← Chapters

သူက နည်းနည်းကြည့်ကောင်းတယ်လို့ ငါတွေးမိနေပြီ

Vol. 1 Ch. 6

သူက နည်းနည်းကြည့်ကောင်းတယ်လို့ ငါတွေးမိနေပြီ

Vol. 1 Ch. 6

“ဟမ် အဲဒီတော့ ကျွန်တော့်ရဲ့ဇနီးက အစ်မရဲ့ပိုင်နက်ထဲက တောဟင်းရွက်တွေကို တူးယူခဲ့တယ်ပေါ့လေ”

“အမှန်ပဲ!”

လုချင်းစစ်မှ ခေါင်းမော့ရင်ကော့လျက် ပြော၏။

“ကျွန်တော့်ဇနီးက တကယ်ပဲ အစ်မရဲ့ပိုင်နက်ထဲက တောဟင်းရွက်တွေကို တူးယူခဲ့တယ်ဆိုရင် ပေးလျော်ရမယ်ဆိုတာ သေချာပေါက် ဖြစ်သင့်ပါတယ်”

ချန်ကျဲ့ ပြောလိုက်သည်။ နေရာရှိလူများသည် ‘တွေ့လား သူက အနိုင်ကျင့်လို့လွယ်တဲ့ကောင်ပါလို့ ငါပြောသားပဲ’ဟူသည့် အကြည့်များဖြင့် အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။

ထိုစဉ် ဘေးတွင်ရပ်နေသည့် စူးယွင်ကျင်းသည် အရောင်မှေးမှိန်နေသော မျက်ဝန်းများဖြင့် ချန်ကျဲ့အား ခံစားချက်ကင်းမဲ့စွာ အချိန်တစ်ခုကြာ ငေးစိုက်ကြည့်နေခဲ့သည်။ ချန်ကျိုစစ် ပြောင်းလဲသွားပြီဟု သူမ တွေးထင်ခဲ့သည်။ သို့သော် ယခင်အတိုင်းပင် မပြောင်းလဲပုံရ၏။ စူးယွင်ကျင်းမှာ မျှော်လင့်ချက်များ ‌နောက်တစ်ကြိမ် ပျက်သုဉ်းသွားရပြန်သည်။

စူးယွင်ကျင်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငိုက်စိုက်ချနေသည်။ ချန်ကျိုစစ် လူကောင်းတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီဟု ယုံကြည်ခဲ့သည်အထိ တုံးအခဲ့ခြင်းအတွက် သူမကိုယ်သူမ လှောင်ရယ်လိုက်သည်။

ချန်ကျဲ့၏ တုံ့ပြန်စကားကို ရရှိပြီးနောက်တွင် လုချင်းစစ်သည် ရုတ်ချည်း စိတ်အားတက်ကြွလာခဲ့သည်။

“ကောင်းတယ် ကောင်းတယ်၊ မောင်လေးကျိုစစ်က တကယ့်ကို ကျိုးကြောင်းဆီလျော်တဲ့သူပဲ။ လာ အဲဒါဆိုလည်း အစ်မကို အဲဒီယုန် ပေးလိုက်တော့။ ယုန်က တော်တော်လေး ဝတာပဲ”

လုချင်းစစ်သည် ပျော်ရွှင်ဝမ်းမြောက်သွားခြင်းအား မဖုံးဖိနိုင်ပေ။ ‌ဒီနေ့ အားစိုက်ထုတ်ရခြင်းမှာ အလဟသမဖြစ်ပေ။ ဝဖြိုးသည့် ယုန်တစ်ကောင်ကို လှည့်ဖြားယူနိုင်ခဲ့သည်။ အဆီအရသာကို မမြည်းစမ်းရသည်မှာ တစ်လကြာမြင့်ခဲ့ပြီဖြစ်ရာ ဒီနေ့အဖြစ်အပျက်သည် သူမအတွက် ထီပေါက်ခြင်းပင်။

ထိုအတွေးများဖြင့် လုချင်းစစ်မှာ မထိန်းချုပ်နိုင်စွာ သွားရည်ကျလာရသည်။

တကယ့်ကိုပင် ချန်ကျိုစစ်သည် ငကြောက်ကောင်ဖြစ်၏။ အနိုင်ကျင့်ရန် အလွန်လွယ်ကူပေသည်။

ချန်ကျဲ့ ဆက်ပြောလိုက်သည်။

“ကျွန်တော်ပြောတာက ကျွန်တော့်ဇနီးက အစ်မရဲ့တောဟင်းရွက်တွေကို တူးယူခဲ့တယ်ဆိုရင် ကျွန်တော်တို့ဘက်က ပေးလျော်သင့်တယ်လို့ပါ။ ဒါပေမဲ့ အခု ကျွန်တော့်ရဲ့ဇနီးက အစ်မရဲ့ပိုင်နက်ထဲက တောဟင်းရွက်တွေကို တူးယူခဲ့ပါတယ်လို့ အစ်မ ဘယ်လိုသက်သေပြမလဲ”

ဟမ်?

ချန်ကျဲ့၏စကားကြောင့် အားလုံး အံ့အားသင့်သွားကြကာ ချန်ကျဲ့ကို လှည့်ကြည့်လာကြသည်။

စိတ်ခံစားချက်ကင်းမဲ့နေခဲ့သော စူးယွင်ကျင်းပင်လျှင် ချန်ကျဲ့သို့ လှည့်ကြည့်လာခဲ့သည်။

လုချင်းစစ်၏ မျက်နှာအမူအရာလည်း အေးစက်သွား၏။ ထို့နောက် ပြန်မေးသည်။

“အဲဒီစကားက ဘာအဓိပ္ပာယ်လဲ”

ချန်ကျဲ့ ပြန်ဖြေသည်။

“ကျွန်တော် ပြောလိုက်တဲ့အတိုင်းပဲလေ”

“နင် ငြင်းဖို့ကြိုးစားနေတာလား”

လုချင်းစစ်၏မျက်နှာမှာ ပို၍ကြည့်ရဆိုးလာတော့သည်။ သူမသည် စူးယွင်ကျင်းကို လက်ညှိုးထိုးလျက် ပြော၏။

“ဒီသုံးစားမရတဲ့မိန်းမက သူ အရှေ့ဘက်မြစ်မှာ တူးခဲ့တယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံပြီးသွားပြီ။ အဲဒါကို နင်က ငြင်းဖို့ကြိုးစားနေတုန်းပဲလား”

“အဲဒီတော့ရော.. သူ အရှေ့ဘက်မြစ်မှာ တူးခဲ့တော့ရော ဘာဖြစ်လဲ”

“အရှေ့ဘက်မြစ်က ငါ့ပိုင်နက်ပဲ။ အဲဒီမှာ ပေါက်တဲ့အပင်မှန်သမျှက ငါ့အပိုင်ပဲ”

လုချင်းစစ် ဒေါသတကြီးဖြင့် ပြောသည်။

ထိုအခါ ချန်ကျဲ့ တစ်ချက်လှောင်ရယ်လိုက်၏။

“အရှေ့ဘက်မြစ်က အစ်မရဲ့ပိုင်နက်တဲ့လား ဟမ်? ဒါဆိုလည်း ကောင်းပြီလေ၊ ပိုင်ဆိုင်မှုစာချုပ် ထုတ်ပြပါ”

“နင်!”

ချန်ကျဲ့၏ ချေပပြောဆိုမှုတွင် လုချင်းစစ်မှာ ပြောစရာစကား ပျောက်ရှသွားတော့သည်။

ထိုအရှေ့ဘက်မြစ်ရှိ မြေတစ်ကန့်အတွက် ပိုင်ဆိုင်မှုစာချုပ်ကို သူ အဘယ်သို့များ သွားရှာရပါအံ့နည်း။

လုချင်းစစ်၏ ပျက်ယွင်းနေသော မျက်နှာကိုကြည့်လျက် ချန်ကျဲ့ အေးစက်စွာ ပြောလိုက်သည်။

“အစ်မမှာ ပိုင်ဆိုင်မှုစာချုပ်လည်း မရှိဘဲနဲ့ ဘာလို့ ဒီလိုတွေပြုမူနေရတာလဲ။ ဒီလိုဆို အဲဒါက အစ်မရဲ့ပိုင်နက် ဖြစ်ပါဦးမလား။ ကျွန်တော်တို့ အဲဒီမှာ တူးတော့ရော ဘာဖြစ်လဲ။ အဲဒါက အစ်မနဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်တို့ရှေ့ကို လာဟောင်မနေဘဲ သွားစမ်းပါဗျာ”

“ငါ...”

လုချင်းစစ်သည် ဒေါသတကြီးဖြင့် ချန်ကျဲ့အား လက်ညှိုးငေါက်ငေါက်ထိုးလျက် ဆဲဆိုရန် ဟန်ပြင်၏။ သို့သော် ချန်ကျဲ့က ပိုမြန်ပေသည်။ ချန်ကျဲ့သည် လက်မောင်းကို အားယူလှည့်၍ လုချင်းစစ်၏မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်လေသည်။

ဖြန်း!

ခြံဝင်းတစ်ခုလုံးတွင် ကျယ်လောင်သော ရိုက်နှက်သံတစ်ချက် ဖုံးလွမ်းသွားခဲ့သည်။ ချန်ကျဲ့မှ အကြမ်းဖက်နည်းဖြင့် ပြန်လည်တုံ့ပြန်လာမည်ဟု မျှော်လင့်မထားခဲ့သောကြောင့် နေရာရှိလူအားလုံးမှာ နေရာ၌ ကြက်‌သေသေသွားကြလေသည်။

စိတ်ဝိဉာဉ်ပြိုလဲနေခဲ့သည့် စူးယွင်ကျင်းပင်လျှင် ခေါင်းမော့ကြည့်လာခဲ့သည်။ သူမ၏ရှေ့ရှိ မြင်ကွင်းကြောင့် မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွား၏။

နေရာရှိလူအားလုံးမှာလည်း မျက်လုံးအပြူးသားဖြင့် ဖြစ်ပျက်သွားခဲ့သည့်အရာအား မယုံကြည်နိုင် ဖြစ်နေကြသည်။

သွားပြီ၊ ချန်ကျိုစစ်က ဘယ်လိုတောင် အတင့်ရဲသွားတာလဲ!

အချိန်တစ်ခုကြာအထိ တိတ်ဆိတ်မှုကြီးစိုးသွား၏။ အိမ်ထဲရှိ ကလေးမလေး စူးယွင်ရွေ့ပင်လျှင် မျက်လုံးပြူးသွားရပြီး ဝါးခြင်းတောင်းအား ပို၍တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

လုချင်းစစ်သည် အရိုက်ခံလိုက်ရသောကြောင့် ကြောင်အသွား၏။ သူမသည် အချိန်အနည်းငယ်ကြာပြီးနောက်မှ အသိစိတ်ပြန်ကပ်လာခဲ့ကာ ထို့နောက်တွင်မူ ဆူညံပွက်လောရိုက်တော့သည်။

“အား ငါ့ကိုရိုက်ရဲတယ်ပေါ့လေ၊ ငါနင့်ကို သတ်ပစ်မယ်!”

ပြောရင်းဖြင့် လုချင်းစစ်သည် ရူးသွပ်နေသည့်မိန်းမကြီးအလား ချန်ကျိုစစ်သို့ ခုန်အုပ်၏။ လုချင်းစစ်သည် အပေါက်ဆိုးခြင်း၊ ဒေါသတကြီးတိုက်ခိုက်ခြင်းတို့ဖြင့် ကျော်ကြားသူဖြစ်သည်။ သူမ၏ မည်းနက်နေသော လက်သည်းများဖြင့် ချန်ကျဲ့ကို ကုတ်ဖဲ့ပစ်လေရာ ကုတ်ဖဲ့ခံရသည့် နေရာတိုင်းတွင် သွေးရောင်ကုတ်ခြစ်ရာများ ကျန်ရစ်ခဲ့လေသည်။

ထိုအခါ ချန်ကျဲ့လည်း တစ်ချက်ပိတ်ကန်လိုက်သည်။ လုချင်းစစ် မြေပြင်သို့ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွား၏။

အဆုံးသတ်‌တွင်တော့ ချန်ကျဲ့သည် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်ဖြစ်လေရာ လုချင်းစစ်နှင့်ယှဉ်လျှင် ခန္ဓာကိုယ်ကြံ့ခိုင်မှု ပိုအားကောင်းသည်မှာ သဘာဝကျပေသည်။ ထို့ပြင် ချန်ကျဲ့သည် အရင်ဘဝက စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ လိုအပ်ချက်အတွက် တိုက်ခိုက်ရေးအသင်းတစ်ခုသို့ ဝင်ရောက်ခဲ့ပြီး လက်ဝှေ့ပညာအား သင်ယူခဲ့ဖူး၏။

ကျွမ်းကျင်ပညာရှင်များနှင့် မယှဉ်နိုင်လျှင်သော်မှ လူ၃,ယောက်မှ ၅ယောက်အထိ တစ်ဦးတည်း တိုက်ခိုက်နိုင်ပေသည်။ ဤရူးနေသည့်မိန်းမကြီးအား ကိုင်တွယ်ရခြင်းအတွင်မူ အားစိုက်ထုတ်မှု အများကြီး မလိုအပ်ပါချေ။

ချန်ကျဲ့သည် သူ၏ကန်ချက်ကြောင့် မြေပြင်သို့ လဲကျသွားခဲ့သည့် လုချင်းစစ်ကို အင်္ကျီလည်တိုင်စမှ ဆွဲယူ၍ မျက်နှာအား ခပ်ပြင်းပြင်း နှစ်ချက် ထပ်ရိုက်လိုက်သည်။

ချန်ကျဲ့ ကျိန်ဆဲလျက် ထပ်ပြော၏။

“အရင်တစ်ခေါက်တုန်းက ခင်ဗျား ကျွန်တော့်ဇနီးကို ရိုက်သွားခဲ့တာအတွက် ကျွန်တော် ခင်ဗျားကို ပြဿနာမရှာခဲ့ဘူး။ အဲဒါကို ခင်ဗျားက ဒီနေ့လည်း ကျွန်တော်တို့အိမ်အထိ ရောက်လာပြီး ကျွန်တော့်ဇနီးကို အနိုင်ကျင့်ပြန်ပြီ။ ခင်ဗျား ကျွန်တော့်ကို လွယ်လွယ်တွေးနေတာလား။ နောက်တစ်ခါ ကျွန်တော့်ဇနီးကို ထိလို့ကတော့ ခင်ဗျားကို သေအောင် ရိုက်သတ်ပစ်မယ်!”

“ချီးပဲ ထွီ!”

လုချင်းစစ်၏ မျက်နှာကို နှစ်ချက်ရိုက်ပြီးနောက် ချန်ကျဲ့ ပြန်ထရပ်သည်။ ထို့နောက် လုချင်းစစ်ကို ခပ်ပြင်းပြင်း တစ်ချက်ထပ်ကန်လိုက်ပြီး မျက်နှာတည့်တည့်ကို တံတွေးထွေးလိုက်၏။

လုချင်းစစ်မှာ မျက်နှာကြီး ရောင်ကိုင်းသွားခဲ့ကာ မြေပြင်ထက်တွင် အော်ဟစ်လူးလှိမ့်နေတော့သည်။

“လူသတ်နေတယ် လူသတ်နေတယ်!”

သို့သော် ချန်ကျဲ့သည် စိုးစဉ်းသော်မျှ ဂရုမစိုက်ပါချေ။ ချန်ကျဲ့သည် ကျေးလက်ဒေသတွင် ကြီးပြင်းလာခဲ့သူဖြစ်သောကြောင့် ရွာတွင် အနိုင်ကျင့်ခံရခြင်းမှာ အဘယ်သို့ဖြစ်သည်ကို ကောင်းစွာသိပါ၏- အလွန်အကြင်နာကင်းမဲ့ပေသည်။

အနိုင်ကျင့်မခံလိုလျှင် မိမိမှာ ပြဿနာလာရှာသင့်သူ မဟုတ်ကြောင်းကို အခြားသူများ သိအောင်ပြသရပေမည်။ ၎င်းကို သက်သေပြဖို့ရာ မိမိကိုယ်တိုင် အကြင်နာကင်းမဲ့ပြရပေမည်။

လက်သီးအချက်တစ်ရာလောက်ဖြင့် တိုက်ခိုက်မခံရမီတွင် ဦးစွာ လက်သီးတစ်ချက် ပစ်ထိုးပေးထားသည်က ပိုကောင်း၏။

ဤ’ရိုးအ'သည်ဟု သမုတ်ကြသော လူအုပ်ကြီး၏ မျက်လုံးထဲတွင် သည်းခံရှောင်ကြဉ်ခြင်းဟူသည် အားနည်းသည့် လက္ခဏာဖြစ်သည်။

“ပါးစပ်ပိတ်ထားစမ်း!”

တအီအီငိုကြွေးနေသည့် လုချင်းစစ်အား ချန်ကျဲ့ ဒေါသတကြီး အော်လိုက်သည်။ သို့သော်ငြား လုချင်းစစ်သည် ငိုကြွေးနေမြဲပင်။ သို့ဖြင့် ချန်ကျဲ့သည် ညှာတာမှုမရှိ နောက်ထပ်နှစ်ချက် ထပ်ကန်ပေးလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ လုချင်းစစ်သည် ထပ်မံ၍ တအီအီငိုမနေရဲတော့ပေ။ မြေပြင်မှ ထနိုင်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရင်းဖြင့် ချန်ကျဲ့ကိုလည်း မခံချိမခံသာ ကြည့်နေခဲ့သည်။

ချန်ကျဲ့ လုချင်းစစ်အား လက်ညှိုးတည့်တည့်ထိုးလျက် ထပ်မံ သတိပေးသည်။

“ခင်ဗျား ကျွန်တော့်ဇနီးကို နောက်တစ်ခေါက် အနိုင်ကျင့်ခဲ့ရင် ကျွန်တော် ခင်ဗျားကို သတ်ပစ်မယ်၊ ထွက်သွားစမ်း!”

နေရာရှိလူအားလုံးသည် ချန်ကျဲ့အား မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ အဖြစ်အပျက်မှာ အလွန်ရုတ်တရက်ဆန်လွန်း၏ - ချန်ကျဲ့ လုချင်းစစ်အား တစ်ချက်ရိုက်နှက်လိုက်ခြင်းမှ အဆက်မပြတ် ရိုက်နှက်ခြင်းအထိ - အဖြစ်အပျက်တစ်ခုလုံးသည် အားလုံးကို အံ့ဩထိတ်လန့်သွားစေခဲ့သည်။

သူရဲဘောကြောင်တဲ့ ချန်ကျိုစစ်က ဘယ်တုန်းက ဒီလောက်အထိ ရှိန်လောက်တဲ့သူ ဖြစ်သွားတာလဲ။

စူးယွင်ကျင်းသည်လည်း မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ကျိုစစ်သည် သူမဘက်မှ ရပ်‌တည်ပေးနေခြင်းကြောင့် ဖြစ်ပါ၏။

“ခင်ဗျားထပ်ပြီး ကျွန်တော့်ဇနီးကို အနိုင်ကျင့်ခဲ့ရင် ကျွန်တော် ခင်ဗျားကို သတ်ပစ်မယ်!”

ထိုစကားလုံးများသည် ကြမ်းတမ်းသော်ငြား စူးယွင်ကျင်းအတွက်မူ သာယာနာပျော်ဖွယ် တေးသီချင်းကဲ့သို့ ဖြစ်ခဲ့သည်။ တစ်လောကလုံးရှိ စိတ်နှလုံးကိုလှုပ်ကိုင်နိုင်စွမ်းသော ကဗျာစာပေအားလုံးထက်ပို၍ ရင်ကို လှုပ်ခတ်စေပေသည်။

သူတကယ်ကြီး ငါ့အတွက် ရပ်တည်ပေးခဲ့တယ်!

ဘယ်လိုဖြစ်နိုင်မှာလဲ!!

စူးယွင်ကျင်းသည် ချန်ကျိုစစ်၏ ပြောင်းလဲသွားသည့်ပုံစံကို အံ့အားသင့်စွာဖြင့် ‌ရပ်ကြည့်နေခဲ့သည်။ အဘယ်‌အကြောင်းရင်းကြောင့် မသေချာပေ.. ချန်ကျိုစစ်သည် ဒီနေ့ အနည်းငယ် ကြည့်ကောင်းနေခဲ့၏။

လုချင်းစစ်သည် လူအုပ်ကြားမှ လူးလဲထ၍ ဖရိုဖရဲဖြင့် ပြေးထွက်သွားခဲ့သည်။ ခြံဝင်းအပြင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့အား နောက်ပြန်လှည့်ကြည့်၍ ကျိန်ဆဲ၏။

“ချန်ကျိုစစ် တိရစ္ဆာန်ကောင်၊ အမျိုးသမီးတစ်ယောက်ကို လက်ပါတယ်ပေါ့လေ။‌ တော်တော်ကြီးမြတ်တဲ့ ယောက်ျားပဲနော်။ နင် စောင့်နေလိုက်၊ ဒီနေ့ည လုစန်း ပြန်ရောက်တာနဲ့ သူနင့်ခြေထောက်တွေကို ရိုက်ချိုးပစ်လိမ့်မယ် မျိုးမစစ်ကောင်…”

ထိုစကားများကို ကြားသောအခါ ချန်ကျဲ့သည် လက်ထဲတွင် ကိုင်ထားဆဲဖြစ်သည့် ယုန်အား စူးယွင်ကျင်း လက်ထဲသို့ ထည့်ပေးသည်။ ထို့နောက် တံခါးပေါက်မှ သစ်သားတုတ်တစ်ချောင်းကို ကောက်ယူ၍ လုချင်းစစ်နောက်သို့ ပြေးလိုက်လေသည်။

“နောက်တစ်ခေါက်ပဲ ထပ်ကျိန်ဆဲလိုက်စမ်းပါ၊ ခင်ဗျား ဆဲရဲလား”

ချန်ကျဲ့ ပြေးလိုက်လာသည်ကို မြင်သောအခါ လုချင်းစစ်သည် ကြမ်းတမ်းသည့်စကားများ ထပ်မပြောရဲတော့ဘဲ ထွက်ပြေးရတော့သည်။ လေ‌တစ်ဝှေ့စာအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွားတော့၏။

ချန်ကျဲ့သည် တံခါးပေါက်ဝတွင် သစ်သားတုတ်ကို ကိုင်၍ ရပ်နေကာ အငြင်းပွားမှုအား လာကြည့်ကြသည့် အိမ်နီးချင်းများကို ပြောလိုက်သည်။

“ကဲ အားလုံးပဲ ပွဲပြီးသွားပြီ၊ ပြန်လို့ရပြီ”

ထိုအခါ အိမ်နီးချင်းများသည် အတွဲလိုက်တစ်မျိုး၊ အုပ်စုလိုက်တစ်ဖုံဖြင့် ပြန်သွားကြလေသည်။ လမ်းတစ်လျှောက်တွင်လည်း ခေါင်းချင်းဆိုင်လျက် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ သို့သော်ငြား ချန်ကျဲ့ကိုကြည့်သည့် သူတို့၏အကြည့်များသည် လုံးဝ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

All Chapters