← Chapters

အမှားပြင်ဆင်ခြင်း

Vol. 1 Ch. 3

အမှားပြင်ဆင်ခြင်း

Vol. 1 Ch. 3

“မငိုနဲ့တော့၊ အရမ်းငိုရင် ခန္ဓာကိုယ်ကို ထိခိုက်လိမ့်မယ်။ အရင်တုန်းက ငါမှားခဲ့တာပါ…”

စူးယွင်ကျင်းသည် အံ့အားသင့်လျက် ချန်ကျဲ့အား ကြောင်အစွာ ငေးစိုက်ကြည့်နေသည်။ ချန်ကျိုစစ်မှ သူမအား ဤသို့စကားမျိုး ပြောလာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါချေ။

သူမ အမှန်တကယ်ပင် အချိန်ခဏမျှ အငိုရပ်သွားခဲ့၏။

အလွန်အံ့အားသင့်ဖွယ်ဖြစ်၏။

ဒီသားရဲကောင်က သူမှားခဲ့ပါတယ်လို့ ဝန်ခံနေတာလား။

စူးယွင်ကျင်း၏ အမြင်တွင်တော့ မူလ ချန်ကျိုစစ်သည် လုံးဝ အမှိုက်ကောင်ဖြစ်သည်- အရက်သမား၊ လောင်းကစားသမား၊ အိမ်တွင်းအကြမ်းဖက်သူ…

အပြင်တွင်တော့ ငကြောက်ကောင်ဖြစ်ပြီး အိမ်တွင်တော့ မိသားစုကို အနိုင်ကျင့်သည့် အလကားကောင်ဖြစ်လေသည်။

အိမ်အတွက် ဆန်အိုးမှာ ဗလာကျင်းနေသည့်တိုင် စဉ်းစားဉာဏ်ကင်းမဲ့စွာဖြင့် နောက်ဆုံးကျန်ရစ်သော ဆန်တစ်အိတ်အား ဘေးအိမ်ရှိ ငပျင်းကောင်မာလျို့ကို ချေးငှားပေးခဲ့၏။

ထို့ပြင် စူးယွင်ကျင်းနှင့် အိမ်နီးနားချင်း လုချင်းစစ်တို့ အငြင်းပွားခဲ့ပြီးနောက် လုချင်းစစ်တို့၏အိမ်သားများ ‌အိမ်သို့ရောက်လာပြီး စူးယွင်ကျင်းအား ဆဲဆိုရိုက်နှက်သည့် အချိန်တွင်လည်း ချန်ကျိုစစ်သည် သူရဲဘောကြောင်စွာဖြင့် အခန်းထဲမှာ ရှိနေခဲ့သည့်တိုင် ရှေ့ထွက်၍ စူးယွင်ကျင်းဘက်မှ မရပ်တည်ရဲခဲ့ပေ။

စူးယွင်ကျင်းမှာ ထိုအပေါက်ဆိုးသည့်မိန်းမထံမှ နှစ်ချက်အရိုက်ခံခဲ့ရသည့်တိုင် ချန်ကျိုစစ်သည် သူမအား ပြဿနာရှာသည်ဟူ၍ ပြစ်တင်ကြိမ်းမောင်းခဲ့သေးသည်။

ဇနီးဖြစ်သူမှာ အခြားသူ၏ အိမ်ထိလိုက်လာပြီး ရိုက်နှက်ခံနေရသည့်တိုင် အသံတစ်ချက်ပင် မထွက်ရဲသည့် ‌ယောက်ျားဖြစ်သူမှာ မှီခိုအားကိုး၍ရနိုင်ပါ၏လော။

သို့သော် ချန်ကျိုစစ် မရှိလျှင် သူမ မည်သူ့ကို မှီခိုရပါအံ့နည်း။ ဤလောကတွင် ကွာရှင်းပြတ်စဲခြင်းကို မ‌ဆိုထားနှင့် အိမ်ထောင်သည်များ မကွာရှင်းဘဲ ခွဲနေခြင်းပင်လျှင် မရှိပါချေ။ သူမကဲ့သို့ ရွာသူလေးတစ်ဦးအနေဖြင့် ရရှိနိုင်မည့် တစ်ခုတည်းသော ရလဒ်မှာ ကွာရှင်းစာချုပ်သာ ဖြစ်သည်။

သို့သော် သူမတွင် မိဘအိမ် မရှိတော့ပေ။ သူမ ကွာရှင်းလိုက်ပါက အဘယ်အရပ်သို့ သွားရပါမည်နည်း။ သူမသည်လည်း ပြည့်တန်ဆာများကဲ့သို့ ဖြစ်သွားရလိမ့်မည်လော။

ထို့ပြင် သူမတွင် ညီမလေးတစ်ယောက် ရှိနေသေးသည်ဖြစ်ရာ သူမ၌ ရွေးချယ်စရာ မရှိပေ။

သူရဲဘောကြောင်၍ လေလုံးထွားတတ်သော၊ အိမ်၌သာလျှင် ရမ်းကားတတ်သည့် လူ့သားရေခြုံထားသည့် သားရဲ‌ကောင်အား လက်ထပ်မိခဲ့သည့် သူမ၏ ကံဆိုးမှုကိုသာ အပြစ်တင်နိုင်ပေသည်။

စူးယွင်ကျင်း၏ မျက်နှာထက်ရှိ ရှုပ်ထွေးနေမှုကို ချန်ကျဲ့ မြင်တွေ့နေရသည်။ ချန်ကျဲ့သည် စူးယွင်ကျင်းအား လေးနက်စွာကြည့်လျက် ‌ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ ထိုအခါမှ ချန်ကျဲ့သည် ဤအမျိုးသမီးမှာ မည်မျှလှ‌ပကြောင်း နားလည်သွားရလေသည်။ အထူးသဖြင့် မိုးရေများအကြားမှ ပုလဲလုံးလေးများကဲ့သို့ စိတ်အားထက်သန်မှုများ ရောယှက်နေသည့် မျက်ရည်စက်လေးများဖြစ်သည်။

အမျိုးသမီး၏ တုံ့ပြန်သည့်ပုံစံအရ သူ၏စကားများသည် သက်ရောက်မှုရှိကြောင်း ချန်ကျဲ့ သိလိုက်သည်။

မူလ ချန်ကျိုစစ်သည် လူမဆန်သော လုပ်ရပ်များစွာကို ပြုလုပ်ခဲ့သည်ဖြစ်ရာ ဤအမျိုးသမီးအား တောင်းပန်စကားပြောရန် အကြွေးတင်နေပေသည်။

သူ၏တောင်းပန်စကားသည် အနည်းဆုံးတော့ မျက်စိရှေ့ရှိ အမျိုးသမီးအတွက် နှစ်သိမ့်မှုအနည်းငယ် ဖြစ်စေနိုင်ကောင်းပါ၏။

သိသိသာသာ ပြေလျော့သွားသော မျက်နှာအမူအရာကို ချန်ကျဲ့ အကဲခတ်ကြည့်ပြီးနောက်တွင် သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားစေရန်အတွက် စကားအနည်းငယ် ထပ်မံပြောဆိုရန် ဆုံးဖြတ်လိုက်သည်။

ချန်ကျဲ့ လက်လှမ်းလိုက်သောအခါ စူးယွင်ကျင်းသည် အလိုအလျောက် ရှောင်တိမ်း၏။ သို့သော် ချန်ကျဲ့သည် သူမ၏ မျက်နှာလေးကို လက်ဖြင့် ဖွဖွကိုင်လိုက်ပြီး လက်မဖြင့် သူမ၏ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်သည်။ သူမသည် အံ့အားသင့်နေခြင်းနှင့်အတူ အနည်းငယ် တုန်ရီနေခဲ့သည်။

“ယွင်ကျင်း”

ချန်ကျဲ့ ခေါ်လိုက်သည်။ ကနဦးတွင် သူမအား ကျင်းအာဟု ခေါ်ချင်ခဲ့ခြင်းဖြစ်၏။ သို့သော် ထပ်မံစဉ်းစားကြည့်ပြီးနောက်တွင် သူမ ထိတ်လန့်မသွားစေရန်အတွက် သူတို့၏ ဆက်ဆံရေးအား ဖြည်းဖြည်းချင်း တိုးတက်စေခြင်းသည် ပိုကောင်းနိုင်သည်ဟု ချန်ကျဲ့ ဆုံးဖြတ်ခဲ့လိုက်သည်။ လက်ရှိအချိန်တွင် သူမသည် စိတ်ခံစားချက်များ မတည်မငြိမ်ဖြစ်နေလေရာ သူမအား ယခုထက် ပိုမိုဝမ်းနည်းစေ၍ မဖြစ်တော့ချေ။

စူးယွင်ကျင်း အံ့အားသင့်စွာဖြင့် ချန်ကျဲ့အား လှည့်ကြည့်လာသည်။ ချန်ကျိုစစ်သည် သူမအား ‘စုမျိုးရိုးမိန်းမ’ သို့တည်းမဟုတ် ပို၍ဆိုးရွားစွာ ‘အပျက်မ’ဟု ခေါဆိုလေ့ရှိခဲ့၏။

သူမ၏အမည်ကို တစ်ကြိမ်တစ်ခါမျှ ခေါ်ဆိုခဲ့ဖူးခြင်း မရှိပါချေ။ စူးယွင်ကျင်းသည် ချန်ကျိုစစ် နောက်ထပ် ဆက်လုပ်မည့်အရာအား ခန့်မှန်းမရနိုင်သောကြောင့် ငေးစိုက်ကြည့်နေခဲ့သည်။

ချန်ကျဲ့ သူမကို ပြောလိုက်သည်။

“အရင်တုန်းက ငါ မင်းအပေါ် မှားခဲ့တယ်ဆိုတာ သိပါတယ်”

“မင်းလည်း ငါ့ကြောင့် အများကြီး ဒုက္ခခံစားခဲ့ရပြီ။ အဲဒါက မင်းကို ဒီလောက်အခြေအနေအထိ တွန်းပို့မိလိမ့်မယ်လို့ ငါ နားမလည်ခဲ့မိဘူး။ အကုန်လုံး ငါ့အမှားတွေပါ”

ချန်ကျဲ့၏စကားများကို ကြားသောအခါ စူးယွင်ကျင်းသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် တစ်ကိုယ်လုံးမှာလည်း တုန်ယင်နေခဲ့သည်။ မကြာမီက မိမိကိုယ်ကိုယ် နားကြားမှားနေခဲ့သည်ဟု သူမ တွေးထင်ခဲ့သည်။ သို့သော် ချန်ကျိုစစ်သည် သူမကို တကယ်ကြီး ထပ်မံ တောင်းပန်လာခဲ့၏။

သူ တကယ်ပဲ အမှားပြင်ဆင်ဖို့ ကြိုးစားနေတာလား။

စူးယွင်ကျင်း အချိန်ခဏမျှ ယိမ်းယိုင်သွားခဲ့သည်။ သို့သော် ထို့နောက်တွင်မူ အလျင်စလို ခေါင်းခါရမ်း၏။

ကျားသစ်တစ်ကောင်က သူ့အကျင့်စရိုက်ကို တခဏချင်း ပြင်ဆင်နိုင်မှာ မဟုတ်ဘူး။ သူဘာတွေကြံစည်နေလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ငါ ရွေ့ရွေ့နဲ့အတူ သတ်သေလိုက်ရင် ရွေ့ရွေ့ကို ရောင်းစားလို့ မရတော့မှာကို စိုးရိမ်နေတာရော မဖြစ်နိုင်ဘူးလား။

သူမ၏ မျက်ဝန်းများထဲရှိ သတိကြီးစွာထားနေမှုနှင့် စိုးရိမ်ထိတ်လန့်မှုတို့အား ချန်ကျဲ့ မြင်နိုင်ပါသည်။

ထိုစဉ် ချန်ကျဲ့ သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ကလေးများသည် နူးညံ့လှပတင့်တယ်သည့် လက်များ ဖြစ်သင့်သည်။ သို့သော် သူ ဆုပ်ကိုင်လိုက်ချိန်တွင်မူ သူမ၏လက်လေးသည် ကြမ်းတမ်းနေလျက် အနည်းငယ်ပင် အက်ကွဲနေခဲ့သည်။

၎င်းမှာ အချိန်ကြာမြင့်စွာ လယ်အလုပ်များ လုပ်ကိုင်ခြင်းနှင့် အဝတ်လျှော်ခြင်း၏ ရလဒ်များ ဖြစ်ပေသည်။

ဤလက်များသည် ဤမျှလှပသော အမျိုးသမီးနှင့် မလိုက်ဖက်ပါချေ။

သူမ၏လက်ကို ဆုပ်ကိုင်ခံလိုက်ရသောအခါ စူးယွင်ကျင်း ထိတ်လန့်သွား၏။ သူမ ရုန်းကန်လိုသော်ငြား ချန်ကျဲ့မှ ပြောလာခဲ့သည်။

“မလှုပ်နဲ့၊ ငါပြောတာကို နားထောင်ပေးပါ။ ငါတကယ် ငါ့အမှားကို သိနေပါပြီ။ ငါမင်းကို လှည့်စားဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး”

“ငါအခု ဘာပဲပြောပြော မင်းငါ့ကို ယုံကြည်နိုင်မှာ မဟုတ်ဘူးဆိုတာလည်း ငါသိပါတယ်။ ဒါပေမဲ့ မင်းငါ့ကို အခွင့်အရေးတစ်ကြိမ်လောက် ပေးဖို့ မျှော်လင့်တယ်။ ငါတကယ် ပြောင်းလဲသွားပါပြီ”

ထိုစကားလုံးများသည် သက်ရောက်မှု အားနည်းသည်ကို ချန်ကျဲ့ သိပါ၏။ သို့သော် သူ၏သဘောထားကိုမူ ပြသနိုင်ပေသည်။

စူးယွင်ကျင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် အေးစက်စွာသောအသံဖြင့် ပြော၏။

“ရှင် တကယ် ရွေ့ရွေ့ကို မရောင်းတော့ဘူးလား”

ချန်ကျဲ့မှ ပြောသည်။

“တကယ် မရောင်းဘူး”

ထိုအခါ စူးယွင်ကျင်း တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာမြင့်ပြီးနောက်မှသာ ထပ်ပြောလာခဲ့၏

“ချန်ကျိုစစ် ရှင့်အမေက ကျွန်မအပေါ် ကြင်နာခဲ့တယ်။ အဲဒါကြောင့် ရှင်ကျွန်မကို ဘာပဲလုပ်လုပ် ကျွန်မ လက်ခံနိုင်တယ်။ ဒါပေမဲ့ ရွေ့ရွေ့က ငယ်သေးတယ်။ ရွေ့ရွေ့ရဲ့ဘဝက လုံးဝ မျှော်လင့်ချက်ကင်းမဲ့သွားလို့ မဖြစ်ဘူး။ ရှင်နားလည်လား”

“အင်း”

ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။

စူးယွင်ကျင်း ဆက်ပြော၏

“ရှင် အပြောတခြား အလုပ်တခြား လုပ်ပြီး ရွေ့ရွေ့ကို ရောင်းဖို့ ထပ်လုပ်ရင် ကျွန်မတို့ သေဖို့အတွက် အဆိပ်တောင် မလိုစေရဘူး။ ရှင်လည်း သေချာပေါက် တစ်ပြားတစ်ချပ်မှ မရစေရဘူး”

ချန်ကျဲ့မှ ပြောသည်။

“အင်း ငါနားလည်ပါတယ်။ ငါ့ကို ယုံပါ”

ချန်ကျဲ့၏စကားအဆုံး၌ စူးယွင်ကျင်းသည် ကြမ်းပြင်မှ ဖြည်းဖြည်းချင်း ထ၍ ပြန့်ကျဲပေပွနေသည်များကို စတင် သိမ်းဆည်းရှင်းလင်းသည်။ ကလေးမလေးသည်လည်း ကူညီသန့်ရှင်းပေးနေ၏။ ထိုအခါ ချန်ကျဲ့သည် အဆိပ်ခပ်ထားသည့် ဆန်ပြုတ်အိုးကို ချက်ချင်းယူလိုက်ပြီး အပြင်ဘက် တစ်နေရာတွင် မြေမြှုပ်ပစ်လိုက်သည်။

မြေမြှုပ်ပြီးနောက် ချန်ကျဲ့သည် သူ့အား လျစ်လျူရှုနေသည့် အမျိုးသမီးနှစ်ဦးရှိရာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူတို့၏အမြင်တွင် သူသည် မကောင်းဆိုးဝါးတစ်ကောင်နှင့် မကွာခြားနိုင်သည်ကို ချန်ကျဲ့ သိပါ၏။

ဂလုပ် ဂလုပ်…

ကသိကအောက်ဖြစ်ဖွယ် တိတ်ဆိတ်မှုအား ကလေးမလေး စူးယွင်ရွေ့၏ ကျယ်လောင်သော အစာအိမ်မြည်သံမှ ဖြိုခွင်းသွားခဲ့သည်။

ယွင်ရွေ့သည် သူမ၏ဗိုက်ကို ငုံ့ကြည့်လိုက်ပြီးနောက် ခါးချည်ကြိုးကို တင်းတင်းဆွဲချည်လိုက်သည်။ ထို့နောက် ရေရွတ်၏

“ရွေ့ရွေ့က လိမ္မာတယ်၊ ရွေ့ရွေ့ ဗိုက်မဆာဘူး”

ဂလုပ် ဂလုပ်…

နောက်ထပ် အစာအိမ်သံ မြည်လာခဲ့သည်။ စူးယွင်ကျင်း၏မျက်နှာ ရုတ်ချည်းနီရဲသွား၏။ ထိုအသံမှာ စူးယွင်ကျင်းထံမှ ဖြစ်သည်။ သို့သော် စူးယွင်ကျင်းသည် ဘာမျှမပြောပေ။

အိမ်၏ဆန်အိုးမှာ ဗလာကျင်းနေသည်ကို ချန်ကျဲ့ သိသည်။ မကြာမီအချိန်အတွင်း အစားအသောက် မရှာနိုင်လျှင် တစ်မိသားစုလုံး ဆာလောင်မှုကြောင့် သေဆုံးသွားနိုင်၏။ ထိုစဉ် တောင်နောက်ဘက်တွင် သစ်ပင်နှင့်တိုက်မိပြီး ယုန်တစ်ကောင် သေဆုံးခဲ့သည်ဟူသော စနစ်ထံမှ အချက်အလက်ကို ချန်ကျဲ့ သတိရလိုက်သည်။

ကြည့်ရသည်မှာ တောင်ပေါ်သို့ ခရီးထွက်ရတော့မည်ထင်၏။

ထိုသို့တွေးတောလိုက်ပြီး ချန်ကျဲ့ ထရပ်၍ စူးယွင်ကျင်းအား ပြောလိုက်သည်။

“အိမ်မှာနေနှင့်ဦး၊ ငါ ခဏလောက် အပြင်ထွက်ပြီး ပြန်လာခဲ့မယ်”

ချန်ကျဲ့အား မည်သူမျှ အာရုံမစိုက်ပေ။ ချန်ကျဲ့လည်း ဂရုစိုက်မနေပါချေ။ ပျက်စီးယိုယွင်းနေသော သက်ကယ်မိုးအိမ်မှ လှည့်ထွက်လာခဲ့လိုက်သည်။

ချန်ကျဲ့ တံခါးမှ ထွက်သွားသောအခါ စူးယွင်ကျင်းသည် ဝပ်တုပ်ထိုင်၍ စူးယွင်ရွေ့အား မေးသည်

“ရွေ့ရွေ့ ဗိုက်ဆာနေပြီလား”

“ဟင့်အင်း ရွေ့ရွေ့ ဗိုက်မဆာပါဘူး”

ဂလုပ် ဂလုပ်…

အငြင်းစကားနှင့်တစ်ပြိုင်နက် အစာအိမ်မှ မြည်သံထွက်ပေါ်လာပြန်သည်။

သို့တိုင် ကလေးမလေးသည် ‘သူဗိုက်မဆာပါဘူး’ဟူသည့် ဟန်ပန်ဖြင့် ရင်ကော့ခေါင်းမော့ထားမြဲဖြစ်သည်။

စူးယွင်ကျင်း ပြုံးလိုက်ပြီး ကလေးမလေးအား ခေါင်းကို ဖွဖွပုတ်ပေးလိုက်သည်။ ထို့နောက် သက်ပြင်းချ၏

“ခဏနေရင် မမနဲ့အတူ တောဟင်းရွက်တွေ သွားတူးရအောင်။ မမတို့တွေ နေ့လည်စာကို တောဟင်းရွက်စွပ်ပြုတ် သောက်ကြမယ်လေ မကောင်းဘူးလား”

“အမ်းး ဟုတ်ကဲ့…”

အစားအသောက်အကြောင်းပြောသည့်အခါ ကလေးမလေး၏မျက်လုံးများ တောက်ပလာခဲ့၏။ စားစရာရှိနေခြင်းသည်ပင် အတော်လေး ကောင်းမွန်နေပြီဖြစ်သည်။

အရမ်းစားကောင်းမယ်ထင်ရတဲ့ ဆန်ပြုတ်ဖြူဖြူကို မစားလိုက်ရတာတော့ နှမြောဖို့ကောင်းပေမဲ့ပေါ့လေ။

စူးယွင်ကျင်း ကလေးမလေး၏ဦးခေါင်းကို ခပ်ဖွဖွထပ်ပုတ်ပေးလိုက်သည်။ ထို့နောက် ထရပ်ကာ အိမ်ထဲသို့ဝင်သွားပြီး ဝါးခြင်းတောင်းတစ်တောင်း ရှာဖွေယူလာ၏။ တူရွင်းတစ်ချောင်းကိုလည်း ယူလာခဲ့လိုက်သည်။ အချိန်ခဏမျှ တွေးတောပြီးနောက်တွင် အပ်ချုပ်ပစ္စည်းဘူးထဲမှ ကတ်ကြေးတစ်လက်ကိုလည်း ယူခဲ့လိုက်သည်။

ကလေးမလေးကိုပါ အိမ်အပြင်သို့ ခေါ်လာခဲ့၏။

ချန်ကျိုစစ်က သူ့ကိုယ်သူ သင်ခန်းစာရသွားပါပြီလို့ ပြောပေမဲ့ အဲဒါက ငါ့ကို သတိလျော့သွားအောင်လုပ်ပြီး ရွေ့ရွေ့ကို ရောင်းဖို့အတွက် ကြံစည်နေတာလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ။

သို့ဖြစ်၍ စူးယွင်ကျင်းသည် စူးယွင်ရွေ့ကိုပါ သူမနှင့်အတူ ခေါ်လာခဲ့ပြီး ကတ်ကြေးတစ်ချောင်းကိုပါ ယူလာခဲ့သည်။ ချန်ကျိုစစ်မှ သူမအား လှည့်ဖျားခဲ့ခြင်းဖြစ်လျှင် သူမအနေဖြင့် ချန်ကျိုစစ်အား မသတ်နိုင်ခဲ့လျှင်သော်မှ သူမကိုယ်ကိုယ် သတ်သေနိုင်သေးသည် မဟုတ်ပါလော။

All Chapters