တစ်ဆက်တည်းသတ်ဖြတ်ခြင်
Vol. 14 Ch. 191
အခန်း (၁၉၁) တစ်ဆက်တည်းသတ်ဖြတ်ခြင်း
ရန်ကျောက်ကဲစကားမဆုံးခင်မှာပင် ရွှေရောင်မျှော်စင်ထဲတွင် ပိတ်မိနေသည့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ထိုအရာနှင့်အတူ ရွှေရောင်မျှော်စင်သည်လည်း တစ်ဆက်တည်းတုန်ခါသွား၏။
ရွှေရောင်မျှော်စင်ကြီး လှုပ်ခါသွားသည်နှင့် ကြီးမားသည့်အစီအရင်တစ်ခုလုံးသည်လည်း အနည်းငယ် လှုပ်ခါသွားသည်။
ထိုအခိုက်အတန့်တွင် အချိန်က အေးခဲရပ်တန့်သွားပြီး မြေပြင်ပေါ်တွင် အရိပ်ထင်နေသည့် အနီရောင်အလင်းတံခါးသည်လည်း ပြင်းထန်စွာ တုန်ခါသွားသည်။
အဆုံးမရှိ ကြောက်မက်ဖွယ်ကောင်းလှစွာ ခြိမ်းခြောက်နေသော ငရဲကိုးထပ်ရောင်ဝါသည်လည်း အနည်းငယ်အားနည်းသွားဟန်ရှိ၏။
ကောင်းကင်ထက်ရှိ အနက်ရောင်ဝိညာဉ်တောင်ကြီးထက်မှ အကြီးအကဲ’မော့’ ၏ ဒေါသတကြီး ထိတ်လန့်တခြား အော်ဟစ်သံကြီး ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
မိစ္ဆာချီနယ်မြေထဲတွင် ရှိနေသူများအားလုံး စိတ်နှလုံးတုန်လှုပ်သွားကြပြီး ခဏမျှ မှင်တက်သွားကြသည်။
ထိုအချိန်မှာပင် ရန်ကျောက်ကဲခန္ဓာကိုယ်က လက်ခနဲတောက်ပသွားပြီး နေရာမှချက်ချင်း ပျောက်ကွယ်သွားသည်။
စိမ်းပြာရောင်အလင်းတန်းတစ်ခုကသက်တံ့တစ်စင်းအလား လေထုထဲထိုးဖောက်ဝင်ရောက်သွားပြီး လျိုရှန်းဖုန်းရှေ့သို့ ရောက်ရှိသွားသည်။
သတိပြန်ဝင်လာသည့် တဒင်္ဂအတွင်း လျိုရှန်းဖုန်းက ရန်ကျောက်ကဲလည်ပင်းကို လက်ဖြင့်လိမ်ချိုးပစ်ရန် အပြင်းအထန် ကြိုးစားသည်။
သို့သော် ရန်ကျောက်ကဲကဲ့သို့သော သိုင်းပညာရှင်တစ်ယောက်အတွက် ထိုသို့သောတိုက်ခိုက်မှုက အရာမထင်ခဲ့ပေ။
စိမ်းပြာရောင်အလင်းတန်းလှုပ်ရှားသွားသည်နှင့် လတ်ဆတ်သောသွေးများ ဖြန်းခနဲ ဖြာထွက်လာသည်။
လျိုရှန်းဖုန်းထံမှ နာကျင်စွာအော်ညည်းသံထွက်ပေါ်လာပြီး ကျန်းယောင်၏မျက်နှာကိုကိုင်ထားသော သူ့လက်မှာ ရန်ကျောက်ကဲ၏ဓားချက်ကြောင့် ပြတ်ထွက်သွား၏။
လျိုရှန်းဖုန်းဘေးနားမှ နတ်ဆိုးလက်သို့ကျရောက်ပြီးဖြစ်သော ကျင့်ကြံသူ (၂)ယောက်မျာ ယခုမှ သတိပြန်ဝင်လာပြီး လက်ကိုပြိုင်တူမြှောက်လိုက်ကြသည်။
ထိုအခါ ကြိုး (၂)ချောင်း ပျံသန်းထွက်ပေါ်လာကြီး ထိုကြိုးထက်တွင် များပြားလှစွာသော မှော်သင်္ကေတများနှင့် ဝိညာဉ်သင်္ကေတများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းပင် တောက်ပသည့်အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး အလင်းစက်ဝန်းအဖြစ်ပြောင်းလဲသွားကာ ရန်ကျောက်ကဲကို ပိတ်ဆို့ချုပ်နှောင်ထားရန် ကြိုးပမ်းလိုက်ကြသည်။
ရန်ကျောက်ကဲက ထိုအရာကို တစ်ချက်ပင်လှည့်မကြည့်ဘဲ လက်ဖျောက်တစ်ချက်တီးလိုက်ရာ သူ့လက်ထဲတွင် သွေးနီရောင်တောက်ပနေသည့် ဖန်ပြားလေးတစ်ခု ပေါ်လာသည်။
ယခင်က လင်ကျိုးနှင့်တိုက်ခိုက်ခဲ့စဉ် ရန်ကျောက်ကဲ ပြုလုပ်ထားသည့် သွေးမိစ္ဆာချပ်ပြားကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
သွေးမိစ္ဆာချပ်ပြားမှ ထွက်ပေါ်လာသော သွေးနီရောင်အလင်းတန်းသည် အလင်းစက်ဝန်းအတားအဆီးကို ချက်ချင်းပင် ရိုက်ခွဲပစ်လိုက်သည်။
နတ်ဆိုးလက်ထဲကျရောက်နေသော ကျင့်ကြံသူ (၂)ယောက်က အလေးအနက် မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာက မိစ္ဆာချီစွမ်းအားများ လွှမ်းမိုးနေလေရာ သူတို့၏အတားအဆီးစွမ်းအားမှာ ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အချိန်အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားရန် လုံလောက်ပြီး သိုင်းဆရာသခင်များကိပင် ခဏမျှ ထောင်ချောက်ဆင်နိုင်ပေသည်။
ထို့ကြောင့် သူတို့၏အတားအဆီးကို ရန်ကျောက်ကဲက ချက်ချင်းချိုးဖျက်ပစ်မည်ဟု ထင်မထားခဲ့ပေ။
သူတို့ (၂)ယောက်က တိုက်ခိုက်ရေးကျွမ်းကျင်သူများ ဖြစ်လေရာ ပထမတိုက်ကွက်မအောင်မြင်သည့်တိုင် တစ်ချက်မတွန့်ဆုတ်ဘဲ ဒုတိယတိုက်ကွက်ဖြင့် ချက်ချင်းစတင်တိုက်ခိုက်လိုက်သည်။
သူတို့ထဲမှတစ်ဘောက်က ခပ်တိုးတိုးကြုံးဝါးသံတစ်ချက်ပြုရင်း ရန်ကျောက်ကဲကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
သူ၏ခြေကန်ချက်ထွက်ပေါ်လာသည်နှင့် ကြယ်တာရာချီစွမ်းအားများက ပုံရိပ်ယောင်မိုးမြေကို ဖန်ဆင်းလိုက်ပြီး အဆုံးမဲ့ဒီရေလှိုင်းများက ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။
ထိုသူက ရန်ကျောက်ကဲကို ပြင်းထန်စွာကန်ထုတ်လိုက်ရာ အဆုံးမရှိသောလှိုင်းလုံးကြီးများ၏အော်မြည်သံ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး လှိုင်းလုံးတစ်ခုထက်တစ်ခု ပိုမိုမြင့်မားလာကာ ရန်ကျောက်ကဲကို ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။
ရန်ကျောက်ကဲက ထိုတိုက်ကွက်ကိုရင်ဆိုင်ရန် ဟန်ပြင်နေစဉ် အခြားတစ်ယောက်က သူ့လက်နှစ်ဖက်ဖြင့် အလင်းစက်ဝန်းတစ်ခု ဖန်ဆင်းလိုက်သည်။ သူ့လက်ထဲတွင် ကြယ်တာရာချီစွမ်းအားအမြောက်အမြား စုစည်းလာပြီး ပြင်းထန်သောအလင်းတန်းများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများက အလွန်ကြီးမားသော အလင်းတန်းတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ရန်ကျောက်ကဲဆီသို့ လက်ဝါးသိုင်းကွက်ဖြင့် တည့်တည့်မတ်မတ် ရိုက်ချလိုက်သည်။
အလင်းစက်ဝန်းက ရန်ကျောက်ကဲကို ဝန်းရံထားရုံသာမက မြေပြင်ထက်လဲကျနေသည့် ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများကိုပင် စက်ဝန်းထဲသို့ ဆွဲသွင်းလိုက်သည်။
ရန်ကျောက်ကဲသာ ဤတိုက်ကွက်ကို မှားယွင်းစွာကိုင်တွယ်မိမည်ဆိုလျှင် ရဲ့ကျုန်းကျိုးနှင့် အခြားသူများ သေချာပေါက် ထိခိုက်ခံစားရမည် ဖြစ်သည်။
သို့သော် သူက ရဲ့ကျုန်းကျိုးနှင့် အခြားသူများ မထိခိုက်စေရန် ကူညီပေးမည်ဆိုပါက ရန်သူ၏တိုက်ခိုက်မှုက သူ့ကို ခြိမ်းခြောက်နေပေလိမ့်မည်။
ရဲ့ကျုန်းကျိုးနှင့်အခြားသူများက ရန်ကျောက်ကဲကို ဝိုင်းပြီးစိုက်ကြည့်နေကြသည်။ မရေရာသည့်အခြေနေဖြစ်လေရာ ကိုက်တွယ်ဖြေရှင်းရန် ခက်ခဲသည့်ဖိအားတစ်ခု ရင်ဆိုင်ရမည်ကို သူတို့ သိရှိကြသည်။
“သူ ဘာလုပ်မှာလဲ”
ရွမ်ပင်း၏ရင်ထဲ တင်းတင်းကျပ်ကျပ်ခံစားလိုက်ရသည်။
ကျန်းယောင်က သတိလက်လွတ်ဖြင့် အော်လိုက်သည်။
“အစ်ကိုကြီး’ရန်’”
ရဲ့ကျုန်းကျိုးက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း...
“ငါတို့ကို အရေးမစိုက်နဲ့ ၊ ဒီလိုအချိန်မှာ မင်းအတွက်သာ ဦးစားပေးစမ်းပါ...”
လျိုရှန်းဖုန်း၏အကြည့်က ပြင်းထန်နေပြီး ပြတ်ကျနေသည့် သူ့လက်မောင်းကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်ထားသည်။ သူ့ခါးတွင်ချိတ်ဆွဲထားသော အနက်ရောင်ကျောက်စိမ်းပြားက လေထဲလွင့်ပျံလာပြီး ပြတ်တောက်နေသည့် လက်မောင်းနေရာသို့ရောက်လာကာ အလင်းရောင်တစ်ချက် တောက်ပသွားသည်။
အနက်ရောင်အလင်းတန်းကြောင့် လျိုရှန်းဖုန်း၏ ပြတ်တောက်နေသောလက်က အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်သွားသည်။
“ရန်ကျောက်ကဲ...”
သူက ကြုံးဝါးအော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ ကြယ်တာရာချီစွမ်းအားများကို စုစည်းကာ လက်ဝါးနှစ်ဖက်လုံးဖြင့် ရန်ကျောက်ကဲကို တစ်ပြိုင်တည်းရိုက်ချလိုက်သည်။
ရန်ကျောက်ကဲတွင် မှော်ဝင်ပစ္စည်းအများအပြား ပိုင်ဆိုင်သည်ကို သိရှိသဖြင့် သူတို့၏တိုက်ခိုက်မှုကို အတင်းအကျပ် ပိတ်ဆို့တားဆီးမည်ကို စိုးရိမ်သဖြင့် လျိုရှန်းဖုန်းနှင့်အတူ နတ်ဆိုးလက်ထဲကျရောက်နေသည့် ကျင့်ကြံသူ (၂)ယောက်ကလည်း တစ်ပြိုင်နက်တည်း ကြုံးဝါးသံပြုလိုက်ကြသည်။
သူတို့ကြုံးဝါးသံပြုလိုက်သည်နှင့် သူတို့ပါးစပ်အတွင်းမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လေထုအလယ်တွင် လက်စွပ်တစ်ကွင်း ဖြစ်တည်လာသည်။
ထိုလက်စွပ်က မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်သော်လည်း ထူးခြားသည့် ရတနာပစ္စည်းတစ်ခုပင်။
အနက်ရောင်အလင်းတန်းများ လင်းထိန်သွားပြီး ရန်ကျောက်ကဲမှာ သူ၏မှော်ဝင်ပစ္စည်းများနှင့် ခဏတာ အဆက်အသွယ်ပြတ်တောက်သွားသည်။
သို့ပေသိ ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းလည်းမရှိသလို အလျင်စလိုလည်းမရှိပေ။ သူ့မျက်ဝန်းများက တည်ငြိမ်နေပြီး သူ့ခန္ဓာကိုယ်က ရုတ်တရက်တုန်ခါသွားကာ လက်တစ်ဖက်ရှေ့သို့ဆန့်ထုတ်ပြီး ပုံရိပ်ယောင်အရိပ်တစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုပုံရိပ်ယောင်မှာ ကြယ်စင်ပင်လယ်အတွင်းမှ နဂါးအစစ်အမှန်များကို မျိုချထားသည့် အတောင် (၁၂)ခုပါသော ကောင်းကင်မြွေဘုရင် ဤကမ္ဘာသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရသည်။
ရန်ကျောက်ကဲသည် ဒီရေလှိုင်းများကို ဖြတ်ကျော်ပြီး သူ့ကိုကန်ထုတ်လိုက်သော ရန်သူ၏ ညာဘက်ခြေထောက်ကို ဆုပ်ကိုင်လိုက်သည်။
သူက နတ်ဆိုးကျင့်ကြံသူကို အခွင့်အရေးမပေးဘဲ ခြေထောက်မှဆွဲကာ ကြီးမားသည့်ဖိအားတစ်ခုဖြင့် လှည့်ပတ်ပစ်လိုက်သည်။
ချက်ချင်းပင် ထိုနတ်ဆိုးကျင့်ကြံသူမှာ ဒုတိယနတ်ဆိုးကျင့်ကြံသူ ထုတ်လွှတ်ထားသည့် လက်ဝါးရိုက်ချက်မှထွက်ပေါ်နေသော ကြီးမားသည့်အလင်းရောင်စက်ဝန်းကြီးရှိရာသို့ ဝင်ရောက်သွားသည်။
ကျယ်လောင်သည့်ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး ရန်ကျောက်ကဲကို ခြေထောက်ဖြင့်ကန်သော ပထမရန်သူမှာ လူသားဒိုင်းပမာအသုံးချခံလိုက်ရပြီး ဒုတိယရန်သူ၏ ရက်စက်သည့်တိုက်ခိုက်မှုဖြင့် ထိမှန်ခံလိုက်ရသည်။
ပြင်းထန်သောအလင်းရောင်များ အရပ်ရပ်သို့ လွင့်စင်သွားပြီး ရန်ကျောက်ကဲအပါအဝင် ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများကို ထိခိုက်စေခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲက တစ်ဆက်တည်းပင် သူ လူသားဒိုင်းအဖြစ်အသုံးပြုခဲ့သော ပထမနတ်ဆိုးကျင့်ကြံသူကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ့အဖော်ဖြစ်သူ၏ ပြင်းထန်သောတိုက်ကွက် ထိမှန်ခံထားရပြီး ဒဏ်ရာအပြင်းအထန်ရသွားခဲ့သူမှာ ယခု ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ထိမှန်ခံလိုက်ရသည့်အခါ ချက်ချင်းပင် အသက်ထွက်သွားတော့၏။
ထိုအချိန် ရွှေရောင်မျှော်စင်အတွင်းမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစက ကျယ်လောင်သည့် မြည်ဟည်းသံကြီးတစ်ချက် ပြုလုပ်လိုက်သည်။
ချက်ချင်းပင် ခရမ်းရောင်စက်ဝန်းက လူအများ၏မျက်လုံးနှင့် မတွေ့မြင်နိုင်သော အရှိန်အဟုန်ဖြင့် လှုပ်ယမ်းသွားသည်။
ရှေးဟောင်းမိုးကြိုးဧကရာဇ်၏ ဒဏ္ဍာရီလာရတနာပစ်စည်းဖြစ်သော အထွတ်ထိပ်မှော်ဝင်ပစ္စည်းသည်...
လက်ဖျောက်တစ်ချက်တီးသည့်အချိန် ၊ မျက်တောင်တစ်ချက်ခတ်သည့်အချိန်မျှသာကြာသော ခဏတာမျှအချိန်လေးအတွင်း...
အဆုံးမရှိ ၊ အကန့်အသတ်မဲ့သော ပြင်းထန်လွန်းသည့် မိုးကြိုးစွမ်းအားများ အပြည့်အဝ ပေါက်ကွဲထွက်သွားသည်။
မိုးကြိုးစွမ်းအားက တစ်ခဏအတွင်းအရာအားလုံးကို လောင်ကျွမ်းသွားစေပြီး အထွတ်ထိပ်မှော်ဝင်ပစ္စည်း၏စွမ်းအားက ချက်ချင်းပင် ပြန်လည်စုစည်းထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏မျက်နှာက လျှပ်စီးအလင်းရောင်များဖြင့် တောက်ပနေပြီး မျက်နှာအမူအရာက မပြောင်းလဲဘဲ ဒုတိယရန်သူရှိရာသို့ သေဆုံးသွားသော ပထမရန်သူ၏အလောင်းကို လက်ဝါးဖြင့် တွန်းထုတ်လိုက်သည်။
ဒုတိယရန်သူက အံကိုတင်းတင်းကြိတ်ရင်း နောက်တစ်ကြိမ်လက်ဝါးဖြင့်ရိုက်ထုတ်လိုက်သည်။ လက်ဝါးရိုက်ချက်က ပြင်းထန်လေရာ သူ့အဖော်၏အလောင်းနှင့်အတူ ရန်ကျောက်ကဲကိုပင် တစ်စစီပျက်စီးကြေမွသွားစေလိုဟန် ရှိသည်။
သို့သော် ထိုခဏမှာပင် ရန်ကျောက်ကဲပုံစံက မျောက်ဝံတစ်ကောင်အလား ပြေင်းလဲသွားပြီး သူ့ထံသို့ လျှင်မြန်စွာ ခုန်ဝင်လာသည်။
သူ၏လက်ဝါးရိုက်ချက်ကြောင့် ပထမရန်သူ၏အလောင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားချိန် ရန်ကျောက်ကဲ၏ လက်တစ်ဖက်က ထိုသူ၏ဦးခေါင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အရှိန်အဟုန်က ကောင်းကင်ကိုပင် ပြိုကျစေတော့မည့်အလား ထင်မှတ်ရ၏။
ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ဒုတိယရန်သူများ ဦးခေါင်းကွဲကြေသွားပြီး ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ အနက်ရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားသည်။
ထိုအချိန် လျိုရှန်းဖုန်း၏ လက်ဝါးရိုက်ချက်နှစ်ချက်က ရန်ကျောက်ကဲအနောက်ဘက်မှ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ထိုလက်ဝါးရိုက်ချက်များကို ရှောင်တိမ်းလိုက်ပြီး နောက်သို့လှည့်ကြည့်လိုက်သည်။ လျိုရှန်းဖုန်းကို စူးစိုက်ကြည့်နေသည့် သူ့မျက်လုံးများက လျှပ်စီးများအလား တဖျတ်ဖျတ်တောက်ပနေသည်။
လျိုရှန်းဖုန်းစိတ်ထဲ တုန်လှုပ်သွားစဉ် ခရမ်းစိမ်းရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရန်ကျောက်ကဲက ခြေတစ်လှမ်းတည်းဖြင့် သူ့ရှေ့သို့ရောက်လာကာ လက်သီးဖြင့် ထိုးစိုက်ချလိုက်သည်။
ကြယ်တာရာချီဆုံချက် ၊ ထွန်းလင်းမီးတောက် ၊ မိုးမြေကျိုးပျက် ၊ နတ်ဆိုးနှင့်မိစ္ဆာများလွင့်ထွက်။
လျိုရှန်းဖုန်းကလည်း တစ်ချက်ပင်မတွန့်ဆုတ်ဘဲ ရန်ကျောက်ကဲ၏လက်သီးချက်ကို အနက်ရောင်အလင်းတန်းများဖြင့် ရင်ဆိုင်ခုခံလိုက်သည်။
အလင်းရောင်များတောက်ပလာပြီး ပုံရိပ်ယောင်မြင်ကွင်းများ အလွှာလိုက်ထွက်ပေါ်လာကာ အနက်ရောင်အလင်းတန်းများအတွင်းမှ နတ်ဆိုးကြုံးဝါးသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ လက်သီးချက် ထိုးနှက်လိုက်သည်နှင့် နဂါးဟိန်းသံနှင့် ကျားဟိန်းသံများ ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ကြီးမားပြင်းထန်လှသည့် ဖိအားကြီးထွက်ပေါ်လာကာ မရေမတွက်နိုင်သော နတ်ဆိုးပုံရိပ်များကို သတ်ဖြတ်ပစ်လိုက်ပြီး လမ်းတစ်လျှောက်မှ အတားအဆီးအားလုံးကို ချေမှုန်းပစ်လိုက်လေတော့၏။