မိစ္ဆာမ ထပ်လုပ်ပြန်ပြီ
Vol. 7 Ch. 100
လေသာဆောင်မှ ငုံ့ကြည့်လိုက်သည့်အခိုက် အလွန်လှပသည့် ပန်းချီကားတစ်ချပ်အား မြင်လိုက်ရသလိုခံစားမိသည်။ သူ့နှလုံးသားက မငြိမ်မသက်ဖြစ်လာခဲ့သည်။
သူ ရုတ်တရက် သတိကင်းလွတ်သွား၏။ သူ၏ စိတ်အခြေအနေမှာ နှစ်ဝက်လောက် တည်ငြိမ်နေခဲ့ရာမှ ပြန်လည် လှုပ်ခတ်လာ၏။
"ငါ့ကိုမေ့သွားပြီလား" ဟုန်ယွီယဲ့က မေးသည်။
ကျန်းဟောင်လည်း ခြံဝန်းထဲဆင်းလာသည်။ "မလုပ်ရဲပါဘူး စီနီယာကို ရုတ်တရက် တွေ့လိုက်ရလို့ အံ့သြသွားတာပါ"
သူမ၏ ဝတ်ရုံနီက နောက်တွင်တွဲလဲကျနေသည်။ ခါးကျဥ်ကျဥ်လေး၌ ခါးပတ်ဝတ်ဆင်ထားသည်။ သူမက အလွန်လှပ၍ မဟာဆန်သည်။ လှပရုံမက အလွန်အားကောင်းကြောင်း သိလေသည်။ ကောင်းကင်ဘုံရနံ့တာအိုပန်းကသာ သူမကို ဤနေရာသို့ ဆွဲဆောင်နိုင်ခြင်းဖြစ်သည်။
"ပြီးခဲ့တဲ့ခြောက်လအတွင်း ဘာလုပ်နေလဲ"
ဟုန်ယွီယဲ့က ပန်းအနားတွင်ရပ်နေသည်။ သားရဲက မက်မွန်ပင်အောက်တွင် သတိလစ်နေ၏။ မျက်နှာက ယောင်ကိုင်းနေပုံပေါ်သည်။
"စီနီယာရဲ့ပန်းကို ဂရုစိုက်ပေးနေပါတယ်"
"ဟုတ်လား" ဟုန်ယွီယဲ့က သူ့ကိုကြည့်ပြီး အသာပြုံးသည်။
သူမက ပန်းကိုကြည့်၍ " ကောင်းကင်ဘုံရနံ့တာအိုပန်းက အတော်ကြီးလာပြီ အနံ့လည်း မွှေးတယ် သဘောကျတယ်"
ကျန်းဟောင် စိုးရိမ်သွား၏။ သူမ ပန်းကိုယူသွားတော့မှာလား။ အဲ့လိုသာဆို သူ အဆုံးသတ်သွားမည်ဖြစ်သည်။
"စီနီယာ သဘောကျတာကိုမြင်ရလို့ ဝမ်းသာပါတယ်"
ဟုန်ယွီယဲ့က မက်မွန်ပင်ဆီရောက်သွား၏။ မက်မွန်ပင်က ကြီးထွားမှုမြန်လွန်းရကား သူမထက်ပင် မြင့်မားနေလေပြီ။
"ဒီနှစ် အသီးသီးလောက်တယ်" ကျန်းဟောင် ပြော၏။
"အသီးကချိုမလား ချဥ်မလား "
"ချိုမယ်ထင်ပါတယ် "
သူမက သူ့ကိုကြည့်ပြီး "ချဥ်ရင် မင်း ငါ့ကိုလိမ်တယ်လို့ ယူဆရလိမ့်မယ်"
ကျန်းဟောင် ဆွံ့အသွား၏။ သူ မည်မျှသတိထားပါစေ စကားလုံးတိုင်းက အန္တရာယ်များကြောင်း ခံစားမိသည်။
ဟုန်ယွီယဲ့က သစ်သားကုလားထိုင်တွင် ထိုင်ချလိုက်ပြီး ကျန်းဟောင်က လက်ဖက်ရည်ပြင်ပေးသည်။
သူမက တစုံတခုထုတ်၍ "ပန်းရဲ့ ကြီးထွားမှုကို အတားအဆီးဖြစ်စေမဲ့ ပတ်ဝန်းကျင်ကနေတားဆီးဖို့ ပတ်ဝန်းကျင်အစီအရင်ကို အဆင့်မြှင့်ဖို့လိုတယ် ဒီပုံစံပြာကို အသုံးပြုနိုင်တယ်"
"အဲ့ဒီအတွက် ကျနော် ဝိညာဥ်ကျောက်တုံးတွေစုဖို့လိုလိမ့်မယ်" ကျန်းဟောင်က လက်ဖက်ရည်ငှဲ့ပေးရင်း ပြောသည်။
ဤနေရာကို အဆင့်မြှင့်ရန် သူတခါမှမတွေးဖူးပေ။ လိုအပ်သည့်ပစ္စည်းများက ဈေးကြီးလှသည်။
"မင်းမှာ အားကောင်းတဲ့ နည်းစနစ်သစ်နဲ့ မှော်ရတနာတွေ မတွေ့မိဘူး ဝိညာဥ်ကျောက်တုံးတွေ ဘယ်ရောက်ကုန်တာလဲ " ဟုန်ယွီယဲ့က လက်ဖက်ရည်သောက်ရင်း မေးသည်။
ကျန်းဟောင်လည်း ထိုမေးခွန်းကြောင့် ကြောင်အသွားပြီး မည်သို့ပြန်ဖြေရမည်အား မသိပါချေ။
ဟုန်ယွီယဲ့ လက်ဖက်ရည်သောက်နေစဥ် ကျန်းဟောင်က မကြာခဏကြည့်နေသည်။ သူမက မျက်မှောင်ကြုတ်နေသည့်အတွက် တစုံတခုကိုပဲတွေးနေသည်လား လက်ဖက်ရည်အရသာကြောင့်ပဲလား မသိပါချေ။
လတ်တလော သူဝယ်ထားသည့် လက်ဖက်ရည်မှာ ဈေးကြီးသောကြောင့် ကျန်းဟောင်မှာ တစ်ခွက်တောင် မမြည်းရသေးပေ။
"ရက်အနည်းငယ်အတွင်း အနီးအနားမြို့ကို ငါတို့ ခရီးထွက်ရမယ် ပြင်ဆင်ထားပါ"
"စီနီယာ ကျနော်..." ကျန်းဟောင် ရှော့ရသွား၏။
"ဘာလဲ" သူမ၏ အော်ရာက မြင့်တက်လာသည်။ "အလုပ်များနေလို့လား"
သူ အသက်ရှူကြပ်သွား၏။ "မဟုတ်ရပါဘူး စီနီယာနဲ့အတူသွားရမှာ ဂုဏ်ယူရမှာပါ"
"အလိမ်တွေချည်းပဲ"
ဟုန်ယွီယဲ့က ထရပ်ပြီး သူ့အိမ်ဆီ လျှောက်သွား၏။
ကျန်းဟောင်လည်း သက်ပြင်းချ၍ သူမနောက်လိုက်သွား၏။ ဧည့်ခန်းလောက်သာဝင်ကြည့်မည်ထင်ထားပေမဲ့ အပေါ်ထပ်ကို တက်သွားလေသည်။
"အိမ်က ပိုခိုင်လာသလိုပဲ"
"ကျနော် ပြန်ပြင်ထားတာပါ" သူ့အိမ်ကို အကဲဖြတ်ခဲ့ဖူးပြီး မပြင်ဆင်ပါက ပျက်စီးသွားနိုင်သောကြောင့် ပြင်ဆင်ထားခြင်းပင်။
ဟုန်ယွီယဲ့က လေသာဆောင်ကိုသွားသည်။ သူမက ခြံထဲငုံ့ကြည့်ပြီး တိတ်ဆိတ်နေ၏။
ထို့နောက် နောက်ဆုတ်ပြီး ပြောသည်။" ငါ့ဖက်လှည့်"
"ဒီလိုလား" ကျန်းဟောင်က သူမရှေ့ရပ်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။ ထူးဆန်းသလိုခံစားရသော်လည်း သူမအမိန့်အား မငြင်းဆန်ရဲပေ။
ဟုန်ယွီယဲ့က လက်ဆန့်ထုတ်၍ ကျန်းဟောင်၏ ရင်ဘတ်ပေါ် လက်ဝါးဖိကပ်ထားလိုက်သည်။
ကျန်းဟောင်မှာ ရင်တဒိန်းဒိန်းခုန်သွား၏။ သို့သော် သူ ဘာမှမပြောရသေးခင် သူမ ညင်သာစွာတွန်းလိုက်သည်အား ခံစားရသည်။
သူကြောင်အသွားပြီး ပြုတ်ကျသွားလေသည်။ လှမ်းဆွဲလိုက်သော်လည်း မမိပဲ လေသာဆောင်မှ ပြုတ်ကျသွား၏။
မြေပေါ် ဘုတ်ခနဲကျသွား၏။။
ရွှေအမြုတေအဆင့် နှောင်းပိုင်းဖြစ်၍ လုံးဝ နာကျင်ခြင်းတော့မရှိပါချေ။
သူထရပ်ပြီး စိတ်ရှုပ်ထွေးစွာကြည့်သည်။
ထိုအခိုက်အတန့် သူမပေါ်မှ အကြည့်မရုတ်နိုင်ဖြစ်သွားခဲ့ရသည်။ လေပြည်က သူမ၏ ဆံပင်များကြား တိုးဝှေ့မြူးတူးနေ၏။
လေသာဆောင်တွင် လက်ထောက်ပြီး သူ့ကို ငုံ့ကြည့်နေရာ နေခြည်လွှာအောက်တွင် ငွားစွင့်စွင့်ပွင့်နေသည့် တော်ဝင်နှင်းဆီအလား ထင်မြင်ရလေ၏။
သူတို့ခြင်း အကြည့်ဆုံသွားခဲ့သည်။
သူ့ကို ငုံ့ကြည့်နိုင်သည်ဟု သူမ ပြောပြနေလိုခြင်းပေလောဟု တွေးမိသည်။
"ခရီးသွားမဲ့နေ့ အားနေပစေ " ဟုန်ယွီယဲ့က သူ့ကိုကြည့်သည်။" မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ်"
ထို့နောက် လေပြည်နဲ့အတူ သူမ ပျောက်ကွယ်သွား၏။
"အား နာတယ် နာလိုက်တာ" သားရဲက မျက်နှာအုပ်၍ သတိရလာသည်။
အဘယ်ကြောင့် သူမ လာတိုင်း သနားစရာသားရဲအား ရိုက်နှက်ရသည်ကို ကျန်းဟောင် နားမလည်ပါချေ။
"ဘာလို့ ငါနဲ့အတူ ခရီးသွားချင်ရတာလဲ" သူ အကြောင်းရင်းကို တွေးမနိုင်ဖြစ်နေသည်။
နောက်ပြီး သူ့နာမည်က ဥပဒေခန်းမ၏ သံသယစာရင်းတွင် ရှိနေဆဲဖြစ်သည်။ အနီးအနားလောက် သွားနိုင်သလားဟု လျှိုရှင်းချန်အား မေးရပေမည်။
ဟုန်ယွီယဲ့နဲ့ဆို အန္တရာယ်မရှိနိုင်ပေ။ သို့သော် သူမ၏ တည်ရှိမှုပေါ်သွားမည်ကိုတော့ စိုးရိမ်သည်။
ကျန်းဟောင် သက်ပြင်းချ၍ ပုံစံပြာအား သိမ်းလိုက်သည်။ ဆေးဥယျာဥ်သို့သွားရန် ခြံပြင်ထွက်လိုက်သည်တွင် ဆက်သွယ်ရေးအဆောင်တခုက ပျံသန်းလာသည်။
သူ စစ်ဆေးကြည့်ရာ ကမ်းပါးသခင်ထံမှဖြစ်လေသည်။
သူ မျက်မှောင်ကြုတ်လိုက်၏။ စာတွင်ပြောထားသည်က ရွှမ်ယွမ်ထိုက်က သူ့ကိုတွေ့ချင်နေ၍ အချုပ်ထောင်ကိုသွားရန်ဖြစ်သည်။
"ဘာလို့ ငါ့ကိုတွေ့ချင်ရတာလဲ"