ဦးလေး အာ့ပါး
Vol. 1 Ch. 7
ပွဲကြည့်ပရိသတ်အားလုံး ပြန်သွားကြပြီး လူအနည်းငယ်သာလျှင် ကျန်ရစ်တော့သည်။ ထိုသူများထဲမှ တစ်ဦးမှာ အသက်အရွယ်ကြီးရင့်သူတစ်ယောက် ဖြစ်သည်။ ချန်ကျဲ့ ထိုလူကို သိ၏။ ထိုလူ၏နာမည်မှာ ချန်အာ့ပါးဖြစ်ပြီး ချန်ကျိုစစ်၏ ဆွေမျိုးသားချင်းဖြစ်သည်။
ခြေထောက် အနည်းငယ် မသန်စွမ်းသောကြောင့် ပုံမှန်အားဖြင့် ဝါးခြင်းတောင်းရက်လုပ်ခြင်းဖြင့် အသက်မွေးသည်။
ဝါစဉ်အရ ချန်ကျဲ့သည် ထိုလူအား ဦးလေးအာ့ပါး(၂၈)ဟု ခေါ်ရမည်ဖြစ်သည်။
သာ့ချန်သည် နိုင်ငံခြားသားများ တည်ထောင်ခဲ့သော တိုင်းပြည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံတိုင်းရင်းသားလူမျိုးများအား ကျွန်ပြုရေးမူဝါဒကို အကောင်အထည်ဖော်ထားခဲ့၏။ ၎င်းမူဝါဒ၏ အဓိကအချက်တစ်ချက်မှာ ဟန်လူမျိုးစုများကို ကိုယ်ပိုင်အမည်များ ထားရှိခွင့်မပြုခြင်း ဖြစ်သည်။ ဟန်လူမျိုးများသည် တိရစ္ဆာန်များကို မှတ်သားခြင်းကဲ့သို့ ကိန်းဂဏန်းများကိုသာ အသုံးပြုရပေသည်။
ဥပမာဆိုရသော် မူလ ချန်ကျဲ့၏ အမည်ဖြစ်သော ချန်ကျိုစစ်(၉၄)ကဲ့သို့ ဖြစ်သည်။
ဦးလေးအာ့ပါးသည် တုတ်တစ်ချောင်းကို အမှီပြု၍ ချန်ကျိုစစ်အနီးသို့ နှေးကွေးစွာ ချဉ်းကပ်လာသည်။
“ကျိုစစ် မင်း အရမ်း စိတ်လိုက်မာန်ပါလုပ်လွန်းတာပဲ။ အခုက မင်းရဲ့ဦးလေးကြီး အသက်ရှိစဥ်တုန်းကလို မဟုတ်တော့ဘူး။ မင်း လုစန်းရဲ့ဇနီးကို အဲဒီလိုရိုက်လိုက်တာ လုစန်းရဲ့စိတ်နဲ့ဆိုရင် သူသေချာပေါက် မင်းကို ပြဿနာရှာလာမှာပဲ”
“လုစန်းက ထောင်ထောင်မောင်းမောင်းနဲ့ သန်မာတယ်။ ပြီးတော့ သူ့က ငါးဖမ်းလုပ်ငန်းရှင်တွေနဲ့လည်း အဆက်အသွယ်ရှိတယ်။ မင်းသူ့ကို အခုလို အပြစ်ပြုလိုက်တာက မင်းအတွက် မကောင်းမှာ စိုးရိမ်တယ်”
ဦးလေးအာ့ပါး၏ စကားများကို နားထောင်ပြီးနောက် ချန်ကျဲ့ အချိန်ခဏမျှ တွေးတောလိုက်ပြီး ပြန်လည်တုံ့ပြန်သည်။
“အမ်း ကျွန်တော်နားလည်ပါတယ် ဦးလေးအာ့ပါး”
ထိုအခါ ဦးလေးအာ့ပါးမှ ထပ်ပြောသည်။
“အင်း မင်းသိတယ်ဆိုရင် ရပြီ။ ဒီနေ့အဖြစ်အပျက်အတွက်ကတော့ လုစန်း မင်းကို ပြဿနာမရှာအောင် ငါကြိုးစား တားကြည့်ပေးမယ်”
ထိုသို့ပြောပြီးနောက် ဦးလေးအာ့ပါးသည် ချန်ကျဲ့အား ပခုံးကို ခပ်ဖွဖွပုတ်၍ အကြံပြုသည်။
“မင်း ကောင်းကောင်းပြုမူနေထိုင်သင့်တယ်။ လောင်းကစားလုပ်တာကို ရပ်လိုက်တော့၊ ပြီးရင် ယွင်ကျင်းနဲ့အတူ ဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်တော့”
ထို့နောက် ဦးလေးအာ့ပါးသည် ခြံဝင်းထဲမှ ထော့နဲ့ထော့နဲ့ဖြင့် ထွက်သွားခဲ့သည်။
ဦးလေးအာ့ပါး ထွက်ခွာသွားပြီးနောက်တွင် အခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြသည်။ သူတို့အားလုံးသည် ချန်ကျဲ့မှာ ဒီနေ့ စိတ်လိုက်မာန်ပါလုပ်လွန်းသည်ဟု မှတ်ချက်ပြုခဲ့ကြသည်။ လုစန်း၏ ဗရုတ်ကျတတ်သော အကျင့်စရိုက်ကို ရွာသားတိုင်း သိထားကြ၏။ လုစန်းကို အပြစ်ပြုလိုက်ခြင်းသည် အနာဂတ်နေ့ရက်များတွင် ကောင်းမွန်သည့်ကိစ္စ မရှိနိုင်တော့ဟု အဓိပ္ပာယ်ရပေသည်။
အားလုံးထွက်ခွာသွားပြီးနောက် နေရာ၌သာ မလှုပ်မယှက်ရပ်နေသည့် စူးယွင်ကျင်းကို ချန်ကျဲ့ လှည့်ကြည့်လိုက်သည်။ နှစ်ဦးသား အကြည့်ချင်းဆုံသွားရာ အနည်းငယ် ကသိကအောက်နိုင်မှုကို ခံစားလိုက်ရပေသည်။
ကသိကအောက်ဖြစ်ဖွယ် လေထုအား ဦးစွာ ဖြိုခွင်းလိုက်သူမှာ ချန်ကျဲ့ဖြစ်သည်။
“မင်း အဆင်ပြေရဲ့လား”
စူးယွင်ကျင်း ပြန်ပြောသည်။
“ကျွန်မ ကျွန်မ အဆင်ပြေပါတယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အဲဒါဆို ကောင်းပြီ”
ထို့နောက် ချန်ကျဲ့ အိမ်ထဲသို့ ဝင်လိုက်သည်။ တောဟင်းရွက်ခြင်းတောင်းကို တင်းတင်းဆုပ်ကိုင်၍ သူ့အား သတိတကြီး ကြည့်နေသည့် ကလေးမလေး စူးယွင်ရွေ့ကိုမူ ချန်ကျဲ့ လျစ်လျူရှုထားလိုက်သည်။ မြေအိုးတစ်အိုးကိုသာ ကိုယ်တိုင်ကိုယ်ကျ သွားယူလိုက်၏။
ချန်ကျဲ့ ခြံဝင်းအတွင်းရှိ ရေတွင်းမှ ရေတစ်ပုံးခပ်လိုက်ပြီး ကျွမ်းကျင်စွာဖြင့် ယုန်ကို အရေခွံဆုတ်၍ ဆေးကြောသည်။
ထိုအချိန်အထိ စူးယွင်ကျင်းသည် ခြံဝင်းထဲတွင် ကြောင်အစွာ ရပ်နေဆဲပင်။ ဒီနေ့အခြေအနေအား ချန်ကျဲ့ ကိုင်တွယ်ခဲ့သည့်ပုံစံသည် သူမကို လုံးဝ အံ့ဩသွားစေခဲ့၏။ ချန်ကျိုစစ်သည် သူမကို အရှက်ခွဲလိမ့်မည်ဟု တွေးထင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်စွာဖြင့် သူမ၏ခင်ပွန်းသည် သူမဘက်မှ စိတ်အားထက်သန်စွာ ရပ်တည်ပေးခဲ့သည်။ ကာကွယ်ပေးခံရသည့် ခံစားချက်သည် အမှန်တကယ်ပင် လူကို စိတ်ငြိမ်းအေးသက်သာမှု ရှိစေပေသည်။
“အာ ယွင်ကျင်း မင်းဘာလို့ အိုးကို အပူမပေးသေးတာလဲ။ အိမ်မှာ ပဲငံပြာရည်တို့ ဟင်းရွက်ဆီတို့ ရှိလား ရှာကြည့်ပေးဦး၊ ငါတို့ဒီနေ့ ယုန်သားချက် စားကြမယ်”
ထိုအခါမှသာ စူးယွင်ကျင်း မျက်တောင်ခတ်လာခဲ့ကာ ယုန်သားကိုင်နေသည့် ချန်ကျဲ့ကို သတိထားမိတော့သည်။ အချိန်ခဏမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ချန်ကျဲ့အနီးသို့ ချဉ်းကပ်လိုက်ပြီး ပြော၏။
“ဒီနေ့ လုစန်းရဲ့ဇနီးကို ရိုက်လိုက်တာလေ၊ အဲဒါ ရှင့်ကို ပြဿနာဖြစ်စေမှာတော့ မဟုတ်ဘူးမလား”
ချန်ကျဲ့ အံ့ဩသွား၍ စူးယွင်ကျင်းကို မော့ကြည့်လိုက်သည်။ စူးယွင်ကျင်းသည် ချန်ကျဲ့၏အကြည့်အား မသက်မသာခံစားရသောကြောင့် မျက်နှာတွင် တစ်ခုခုပေနေသည့်အလား လက်ဖြင့် ပွတ်သပ်နေ၏။
ချန်ကျဲ့ ပြောလိုက်သည်။
“လုံးဝ ပြဿနာမဖြစ်ပါဘူး။ သူက ဒီတိုင်း အားနည်းသူကို အနိုင်ကျင့်တတ်တဲ့ ငကြောက်ကောင်တစ်ယောက်ပါပဲ”
ချန်ကျဲ့ လုစန်းနှင့်ပတ်သက်ပြီး အမှန်တကယ် မစိုးရိမ်ပါချေ။ အဘယ်ကြောင့်ဆိုသော် မူလ ချန်ကျိုစစ်၏ မှတ်ဉာဏ်များအရ လုစန်းသည် သိုင်းပညာ လေ့ကျင့်ဖူးသူ မဟုတ်ပေ။ သူ၏ ကြီးမားသောခန္ဓာကိုယ်ကို အသုံးချ၍သာ မူလ ချန်ကျိုစစ်အား ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ချန်ကျဲ့သည် ထိုကဲ့သို့သော ကိစ္စရပ်များကို မကြောက်ရွံ့ပါချေ။ ဘဝမကူးပြောင်းမီက ချန်ကျဲ့သည် စစ်တပ်ပိုင်းဆိုင်ရာ နောက်ခံကြောင့် ရန်ပွဲများတွင် မကြာခဏ ပါဝင်ဖူး၏။ တိုက်ခိုက်သည့်အတွေ့အကြုံ ကြွယ်ဝပေသည်။ ထို့ပြင် ချန်ကျဲ့သည် အလွန်အင်အားကြီးမားသော တိုက်ခိုက်စွမ်းရည်ပိုင်ရှင် ချန်ဟယ့်ကောင်း၏ လက်အောက်၌ မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန်အတွက် ကိုယ်ခံပညာအား ရက်အနည်းငယ် သင်ယူနိုင်သည့် အခွင့်အရေးရရှိခဲ့ဖူးသည်။
သို့ဖြစ်ရာ ချန်ကျဲ့သည် လုစန်းမှ လက်တုံ့ပြန်လာနိုင်ခြေရှိသည့်ကိစ္စကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မယူဆပါချေ။ လုစန်းသည် သိုင်းပညာရှင်တစ်ဦးဖြစ်ပါက ရွှံ့လှည်းဖြင့် မတော်တဆဖြစ်စေရန် ဆွဲဆောင်လှည့်ဖြားခြင်း သို့မဟုတ် ကျောက်တုံးလိမ့်ကျလာမည့် ထောင်ချောက်ဆင်ခြင်း သို့မဟုတ် အဆိပ်ခပ်ခြင်း… စသည်ဖြင့် အခြားနည်းဗျူဟာများ စီစဉ်ထားမည်ဖြစ်၏။
ဆန္ဒရှိလျှင် နည်းလမ်းရှိလိမ့်မည်သာ ဖြစ်သည်။
သို့သော် လုစန်းသည် ထိုကဲ့သို့သော အတိုင်းအတာအထိ လိုအပ်သူ မဟုတ်ပေ။
ချန်ကျဲ့ စူးယွင်ကျင်းကို လျစ်လျူရှု၍ ယုန်ကို အရေဆုတ်ခြင်းနှင့် အတွင်းကလီစာများ သန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်နေလိုက်သည်။
ချန်ကျဲ့ သူမအား အရေးမစိုက်သည်ကို မြင်သောအခါ စူးယွင်ကျင်း ခဏမျှ တွေဝေသွား၏။ ထို့နောက် အိမ်ထဲသို့ ပြန်ဝင်၍ နေ့လယ်က တူးယူခဲ့သည့် တောဟင်းရွက်များကို စတင် ဆေးကြောသည်။
စူးယွင်ရွေ့သည်တော့ ချန်ကျဲ့ကို ကြောက်ရွံ့နေဆဲ ဖြစ်လေရာ အကွာအဝေးတစ်ခု ထိန်းထား၏။ စူးစမ်းလိုစိတ်ဖြင့် ချန်ကျဲ့ ယုန်သားကိုင်နေခြင်းအား ကြည့်နေခဲ့သည်။
စူးယွင်ရွေ့ စိတ်ထဲမှ တွေးလိုက်သည်။
“ယုန်သားက အရမ်းစားကောင်းမယ့်ပုံပဲ”
သို့သော် စူးယွင်ရွေ့သည် အနီးသို့ ကပ်မလာဝံ့ဘဲ ချန်ကျဲ့အား ကြောက်ရွံ့နေဆဲ ဖြစ်ပေသည်
သို့ဖြင့် ခြံဝင်းတစ်ခုလုံးမှာ တိတ်ဆိတ်နေခဲ့သည်။
ထိုစဉ် မနီးမဝေးတစ်နေရာ၌ ဦးလေးအာ့ပါးသည် တုတ်ကောက်ကို အမှီသဟဲပြုလျက် သူ၏အိမ်သို့ပြန်ရောက်လာသည်။
အသက်ကြီးရင့်၍ ဖြူဖျော့သည့်အသားအရေရှိသော အမျိုးသမီးကြီးမှ သူ့အား နှုတ်ဆက်၏။
“ရှင့်ရဲ့ခြေထောက်တွေက ကောင်းတာလည်း မဟုတ်ဘဲနဲ့ လျှောက်သွားနေတာပဲ။ ဒီနေ့ရက်ရမယ့် ခြင်းတောင်းကို ဟူဇစ်ကိုပဲ တစ်ယောက်တည်း လုပ်ခိုင်းလိုက်တော့”
ထိုအခါ ဦးလေးအာ့ပါးမှ ပြန်ပြောသည်။
“ချန်ကျိုစစ်တို့်မိသားစု ပြဿနာဖြစ်တော့ ငါသွားကြည့်သင့်တယ်လို့ တွေးမိလို့။ ငါတို့အပေါ် ဦးလေးက အမြဲကောင်းပေးခဲ့တာကို ငါတို့လည်း ကျိုစစ်တို့ကို လျစ်လျူရှုမထားသင့်ဘူးလေ”
“ရှင်က သူတို့ကို သွားထောက်ပံ့ပေးမယ်ပေါ့လေ။ အဲဒီလောင်းကစားသမား ချန်ကျိုစစ်က ရှင့်ဦးလေးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို လောင်းကစားလုပ်ပြီး ဖြုန်းပစ်လိုက်ပြီ။ သူ့ရဲ့ အောက်ခြေမရှိတဲ့ တွင်းပေါက်ကြီးကို ဖြည့်ဆည်းပေးဖို့ ရှင့်ရဲ့အားနည်းတဲ့ခန္ဓာကိုယ်လေးက ငွေတုံးဘယ်လောက်များ ညှစ်ထုတ်ပေးနိုင်မှာမလို့လဲ”
ဦးလေးအာ့ပါး သက်ပြင်းချ၏။ အမျိုးသမီးသည်လည်း သက်ပြင်းချ၏။
“ကျွန်မက အဲဒီမိန်းကလေးယွင်ကျင်းအတွက် စိတ်မကောင်းဖြစ်မိရုံပါပဲ။ ဒါနဲ့ အဲဒီလုစန်းမိသားစုက အပေါက်ဆိုးတဲ့မိန်းမက ယွင်ကျင်းကို ခက်ခဲအောင်တော့ မလုပ်ပါဘူးနော် ဟုတ်တယ်မလား”
ဦးလေးအာ့ပါးမှ ပြန်ပြောသည်။
“လုပ်ခဲ့တာပေါ့။ အဲဒါကြောင့် ငါကြားဝင်ဖြေရှင်းပေးချင်ခဲ့ပေမဲ့ ကျိုစစ် ပြန်ရောက်လာတယ်”
“ဘာလဲ အဲဒီသုံးစားမရတဲ့ကောင်က အပြင်လူဘက်က ပါပြီး ယွင်ကျင်းကို အနိုင်ကျင့်ပြန်ပြီလား”
အမျိုးသမီးကြီးသည် အံ့အားသင့်စွာ မျက်လုံးအပြူးသားဖြင့် ပြောသည်။
ဦးလေးအာ့ပါးမှ ပြန်ပြောသည်။
“မဟုတ်ပါဘူး။ ကျိုစစ်က ယွင်ကျင်းကို ကူညီပေးခဲ့တာ၊ အဲဒီအပေါက်ဆိုးတဲ့မိန်းမကိုတောင် ရိုက်လိုက်သေးတယ်”
“ဘာ!”
အမျိုးသမီးကြီးသည် အံ့အားသင့်မှုကြောင့် မျက်လုံးတို့ပြူးကျယ်သွားပြန်ကာ မေးမြန်းသည်။
“အဲဒီသုံးစားမရတဲ့ကောင်က နည်းလမ်းပြောင်းသွားပြီလား”
“ကြည့်ရတာတော့ သူ နည်းနည်းပြောင်းလဲသွားပုံပဲ”
ဦးလေးအာ့ပါးမှ ပြောသည်။
ထိုအခါ အမျိုးသမီးမှ ပြောသည်။
“အဲဒါ မကောင်းဘူး။ အဲဒီလုစန်းတို့လင်မယားက အနိုင်ကျင့်တတ်တဲ့သူတွေ၊ ကျိုစစ်က သူတို့ကို အပြစ်ပြုခဲ့ပြီဆိုတော့ ကျိုစစ်တော့ ပျက်စီးကိန်းဆိုက်ပြီ မဟုတ်ဘူးလား”
ဦးလေးအာ့ပါးသည်လည်း စိုးရိမ်ပူပန်စွာ မျက်မှောင်ကြုတ်လျက် ပြောလာသည်။
“ရှင်မ အိမ်မှာရှိတဲ့ ပြား၅၀ကို ယူလာခဲ့လိုက်”
“ဘာလဲ ရှင်က ဘာအတွက် ပိုက်ဆံလိုတာလဲ”
ဦးလေးအာ့ပါးသည် ဇနီးဖြစ်သူအား ကြည့်လျက် ထပ်ပြောသည်။
“ယူလာခဲ့စမ်းပါကွာ”
“မရဘူး။ အဲဒီပိုက်ဆံက ဟူဇစ် လက်ထပ်ဖို့အတွက် စုထားတာ။ ကျွန်မ ရှင့်ကို မပေးနိုင်ဘူး”
“အာ ဒီစိတ်လွတ်နေတဲ့မိန်းမကတော့ မင်းအခု ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား။ ပေးစမ်းပါ”
ဦးလေးအာ့ပါးသည် ဒေါသတကြီးဖြင့် ရုတ်တရက် အော်ပြော၏။ မျက်နှာအမူအရာသည်လည်း တင်းမာနေခဲ့သည်။ ဦးလေးအာ့ပါးမှာ အနည်းငယ် မသန်စွမ်းသော်ငြား ဦးလေးအာ့ပါး အမှန်တကယ် စိတ်ဆိုးဒေါသထွက်လျှင် အဒေါ်အာ့ပါးသည်လည်း မလွန်ဆန်ရဲပါချေ။
ထို့နောက် ဦးလေးအာ့ပါးသည် တုတ်ကောက်ကို အမှီပြုလျက် ကြိမ်ပင်ဖြင့် ခြင်းတောင်းရက်နေသော ၁၇နှစ်၊၁၈နှစ်အရွယ်ခန့် လူငယ်လေးတစ်ဦးရှိရာ ခြံဝင်းသို့ ဦးတည်ထွက်သွားသည်။ လူငယ်လေးသည် ကြိမ်ပင်ကိုယ်ထည်အား ဓားဖြင့် လျင်မြန်စွာ ခွဲနေခဲ့သည်မှာ အလွန်ကျွမ်းကျင်လှပေသည်။
“ဟူဇစ် ကျိုစစ်ဆီကို ပြောင်းဆန်၅ကျင်း ယူသွားပေးလိုက်၊ သူတို့အိမ်မှာ အစားအစာတွေ ကုန်နေပြီ”
“ဟုတ်ကဲ့ အဖေ”
လူငယ်လေး ထရပ်လိုက်သည်။ နေရောင်ခြည်သည် သူ၏ကြေးညိုေရာင် အသားအရေပေါ်သို့ ဖြာကျနေလေရာ အလွန်ကြံ့ခိုင်သန်မာဟန် ထင်ဟပ်စေသည်။ ၎င်းမှာ ကာလကြာရှည်စွာ အဝတ်ဗလာဖြင့် ခြင်းတောင်းရက်ခြင်း၏ ရလဒ်ဖြစ်၏။
လူငယ်လေး အိမ်ထဲသို့ ဝင်သွားသည်နှင့် ဇနီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းသံ တစ်ဖန်ထွက်ပေါ်လာပြန်သည်။
“စားစရာပါ လိုချင်သေးတယ်ပေါ့လေ။ ကျွန်မတို့က အသက်ဆက်မရှင်ရတော့ဘူးလား။ နှလုံးသားမရှိတဲ့ကောင် ဒီပိုက်ဆံနဲ့ အစားအသောက်တွေကိုသုံးပြီး ရှင့်ရဲ့ အဲဒီအောက်ခြေမရှိတဲ့ တွင်းပေါက်ကိုသာ သွားဖို့နေလိုက်တော့…”
အိမ်ထဲမှ ဇနီးဖြစ်သူ၏ ဆူပူကြိမ်းမောင်းသံများကို ကြားနေရလေရာ ဦးလေးအာ့ပါးသည် ခြင်းတောင်းရက်သည့်နေရာတွင် ထိုင်လိုက်သည်။ ကြိမ်ပင်များကို ကောက်ယူ၍ ခြင်းတောင်းရက်ရင်းဖြင့် တစ်ကိုယ်တည်း ရေရွတ်၏။
“ငါ သူတို့ကို ဒီတိုင်း လျစ်လျူရှုထားလို့ မရဘူးလေ မဟုတ်ဘူးလား …”