ယန်ချွမ်ကျင့်စဉ်
Vol. 1 Ch. 4
ချန်ကျဲ့ အိမ်ထဲမှ ထွက်လာခဲ့ပြီးနောက် ရပ်တန့်လိုက်ပြီး သူ၏ ယိုယွင်းပျက်စီးနေသော နေအိမ်အား ပြန်လှည့်ကြည့်လိုက်သည်။ လှိုက်တက်လာခဲ့သော သက်ပြင်းမောအား သူ မဖိနှိပ်နိုင်ခဲ့ပါချေ။
“တကယ့်ကို ဘာမှမရှိတော့တဲ့ အိမ်ပဲ”
ချန်ကျဲ့သည် အဆိုးမြင်တတ်သူ မဟုတ်ပါချေ။ သူသည်လည်း ပင်ပန်းခက်ခဲသော အချိန်ကာလများကို ကျော်ဖြတ်ခဲ့ဖူးပါ၏။ အလယ်တန်းကျောင်းမှ ထွက်ခွာပြီးနောက်၌ သူ့တွင် ဘာမျှမရှိခဲ့ပေ။ သို့သော် မိမိ၏လက်ခြေတို့ဖြင့် မဆုတ်မနစ် ကြိုးစားအားထုတ်၍ စားဝတ်နေရေးအတွက် ပူပန်ရန် မလိုအပ်ဘဲ ငွေကြေးပိုင်းဆိုင်ရာ လွတ်လပ်မှုကို ခံစားနိုင်သည့်ဘဝကို ရရှိပိုင်ဆိုင်နိုင်ခဲ့သည်။
သူသည် ဆင်းရဲမွဲတေခဲ့ဖူးသည်။ ချမ်းသာကြွယ်ဝခဲ့ဖူးသည်။ ထို့ကြောင့် ဆင်းရဲမွဲတေရခြင်း၏ အကြောင်းအရင်းများကို သိရှိပြီး ချမ်းသာကြွယ်ဝနိုင်မည့် နည်းလမ်းကို နားလည်သည်။ သို့ဖြစ်ရာ ချန်ကျဲ့သည် မိမိ၏အနာဂတ်အတွက် စိတ်ရှုပ်ထွေးခြင်း မရှိပါချေ။
သို့သော် လက်ရှိအချိန်အတွက် ဦးစားပေးအချက်သည် အစားအသောက်နှင့် နွေးထွေးမှုရှိနိုင်ရန် ဖြစ်သည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့သည် တောင်အနောက်ဘက်သို့ ဦးတည်လျှောက်နေခဲ့သည်။
လမ်းတစ်လျှောက်တွင် ချန်ကျဲ့သည် ရွာသားများ၏ ကောက်ပဲသီးနှံ လယ်ကွင်းများမှာ သီးနှံများ မဖြစ်ထွန်းသည်ကို တွေ့ခဲ့ရသည်။ နောက်ထပ် ခက်ခဲကြပ်တည်းသည့်နှစ်တစ်နှစ် ဖြစ်ပုံရပေသည်။ ရွာသားများမှာ အစိုးရအား အခွန်ပေးဆောင်ပြီးလျှင် ကောက်ပဲသီးနှံ မည်မျှကျန်ရစ်နိုင်မည် မသေချာပါချေ။
ရှန်းထောင်ရွာ အနောက်ဘက်၌ သာ့ပါးတောင်တန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဟေးစစ်တောင်ရှိသည်။ ဟေးစစ်တောင်တွင် တောရိုင်းတိရစ္ဆာန်မျိုးစုံ ကျက်စားနေထိုင်ကြသောကြောင့် အလွန်အန္တရာယ်များ၏။ ထို့ပြင် တောင်ထိပ်တစ်ဝက်ခန့်မှ စတင်၍ သာမန်လူများ ဝင်ရောက်ရန် မဝံ့မရဲဖြစ်စေသည့် သေစေနိုင်သော အဆိပ်အဟန့်အတားရှိသည်။
မြို့ပေါ်မှ ထင်ရှားကျော်ကြားသော သိုင်းပညာရှင်များပင်လျှင် ထိုအဟန့်အတား၏ အတွင်းထဲသို့ စွန့်စားမသွားရဲကြချေ။
သို့သော် ထိုအဆိပ်အဟန့်အတားအတွင်း၌ ရတနာများရှိသည်ဟူသော ကောလာဟလများ ရှိကြသည်။ တစ်ခါက လူတစ်ယောက်သည် ထိုအဆိပ်အဟန့်အတားအတွင်းမှ သွေးနီရောင်လင်ဇီးမှိုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းမှိုကို သိုင်းပညာရှင်တစ်ဦးမှ ငွေဆယ်တုံးပေးဝယ်ခဲ့သောကြောင့် မှိုရှာတွေ့သူသည် ညတွင်းချင်း ချမ်းသာသွားခဲ့သည်။
ဤတောင်ထဲတွင် အခွင့်အလမ်းနှင့် ဘေးအန္တရာယ်သည် အတူတကွ ပူးတွဲတည်ရှိနေသည်ဟု ဆိုနိုင်ပေသည်။
သို့သော် ထိုအကြောင်းအရာများသည် ချန်ကျဲ့အတွက် အရေးမပါပေ။ ဒီနေ့အတွက် ချန်ကျဲ့၏ ပန်းတိုင်သည် ဟေးစစ်တောင်ခြေရှိ ချိုင့်ဝှမ်းတစ်ခုဖြစ်၏။
ချန်ကျဲ့ စနစ် ရှာဖွေပေးသည့်နေရာဖြစ်သော ဝက်ဝံနက်ချိုင့်ဝှမ်းသို့ ရောက်လာခဲ့သည်။
ဝက်ဝံနက်ချိုင့်ဝှမ်းဟူသော အမည်သည် တစ်စုံတစ်ယောက်မှ ဤနေရာတွင် ဝက်ဝံကို မြင်တွေ့ခဲ့သောကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ချန်ကျဲ့ နေရာသို့ရောက်သောအခါ ထူထပ်စွာပေါက်ရောက်နေသော သစ်ပင်များကို မြင်တွေ့လိုက်ရသည်။ ရွာသားများသည် အစိုးရ၏အခွန်ကောက်ခံမှုကြောင့် ဤနေရာတွင် သစ်မခုတ်ရဲကြပေ။
ဝက်ဝံနက်ချိုင့်ဝှမ်းရှိ သစ်ပင်များကို အာဏာပိုင်များ ပိုင်ဆိုင်ခြင်းဖြစ်သည်။ ရွာသားများသည် အစိုးရအား နှစ်စဉ်နှစ်တိုင်း ထင်းအတွက် အခွန်ပေးဆောင်ရသည်ဟူ၏။ ခုတ်ယူသည့် ထင်းပမာဏ များပြားသည်နှင့်အမျှ ပေးဆောင်ရသည့် အခွန်ပမာဏသည်လည်း ပိုမိုကြီးလေးပေသည်။
ရွာသားများသည် နိုင်ထက်စီးနင်းဖြင့် အာဏာရှင်ဆန်သော ဒါဇင်ကျော်သည့် အခွန်အမျိုးအစားများစွာကို နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်ကြရသည်။ ထို့ကြောင့် အခြေခံကျသော အစားအသောက်ဖူလုံရေးကို ခက်ခက်ခဲခဲ ရုန်းကန်ကြရလေသည်။
ဝက်ဝံနက်သစ်တောအတွင်း၌ သစ်ပင်အမျိုးအစား အစုံအလင်ရှိသည်။ သို့သော် ထနောင်းပင်များသည် တစ်နေရာတွင် တစ်စုတစ်စည်းတည်း ရှိနေကြသည်။ ချန်ကျဲ့ ထိုသစ်ပင်များအနီးသို့ အမြန်လျှောက်သွားကြည့်လိုက်ရာ သစ်ပင်နှင့်တိုက်မိကာ သေဆုံးနေသည့် ယုန်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
အလေးချိန် ၇ကျင်း၊ ၈ကျင်းခန့်ရှိသည့် ထိုယုန်အား ချန်ကျဲ့ ကောက်ယူလိုက်သည်။ အရေခွံဆုတ်၍ အတွင်းကလီစာများကို ဖယ်ထုတ်ပြီးနောက်တွင်လည်း အသား၅ကျင်းခန့် ကျန်ရှိနေသေးသည်ဖြစ်ရာ တစ်ရက်၊ နှစ်ရက် စားသောက်ရန်အတွက် လုံလောက်နိုင်၏။
ထို့ကြောင့် ချန်ကျဲ့ စိတ်သက်သာရာရသွားခဲ့သည်။ အနည်းဆုံးတော့ နောက်နှစ်ရက်စာအတွက် အစားအသောက်ပြဿနာကို ဖြေရှင်းနိုင်ခဲ့လေပြီ။
အိမ်တွင်ကျန်ရစ်ခဲ့သည့် ညီအစ်မနှစ်ယောက် အသားစားနိုင်တော့မည်ဟူသော အတွေးသည် အလွန်တရာ ဝမ်းမြောက်ပျော်ရွှင်ရသောကိစ္စရပ် ဖြစ်ပါ၏။
ချန်ကျဲ့ ထိုသို့စဥ်းစားတွေးတော၍ အိမ်ပြန်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုနေရာတွင်သာ ခေတ္တရပ်တန့်သွားခဲ့သည်။ ညီအစ်မနှစ်ယောက်၏ မိမိအပေါ် သတိတကြီးထားနေရသော သဘောထားအား ပြန်ပြောင်းစဉ်းစားမိသောအခါ ချန်ကျဲ့သည် သစ်ပင်ကြီးတစ်ပင်ကို ရှာဖွေ၍ သစ်ပင်အောက်၌ ထိုင်ချလိုက်သည်။
ညီအစ်မနှစ်ယောက်အား စိတ်အေးအေးထားနိုင်ရန် အချိန်ပေးသင့်သည်ဟု ချန်ကျဲ့ တွေးမိသည်။
သူတို့သည် မိမိအား မြင်တွေ့ရခြင်းထက် မမြင်တွေ့ရခြင်းကို ပို၍ပျော်ရွှင်နိုင်ကြလောက်သည်။
ထိုအတွေးဖြင့် ချန်ကျဲ့သည် သစ်ပင်ကြီးအား မှီထိုင်လိုက်ပြီး စနစ်ကို ဆင့်ခေါ်လိုက်သည်။
အိမ်မှာရှိနေစဉ်က အခြေအနေများသည် အရေးပေါ်ဖြစ်နေခဲ့ကာ စနစ်ကို အသေးစိတ် စစ်ဆေးကြည့်ရှုရန် အချိန်မရခဲ့ချေ။ ယခုအချိန်သည် စနစ်နှင့် ရင်းနှီးကျွမ်းဝင်မှုရယူရန်အတွက် အချိန်ကိုက်ဖြစ်သည်။ စနစ်သည် သူ၏ အနာဂတ်ဘဝအား တည်ထောင်ရာ၌ မရှိမဖြစ် လိုအပ်သည့်အရာဖြစ်လိမ့်မည် မဟုတ်ပါလော။
ချန်ကျဲ့ စနစ်ကို စတင်ဆန်းစစ်လေ့လာသည်။
ထို့နောက် တကယ့်ကိုပင် အသုံးဝင်သည့်အရာကို ရှာတွေ့ခဲ့၏။
တစ်အချက်၊ သတင်းအချက်အလက်စနစ်၏ လက်ရှိအချက်အလက် ထောက်ပံ့မှုသည် အဆင့်၁ဖြစ်၏။ ထို့ကြောင့် နေ့စဉ် နောက်ဆုံးရ သတင်းအချက်အလက်ကို တစ်နေ့လျှင် ၅ခုသာ ထောက်ပံ့ပေးသည်။ အဆင့်မြှင့်တင်ရန် လိုအပ်ချက်များကိုမူ မသိရပေ။
နှစ်အချက်၊ သတင်းအချက်အလက်များသည် သူ၏ အတွေ့အကြုံများကိုသာ အခြေခံ၍ ထောက်ပံ့ပေးဟန်တူသည်။ ဥပမာ ချန်ကျဲ့ မြင်တွေ့ခဲ့သူ၊ ဆက်သွယ်ခဲ့သူ သို့မဟုတ် ဖြတ်သွားခဲ့သည့်နေရာ စသဖြင့် ဖြစ်သည်။ တွေးတောမိသော အကြောင်းအရာများနှင့် ကြားသိခဲ့သော အကြောင်းအရာများ၏ သတင်းအချက်အလက်များကိုလည်း အဆင့်မြှင့်တင်နိုင်ခြင်း ရှိ၊မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။
တတိယအချက်သည် ချန်ကျဲ့ အကြိုက်ဆုံးအချက် ဖြစ်၏။ သတင်းအချက်အလက်စနစ်တွင် ကိုယ်ရေးအချက်အလက်ဇယား ပါဝင်ခြင်းဖြစ်သည်။
“ဇယားကွက်”
ချန်ကျဲ့ မိမိ၏ ကိုယ်ရေးအချက်အလက်ဇယားကို ဆင့်ခေါ်လိုက်သည်။
[ချန်ကျဲ့]
[နယ်ပယ် : လောလောဆယ် မရှိသေးပါ]
[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ်]
[အကဲဖြတ်မှု : သင်ဟာ ဆေးပညာရပ်အချို့ကို သင်ယူထားပုံရပေမဲ့ သင်ယူမထားဖူးဘူးလို့လည်း ထင်ရပါတယ်]
ကိုယ်ရေးအချက်အလက်ဇယားကို ဖတ်ကြည့်ပြီးနောက် ချန်ကျဲ့ ကသိကအောက် ခံစားလိုက်ရသည်။ အထူးသဖြင့် ဇယား၏နောက်ဆုံးရှိ လိုအပ်သည်ထက် ပိုနေသော အကဲဖြတ်မှုဖြစ်သည်။
‘ဆေးပညာရပ်အချို့ကို သင်ယူထားပုံရပေမဲ့ သင်ယူမထားဖူးဘူးလို့လည်း ထင်ရပါတယ်’ဆိုတာက ဘာကြီးလဲ။
ငါ့ကို ရှရောဒင်ဂါရဲ့ဆေးပညာနဲ့ လှည့်စားနေတာလား ဘာလားဟ။
သို့တိုင် ယန်ချွမ်ကျင့်စဉ်ဟူသော အချက်အလက်တစ်ခုသည် ချန်ကျဲ့၏ အာရုံကို ဖမ်းစားသွားခဲ့သည်။ ၎င်းသည် သေချာပေါက် လျှို့ဝှက်သိုင်းကျမ်းတစ်ခု ဖြစ်ပေလိမ့်မည်။
လျှို့ဝှက်သိုင်းကျမ်းတစ်ခုဖြစ်သည့် ယန်ချွမ်ကျင့်စဥ်ဟူသော ရတနာအား သူပိုင်ဆိုင်ထားလေပြီ။
အချိန်ခဏမျှ စဉ်းစားတွေးတောလိုက်သောအခါ သူ၏ ၇နှစ်ပြည့်မွေးနေ့တွင် အဖိုးမှ သူ့အား အသက်ရှူခြင်းနှင့် တရားထိုင်ခြင်း ကျင့်ကြံနည်းတစ်ခု သင်ကြားပေးခဲ့သည်ကို ချန်ကျဲ့ မှတ်မိသွားခဲ့သည်။
သို့သော် ပျင်းရိမှုကြောင့် သေသေချာချာ မသင်ယူခဲ့ရဘဲ ရက်အနည်းငယ်မျှသာ ကိုယ်ဟန်လက်ဟန်ပြ လေ့ကျင့်ခဲ့သည်။ အဖိုးအား ရုတ်တရက် ဆုံးရှုံးလိုက်ရပြီးနောက်တွင် ထိုကျင့်ကြံနည်းကို လေ့ကျင့်ခြင်းအား လုံးဝ ရပ်တန့်ပစ်ခဲ့သည်။
နေပါဦး၊ အဲဒီနေ့က အဖိုး ငါ့ကို အဝါရောင်စာအုပ်ဟောင်းတစ်အုပ်လည်း ပေးခဲ့သလိုပဲ။ ဟုတ်တယ် ဟုတ်တယ်၊ အဲဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားတဲ့ အကြောင်းအရာက ယန်ချွမ်ကျင့်စဥ်ပဲ။
၎င်းအား ပြန်လည်အမှတ်ရလိုက်သည်တွင် ချန်ကျဲ့ ထခုန်မိသွားရသည်။
ထို့နောက် အိမ်သို့ အပြေးပြန်ခဲ့သည်။
သူ၏အရင်ဘဝတွင် ဝတ္ထုအမြောက်အများ ဖတ်ခဲ့ဖူးသည်။ ထို့ကြောင့် ကျင့်စဉ်များ၏ အရေးပါမှုကို ချန်ကျဲ့ ကောင်းစွာနားလည်ပါ၏။ အထူးသဖြင့် အဆင့်မြင့် ကျင့်ကြံရေးသိုင်းလောကများတွင် ပို၍အရေးပါပေသည်။
ဤကမ္ဘာသည် အဆင့်မြင့် ကျင့်ကြံရေးသိုင်းလောကဖြစ်ကြောင်း ချန်ကျဲ့ သိနေခဲ့သည့် အကြောင်းရင်းမှာ ဤသို့ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျဲ့ လက်ခံရရှိခဲ့သည့် မှတ်ဉာဏ်များထဲတွင် ဤကမ္ဘာ၌ လူအများ၏ ရိုသေလေးစားခံရသော ပုဂ္ဂိုလ်များမှာ ကျွမ်းကျင်သိုင်းပညာရှင်ကြီးများ ဖြစ်နေသောကြောင့် ဖြစ်ပါ၏။
သိုင်းပညာရှင်ကြီးများသည် သာမန်လူများထက် သာလွန်သော အင်အားကို ပိုင်ဆိုင်ကြသည်။ ထုထည်ကြီးမားသော ကျောက်တုံးကြီးများကို အလွယ်တကူ မ,နိုင်ကြပြီး အိမ်ခေါင်မိုးများအထက်၌ ခုန်လွှားသွားနိုင်ကြသည်။
စီရင်စု၏ ရာဇဝတ်တရားသူကြီးပင်လျှင် သိုင်းပညာရှင်ကြီးများအား လေးစားမှုရှိရ၏။
ထို့ကြောင့် သာမန်လူတန်းစား အားလုံးနီးပါးသည် သိုင်းပညာကို သင်ယူလိုကြသည်။ သို့တိုင် သိုင်းပညာရှင်ကြီးဖြစ်လာနိုင်မည့် မျှော်လင့်ချက် မရှိပါချေ။
ဤကမ္ဘာ၌ သိုင်းပညာသင်ကြားရေး အရင်းအမြစ်များသည် တိုင်းပြည်အစိုးရ၊ ထင်ရှားသော မိသားစုကြီးများနှင့် သိုင်းလောကဂိုဏ်းအဖွဲ့များ၏ လုံးလုံးလျားလျား လက်ဝါးကြီးအုပ်ခံထားရသည့် အခြေအနေဖြစ်သည်။ သိုင်းပညာ သင်ယူလိုပါက စစ်တပ်ထဲသို့ ဝင်၍ အရေးပါအရာရောက်သော မိသားစုကြီးတစ်ခု၏ အစေအပါးဖြစ်လာရမည်၊ သို့မဟုတ် သိုင်းလောက ဂိုဏ်းတစ်ဂိုဏ်း၏ တပည့်ဖြစ်ရပေမည်။
သို့မဟုတ်ပါလျှင် သိုင်းပညာကို သင်ယူနိုင်မည် မဟုတ်ပေ။ သိုင်းပညာရှင်လည်း ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။
သိုင်းပညာကျောင်းများမှာလည်း အဘယ်သို့များ တည်ရှိနိုင်ပါအံ့နည်း။ တည်ရှိခဲ့လျှင်သော်မှ ငွေလိမ်ယူသည့် ပရိယာယ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဤတိုင်းပြည်၏ တောသားတစ်ဦးမှ သိုင်းပညာအစစ်အား သင်ယူလိုလျှင် အဓိက အင်အားစုကြီးသုံးခုထံ မိမိ၏အသက်ကို ရောင်းစားမှသာလျှင် ဖြစ်နိုင်ပေလိမ့်မည်။
ထိုအင်အားစုကြီးများသည် ပိုက်ဆံအိတ်ထဲမှ ငွေကြေးအနည်းငယ်အတွက်နှင့် သိုင်းပညာအား သင်ကြားပေးလိမ့်မည် မဟုတ်ပေ။ သူတို့ အလိုရှိသည်မှာ သူတို့အတွက် အသက်ပေးဆပ်မည့် လူအုပ်စုကြီးဖြစ်သည်။
မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများဖြင့် ဆရာတစ်ယောက် ငှားရမ်းခြင်းသည်လည်း ဟာသတစ်ခုသာ ဖြစ်နိုင်ပါ၏။ ဤကမ္ဘာတွင် သိုင်းပညာ မတတ်မြောက်သူသည် အဘယ်သို့များ ချမ်းသာကြွယ်ဝနေနိုင်ပါအံ့နည်း။
သို့မဟုတ် ချန်ကျဲ့ကဲ့သို့ မိသားစုအမွေ ဆက်ခံနိုင်သည့် ကံကြမ္မာဖြင့် မွေးဖွားလာခဲ့သည်ဟု ဆိုကြပါစို့။ ထိုအင်အားစုကြီးများမှ သင့်ပိုက်ဆံကို အလိုရှိလျှင် စကားတစ်ခွန်းမျှ ပြောလိုက်ရန်သာ လိုအပ်ပေသည်။
သင့်၌ မိမိကိုယ်ကိုယ် ကာကွယ်ရန် လုံလောက်သည့် သိုင်းပညာအင်အား မရှိပါက
အစိုးရမှ သင့်အား သီးခြားအခွန် ကောက်ခံနိုင်သည် - ခုခံလျှင် တရားရုံးတော်အား ပုန်ကန်ခြင်းဖြစ်လိမ့်မည်။
ဂိုဏ်းအဖွဲ့များသည် ကာကွယ်ရေးအတွက် အခကြေးငွေ တောင်းခံနိုင်သည် - မပေးလျှင် သင့်ကိုရှင်းပစ်ရန် လူလွှတ်လိုက်လိမ့်မည်။
မိသားစုကြီးများသည် လျော်ကြေးငွေ တောင်းဆိုနိုင်သည် - မပေးလျှင် သူတို့၏ အဆက်အသွယ်များကို အသုံးပြု၍ သင့်အား နင်းခြေပစ်လိမ့်မည်။
လမ်းမထက်ရှိ လူရမ်းကားများပင်လျှင် သင့်အား လောင်းကစားပြုလုပ်ခြင်းဖြင့် အရာအားလုံး ဆုံးရှုံးသွားစေရန် လှည့်ဖျားလာနိုင်ပေသည်။
ချန်ကျဲ့ကိုယ်တိုင်သည် သက်ရှိဥပမာဖြစ်ပါ၏။
သို့ဖြစ်ရာ ဤသို့သောကမ္ဘာကြီး၌ သိုင်းပညာ မတတ်မြောက်လျှင် အရာအားလုံးသည် အချည်းနှီးသာ ဖြစ်ပေသည်။ ယန်ချွမ်ကျင့်စဥ်သည် သူ၏ကံကြမ္မာကို ပြောင်းလဲရန်အတွက် အဓိကသော့ချက်ဖြစ်၏။
ဤကမ္ဘာတွင် ရှင်သန်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ သိုင်းပညာသင်ယူ၍ ပိုမိုအင်အားကြီးမားလာစေခြင်းသာ ဖြစ်ပေသည်။