ယောက်ျား ဆန်ပြုတ်လေး သောက်လိုက်ပါ
Vol. 1 Ch. 1
သာ့ချန်၊ မျန့်ရွှေစီရင်စု၊ ရှန်းထောင်ရွာ၏
ဖရိုဖရဲဖြင့် ပျက်စီးယိုယွင်းနေသော ခြံဝင်းအတွင်းရှိ အိပ်ရာထက်တွက် ချန်ကျဲ့ လဲလျောင်းနေသည်။ မျက်လုံးများသည်တော့ မျက်နှာကြက်အား မိန်းမောတွေဝေစွာဖြင့် ငေးစိုက်ကြည့်နေ၏။
ငါ အချိန်ခရီးသွားလိုက်တာလား။
ဤသို့ ဖြစ်နိုင်ခြေမရှိသော ဖြစ်ရပ်ကြီးသည် သူ့ထံတွင် ဖြစ်ပျက်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ဖူးပါချေ။
သို့သော် သူ၏ ‘အိမ်အသစ်’သည် လုံးဝ ဗလာကျင်းနေပုံပေါ်၏။
“ယောက်ျား နိုးပြီလား.. ထတော့လေ။ မနေ့က ကျွန်မရဲ့အမှားပါ။ ဆန်ပြုတ်လေး သောက်လိုက်ဦး”
နှစ်လိုဖွယ် အမျိုးသမီးအသံတစ်ခုမှ ပြောလာသည်။
ချန်ကျဲ့ မိန်းမောတွေဝေနေဆဲဖြင့် ဦးခေါင်းလှည့်ကြည့်လိုက်သည်။ အဖာအထေးရာများ ပြည့်နှက်သော အဝတ်အစားကို ဝတ်ဆင်ထား၍ မျက်နှာကို အလှအပများ လိမ်းခြယ်ပြင်ဆင်ထားခြင်းမရှိသော အမျိုးသမီးတစ်ဦးမှ မြေအိုးတစ်အိုးအား သယ်ဆောင်လာနေသည်ကို ချန်ကျဲ့ မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသမီးမှာ အပြုံးတုကို လုပ်ယူပြုံးပြနေခဲ့သည့်တိုင် သူမ၏ပါးမို့များထက်ရှိ ရောင်ရမ်းနေသော လက်ဖဝါးရာများကို မဖုံးကွယ်နိုင်ပါချေ။
စူးယွင်ကျင်း!
ငါ့ရဲ့ဇနီး!
ရုတ်တရက်ပင် သူ၏စိတ်အတွင်းသို့ မှတ်ဉာဏ်များ ဒီရေကဲ့သို့ မျောလွင့်တိုးဝှေ့လာခဲ့သည်။
သာ့ချန်အင်ပါယာ၊ နိုင်ငံခြားသားများ တည်ထောင်သော တိုင်းပြည်… ရှန်းထောင်ရွာ၊ လောင်းကစားသမား…
အချက်အလက်အပိုင်းအစများ ပေါ်ထွက်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ချန်ကျဲ့ မိမိ၏လက်ရှိအခြေအနေကို နားလည်သွားခဲ့သည်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် မျန့်ရွှေစီရင်စု၊ ရှန်းထောင်ရွာတွင် နေထိုင်သော ချန်ကျိုစစ်ဖြစ်သည်။ ချန်ကျိုစစ်၏ မိသားစုသည် ကနဦးတွင် ချမ်းသာသော မိသားစုဖြစ်ပြီး မိခင်ဘက်မှ တော်စပ်သော အဖိုးဖြစ်သူသည် ရွာထဲတွင် ထင်ရှားကျော်ကြားသော သမားတော်တစ်ဦးဖြစ်သည်။ ကံဆိုးစွာဖြင့် အဖိုးဖြစ်သူမှာ သားယောက်ျားလေး မထွန်းကားခဲ့ဘဲ သမီးတစ်ဦးသာလျှင် ထွန်းကားခဲ့သည်။ ထို့ကြောင့် ချန်မိသားစု မျိုးဆက်ပြတ်ခြင်းမှ ကာကွယ်ရန်အတွက် ချန်ကျိုစစ်၏ ဖခင်ဖြစ်သူအား သမက်တော်စပ်ခဲ့သည်။
ချန်ကျိုစစ်၏ဖခင်သည် ကနဦးတွင် ရွာတွင်နေထိုင်သော ငါးဖမ်းသမားတစ်ယောက်ဖြစ်သည်။ နောက်ပိုင်းတွင် သူ၏မိသားစုမှာ ဆင်းရဲသွားခဲ့သောကြောင့် သမားတော်အိုကြီးထံမှ ဆေးပညာသင်ယူနိုင်ရန် မျှော်လင့်ချက်ဖြင့် ချန်မိသားစု၏ သမက်အဖြစ် ချန်မိသားစုထဲသို့ လက်ထပ်ဝင်ရောက်ခဲ့သည်။ သို့သော် သမားတော်အိုကြီးသည် ရှေးရိုးစွဲသူတစ်ဦးဖြစ်လေရာ ဆေးပညာအား ချန်မိသားစု၏ အမျိုးသားများကိုသာ လက်ဆင့်ကမ်းလိုခဲ့ပြီး အပြင်လူများကို သင်ကြားမပေးချေ။ သို့ဖြစ်ရာ သမက်ဖြစ်သူသည် ဆေးပညာအမွေကို ဆက်ခံရန်အတွက် အရည်အချင်း မပြည့်မီပေ။ ချန်မိသားစု၏သွေးသားမှ မွေးဖွားလာသူသာလျှင် ဆေးပညာကို သင်ယူနိုင်ပေသည်။
သို့ဖြင့် ချန်ကျိုစစ်သည် သမားတော်၏အမွေအား ဆက်ခံသူဖြစ်လာခဲ့သည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းလှစွာဖြင့် သမားတော်အိုကြီးသည် ချန်ကျိုစစ် အသက်၈နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် ချန်ကျိုစစ်သည် အဖိုးဖြစ်သူ၏ ဆေးပညာကို မဆက်ခံခဲ့ရပေ။
ချန်မိသားစု၏ ဆေးပညာဆက်ခံသူမျိုးရိုး ပြတ်တောက်သွားခဲ့၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် ချန်မိသားစု၌ အတော်အတန်များပြားသော ပိုင်ဆိုင်မှုများ ကျန်ရစ်နေသေးသည်။ သို့သော်ငြား အဖိုးဖြစ်သူ ကွယ်လွန်သွားခဲ့ချိန်မှ စတင်၍ ထိန်းသိမ်းမည့်သူ ကင်းမဲ့သွားသော ချန်ကျိုစစ်၏ဖခင်သည် အလွန်အကျွံ သောက်စားပျော်ပါး၍ လောင်းကစားများကို စတင်လုပ်ဆောင်လာခဲ့သည်။ သေရည်မူးယစ်နေခဲ့သည့် တစ်နေ့တွင် ချန်ကျိုစစ်၏ဖခင်သည် မြစ်ထဲသို့ ရေဆင်းကူးခဲ့ပြီး ရေနစ်သွားခဲ့သည်။
ထို့နောက် ချန်ကျိုစစ် ကြီးပြင်းလာခဲ့ချိန်တွင် ချန်ကျိုစစ်၏မိခင်သည် သူမ၏ဖခင်ဖြစ်သူ အသက်ရှိစဉ်အချိန်က စီစဉ်ပေးထားခဲ့သော လက်ထပ်ပွဲကို သတိရသွားခဲ့သည်။ ထိုမိသားစုမှာ အိမ်နီးချင်းရွာတစ်ရွာမှ ပညာရှိအမှုထမ်းအိုကြီးမိသားစုဖြစ်သော စူးမိသားစု ဖြစ်သည်။
ထိုအချိန်က မိသားစုတစ်ခုသည် ထင်ရှားကျော်ကြားသည့် သမားတော်မျိုးရိုးမိသားစုဖြစ်ပြီး မိသားစုတစ်ခုသည် ပညာရှိမိသားစုဖြစ်ခဲ့သည်။ ပြီးပြည့်စုံသည့် အတွဲအစပ်ဖြစ်သောကြောင့် လက်ထပ်ထိမ်းမြားရန် စီစဉ်ခဲ့ကြသည်။
ထို့ကြောင့် သူမ နာမကျန်းဖြစ်နေချိန်တွင် ချန်ကျိုစစ်၏မိခင်သည် ယုံကြည်အားကိုးရသည့် ပညာရှိအိုကြီးအား ချဉ်းကပ်၍ ချန်ကျိုစစ်အား စူးမိသားစု၏ သမီးဖြစ်သူ စူးယွင်ကျင်းနှင့် လက်ထပ်စေခဲ့သည်။
ကနဦးတွင် ရှင်သန်နေထိုင်ရခြင်းမှာ မဆိုးရွားလှပေ။ ချန်မိသားစုတွင် ဆေးပညာရပ် မရှိတော့သော်ငြား စိုက်ပျိုးမွေးမြူရေးမြေဧက၂၀ကျော်နှင့် ကြီးမားသည့် ခြံဝင်းကြီး ကျန်ရစ်နေသေးသည်။
ချန်သခင်မသည် ချန်ကျိုစစ်အား ထိန်းသိမ်းပေးနေခဲ့သော်ငြား ကောင်းမွန်သည့်နေ့ရက်များသည် ကြာရှည်မခံပါချေ။ ဦးစွာ စူးမိသားစု၏ ပညာရှိအိုကြီးကို ဆုံးရှုံးခဲ့ရသည်။ ပညာရှိအိုကြီးသည် မြို့ပေါ်သို့သွားခဲ့ချိန်တွင် သူခိုးများ၏ သတ်ဖြတ်ခံခဲ့ရပြီး ၅နှစ်အရွယ် မိဘမဲ့ကလေးလေး စူးယွင်ရွေ့ကိုသာ ချန်ထားရစ်ခဲ့သည်။
ချန်သခင်မသည် စူးယွင်ရွေ့အား အစ်မဖြစ်သူ စူးယွင်ကျင်းမှ ပျိုးထောင်ပေးစေရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ရက်အနည်းငယ်မျှ ကြာမြင့်ပြီးနောက်တွင် ချန်သခင်မ၏ ရောဂါဟောင်းပြန်ထလာခဲ့ပြီး ကွယ်လွန်သွားခဲ့သည်။
ချန်သခင်မ၏ ထိန်းသိမ်းပေးမှု ကင်းမဲ့သွားသောအခါ ချန်ကျိုစစ်၌ ဖခင်ဖြစ်သူ၏ဗီဇများ ထွက်ပေါ်လာခဲ့သည်။ ချန်ကျိုစစ်သည်လည်း အလွန်အကျွံ သောက်စား၍ လောင်းကစားကို စတင်လုပ်ဆောင်လာခဲ့သည်။ လောင်းကစားရှုံးလျှင် ဇနီးဖြစ်သူအား ရိုက်နှက်တတ်သော သားရဲတိရစ္ဆာန်တစ်ကောင်ထက် မသာလွန်သည့်လူတစ်ယောက် ဖြစ်လာခဲ့သည်။
ချစ်ကျိုစစ်သည် အချိန်တိုလေးအတွင်း၌ သူ၏မိသားစု မျိုးရိုးစဉ်ဆက် ထိန်းသိမ်းစုဆောင်းလာခဲ့သော ပိုင်ဆိုင်မှုများအားလုံးကို လောင်းကစားခြင်းဖြင့် ကုန်ဆုံးသွားစေခဲ့သည်။ နောက်ဆုံးတွင်တော့ သူ၏ဖခင် ချန်မိသားစုနှင့် လက်မထပ်မီက နေထိုင်ခဲ့သော ယိုယွင်းပျက်စီးနေသည့် ခြံဝင်းထဲသို့ ဖိအားပေးပြောင်းရွှေ့ခံခဲ့ရသည်။
မနေ့ညက ချန်ကျိုစစ်သည် နောက်ဆုံးကျန်ရစ်သော စိုက်ပျိုးမွေးမြူရေးခြံ ၃ဧက၏ ပိုင်ဆိုင်မှုစာချုပ်ကို ခိုးယူခဲ့ပြီး မြန်မြန်ဆန်ဆန်ပင် ဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ဒေါသတကြီးဖြင့် သတိကင်းလွတ်သည်အထိ မူးယစ်သောက်စားခဲ့ပြန်သည်။ ထို့နောက် ဆုံးရှုံးသွားသည့်လောင်းကြေးများကို ပြန်လည်ရယူနိုင်လောက်မည့် ငွေကြေးကို တစ်အိမ်လုံးအနှံ့ လှန်လှောရှာဖွေခဲ့သည်။
တစ်ပြားတစ်ချပ်မျှ ရှာမတွေ့ပါဘဲ အောက်ခြေကပ်နေသည့် ဆန်အိုးကို မြင်လိုက်ရသောအခါ ချန်ကျိုစစ်သည် ရူးသွပ်စွာဖြင့် အသက်၅နှစ်အရွယ် ခယ်မလေး စူးယွင်ရွေ့ကို သတိထားမိခဲ့သည်။ မြို့ပေါ်တွင် ထိုအရွယ်မိန်းကလေးငယ်လေးများကို ဈေးကောင်းပေး၍ ခေါ်သွားကြပြီး ပြည့်တန်ဆာအိမ်များတွင် ငွေကြေးအများအပြား ရှာနိုင်ရန် လေ့ကျင့်ပေးသည့်အကြောင်း ကြားဖူထားးသည်ကိုလည်း မှတ်မိလိုက်သည်။
ထို့ကြောင့် ချန်ကျိုစစ်သည် ကလေးမလေးအား ဆွဲခေါ်တော့သည်။ ၎င်းကို ဟန့်တားသည့် စူးယွင်ကျင်းမှာ မည်မျှအစွမ်းအစရှိသည်ဖြစ်စေ ချန်ကျိုစစ်ထံမှ နှစ်ကြိမ်မျှ အရိုက်ခံလိုက်ရပြီး မြေပြင်သို့ ပစ်လှဲချခံလိုက်ရသည်။
ချန်ကျိုစစ်မှ ဆဲဆိုကြိမ်းမောင်း၏။
“သောက်သုံးမကျတဲ့မိန်းမ ငါက မင်းရဲ့ယောက်ျားပဲ။ မင်းက ငါပြောတဲ့အတိုင်းပဲ နာခံရမှာကို ဘယ်လိုတောင် ငါ့ကို အာခံရဲတာလဲ။ ငါမင်းကို သတ်ပစ်မယ်!”
ချန်ကျိုစစ်မှ စူးယွင်ကျင်းအား နှစ်ကြိမ်မျှ ထပ်မံ ကန်ကျောက်လိုက်ချိန်တွင် စူးယွင်ရွေ့သည် စူးယွင်ကျင်း၏ရှေ့မှ ငိုယိုဟန့်တားလျက် တောင်းပန်တိုးလျှိုးနေခဲ့သည်။
“အစ်ကိုကြီး ကျေးဇူးပြုပြီး မမကို မရိုက်ပါနဲ့တော့... တောင်းပန်ပါတယ်”
သို့သော် ချန်ကျိုစစ်သည် စူးယွင်ရွေ့အား အေးစက်စွာ စိုက်ကြည့်၍ ပြောသည်။
“ငါ မင်းအစ်မကို ရိုက်တယ်ဆိုတာ မင်းကြောင့်ပဲ။ ငါ့ စကားနားထောင်၊ မနက်ဖြန်ကျရင် အစ်ကိုနဲ့ မြို့ကိုလိုက်ခဲ့၊ အစ်ကို မင်းကို အစားအသောက် လုံလောက်တဲ့နေရာကို ခေါ်သွားပေးမယ် ဟုတ်ပြီလား”
“အစ်ကို ရွေ့ရွေ့ မသွားချင်ဘူး”
“စကားနားမထောင်ဘူးပေါ့လေ ဟုတ်လား။ ဒါဆိုရင် ငါ မင်းအစ်မကို ဆက်ရိုက်နေမှာ၊ မင်းယုံလား ငါ့သူ့ကို သတ်ပစ်နိုင်တယ်ဆိုတာ”
“အဟင့်.. ဟင့်.. မမကို မရိုက်ပါနဲ့ မရိုက်ပါနဲ့။ ရွေ့ရွေ့ လိုက်မယ် လိုက်မယ်၊ ရွေ့ရွေ့ အစ်ကိုကြီး စကားကို နားထာင်ပါမယ် အဟင့် ဟင့်…”
“ဒီလိုမှ ဟုတ်သေးတယ်”
ချန်ကျိုစစ်သည် စိတ်ကျေနပ်စွာဖြင့် ကလေးမလေး၏ ခေါင်းကိုပုတ်ပေးလိုက်သည်။ ထို့နောက် မြေပြင်ရှိ အမျိုးသမီးကို ကြည့်လိုက်သည်။
“အဲဒီမှာ ထိုင်ပြီး ဘာလုပ်နေသေးတာလဲ။ ငါခြေထောက်ဆေးဖို့ ရေသွားခပ်ပေးစမ်း သောက်သုံးမကျတဲ့မိန်းမ!”
…
ချန်ကျဲ့သည် ယခင်က အကြောင်းအရာများကို မှတ်မိလိုက်ရသည်တွင် ဦးရေပြားများထိပါ ကြက်သီးမွေးညင်း ထသွားရသည်။
ဒီလူက သားရဲတိရစ္ဆာန်ကောင်ပဲ!
ဤမျှလှပသိမ်မွေ့သော ဇနီးသည်အား ကောင်းချီးမပေးသည့်အပြင် ရိုက်နှက်နေလိုက်သေးသည်။
တကယ့်ကို အသိတရား လုံးဝကင်းမဲ့နေတာပဲ!
ချန်ကျဲ့သည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်အား စက်ဆုပ်ဖွယ်ကောင်းသူဟု သတ်မှတ်လိုက်၏။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် ‘ဇနီးသည်’အား မထိန်းချုပ်နိုင်စွာ ထပ်မံကြည့်ရှုလိုက်သည်။ ဇနီးသည်ဖြစ်သူသည် အရပ် ၁၆၅စင်တီမီတာခန့်ရှိပြီး ဖြူဖွေးသော အသားအရေ၊ မျက်လုံးဝိုင်းဝိုင်းများရှိသည်။ အဖာအထေးများဖြင့် ကြမ်းတမ်းသော လျှော်ဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ရည်မွန်သော အမျိုးသမီးတစ်ဦး၏ နူးညံ့သိမ်မွေ့မှုနှင့် ငြိမ်သက်အေးချမ်းမှု အငွေ့အသက်များကို ထုတ်လွှတ်နေပေသည်။
ဤသို့သော အမျိုးသမီးသည် သူ၏အရင်ဘဝတွင် မွေးဖွားလာပါခဲ့လျှင် သေချာပေါက် ထိပ်တန်းကြယ်ပွင့်တစ်ဦး ဖြစ်နိုင်ကောင်း၏။ ယခု၌မူ သူမသည် မိမိ၏ဇနီးသည် ဖြစ်နေလေရာ မိမိအတွက် မထင်မှတ်ထားသော အောင်မြင်မှုကြီး ဖြစ်ပေရော့သည်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် အဘယ်သို့များ ဤလှပသော မိန်းကလေးကို ရိုက်နှက်နိုင်ရသည်အား ချန်ကျဲ့ နားမလည်နိုင်ပါချေ။
“ယောက်ျား ရှင်ဘာတွေ တွေးနေတာလဲ။ လာ ဆန်ပြုတ်လေး သောက်လိုက်ဦး”
အမျိုးသမီးသည် အနည်းငယ်ပဲ့နေသော ကြွေပန်းကန်လုံးတစ်ခွက်ကို ထုတ်ယူ၍ ဖြူဖျော့ဖျော့ဆန်ပြုတ်တစ်ခွက် ခပ်ထည့်ပေးသည်။ ဆန်ပြုတ်ဖြူဖြူကိုကြည့်လျက် အမျိုးသမီး၏ဘေးရှိ ချစ်စဖွယ် ကလေးမလေးသည် တံတွေးမျိုချနေ၏။
“ဂလု ရွေ့ရွေ့ ဆန်ပြုတ်ဖြူကို မသောက်ချင်ဘူး၊ လုံးဝ မသောက်ချင်ဘူး၊ ဂလု…”
အမျိုးသမီးသည် ညီမဖြစ်သူအား ငေးစိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများ၌ နာကျင်မှုအချို့ ထင်ဟပ်နေခဲ့သော်ငြား ဆန်ပြုတ်ပန်းကန်အား ချန်ကျဲ့ကိုသာ ကမ်းပေးခဲ့သည်။
“ယောက်ျား”
သူမ နူးညံ့စွာ ခေါ်လိုက်သည်။
သူမ ဆန်ပြုတ်ပန်းကန်ကို ကမ်းပေးလာသည်တွင် ချန်ကျဲ့မှာ သူမ၏မျက်နှာထက်ရှိ လက်ဖဝါးရာများနှင့် လက်မောင်းများရှိ ရောင်ရမ်းနေသော ညိုမဲဒဏ်ရာများကို မြင်နေရပေသည်။ ချန်ကျဲ့သည် ဆန်ပြုတ်ပန်းကန်ကို မယူဘဲ အမျိုးသမီးကို ခါးမှ ဆွဲယူလိုက်သည်။ အမျိုးသမီးမှာ တစ်ကိုယ်လုံး တုန်ယင်သွားလျက် လက်ကို အလိုအလျောက် နောက်ပြန်ရုတ်သိမ်းလိုက်သောကြောင့် ပန်းကန်လုံးသည်လည်း ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော် သူမ မျှော်လင့်ထားသကဲ့သို့ အကြမ်းဖက်ရိုက်နှက်မှုများ ကျရောက်မလာခဲ့ပေ။ ချန်ကျဲ့သည် သူမ၏အင်္ကျီလက်မောင်းကို လိပ်တင်၍ ညိုမဲဒဏ်ရာများ ပြည့်နှက်နေသော သူမ၏လက်မောင်းကို ကြည့်နေခဲ့သည်။
ချန်ကျဲ့ တိတ်ဆိတ်နေ၏။
အမျိုးသမီးသည် သူမ၏လက်ကို ရုတ်သိမ်းလိုက်သည်။ မျက်လုံးဝိုင်းဝိုင်းများ၌လည်း မျက်ရည်စလေးများ စိုစွတ်လာခဲ့သည်။ သို့သော် သူမ ဆက်ပြော၏။
“ယောက်ျား ဆန်ပြုတ်သောက်လိုက်ပါ။ မနေ့က ကျွန်မ မှားတာပါ။ စားသောက်ပြီးသွားရင် ရှင် ရွေ့ရွေ့ကို မြို့ကို ခေါ်သွားနိုင်ပါတယ်”
သူမ၏အသံသည် ထိုစကားများကို ပြောလာခဲ့ချိန်တွင် တည်ငြိမ်အေးဆေးနေခဲ့သည်။ သို့သော် ထိုအသံအတွင်းမှ တုန်လှုပ်နေမှုကို ချန်ကျဲ့ ကြားသိနိုင်၏။ ချန်ကျဲ့မှ တစ်စုံတစ်ရာ ပြောတော့မည်အပြုတွင် အမျိုးသမီးမှ ထပ်မံ ပြောလာခဲ့သည်။
“ယောက်ျား ကျွန်မတို့ စားပြီးမှပဲ စကားပြောရအောင်လေ”
ချန်ကျဲ့ သက်ပြင်းချလိုက်သည်။ ဆန်ပြုတ်ပန်းကန်လုံးကို လက်ခံယူလိုက်ပြီး ဇွန်းကို ကောက်ယူလိုက်ရာ သူ၏နားစည်အတွင်း၌ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည် : ဒင်~
[နေ့စဉ် သတင်းအချက်အလက်စနစ် ချိတ်ဆက်ခြင်း…]