← Chapters

နေ့စဉ် သတင်းအချက်အလက်စနစ်

Vol. 1 Ch. 2

နေ့စဉ် သတင်းအချက်အလက်စနစ်

Vol. 1 Ch. 2

[စနစ်ချိတ်ဆက်ခြင်း ပြီးဆုံးပါပြီ]

နား၏အနီးမှ အသံနှင့်အတူ ချန်ကျဲ့၏‌ရှေ့တွင် ဖောက်ထွင်းမြင်နိုင်သော ဇယားကွက်တစ်ခု ထွက်ပေါ်လာသည်။

[နောက်ဆုံးရ နေ့စဉ် သတင်းအချက်အလက်များ (အဆင့် ၁)]

[၁။ မနေ့က ယွီမျိုးရိုးရဲ့ ရတနာစံအိမ်မှာ အန်စာတုံးလောင်းကစားပြုလုပ်စဉ် ‌ရရှိခဲ့သော အချက်အလက်: ယွီမျိုးရိုးရဲ့ ရတနာစံအိမ်က အန်စာတုံးမှာ ပြဒါးထည့်ထားတာကြောင့် ပြိုင်ဘက်က အနိုင်အရှုံးရလဒ်ကို လိုသလို ထိန်းချုပ်နိုင်ပါတယ်]

[၂။ မနေ့က အနောက်ဘက်တောင်ကုန်းသို့ သွားစဉ် ရရှိခဲ့သော အချက်အလက်: ဒီနေ့မနက် ဝက်ဝံနက်ချောင်းမှာ ယုန်တစ်ကောင် သစ်ပင်နဲ့တိုက်မိပြီး သေသွားပါတယ်]

[၃။ မနေ့က လိုင်စန်းကို တွေ့ခဲ့စဉ် ရရှိခဲ့သော အချက်အလက်: ယွီရတနာစံအိမ်ရဲ့ သခင်လေးယွီစန်းလျို့က သင့်ရဲ့ဇနီးကို သဘောကျနေပါတယ်။ ယွီစန်းလျို့က သင့်ကို လောင်းကစားရုံကို လှည့်ဖျားခေါ်ပြီး သင့်ရဲ့ဇနီးကို သိမ်းယူဖို့နည်းလမ်းကို မာလျို့နဲ့ ဆွေးနွေးနေပါတယ်]

[၄။ ဒီနေ့ စူးယွင်ရွေ့ကို တွေ့ရစဉ် ရရှိခဲ့သော အချက်အလက်: စူးယွင်ရွေ့က သင့်ကို အရမ်းကြောက်ရွံ့နေပါ‌တယ်။ မနေ့ညက သင်က သူ့အစ်မကို ရိုက်နှက်နေတာကို အိပ်မက်ဆိုး မက်ခဲ့ပေမဲ့ အော်ဟစ်ဖို့ မဝံ့ရဲခဲ့ပါဘူး]

[၅။ ဒီနေ့ စူးယွင်ကျင်းကို တွေ့ရစဉ် ရရှိခဲ့သော အချက်အလက်: စူးယွင်ကျင်းဟာ သေချင်စိတ်ဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့သုံးရက်က သူမရဲ့မိခင် ချန်ရစ်ခဲ့တဲ့ ဆံထိုးကို အဆိပ်တစ်ထုပ်၊ ဆန်တစ်ပေါင်နဲ့ လဲလှယ်ခဲ့ပါတယ်]

သူ၏ရှေ့ရှိ ဖောက်ထွင်းမြင်ရသော ဇယားကွက်ကို ဖတ်ကြည့်ပြီးနောက် ချန်ကျဲ့ တံတွေးမြိုချမိလိုက်သည်။

ချန်ကျဲ့ ခေါင်းထောင်၍ သူ့ကိုကြည့်နေသည့် စူးယွင်ကျင်းအား ကြည့်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာပင် စူးယွင်ကျင်းသည် ချန်ကျဲ့နှင့် အကြည့်ချင်း မဆုံဝံ့ဘဲ ‌အကြည့်ရှောင်လွှဲသွား၏။

အဆိပ်!

အဆိပ်အကြောင်းပါဝင်သည့် နောက်ဆုံးအချက်အလက်ကို ချန်ကျဲ့ ပြန်စဉ်းစားလိုက်သည်။

အဲဒီအဆိပ်ကို ဒီဆန်ပြုတ်ထဲ ထည့်ထားတာ ဖြစ်နိုင်လောက်လား။

ချန်ကျဲ့ ဆန်ပြုတ်ပန်းကန်လုံးကို ဖြည်းညင်းစွာ ပြန်ချလိုက်ပြီးနောက် စူးယွင်ကျင်းကို ကြည့်လိုက်သည်။

“ရှင်မ ငါတို့တွေ ပြောင်းမှုန့်တောင် မတတ်နိုင်တာကို ဒီဆန်တွေက ဘယ်ကရောက်လာတာလဲ”

ထိုစကားကိုကြားသောအခါ စူးယွင်ကျင်း အနည်းငယ် တန့်သွား၏။

“ကျွန်မ ကျွန်မရဲ့ဆံထိုးကို ပေါင်လိုက်တာ”

စူးယွင်ကျင်းသည် တစ်စုံတစ်ရာအား ဖုံးကွယ်ထားသော မျက်နှာအမူအရာဖြင့် ပြောလာခဲ့သည်။

“ရှင်ပြောတာ မှန်တယ်၊ ကျွန်မတို့တွေ စားသောက်ဖို့တောင် မတတ်နိုင်တာကို ပျက်စီးနေတဲ့ ဆံထိုးကို သိမ်းထားတာက ဘာအဓိပ္ပာယ်ရှိမှာလဲ…”

၎င်းသည် ချန်ကျဲ့ အရင်က လောင်းကစားရှုံးသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့စဉ် စူးယွင်ကျင်း၏ဆံထိုးကို ယူရန် တွေးခဲ့စဉ်က ပြောခဲ့ခြင်းဖြစ်ကြောင်း မှတ်မိလိုက်သည်။ သို့သော် ထိုစဉ်တုန်းက စူးယွင်ကျင်းသည် ဆံထိုးကို ချန်ကျဲ့ထံ ပေးလိုက်မည့်အစား ရိုက်နှက်ခံလိုခဲ့သည်။ အကြောင်းမှာ ထိုဆံထိုးသည် သူမ၏မိခင်ချန်ရစ်ခဲ့သည် တစ်ခုတည်းသောပစ္စည်း ဖြစ်သောကြောင့်ပင်။

သို့သော် ယခုတွင်တော့ သူမသည် အဆိပ်ရရှိရန်အတွက် ထိုဆံထိုးကို ပေါင်နှံခဲ့လေသည်။ ထိုမျှအထိ ပြုလုပ်မိစေရန် စူးယွင်ကျင်းမှာ အဘယ်မျှကြီးမားသော စိတ်ပျက်အားငယ်မှုများကို ကြုံတွေ့ခဲ့ခြင်း ဖြစ်ပါလိမ့်မည်နည်း။

ချန်ကျဲ့ ထပ်ပြောလိုက်သည်။

“ တကယ်ကြီး ဆန်နည်းနည်း ရဖို့အတွက်နဲ့ ဆံထိုးကို ပေါင်လိုက်တာလား။ တခြားတစ်ခုခုအတွက်ရော မပါဘူးလား”

စူးယွင်ကျင်း၏ မျက်နှာအမူအရာ တောင့်တင်းသွားခဲ့ပြီး ထိတ်ပျာလာခဲ့သည်။

“မဟုတ်ပါဘူး၊ တခြားဘာမှ မပါဘူး”

“တကယ်လား။ မင်း အဆိပ်တစ်ထုပ်လည်း ဝယ်ခဲ့သေးတယ်လို့ ငါကြားမိသလားလို့”

“ရှင်မ မင်း ဒီဆန်ပြုတ်ထဲမှာ အဆိပ်ထည့်ထားတာတော့ မဟုတ်ပါဘူးနော်”

ဘုန်း!

ချန်ကျဲ့၏စကားလုံးများသည် စူးယွင်ကျင်း၏ စိတ်နှလုံးအား ပေါက်ကွဲသွားစေခဲ့သည်။

သူဘယ်လိုသိနေတာလဲ!

မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး!

ထိုအခိုက်အတန့်၌ စူးယွင်ကျင်း စတင်၍ အနည်းငယ် တုန်ယင်လာသည်။ ကြောက်ရွံ့မှုသည် ပြင်းထန်အဆင့်သို့ ရောက်ရှိလာ၏။ စူးယွင်ကျင်း၏ ထိုသို့အမူအရာကို မြင်သောအခါ ချန်ကျဲ့သည်လည်း ဆန်ပြုတ်ထဲတွင် အမှန်တကယ် အဆိပ်ခပ်ထားကြောင်း သေချာသွားခဲ့သည်။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် စူးယွင်ကျင်း ခေါင်းမော့လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများ၌ မျှော်လင့်ချက်ပျက်သုဉ်းနေသည့် အငွေ့အသက်များ ထင်ဟပ်နေပေသည်။

သူမ၏ အစီအစဉ်မှာ ကျရှုံးသွားခဲ့သည်။ အလွန်တရာ လွယ်ကူစွာ ကျရှုံးသွားခဲ့ခြင်းဖြစ်၏။

သူမတွင် လွတ်မြောက်လမ်း မရှိတော့ပေ။

မနေ့က ချန်ကျဲ့သည် မိသားစု၏ နောက်ဆုံးမျှော်လင့်ချက်ဖြစ်သော ‌မြေ၃ဧကကို လောင်းကစားရှုံးသွားခဲ့သည်။ ထို့နောက်တွင် သူမ၏ ညီမလေး၏ဘဝကို တစ်သက်တာလုံး ပျက်စီးသွားစေနိုင်သည့် ညီမလေးအား ပြည့်တန်ဆာအိမ်သို့ ရောင်းချမည်ဟူသည့် ဆုံးဖြတ်ချက်ကိုပါ ပြုလုပ်လာခဲ့လေသည်။

သားရဲကောင် ချန်ကျိုစစ်အား လက်ထပ်ထိမ်းမြားခြင်းဖြင့် သူမ၏ဘဝမှာ ပျက်စီးသွားခဲ့ပြီးဖြစ်သည်။ သို့သော် ညီမဖြစ်သူ၏ ဘဝကိုပါ မပျက်စီးစေလိုပေ။

သူမ၏ဘဝသည် ဤအခြေအနေဖြင့် အဆုံးသတ်ခဲ့ပြီဖြစ်သော်ငြား သူမ၏ညီမလေးသည် ငယ်ရွယ်သေးသည်။ သူမ၏ ညီမလေးသည် ပိုမို‌တောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်သင့်ပေသည်။

ဤလူဖျင်းကောင်အား သူမ၏ညီမလေး၏ ဘဝကို ဖျက်ဆီးခွင့်မပြုနိုင်ပေ။

သို့သော် သူမသည် ဤလူဖျင်းကောင်အား မရိုက်နှက်နိုင်သကဲ့သို့ သူ၏ထိန်းချုပ်မှုအောက်မှလည်း လွတ်မြောက်နိုင်စွမ်း မရှိပါချေ။ ချန်ကျဲ့မှ သူမ၏ညီမလေး၏ဘဝအား ဖျက်ဆီးပစ်သည်ကို ဘာမျှမလုပ်ဘဲ ကြည့်မနေနိုင်ရုံသာ ဖြစ်ခဲ့သည်။

သို့ဖြင့် သူမကိုယ်တိုင်အတွက် ဝယ်ယူလာခဲ့သော အဆိပ်အား သူမကိုယ်တိုင်အစား ဤလူဖျင်းကောင်အား အဆိပ်ခပ်သတ်ပစ်ရန် စဉ်းစားခဲ့သည်။

သို့သော် ယခုတွင်မူ အရာအားလုံး ဖော်ထုတ်ခံလိုက်ရပြီဖြစ်ပြီး သူမ၏ဘဝတွင် အလင်းရောင် မရှိတော့ပေ။

နောက်ထပ် ကျရောက်လာမည့်အရာကို သူမ စိတ်ကူးကြည့်နိုင်ပါ၏။ ချန်ကျဲ့၏ ရက်စက်ကြမ်းကြုတ်သော ရိုက်နှက်မှုများ ကျရောက်လာပေလိမ့်မည်။ သူမအား အသက်သေသည်အထိ ရိုက်နှက်ခြင်းလည်း ဖြစ်နိုင်ပေသည်။ ရွေ့ရွေ့အတွက်မူ ပြည့်တန်ဆာအိမ်သို့ ရောင်းချခံရပြီး အခြားသူများ၏ ကစားစရာလေး ဖြစ်လာခဲ့ကာ ခွေးတစ်ကောင်၏ဘဝနှင့် မခြားနားသည့် ဘဝမျိုးဖြင့် ရှင်သန်သွားရမည်ကို စိုးရိမ်မိပေသည်။

မဖြစ်ဘူး၊ မဖြစ်ဘူး!

စူးယွင်ကျင်း၏ မျက်လုံးများတွင် ရူးနှမ်းသောအငွေ့အသက်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။ သူမသည် ချန်ကျဲ့ဘေးရှိ ဆန်ပြုတ်ပန်းကန်လုံးကို လျင်မြန်စွာ ဆွဲယူလိုက်ပြီး အော်ပြော၏။

“ရွေ့ရွေ့ ဆန်ပြုတ်ကို အမြန်စားလိုက်!”

ထိုသို့ပြောပြီးနောက် သူမကိုယ်တိုင်လည်း ဆန်ပြုတ်ကိုသောက်ရန် ပါးစပ်ဟလိုက်သည်။

ဤသားရဲကောင်အား အဆိပ်ခပ် မသတ်နိုင်လျှင် မိမိကိုယ်တိုင်ပဲ အဆိပ်သောက် သတ်သေလိုက်ပေမည်။ သူမ ဤဘဝကို စိတ်ကုန်နေပြီဖြစ်ပြီး ဆက်လက် မရှင်သန်လိုပါတော့ချေ။

သေဆုံးပြီးနောက်တွင် ရိုက်နှက်ခြင်းနှင့် ဆဲဆိုကြိမ်းမောင်းခံရခြင်းများမှ လွတ်မြောက်သွားသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည် မဟုတ်ပါလော။

စူးယွင်ကျင်း၏ စကားကိုကြားသောအခါ စူးယွင်ရွေ့သည် ချန်ကျဲ့အား ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်လျက်ဖြင့် မြေအိုးထဲမှ ဇွန်းကို လှမ်းကိုင်သည်။

ထိုအခြင်းအရာကို မြင်သောအခါ ချန်ကျဲ့ အော်ပြောလိုက်သည်။

“ချထား မစားလိုက်နဲ့!”

ထို့နောက် စူးယွင်ကျင်း၏လက်ထဲမှ ဆန်ပြုတ်ပန်းကန်လုံးကို မြေပြင်သို့ ပုတ်ချလိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့မှ စူးယွင်ရွေ့ကို အော်လိုက်ခြင်းကြောင့် ထိတ်လန့်သွားခဲ့သည်။ ကလေးမလေးသည် ဆန်ပြုတ်ကို ဇွန်းအပြည့်ခပ်၍ ပါးစပ်ထဲသို့ ထိုးသွင်းထည့်ရန် ဟန်ပြင်နေခဲ့သည်ဖြစ်၏။

ချန်ကျဲ့မှာ ထိတ်လန့်ချောက်ချားသွားရသည်။ စားလိုက်မိလျှင် ကလေးမလေးမှာ နေရာ၌ပင် အဆိပ်မိသွားမည်ဖြစ်၏။

စူးယွင်ကျင်းသည် ကြမ်းပြင်ထက်တွင် ပြန့်ကျဲကျနေသည့် ဆန်ပြုတ်ပန်းကန်ကို ကြည့်နေရင်းဖြင့် စိတ်လွတ်သွားတော့သည်။

“ကျွန်မ အသက်ရှင်နေတော့ ရှင်ကျွန်မကို ရိုက်တယ်၊ ကျွန်မ သေမယ်‌ဆိုတော့လည်း ရှင်ကျွန်မကို သေခွင့်မပြုပြန်ဘူး။ ရှင်တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ”

ထို့နောက်တွင် ချန်ကျဲ့၏ ဟန့်တားမှုကြောင့် ဆန်ပြုတ်မစားနိုင်လိုက်သည့် စူးယွင်ရွေ့အား ကြည့်လျက်ဖြင့် စူးယွင်ကျင်းသည် တစ်နေရာရာမှ အင်အားစုစည်းနိုင်လိုက်ကာ ချန်ကျဲ့အား တစ်ဟုန်ထိုးတိုက်ခိုက်လေသည်။ ချန်ကျဲ့၏ခါးကို ‌ပွေ့ဖက်ချုပ်ကိုင်ထားပြီး တစ်ဖန် အော်ပြောပြန်၏။

“ရွေ့ရွေ့ စားလိုက်၊ အမြန်စားလိုက်!”

စူးယွင်ကျင်းသည် ချန်ကျဲ့အား သွေးရူးသွေးတန်း ပွေ့ဖက်ချုပ်ထားပြီး အော်ဟစ်နေသည်။ ချန်ကျဲ့သည်လည်း ထိတ်လန့်နေလျက်ဖြင့် ကလေးမလေးအား အော်ပြောနေခဲ့သည်။

“မစားနဲ့ ဇွန်းကိုချထား!”

“ချန်ကျိုစစ် ရှင်တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ”

စူးယွင်ကျင်းသည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး ချန်ကျဲ့အား အော်ဟစ်လာခဲ့သည်။

ချန်ကျဲ့သည် စူးယွင်ကျင်း၏ အော်ဟစ်မှုကြောင့် တွန့်ဆုတ်သွားရပြီး ရူးသွပ်စွာ အော်ဟစ်ငိုကြွေးနေသည့် စူးယွင်ကျင်းကို မင်သက်လျက် ငေးစိုက်ကြည့်နေမိလေသည်။

“ရှင်ဘာကို လိုချင်တာလဲ။ ရှင်ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ။ ကျွန်မ ရှင့်ကို တောင်းပန်နေတာပါ၊ ဒီတိုင်း ကျွန်မတို့ကို ပေးသေလိုက်ပါ၊ ပေးသေလိုက်ပါတော့လို့!”

“ကျွန်မတို့ကို ပေးသေလိုက်ပါတော့ အဟင့်.. ဟင့်…”

စူးယွင်ကျင်း ကြမ်းပြင်ထက်တွင် စိတ်ပျက်အားငယ်စွာ ငိုကြွေးနေစဉ် ချန်ကျဲ့မှာလည်း မည်သို့တုံ့ပြန်ရမည် မသိနိုင်ဘဲ တောင့်ခဲစွာ ရပ်နေခဲ့သည်။

ကလေးမလေးသည် ငိုကြွေးနေသည့် အစ်မဖြစ်သူကို တစ်လှည့်၊ သူမ၏လက်ထဲရှိ ဇွန်းကိုတစ်လှည့် ကြည့်နေ၏။ ထို့နောက် ဇွန်းကိုပစ်ချ၍ အော်ငိုတော့သည်။

“အဟင့်… အစ်ကိုကြီး ရွေ့ရွေ့ မစားတော့ပါဘူး။ ကျေးဇူးပြုပြီး မမကို မရိုက်ပါနဲ့၊ မမကို မရိုက်ပါနဲ့။ ရွေ့ရွေ့ စကားနားထောင်ပါ့မယ်။ ရွေ့ရွေ့ အစ်ကိုကြီး ခိုင်းတာ ဘာမဆို အကုန်လုပ်ပါ့မယ် အဟင့် ဟင့်…”

ရုတ်တရက်ပင် အခန်းတစ်ခန်းလုံး၌ ငိုကြွေးသံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ချန်ကျဲ့သည်လည်း ငိုရှိုက်သံများကို နားထောင်ရင်းဖြင့် စိတ်နှလုံးအတွင်း၌ သနားဂရုဏာများ ပေါ်ပေါက်လာခဲ့ရသည်။

မင်းသူတို့ကို ဘယ်လိုအခြေအနေအထိ တွန်းပို့လိုက်လဲ ကြည့်ပါဦး။

“အိုင်း~”

ချန်ကျဲ့ သက်ပြင်းချလိုက်သည်။ ဤပြဿနာသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။ ယခု၌ မိမိမှာ ဤနေရာသို့ အစားထိုးဝင်ရောက်ခဲ့ပြီဖြစ်ရာ ဆုံးဖြတ်ချက်သည် မိမိအပေါ်၌သာ မူတည်ပေသည်။ ပြဿနာအား ချည်နှောင်ခဲ့သူကိုယ်တိုင်မှ ပြန်ဖြည်သင့်ပေသည်။

ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် ကြမ်းပြင်ထက်တွင် ဖြေမဆည်နိုင်စွာ ရှိုက်ကြီးတငင် ငိုကြွေးပြိုလဲနေသော စူးယွင်ကျင်းအား ငုံ့ကြည့်လိုက်သည်။ သူမသည် ပညာတတ်မိသားစုမှ နူးညံ့သိမ်မွေ့၍ ကောင်းစွာ သိတတ်နားလည်သော ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး ဖြစ်နေသင့်သည်။ သို့သော် သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်၏ အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အရေပြားတစ်လွှာအား ဆုတ်ဖြဲခံခဲ့ရရှာသည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် သေသင့်သူဖြစ်၏။

စိတ်အတွင်းမှ ခံစားချက်များ နိုးထလာခြင်းနှင့်အတူ ချန်ကျဲ့ သက်ပြင်းချလိုက်ပြီး အမျိုးသမီးအား နှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့ပြုမူခြင်းတွင် သနားဂရုဏာမှအပ အခြားအကြောင်းပြချက်များ မရှိပါချေ…

ချန်ကျဲ့ အမျိုးသမီး၏ ဆံနွယ်လေးများကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။ အမျိုးသမီး၏ ရှုပ်ထွေးနေသော မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားသည်တွင် ချန်ကျဲ့ ပြောလိုက်သည်။

“မငိုပါနဲ့တော့”

All Chapters