လက်သီးတစ်ချက်
Vol. 25 Ch. 339
ဇူယွမ်၏လေးနက်တည်ကြည်သော အသံသည် အပ်ကျသံမျှပင် မကြားရလောက်အောင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်အား ဖြိုခွင်းလိုက်သည်။
ပွဲကြည့်စင်မြင့်ထက်မှ တပည့်များအားလုံးသည် တောင်ကုန်းနှင့်အရိုက်ခံရပြီး သွေးအလိမ်းလိမ်း ပေကျံနေသော ဖန်းယု၏ကိုယ်ခန္ဓာအား အံ့သြတကြီးဖြင့် ငေးကြည့်နေကြသည်။သူတို့အားလုံးသည်
တိုးညှင်းသောအသံတစ်ခုမျှသာ ကြားလိုက်ရခြင်း ဖြစ်ပြီး အဖြစ်အပျက်အား သေချာပင် မမြင်တွေ့လိုက်ရပေ။
ဖန်းယုသည် ဇူယွမ်၏ထိုးနှက်ချက်ကလေး တစ်ချက်ကိုမျှပင် ခံနိုင်ရည်မရှိပဲ ချက်ချင်း ရှုံးနိမ့်သွားရသည်တဲ့လား။လူတိုင်းသည် ပါးစပ်အဟောင်းသား ဖြစ်သွားရကာ ပြောစရာစကားပင် ရှာမတွေ့တော့ချေ။
မည်သူမျှ ထိုသို့ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားပေ။
သူတို့ယုံကြည်ထားခဲ့သည်မှာ ဇူယွမ်သည် ကြောက်လန့်လွန်းလှသဖြင့် စဥ်းစားဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးမတက်ဖြစ်ကာ ဝေယိုရွှမ်းအား ချက်ချင်း စိန်ခေါ်ဖို့ရန်ပင် မဝံ့ရဲ၍ ဝေယိုရွှမ်းထက် အနည်းငယ် အားနည်းသောသူကို ပထမဦးစွာ စိန်ခေါ်ကာ အကြီးအကဲစိန်း၏ဂုဏ်သိက္ခာအား အနည်းငယ် အဖက်ဆယ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။
မည်သူကမှ သူတို့ အရေးပင်မစိုက်ခဲ့သော လူငယ်လေးသည် မူလစဦး ပဥ္စမအဆင့် ဖန်းယုအား လက်သီးတစ်ချက်တည်းဖြင့်ပင် လျင်မြန်စွာ အနိုင်ယူလိုက်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တပည့်တစ်ဦးမှ တုန်လှုပ်နေသောအသံဖြင့် ရေရွတ်လိုက်သည်။ “ဒါ...ဒါ..ဘယ်လိုဖြစ်နိုင်မှာလဲ။”
“ဘယ်လိုဖြစ်သွားတာလဲ။”
လုဟုန်း၏ပွဲကြည့်စင်မှာ အံ့သြဝေဖန်မှုများဖြင့် ဆူညံသွားရသည်။ လုရွှမ်းယင်မှာ ကျောက်တုံးစင်မြင့်သို့ လှမ်း၍ကြည့်နေရင်း သူမ၏လှပသော မျက်နှာလေးမှာ မှောင်မဲသွားရသည်။
သူမသည် ဇူယွမ်အား ဖွတ်ဖွတ်ညက်ညက်ကျေလောက်အောင် မြေပြင်နှင့်အရိုက်ခံရသည်အား မြင်တွေ့ရမည်ဟု ထင်မှတ်ထားခဲ့ပြီး ဇူယွမ်မှ ရုတ်တရက်ပင် မထင်မှတ်ထားလောက်အောင် အနိုင်ယူလိုက်ခြင်းက သူမအား များစွာအံ့အားသင့်စေခဲ့သည်။ ဖန်းယုအား လာဘ်ထိုးထားသည်လားဟုပင် ထင်မြင်လာရသည်။ထိုသို့မှမဟုတ်လျှင် ဇူယွမ်၏ လက်သီလေးတစ်ချက်မျှဖြင့် လွယ်ကူစွာ ရှုံးနိမ့်သွားရန် အကြောင်းမရှိပေ။
သူသည် မူလစဦး ပဥ္စမအဆင့်ဖြစ်သည်ကို လူတိုင်း သိရှိထားကြပြီး ဇူယွမ်သည် မူလစဦး တတိယအဆင့်မျှသာ ရှိပေသေးသည်။သူတို့နှစ်ဦး၏ ကျင့်ကြံခြင်း မှာ အဆင့်နှစ်ဆင့်မျှပင် ခြားနားနေကာ အဆင့်နှစ်ခု ဟူသော ကွာခြားချက်တွင် ချီစွမ်းအင်ပမာဏမှာလည်း အလွန်ပင်ကွာခြားလေသည်။
ဇူယွမ်က ဤတစ်လမျှသော အချိန်လေးအတွင်းမှာပင် တကယ်ပင် တိုးတက်လာသည်တဲ့လား။ ပြောရမည်ဆိုလျှင် လုရွှမ်းယင်တောင်မှပင် ဖန်းယုအား ထိုးနှက်ချက်လေးတစ်ချက်နှင့်ပင် အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိပေ။
လုရွှမ်းယင်၏ဘေးတွင် ရှိနေသော ရှုယန်၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားကာ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ “ကြည့်ရတာ လူတိုင်းက သူ့ကို နည်းနည်းတော့ လျှော့တွက်ထားကြတဲ့ပုံပဲ။”
“သူ့ရဲ့ချီစွမ်းအင်တွေက သိပ်သည်းပြီး အားကောင်းလွန်းတယ်။မူလစဦး ပဥ္စမအဆင့်ထက်တောင် ပိုပြီး သန်မာသေးတယ်။မူလစဦး တတိယအဆင့်လောက်နဲ့ ဒီလောက်တောင် သန်မာနေတာကိုကြည့်ရတာ သူ့ရဲ့အခြေခံက တော်တော်လေးကို ကောင်းတဲ့ပုံပဲ။”
ရှုယန်သည် ခရမ်းရောင်ခါးစည်းအဆင့် တပည့်တစ်ယောက်ဖြစ်ပြီး လုရွှမ်းယင်ထက် ပို၍အသိဉာဏ် ထက်မြက်ကာ အမြင်ကျယ်သူ ဖြစ်သည်။ယခုနမှ ဇူယွမ် ထုတ်ဖော်ပြသခဲ့သော ချီစွမ်းအင်များကို ကြည့်ခြင်းဖြင့် ပုံမှန်မူလစဦး တတိယအဆင့်ထက် များစွာသာလွန်နေသည်ကို တွေ့ရှိခဲ့ရသည်။ဤသို့ တတိယအဆင့်လောက်မျှနှင့် ထိုမျှလောက်သော ချီစွမ်းအင်ပမာဏမှာ သာမန်ကံကောင်းရုံမျှနှင့် မရရှိနိုင်ပေ။
ကျောက်တုံးပွဲကြည့်စင်ထက်တွင် ရှိနေသော လုဟုန်း၏မျက်နှာမှာ မဲမှောင်နေလျက်ရှိပြီး ဇူယွမ်ကို သိမ်းငှက်တစ်ကောင်မှ သားကောင်အား မျက်ခြေမပြတ် စောင့်ကြည့်နေသကဲ့သို့ စောင့်ကြည့်လျက်ရှိသည်။သူသည် ဒီနေ့တွင် စိန်းထိုက်ယွမ်အား မျက်နှာရစရာပင်မရှိအောင် အရှက်ခွဲရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး အကြံအစည်များ အောင်မြင်လုနီးတွင် ဇူယွမ်သည် အရာအားလုံးကို ရှုပ်ထွေးစေခဲ့သည်။
ဇူယွမ်၏အလင်းအလျင်ကဲ့သို့ လျင်မြန်သော တိုက်ခိုက်မှုသည် စိန်းထိုက်ယွမ်၏ တပည့်များကိုပင် အံ့အားသင့်စေခဲ့သည်။သူတို့သည် မျက်လုံးများကိုပင် ပွတ်သပ်ကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ဖြစ်ပျက်သွားသောအရာများကို မယုံကြည်နိုင်ဟန် ရှိသည်။
သူတို့သည် အစွန်းဆုံထိပင် တွေးထားကြပြီးဖြစ်ပျက်လာသမျှကိစ္စများအား လက်ခံနိုင်ရန်ပင်ကြိုတင်စီစဥ်ထားကြပြီးဖြစ်ကာ ထိုကဲ့သို့အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟုတွေးပင်မထားခဲ့ဖူးချေ။
များစွာသောတပည့်များသည် စိန်းထိုက်ယွမ်အားကြည့်လိုက်ကြပြီး သူ၏အမူအရာ ကင်းမဲ့နေသောမျက်နှာပေါ်တွင် အံ့အားသင့်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို တွေ့မြင်လိုက်ကြသည်။
စိန်းထိုက်ယွမ်သည် လက်ဖက်ရည်ခွက်အားကိုင်မြှောက်၍ နှစ်ငုံမျှသောက်လိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ သူ၏တပည့်များထံသို့ လှည့်၍ပြောလိုက်သည်။
“ဘာတွေ တွေဝေနေသေးတာလဲ။မြန်မြန် ဇူယွမ်ကို အားမပေးကြသေးဘူးလား။သူများတွေ ပျက်ရယ်ပြုတာ ခံထားရတာတောင်မမှတ်သေးဘူးလား။”
စိန်းထိုက်ယွမ်၏ ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရသည်နှင့်တကွ တပည့်များမှာ ခေတ္တမျှ ကြောင်စီစီဖြစ်သွားပြီးသည့်နောက် ဇူယွမ့်အား တစ်ခဲနက် အားပေးလိုက်ကြပြီး ပတ်ဝန်းကျင်၏ တိတ်ဆိတ်နေမှုအားဖြိုခွင်းလိုက်သည်။
ဆူညံအော်ဟစ်စွာ အားပေးသံများကြောင့် လုရွှမ်းယင်မှာ သတိပြန်ကပ်သွားရသည်။ သူမ၏လှပသောမျက်နှာလေးမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲသွားတော့မတက် နီမြန်းနေရသည်။သူမသည် ပထမ၌ ဇူယွမ်အား ကြောက်လန့်လွန်းလှသဖြင့် စဥ်းစားဆင်ခြင်နိုင်စွမ်းများပါ ပျောက်ဆုံးသွားသည်ဟု ထင်မှတ်ခဲ့သော်လည်း ဇူယွမ်မှာ အလွန်ပင်သန်မာနေလိမ့်မည်ဟု မတွေးထားခဲ့ပေ။
“သူဘယ်လိုလုပ်လိုက်တာလဲ..” လုရွှမ်းယင်မှ တိုးညှင်းစွာ ရေရွတ်လိုက်သည်။
လုစုန့်၏ကျဥ်းမြောင်းနေသော မျက်ဝန်းအစုံမှာပြန်၍ကျယ်ဝန်းလာခဲ့ပြီး အနည်းငယ် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကျောက်တုံးစင်မြင့်ပေါ်မှလူငယ်လေး၏ ပုံရိပ်အား ငေးကြည့်နေမိသည်။အဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်ရင် ညင်သာစွာ စကားဆိုလိုက်သည်။
“မင်းကသူ့ကို အရမ်းကြီးအထင်သေးနေတယ် ထင်တာပဲ။ ကြည့်ရတာအကြီးအကဲမြောင်က ငါတို့ထက်ပိုပြီး အမြင်ကျယ်တယ်နဲ့ တူပါတယ်။”
သူသည် အကြီးအကဲမြောင်၏ဇူယွမ့်အား ချီးမွှမ်းထားခြင်းကို လက်ခံလာဟန် ရှိသည်။
လုယန်းသည် ကူကယ်ရာမဲ့စွာဖြင့် ငြင်းဆိုလိုက်သည်။ “အဖိုးမှားနေပြီ။ အကိုတော်ချူချင်းက သူ့လိုလူမျိုးမဟုတ်....” သည်တစ်ကြိမ်တွင်တော့ သူမသည်စကားကို ဆုံးအောင်ဆက်၍ မပြောတော့ပဲ စကားလွှဲလိုက်သည်။ “ခုနက ဇူယွမ်တိုက်ခိုက်တာက အရမ်းမြန်သွားလို့ပါ။ ဖန်းယုက ပြင်ဆင်ချိန်တောင် မရလိုက်ဘူးလေ။”
သူမ၏စကားများသည် ဇူယွမ်မှ ဖန်းယုအား အခွင့်အရေးယူလိုက်ခြင်းဖြစ်ကြောင်း ဆိုလိုချင်သည်မှာ ထင်ရှားပေသည်။လုစုန့်သည် ခေါင်းကိုခါယမ်းလိုက်ကာ ဤအကြောင်းအရာနှင့် ပက်သက်၍ ဘာမှထပ်မပြောတော့ပေ။သူ၏ပျင်းရိလေးတွဲနေသော မျက်ဝန်းအစုံမှာ စိတ်ဝင်စားစရာတစ်ခု တွေ့ရှိသွားသည့်အလားကျောက်တုံးစင်မြင့်သို့သာ အာရုံစိုက်ထားလိုက်တော့လေသည်။
ပထမ၌ အလုံးစုံ ကြိုတင်ခန့်မှန်း၍ ရနေသော ပြိုင်ပွဲမှာ ယခုမှ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။
ကျောက်တုံးစင်မြင့်၏အစွန်တွင် ရပ်လျက်ရှိသောဝေယိုရွှမ်း၏မျက်နှာအမူအရာမှာ ပြုံးနေလျက်မှခက်ထန်သွားကာ အနောက်သို့လှည့်၍ စကားဆိုလိုက်သည်။
“ကြည့်ရတာ ငါ့ခန့်မှန်းချက်က နည်းနည်းလွဲသွားတဲ့ပုံပဲ။”
သူသည် ယခုနတွင် ထုံးလုံနှင့်ဖန်းစုန်အား ရှုံးနိမ်စေခဲ့ပြီး ပွဲတစ်ခုလုံးအား ထိန်းချုပ်ထားနိုင်ခဲ့ကာ စိန်းထိုက်ယွမ်တို့ဖက်အား လုံးဝနင်းချေပစ်နိုင်ရန် သေချာနေခဲ့သည်။သို့သော် သူအနည်းမျှပင် ထည့်၍မတွေးခဲ့သောဇူယွမ်က အစီအစဥ်များကို ရှုပ်ထွေးစေခဲ့ပြီး သူ့အားအံ့အားသင့်စေခဲ့သည်။သူသေချာစီစဥ်ကာ အနိုင်ဖြင့်ပိုင်းထားသော ရှေ့မှပြိုင်ပွဲနှစ်ခုသည် ဇူယွမ်၏လက်သီးတစ်ချက်အောက်တွင် အကုန်ပျက်စီးသွားခဲ့ရသည်။
ဇူယွမ်သည် အကြောများကို ဖြေလျှော့လိုက်သည်။သူ၏မျက်နှာတွင် မည်သည့်အမူအရာမှ ရှိမနေပဲဝေယိုရွှမ်းအား လျစ်လျူရှုထားကာ ချန်းယွင်သို့လှမ်း၍ကြည့်လိုက်သည်။
“ငါအနားယူတာ တော်လောက်ပြီထင်တယ်။ အခုငါမင်းကို အဖော်ပြုပေးရင်ရော ဘယ်လိုလဲ။”ဝေယိုရွှမ်းမှ အေးစက်စွာ စကားဆိုလိုက်သည်။
ဇူယွမ်သည် လျှို့ဝှက်စွာပြုံးရင်း ခေါင်းကိုခါယမ်းကာဝေယိုရွှမ်းအားကြည့်၍ ပြန်ပြောလိုက်သည်။“မပူပါနဲ့၊ မင်းအလှည့်လည်း ရောက်လာမှာပါ။”
သူသည် ချန်းယွင်အားကြည့်၍ စိတ်မရှည်သောလေသံဖြင့် လှမ်း၍ပြောလိုက်သည်။ “မလာသေးဘူးလား။”
တောင်ကုန်းပေါ်ရှိ တပည့်များသည် ကူကယ်ရာမဲ့စွာဖြင့် တံထွေးများမြိုချလိုက်ရင်း မျက်တောင်ပင်မခတ်ပဲစောင့်ကြည်လျက်ရှိသည်။
ဇူယွမ်သည် ဝေယိုရွှမ်းနှင့်တိုက်ခိုက်ရမည်ကိုပင် အနည်းငယ်မျှ စိုးရိမ်နေခြင်းမရှိပေ။ အစတွင်တော့ ဇူယွမ်သည် စဥ်းစားဆင်ခြင်နိုင်စွမ်းများ ပျောက်ဆုံးသွားလောက်အောင် ကြောက်လန့်နေခဲ့သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ထိုအရာမှာ ကြောက်လန့်ခြင်းမဟုတ်ပဲမျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပြန်ယူမည့်ခွန်အားသတ္တိများသာဖြစ်ကြောင်း နားလည်ခဲ့ရသည်။
ပထမ၌ ဝေယိုရွှမ်းသည် တစ်ဖက်မှ ယှဥ်ပြိုင်သူသုံးယောက်လုံးအား သူတစ်ယောက်ထဲဖြင့်အနိုင်ပိုင်းရန် စီစဥ်ထားခဲ့သည်။ဇူယွမ်သည်လည်းထိုနည်းလမ်းကိုပင် အသုံးပြုကာ တစ်ဖက်အားနင်းချေပစ်မည့်သဘောတွင် ရှိနေသည်။
ထိုသို့ဖြစ်နိုင်ရန် ခက်ခဲလွန်းလှသည်ဟု ထင်ရသော်လည်း အကယ်၍သာ ဇူယွမ်တစ်ဦးတည်းမှတစ်ဖက်လူသုံးဦးလုံးအား အနိုင်ရရှိခဲ့မည်ဆိုလျှင်သူ၏အမည်နာမသည် ကန်ရွှမ်းကလန်တစ်ခုလုံးသို့ပျံ့နှံ့ရောက်ရှိသွားမည်ပင် ဖြစ်သည်။ထိုသို့သာ ဖြစ်ခဲ့လျှင်မူ ချူချင်း၏အမာခံ ပရိသတ်များသည်ပင် ဇူယွမ်၏ စွမ်းရည်နှင့်အရည်အချင်းအားအသိအမှတ်ပြုပေးရပေလိမ့်မည်။
ဝေယိုရွှမ်းသည် ဇူယွမ်၏အကြံအစည်အား မှန်းဆမိသည်နှင့်တစ်ပြိုင်နက် သူ၏မျက်ဝန်းများတွင်မှန်းဆ၍မရနိုင်သောအကြည့်တချို့ ဖြတ်ပြေးသွားပြီး ဒေါသကြောင့် မေးကြောများပင် ထောင်လာရကာကျယ်လောင်စွာ ရီမောပစ်လိုက်သည်။
“ကောင်းတယ် ၊ ကောင်းတယ်။”
သူသည် တိုတောင်းသော စကားလုံးနှစ်လုံးမျှသာ ပြောဆိုလိုက်သော်လည်း ထိုစကားလုံးများတွင် အေးစက်မှုများပါဝင်နေပေသည်။ပြီးနောက် ခေါင်းကိုမော့လိုက်ကာချန်းယွင်အား ခေါင်းငြိမ့်ပြလိုက်သည်။
ဝေယိုရွှမ်း ခေါင်းငြိမ့်ပြလိုက်သည်နှင့်တစ်ပြိုင်နက်ချန်းယွင်သည် အသက်တဝကြီး ရှူသွင်းလိုက်ပြီးနောက် ကျောက်တုံးစင်မြင့်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူ၏အမူအရာမှာ ခက်ထန်လျက်ရှိကာဇူယွမ်ထံမှ အကြည့်လုံးဝ မခွာပဲ လက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ပြီးနောက် စကားဆိုလိုက်သည်။
“မင်းရဲ့အရည်အချင်းကို ငါကစမ်းသပ်ကြည့်ရမှာပေါ့။”
ချန်းယွင်၏အကြည့်များသည် ယခင်ကဲ့သို့ ဇူယွမ်အားအထင်အမြင်သေးခြင်းများ မရှိတော့ပဲ လေးနက်နေဟန် ရှိသည်။သူနှင့် စွမ်းအင်မတိမ်းမယိမ်းဖြစ်သောဖန်းယုသည် တောင်ကုန်းနှင့်ပင် ရိုက်ခံထားရသောကြောင့် သူသည် အလွန်ပင် သတိထားနေဟန် ရှိသည်။သူသည် ဖန်းယုအား အခွင့်အရေးယူကာ အနိုင်ပိုင်းလိုက်သကဲ့သို့ လုပ်ခြင်းအား ခွင့်ပြုပေးမည်မဟုတ်ပဲပြန်လည်၍ တိုက်ခိုက်နိုင်အောင် သတိထားလျက် ရှိသည်။
သူသည် ယခုနမှ ဇူယွမ်၏စွမ်းအင်အား ခဏအတွက်သာ အကုန်အစင် ထုတ်သုံးလိုက်သည်လား။ ထိုသို့မဟုတ်ပဲ ဇူယွမ်မှာ အမှန်တကယ်ပင်သန်မာသူလားဆိုသည်ကို သိချင်လျက်ရှိနေပေသည်။