်နေခဲ့ရသည်။ သို့သော် အံ့အားသင့်စွာဖြင့် စတုတ္ထထပ်မှ အသက်ရှင်လျက် သူထွက်ခွာနိုင်ခဲ့သည်။

သူထွက်ခွာသွားသည်ကို မည်သူမျှ မတားဆီးခဲ့ပါ။ ဂိုဏ်းချုပ် စိတ်ပြောင်းလဲ သွားမည် စိုးရိမ်သောကြောင့် အလျင်အမြန်ပင် အောက်ထပ်သို့ ပြေးဆင်း သွားခဲ့သည်။

စာကြည့်တိုက်ထဲမှမည်သို့မည်ပုံ ပြေးထွက်မိခဲ့သည်ကိုပင် သူမမှတ်မိတော့ပါ။

ဖီးနစ်ငှက်၏ လေစွမ်းအားများသည် သူ့ကို ဝန်းရံထားပြီး အမြင့်ဆီသို့ တက်သွားစေခဲ့သည်။

သူသည် ကောင်းကင်တွင် မြင့်မားစွာပျံသန်းနေသော ဖီးနစ်ငှက်၏ နောက်ကျောပေါ်သို့ ပြန်ရောက်ရှိပြီးနောက် သူ့ စံပျော်ရာတောင်သို့ ဦးတည်၍ ပျံသန်းထွက်ခွာသွားလေတော့သည်။

ဖီးနစ်ငှက်ကိုယ်ပေါ်သို့ရောက်ချိန်မှသာ သူ့ကိုယ်သူ ပိုမိုလုံခြုံသည်ဟု ခံစားရတော့သည်။

ဖီးနစ်ငှက်၏ နောက်ကျောတွင် ထိုင်ရင်း ရင်ဘတ်ကိုဖိကာ အပြင်ကိုခုန်ထွက်လာတော့မတတ် ခုန်နေသော နှလုံးကို ထိန်းချုပ်ထားလိုက်သည်။

ဂိုဏ်းချုပ် သူ့နောက်သို့လိုက်လာခြင်း ရှိမရှိ သေချာစေရန် အာရန်က နောက်သို့ ဆက်တိုက်စောင့် ကြည့်နေခဲ့သည်။ ကံကောင်းစွာဖြင့် မည်သူမျှ သူ့နောက်သို့ လိုက်လာပုံ မပေါ်ပါ။

....

စတုတ္ထထပ်တွင် ရပ်နေသော ဂိုဏ်းချုပ်သည် ပြတင်းပေါက်မှ အပြင်သို့လှမ်း ကြည့်လိုက်ပြီး ပျံသန်းထွက်ခွာသွားသော ဖီးနစ်ငှက်ကို ငေးကြည့်နေသည်။

“သူကတော့ အရင်အတိုင်းပါပဲ...”

သူမသည် မျက်နှာဖုံးကွယ်မထားတော့သော မဟာအကြီးအကဲဆီသို့ လှည့်လိုက်သည်။

“သူမရဲ့ မျက်နှာကို သူမြင်သွားတယ် ဒါဆို ဘာလို့ သက်ရောက်မှုမခံရတာလဲ”

ဂိုဏ်းချုပ်သည် ထိုအရာကို စဥ့်စားမိရင်း အံ့အားသင့်သွားသည်။

“သူ့ရဲ့ မူလဇစ်မြစ်ကြောင့်လား နောက်ဆုံးမှာ သူက...”

သူမသည် စကားကို ဆုံးအောင် မပြောခဲ့ပါ။

သူမ၏ မျက်လုံးများက သူမတစ်စုံတစ်ခုကို နားလည်လက်ခံလိုက်သည့် အလာဖော်ပြနေလေသည်။

သူမသည် ထရပ်ရန်ကြိုးစားနေသောမဟာအကြီးအကဲဆီသို့ လျှောက်သွားလိုက်သည်။

“ဂိုဏ်းချုပ် ဘာပြောတော့မလဲဆိုတာ ကျွန်မသိတယ်”

မဟာအကြီးအကဲက သူမ၏ မျက်နှာကို ပုဝါပါးဖြင့် ပြန်လည်အုပ်ထားလိုက်သည်။

“ကျွန်မ မှားသွားပြီဆိုတာ ကျွန်မသိပါတယ် ကျွန်မ ဒီလို မလုပ်ခဲ့သင့်ဘူး”

သူမသည် လုံးဝ ပုံမှန်အတိုင်း ပြန်ဖြစ်သွားဟန်ရသည်။ သူမတွင် အချစ်၏သက်ရောက်မှုကြောင့် ထိခိုက်ခံစားနေရသည့် အရိပ်အယောင် များလုံး၀မတွေ့ရတော့ပါ။ မိစ္ဆာဂိုဏ်းချုပ်ပင် သူမ၏ အပြုအမူများတွင် ထူးဆန်းသည့်အမူအရာရှိ

နေနိုင်ကြောင်း သတိထားမိနိုင်မည်မဟုတ်ပါ။

ရှုယင်သည် သူမ စကားပြောပြီးသည်နှင့် သူမ၏ လည်ပင်းကို အေးစက်သော လက်တစ်ဖက်က ဆုပ်ကိုင်လိုက်သည်ဟု ခံစားလိုက်ရသည်။ သူမ မတုံ့ပြန်နိုင်မီ သူမ၏ နောက်ကျောသည် စာကြည့်တိုက်၏ နံရံနှင့် ဝင်ဆောင့်မိသွားသည်။

“ငါ မင်းကို သူနဲ့ မကစားဖို့ ပြောခဲ့တယ်”

ဂိုဏ်းချုပ်က အေးစက်စွာ ပြောလိုက်ပြီး သူမ၏ အသံတွင် ဒေါသသံများ ကပ်ပါနေလေသည် ။

“ငါ့အမိန့်တွေကို သာမန်နောက်ပြောင်မှုတစ်ခုလို့ နင်သဘောထားတာလား”

“ကျွန်မ…ကျွန်မ အဲ့လိုမဟုတ်ပါဘူး” မဟာအကြီးအကဲသည် အသက်ရှူရန် ရုန်းကန်နေရလေသည်။ စကားတစ်ခွန်းပြောရန်ပင် သူမအတွက် အလွန်ခက်ခဲနေသည်။

သူတို့သည် သူငယ်ချင်းများဖြစ်နေလျှင်ပင် ဖန်းယုသည် သူမကို အမှန်တကယ် သတ်ပစ်ချင်သတ်ပစ်နိုင်ကြောင်း သူမသိသည်။ ဖန်းယုသည် သူမ၏ ကျင့်ကြံခြင်းနည်းလမ်းကြောင့် သူမသည် သူမ၏ ခံစားချက်များအားလုံးကို ဆုံးရှုံးစေခဲ့ပြီးဖြစ်သည်။ သူမသည် ချစ်ခြင်းကိုလည်း မခံစားနိုင်သလို မုန်းခြင်းကိုလည်း မခံစားနိုင်တော့ပါ။

သူမသည် မိတ်ဆွေဖြစ်နေပါစေ ဂရုမစိုက်ပါ။ သူမ၏ အမိန့်များကို လျစ်လျူရှုပါက သူမသည် ၎င်းတို့အား သတ်ပစ်လိမ့်မည်ဖြစ်သည်။

“နောက်တစ်ခါ ငါ့အမိန့်တွေကို လျစ်လျူရှုရဲရင် နင့်ခေါင်းကို ဖြတ်ပြီး ဂိုဏ်းဝင်ပေါက်မှာ ချိတ်ဆွဲထားမယ်”

ဂိုဏ်းချုပ်သည် မဟာအကြီးအကဲကို အရုပ်တစ်ရုပ်ကဲ့သို့ ဘေးသို့ လွှင့်ပစ်လိုက်သည်။

“ကျွန်မ မှတ်ထားပါ့မယ်”

မဟာအကြီးအကဲသည် ဂိုဏ်းချုပ်ဖန်းယု၏ ရှေ့တွင် ပေါ်တယ်တစ်ခု ပွင့်သွားသည်ကို ကြည့်ရင်း အပြင်းအထန် ချောင်းဆိုးရင်း ပြောလိုက်သည်။

ဂိုဏ်းချုပ်ဖန်းယုသည် ပေါ်တယ်တံခါးထဲသို့ ဝင်သွားပြီး စာကြည့်တိုက်မှ ထွက်ခွာသွားသည်။

.........

[ဒုတိယရွေးချယ်မှုကို ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါသည်။]

[###### (မသိ) နှင့် တစ်ခေါက်စာတွေ့ဆုံခွင့်ကို ဆုချီးမြှင့်ခံရသည်]

[တွေ့ဆုံမှုသည် နှစ်ဆယ့်လေးနာရီအကြာတွင် ဖြစ်ပွားလိမ့်မည်။ အဆင်သင့်ပြင်ဆင်ထားပါ။]

“ဘာအတွက် ပြင်ဆင်ရမှာလဲ အနည်းဆုံးတော့ ဘယ်သူနဲ့ တွေ့ရမှာလဲဆိုတာကို ပြောပြသင့်တယ် မဟုတ်ဘူးလား”

အာရန်က သူ့ရှေ့က အကြောင်းကြားချက်ကို ကြည့်ရင်း မေးလိုက်သည်။

ဆုလာဘ်သည် အမျိုးမျိုးသော တွေ့ဆုံမှုဖြစ်နိုင်ကြောင်း သူသိသည်။ သို့သော် သူတွေ့ဆုံမည့်သူ၏ အမည်ကို ဖုံးကွယ်ထားသည်။ ဆုလာဘ်သည်လည်း အမည်မသိဟုသာညွှန်းဆိုထားသည်။

သူသည် မည်သူ့ကို တွေ့ဆုံရမည်ကို မသိပါ။ အန္တရာယ်ရှိသူတစ်ယောက်လား။

၎င်းသည် ဆုလာဘ်တစ်ခုဖြစ်သောကြောင့် ဤဆုလာဘ်ကြောင့် သေမည်မဟုတ်ဟုတော့ မှတ်ယူလိုက်သည်။ သို့သော် သူသည် အမှန်တကယ် သိချင်နေသည်။ သူသည် မည်သူ့ကို တွေ့ဆုံရမည်နည်း။

စနစ်က သူ့ကို ပြန်မဖြေပါ။ သူ့ကို တုံ့ပြန်မှုထပ်မပေးတော့ပါ။ စနစ်သည် ရွေးချယ်မှုများ သို့မဟုတ် ဆုလာဘ်များ ရှိသည့်အခါမှသာအကြောင်းကြားသည်။ အခြားအရာအားလုံးသည် သူ့အတွက် ဗဟေဠိဆန်နေလေသည်။

“ကောင်းပြီ မဖြေဘူးဆိုလည်းနေပေ့ါ အနည်းဆုံးတော့ င့ါအသက်ရှင်နိုင်ခဲ့လို့ ကျေနပ်ပါတယ်လေ”

သူသည် ဖီးနစ်ငှက်၏ နောက်ကျောတွင် လှဲလိုက်ပြီး လေအေးများသည် တိမ်တိုက်များကို ဖြတ်၍ပျံသန်းနေစဉ် သူ့ဆံပင်များကို ဖြတ်တိုက်သွားလေသည်။

ခမ်းနားထည်ဝါလှသော ငှက်ကြီးသည် သူ့ကို အလွယ်တကူ သယ်ဆောင်သွားပြီး အောက်ဘက်တွင်ရှိနေသော ကမ္ဘာကြီး၏ လွတ်လပ်မှုနှင့်မှင်သက်ဖွယ်အလှတရားများကို ခံစာကြည့်နေလိုက်သည်။

ဤကမ္ဘာသည် အိပ်မက်ကမ္ဘာတစ်ခုနှင့် တူပုံရသော်လည်း ၎င်းသည် အမှန်ဖြစ်ကြောင်း သူသိနေသည်။ သို့တိုင် သေခြင်းနှင့်ရှင်ခြင်းကြား ပါးလွှာသော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် ဤကမ္ဘာ၏ အလှအပများကိုသူမခံစားနိုင်ခဲ့ပါ။

ဤကမ္ဘာသည် သူ၏မူလကမ္ဘာမြေနှင့် မတူပါ။ ဤကမ္ဘာတွင် ကမ္ဘာမြေပေါ်တွင် မရနိုင်သော အရာများစွာကို ရရှိနိုင်သည်။ ၎င်းသည် တစ်သက်တွင် တစ်ကြိမ်သာ ရနိုင်သော အတွေ့အကြုံဖြစ်သည်။

သို့တိုင် သူ့ရည်မှန်းချက်ကို မမေ့ပါ။ သူ၏ အဓိက ရည်မှန်းချက်မှာ ပိုမို သန်မာလာရန်ဖြစ်သည်။ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်သော အောင်နိုင်သူသူရဲကောင်းတစ်ဦး ဖြစ်လာဖို့ပင်ဖြစ်သည်။

ထိုရည်မှန်းချက်အတွက် သူသည် အကြီးအကဲရန်၏ မှတ်ဉာဏ်အပိုင်းအစကို အသုံးပြုပြီး အတိတ်အမှတ်တရများကို ကြည့်ရှုရန် လိုအပ်သည်။ သူ့အတွက် လုံးဝ ပဟေဠိဆန်နေသော အကြီးအကဲရန်အကြောင်းကို ပိုမိုရှာဖွေရမည်ဖြစ်သည်။

ဝတ္ထုတွင်ပင် ဤလူအတွက် မည်သည့် သမိုင်းကြောင်းမျှ ဖော်ပြထားခြင်း မရှိပါ။ အာရန်က စာရေးသူ ပေါ့ဆခဲ့သောကြောင့်ဟု ထင်ခဲ့သည်။ သို့သော် ဤကမ္ဘာတွင် ကိုယ်တိုင်နေထိုင်ကြည့်မိသောအခါ ၎င်းတွင် ပိုမိုပါဝင်ပတ်သက်မှုများ ရှိနိုင်သည်ဟု ခံစားလိုက်ရသည်။

အာရန်သည် အကြီးအကဲရန်အကြောင်း တစ်စုံတစ်ခုကို ဝတ္ထုတွင် ရှင်းပြထားခြင်း မရှိသောကြောင့် သူ့ဇာတ်ကောင်သည် နေရာမကျဖြစ်နေပုံရသည်။

ဤကွက်လပ်သည် ဝတ္ထုတွင် ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့ခြင်းပေလော။ သို့မဟုတ် ဤကမ္ဘာမှ ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားခြင်းခံခဲရ၍လော။

#Catfoot

All Chapters