တပည့်စုဆောင်းခြင်း
Vol. 7 Ch. 95
"ဂျူနီယာညီလေးကျန်းရဲ့ ကျင့်ကြံခြင်းက အတော်တိုးတက်လာတာပဲ" ကျန်းရှီကျူးက ပြောသည်။
ပြီးခဲ့သည့် နတ်ဆိုးအသိုက်တုန်းက ဖြစ်ပျက်ခဲ့သည်များကြောင့် ကျန်းဟောင်အား အထင်မသေးရဲတော့ပါချေ။
"ဂျူနီယာမောင်လေး ပြိုင်ပွဲကို အနိုင်ရခဲ့တယ်မဟုတ်လား" ရှင်းယုယွီ မေးသည်။
ကျန်းဟောင် ခေါင်းညိတ်သည်။ "ကျနော် အစေ့ကို လိုချင်လို့ပါ"
ကျန်းရှီကျူးက သက်ပြင်းချသည်။ "မင်းက အမြဲ သတိကြီးတာပဲ"
သူက အနိုင်ရခဲ့သော်လည်း အသုံးမဝင်ဆုံးဆုကို ရွေးချယ်သွားခဲ့သည်။ ကျင့်ကြံခြင်းနည်းစနစ်သာဆို ကျန်းဟောင်ဆီက ဝယ်ယူမည်ဖြစ်သည်။
သို့သော် နင်ဝမ်ပင်းက ထိုနည်းစနစ်ကိုရသွားပြီဖြစ်ရာ သူမ မပိုင်ဆိုင်နိုင်တော့ပါချေ။
နင်ဝမ်ပင်း ကျင့်ကြံနည်းစနစ်ရသွားသည့်အတွက် လူများ အံ့သြခဲ့ရသည်။ သူက ဆုကို နောက်ဆုံးရွေးချယ်ရသူဖြစ်လေသည်။
ကျန်းဟောင်၏ အနိုင်ရမှုက ကျန်းရှီကျူးနှင့် ရှင်းယုယွီတို့အား မရိုးရှင်းသည့် ခံစားချက်အား ပေးစွမ်းပြန်လေသည်။
ခဏကြာသော် နောက်ကျော၌ ကြီးမားသည့် ဓားတစ်လက်လွယ်ထားသောအမျိုးသမီးတဦးရောက်လာသည်။ သူမ၏ ဓားက အလွန်သတိပြုမိဖွယ်ဖြစ်၏။
သူမက ကျန်းရှီကျူးကို မှတ်မိလေသည်။
"ကျမက ရေစီးတံခွန်က ယွဲ့ယူးပါ စောင့်စေမိလို့ တောင်းပန်ပါတယ်"
"အဆင်ပြေပါတယ် ငါတို့လည်း အခုမှရောက်တာပါ" ကျန်းရှီကျူးပြုံးသည်။ "ဂျူနီယာညီမယွဲ့ရဲ့ ဓားက သတိထားမိစရာပဲ ဒီလောက်ကြီးတဲ့ဓားကိုသယ်ထားတာ မလေးဘူးလား"
"အရမ်းမဟုတ်ပါဘူး ကျမရဲ့ကျင့်ကြံရေးအတွက် လိုအပ်လို့ပါ "
ကျန်းဟောင်ကြည့်လိုက်ရာ သူမက တည်တည်ငြိမ်ငြိမ်ဖြစ်ကြောင်း သတိပြုမိသည်။ စကားများများပြောရတာကြိုက်သူမဟုတ်လောက်ပေ။
သူမ၏ အော်ရာအရ အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ဖြစ်မည်။
ကြွက်သားများပြည့်ဖြိုး၍ ခေါင်းပြောင်ပြောင်ဖြင့် ကြောက်စရာအသွင်အပြင်ရှိသည့် လူတဦးလည်း ရောက်လာသည်။ သူက အရိုးတစ်ရာတောအုပ်မှ ဖုန်းပိုင်ဖေးဖြစ်သည်။
ကျန်းဟောင်ကြည့်ရာ တဖက်ကလည်း စူးစူးရဲရဲပြန်ကြည့်လေသည်။
လူစုံသောအခါ တာဝန်အတွက် ထွက်ခွာကြလေသည်။ လူသစ်စုဆောင်းရေးအား အခြားတောင်ကုန်းတခုတွင် ပြုလုပ်မည်ဖြစ်သည်။ လမ်းတွင် တိမ်များဝန်းရံနေသည့် ချောက်နက်ကြီးအား ပျံသန်း၍ ဖြတ်ခဲ့ရလေသည်။ တိမ်များကြောင့် သေချာမြင်ရရန်ခက်ရကား လူတိုင်း သတိအပြည့်ထားကြလေသည်။
"ဂိုဏ်းရဲ့ စိတ်ဝိညာဥ်သားရဲ ကောင်းကင်ဝါးမျိုမိကျောင်းကို အောက်မှာထားထားတယ်လို့ ပြောကြတယ်" ကျန်းရှီကျူးက ပြောသည်။
ကျန်းဟောင်လည်း ကြားဖူးပေမဲ့ သားရဲကိုတော့ မမြင်ဖူးပါချေ။
သတင်းများက အစစ်အမှန်ဟုတ်မဟုတ် မည်သူကမှ အတည်မပြုနိုင်ပါချေ။
"အဲဒီသားရဲက လူတယောက်ကိုစားဖူးတယ်တဲ့ မတော်တဆဆိုပေမဲ့ ဥပဒေခန်းမတော့ အတော်အလုပ်ရှုပ်သွားတယ် " ယွဲ့ယူးက ပြောသည်။
လူတိုင်း အရှိန်မြှင့်၍ ချောက်အား ဖြတ်သန်းလိုက်ကြသည်။
အတန်ကြာသော် တောင်အား ရောက်လေသည်။ ထိပ်တွင် သေးငယ်သည့် စတုရန်းကွက်လေးရှိ၏။ အခြေခံတည်ဆောက်ခြင်းအဆင့် အစောပိုင်းရှိ လူတဦးကလွဲလျှင် လူများများစားစားမရှိပေ။
"နှုတ်ဆက်ပါတယ် စီနီယာတို့" မြောင်ရှင်းက ပြောသည်။
မြောင်ရှင်းက အသက် ၃၀ လောက်ရှိမည်။ အဆင့်တက်ရန် မျှော်လင့်ချက်မရှိတော့သောကြောင့် ဂိုဏ်းအလုပ်များကိုသာလုပ်နေသည်။
"ဂျူနီယာညီလေးမြောင် အားလုံးရောက်ကြပြီလား" ကျန်းရှီကျူးမေးသည်။
"ဟုတ်ပါတယ် စီနီယာတို့ကို စောင့်နေတာပါ "
ကျန်းဟောင်၏ အဖွဲ့ထဲ အားအနည်းဆုံးကပင် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ရှိကြောင်း သိူသိလေသည်။ မြောင်ရှင်းက သူတို့ကို မယှဥ်နိုင်ပေ။
"ဂျူနီယာညီလေးကျန်းက လူသစ်မစုဆောင်းဖူးဘူးမလား" ကျန်းရှီကျူး ပြောသည်။ "ငါရှင်းပြပေးမယ် ဂိုဏ်းထဲဝင်မဲ့တပည့်တွေကို ဂျူနီယာတွေက စီစဥ်ပြီးသား ငါတို့က အတည်ပြုပေးရတာပဲ လူသစ်စုဆောင်းတာမှာ နည်းလမ်းနှစ်မျိုးရှိတယ် ပထမဆုံးက ကျင့်ကြံခြင်းမှာ ပါရမီရှိရင် တိုက်ရိုက်လက်ခံလိုက်တာပဲ ပါရမီက မလုံလောက်ရင် စိတ်စွမ်းအားကို ထပ်စစ်ဆေးရတယ် ကောင်းကောင်းလုပ်နိုင်ရင် တပည့်အဖြစ် လက်ခံတယ် သင့်တော်တယ်လို့ ခံစားရရင် ကိုယ့်ရဲ့ သက်ဆိုင်ရာအခွဲမှာ အပြင်စည်းတပည့်အဖြစ် ခေါ်ယူနိုင်တယ် အခု တို့လုပ်ရမှာက တောင်ခြေကိုသွားပြီး ဘယ်တပည့်က ပါရမီရှိလဲဆိုတာ ကြည့်ရမယ်"
"ဒီနှစ် ဘယ်လိုပါရမီရှိတဲ့လူကို ရှာနိုင်လိမ့်မလဲ" ဖုန်းပိုင်ဖေးက ပြောသည်။
လူတိုင်း သိချင်နေကြသည်။ ထူးချွန်သည့်ပါရမီနှင့် တစုံတဦးသာရှိပါက သူတို့၏ အခွဲသို့ခေါ်ဆောင်ရပေမည်။
ကျန်းဟောင် တောင်စွန်းကနေ ငုံ့ကြည့်လိုက်ရာ လူများစွာရှိနေကြောင်းမြင်ရသည်။
"စာရင်းပေးထားတဲ့လူပေါင်း ၂၆၅၆ ယောက်မှာ ၂၆၃၂ ယောက်ရောက်လာပါတယ်" မြောင်ရှင်း ပြောသည်။
အများစုက တချက်ကြည့်ရုံနှင့် သာမန်ဆန်လှသည်။ ကျန်းဟောင်ကတော့ သိပ်စိတ်မပျက်ပါချေ။ သူကိုယ်တိုင်လည်း သာမန်ထက် အနည်းငယ်သာသည့် အဆင့်သာရှိသည်။
"အောက်ဆင်းပြီး သူတို့ပါရမီကိုကြည့်ရအောင်" ယွဲ့ယူးက ပြောသည်။
ပြီးခဲ့သည့်တာဝန်နှင့်စာလျှင် ဤတာဝန်က အန္တရာယ်ကင်းသည်ဟုခံစားရသည်။ ဖုန်းပိုင်ဖေးက သူ့ကို ကြည့်လိုက်ပေမဲ့ ဘာမှမလုပ်ခဲ့ပေ။
လူသစ်စုဆောင်းပွဲတွင် မည်သူကမှ ပြဿနာရှာနိုင်မည်မဟုတ်ပေ။ ဒါက ဂိုဏ်းအတွက် အရေးကြီးသည့် အခမ်းအနားတခုဖြစ်သည်မဟုတ်ပါလား။
လူတိုင်းက ရန်ကြွေးများကိုဘေးချ၍ လုပ်စရာရှိသည်အား လုပ်ရပေမည်။ ပါရမီအရှိဆုံးအား သူတို့အခွဲထံ ဆွဲခေါ်ရပေမည်။
နောက်ပြီး ဥပဒေခန်းမက လူသတ်မှုနဲ့ပတ်သတ်ပြီး တရားခံအား မတွေ့ပါသေးချေ။ ကျန်းဟောင်က သံသယတရားခံဖြစ်၍ အရိုးတစ်ရာတောအုပ်အနေနဲ့ သူ့ကို ရန်သူအဖြစ် ယူဆနိုင်သော်ငြား လှုပ်ရှားရန် အထောက်အထားမရှိပါချေ။
သူတို့အဖွဲ့နှင့် မြောင်ရှင်းတို့ အောက်ဆင်းလာကြသည်။
လူတိုင်း အော်ဟစ်အားပေးလိုက်ကြသည်။ ကျန်းဟောင် သူတို့ကို နားလည်သည်။ သူသည်လည်း တချိန်က ထိုသို့ မှော်ဆန်စွာ လေပေါ်ပျံသန်းချင်ခဲ့သည်။
သို့သော် ဂိုဏ်းထဲကိုရောက်ပါမှ ရှင်သန်ရန် မည်မျှခက်ခဲကြောင်း သိရပေမည်။
စစ်ဆေးမှုတွင် နှစ်ပိုင်းပါ၏။ ပထမဆုံး ကျောက်စိမ်းပြားနဲ့ ဖြစ်သည်။ ပါရမီကောင်းလေ ကျောက်စိမ်းပြားထဲမှ စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်လေဖြစ်သည်။ ၎င်းက မွေးရာပါဖြစ်၍ လိမ်ညာခြင်းမပြုနိုင်ပေ။
နောက်တခုက နှလုံးသားဆုဒြာဖြစ်သည်။ နားလည်နိုင်စွမ်းကို စစ်ဆေးခြင်းဖြစ်သည်။
ကျန်းဟောင်တို့မှာ စားပွဲတွင်ထိုင်၍ ပထမစမ်းသပ်မှုအတွက် စောင့်နေသည်။
ကျောက်စိမ်းပြားဆယ်ခုသာရှိသော်လည်း တဖွဲ့လုံးအတွက် လုံလောက်သည်။
ကျောက်စိမ်းပြားတွင်း အတန်းခုနစ်ခုပါ၏။ သုံးခုလင်းလျှင် သင့်တော်ပြီး အပြင်စည်းတပည့်အဖြစ် ဝင်နိုင်လေသည်။
တစ်တန်း နှစ်တန်းသာလင်းပါက နှလုံးသားစစ်ဆေးမှုကို ဆက်လုပ်ရပေမည်။ လုံးဝမလင်းပါမူ ဂိုဏ်းသားမဖြစ်နိုင်ချေ။
မြောင်ရှင်းက လူများအား စီစီရီရီ တန်းစီခိုင်း၏။ ဆယ်ယောက်စီ ရှေ့အား တိုးရလေသည်။
ပထမအသုတ်တွင် တစ်ဦးတည်းကသာ သုံးတန်းလင်းစေနိုင်ခဲ့သည်။
ရှင်းယုယွီက သူ့နာမည်ကိုမေး၍ ချရေးလိုက်၏။ လူတိုင်း၏ မျက်လုံးထဲ စိတ်အားထက်သန်မှုရှိနေသည်အား ကျန်းဟောင် တွေ့မြင်ရလေသည်။ မိစ္ဆာဂိုဏ်းပင်ဖြစ်လင့်ကစား သူတို့ ဝင်လိုကြ၏။
"နောက်တဖွဲ့" မြောင်ရှင်းပြောသည်။
မိန်းမငယ်တဦးက သူတို့ဆီလျှောက်လာ၏။