ယုန်သားဟင်းတစ်ပွဲ
Vol. 1 Ch. 8
ချန်ရှောင်ဟူသည် ပြောင်းဆန်၅ကျင်းထည့်ထားသည့် ဖျင်အိတ်တစ်အိတ်ကို သယ်ဆောင်၍ ချန်ကျဲ့တို့အိမ်သို့ ထွက်လာခဲ့သည်။
အနည်းငယ်မျှ လမ်းလျှောက်ပြီးချိန်တွင် စားသောက်ပြီး၍ သစ်ပင်ကြီးအောက်တွင် နေပူဆာလှုံနေသော ချန်စန်းလျို့တို့မိသားစုကို တွေ့လိုက်ရသည်။
“ဦးလေး”
ချန်ရှောင်ဟူမှ နှုတ်ဆက်လိုက်သည်။
ချန်စန်းလျို့သည် အရေးမထားဟန် ခေါင်းအသာညိတ်၍ ပြန်နှုတ်ဆက်သည်။ ထိုစဉ် သူ၏ဘေးရှိ အသက်၂၀ဝန်းကျင် လူငယ်လေးမှ ချန်ရှောင်ဟူအား စကားလှမ်းပြောသည်။
“ရှောင်ဟူ မင်း အဲဒီဆန်အိတ်နဲ့ ဘာလုပ်မလို့လဲ”
ချန်ရှောင်ဟူမှ ပြန်ဖြေသည်။
“ကျိုစစ်တို့မိသားစုမှာ စားစရာ ကုန်နေလို့တဲ့၊ အဲဒါ ငါသူတို့ကို နည်းနည်းလောက် သွားပို့ပေးမလို့”
“အို ဒီကလေးကတော့ တုံးအလိုက်တာ!”
ချန်ရှောင်ဟူ၏စကားကို ကြားသောအခါ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ချန်စန်းလျို့မှ မတ်တပ်ထရပ်၍ ပြောလာခဲ့သည်။
“အဲဒီကောင်လေး ကျိုစစ်က လောင်းကစားစွဲနေတာ မျှော်လင့်ချက်မရှိတော့ဘူး။ လူတိုင်း သူ့ကို ပလိပ်ရောဂါလို ရှောင်နေကြတာကို မင်းတို့မိသားစုကတော့ သူ့ကို အစားအသောက်တွေ သွားပို့ပေးနေသေးတယ်။ မင်းတို့မှာ အရမ်းတွေ ပိုလျှံနေလို့လားဟေ။ သွား သွား ပြန်သွားတော့”
ချန်စန်းလျို့သည် ချန်ရှောင်ဟူအား အလွန်အရေးကြီးသည့် ကိစ္စကြီးအလား အလေးအနက်ထား ပြောလေသည်။
သို့သော် ချန်ရှောင်ဟူမှ ပြန်ပြောသည်။
“ဦးလေးစန်းလျို့ ကျွန်တော့်အဖေက ပြောတယ်၊ ကျိုစစ် ပြောင်းလဲသွားပြီတဲ့”
“ဘာကို ပြောင်းလဲမှာလဲ။ သူသာ ပြောင်းလဲနိုင်ရင်တော့ ငါက မျောက်ရဲ့ဦးလေးပဲ ဖြစ်လိမ့်မယ်။ ငါပြောတာနားထောင်၊ မင်းအိမ်ပြန်လိုက်တော့။ မဟုတ်ရင် မင်းရဲ့အဲဒီပြောင်းဆန်တစ်အိတ်က သူတို့ယူသွားပြီး မင်းတို့ ဘယ်တော့မှ ပြန်မြင်ရမှာ မဟုတ်တော့ဘူး”
“ဟုတ်တယ် ရှောင်ဟူ၊ မတုံးစမ်းပါနဲ့ကွာ။ ချန်ကျိုစစ်က အငတ်ခံရဖို့ ထိုက်တန်တယ်။ ငါတို့ သူနဲ့ ဝေးဝေးနေသင့်တယ်။ အရင်တစ်ခေါက်က သူငါတို့ဆီကို အစားအသောက်တောင်းဖို့ တံခါးလာခေါက်သေးတာ။ ငါတို့မှာ အဲဒီတုန်းက အိမ်မှာ လူမရှိသလို ဟန်ဆောင်ခဲ့ကြရသေးတယ်။ မင်းတို့ကတော့ သူ့ကို အစားအသောက် သွားပို့ပေးမလို့တဲ့လား။ မင်းတို့ရူးနေကြပြီလား”
အသက်နှစ်ဆယ်ဝန်းကျင် လူငယ်သည်လည်း ရှောင်ဟူကို ဖျောင်းဖျရန် ကြိုးပမ်းသည်။
သူ့အား အကြံပြုနေသည့် ဦးလေးနှင့် ညီအစ်ကိုဝမ်းကွဲကို ကြည့်လျက် ရှောင်ဟူ တွန့်ဆုတ်သွားရသည်။ နောက်ဆုံးတွင်တော့ ပြောလိုက်သည်။
“ဟုတ်ကဲ့ ကျွန်တော် အိမ်ပြန်ပြီး အဖေ့ကို မေးလိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် ချန်ရှောင်ဟူသည် အိမ်သို့ လှည့်ပြန်လာခဲ့သည်။
ထွက်ခွာသွားသည့် ချန်ရှောင်ဟူကို ကြည့်၍ ချန်စန်းလျို့သည် ချန်အာ့ပါး၏အိမ်သို့ တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“အဲဒီထော့ကျိုးအာ့ပါးကလည်း တုံးအလိုက်တာ။ ငါတို့ရဲ့ ဦးလေးက ကွယ်လွန်သွားပြီလေ။ ငါတို့အတွက် ရစရာ ဘာအကျိုးကျေးဇူးမှ မရှိတော့ဘူးကို ဘာလို့ အဲဒီအပြင်လူတစ်ယောက်အတွက် စိတ်အနှောင့်အယှက် အဖြစ်ခံနေတာလဲပဲ”
ချန်စန်းလျို့ ခေါင်းတရမ်းရမ်းဖြင့် ပြောနေခဲ့သည်။
“အရင်တုန်းက အဖေတို့ရဲ့ဦးလေးကြီးသာ သူ့ရဲ့ဆေးပညာရပ်ကို အဖေ့ကို သင်ကြားပေးခဲ့ရင် ဒီနေ့လိုမျိုး အဆုံးသတ်သွားမှာ မဟုတ်ဘူး”
လူငယ်လေးမှ ထပ်ပေါင်းပြောသည်။
အမျိုးသားနှစ်ဦးသည် မခံမရပ်နိုင်ဖြင့် ခေါင်းခါရမ်းနေကြလေသည်။
သူတို့၏ဦးလေးကြီးသည် သားယောက်ျားလေးမရှိသည့် အခြေအနေတွင် တူဖြစ်သူအား ပညာအမွေပေးရန် မရွေးချယ်ဘဲ သမက်ရှာဖွေခဲ့ရခြင်းကို နားမလည်နိုင်ပါချေ။ သူ၏ထိုသမက်သည် မိသားစုစီးပွားရေးအား ဖျက်ဆီးရုံမှတစ်ပါး အခြားမသိသည့် သုံးစားမရသည့်ကောင်ကို မွေးဖွားပေးခဲ့လေသည်။
သူတို့သည် ချန်ကျဲ့အား စဉ်းစားဆင်ခြင်ဉာဏ်မရှိသော ဆန်ကုန်မြေလေးဟု စိတ်ထဲတွင် ကျိန်ဆဲနေခဲ့ကြသည်။ သို့သော် ချန်ကျိုစစ်အား လောင်းကစားနှင့် စတင်ထိတွေ့စေခဲ့သူမှာ အလွန်ကောင်းမွန်လှစွာသော ဤဝမ်းကွဲညီအစ်ကိုလေး ဖြစ်နေလိမ့်မည်ဟု ဘယ်သောအခါမျှ တွေးထင်ကြလိမ့်မည် မဟုတ်ပေ။
ချန်ကျိုစစ် လောင်းကစားကို စွဲလမ်းသွားသည်နှင့်တစ်ပြိုင်နက် ထိုဝမ်းကွဲညီအစ်ကိုသည် လောင်းကစားခြင်းကို ချက်ချင်းရပ်တန့်လိုက်သည်။ ထို့နောက်တွင်မူ ချန်ကျိုစစ်၏မိသားစုမှာ ဆိုးရွားသည့်ကံကြမ္မာအတွင်း သက်ဆင်းသွားခဲ့ပြီး လက်ရှိအခြေအနေအထိ ရောက်သွားခဲ့ရသည်။
ဤအခြင်းအရာအားလုံး၏ အကြောင်းအရင်းမှာ သူ၏ဖခင်ဖြစ်သူ၏ ဦးလေးကြီးသည် သူ၏ဖခင်အား ဆေးပညာရပ်ကို မသင်ကြားပေးခဲ့သောကြောင့် ဖြစ်ခဲ့သည်။ သူ၏ဖခင်သည် ဦးလေးကြီးအား အသက်အရွယ်ကြီးရင့်ချိန်တွင် ပြုစုစောင့်ရှောက်ပေးပါမည်ဟု ဒူးထောက်ကမ်းလှမ်းခဲ့သည့်တိုင် လူအိုကြီးသည် ခေါင်းမာစွာဖြင့် သဘောမတူခဲ့ချေ။
ချန်ရှောင်ဟူ အိမ်သို့ပြန်ရောက်လာသည်။ လျင်မြန်စွာ ပြန်ရောက်လာသည့် သားဖြစ်သူကို မြင်သောအခါ ချန်အာ့ပါးမှ မေးသည်။
“ပြောင်းဆန်တွေ ပေးခဲ့ပြီလား”
ချန်ရှောင်ဟူ ခေါင်းခါရမ်း၍ ပြန်ဖြေသည်။
“ကျွန်တော် လမ်းမှာ ဦးလေးစန်းလျို့နဲ့ တွေ့ခဲ့တယ်”
ထိုစကားကို ကြားသောအခါ ချန်အာ့ပါးသည် ရက်လက်စ ခြင်းတောင်းကို ချ၍ ထပ်မံမေးမြန်းသည်။
“သူ ဘာပြောလဲ”
“သူပြောတာ ကျိုစစ်က အောက်ခြေမရှိတဲ့တွင်းလိုပဲတဲ့။ ကျွန်တော်တို့ကို သူ့အတွက်နဲ့ ပြောင်းဆန်တွေ မဖြုန်းတီးဖို့ အကြံပေးလိုက်တယ်”
ချန်အာ့ပါး မျက်မှောင်ကြုတ်လိုက်သည်။
“မင်း သူပြောတာ မှန်တယ်လို့ထင်လား”
ချန်ရှောင်ဟူ တွန့်ဆုတ်သွားပြီး အမြန် ပြန်ဖြေသည်။
“ကျွန်တော် မသိဘူး။ အဲဒါကြောင့် ကျွန်တော် အဖေ့ကို မေးဖို့ ပြန်လာတာ”
ချန်အာ့ပါး၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွား၏။
“ချန်စန်းလျို့က ကျေးဇူးတရားကို တန်ဖိုးမထားတာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါသူ့ကို အတုမယူနိုင်ဘူး။ ဒီပြောင်းဆန်ကို သွားပေးလိုက်၊ ဒါပေမဲ့ လမ်းလွှဲသွား”
“ဟုတ်”
ချန်ရှောင်ဟူ နောက်တစ်ကြိမ် ပြန်ထွက်သွားသည်။ ချန်အာ့ပါး သက်ပြင်းချမိ၏။ ထိုစဉ် သူ၏ဇနီးသည်လည်း အိမ်ထဲမှ ထွက်လာခဲ့ပြီး ပြောသည်။
“အာ့ပါး ချန်စန်းလျို့က ဦးလေးကြီးရဲ့ သူ့အပေါ် ကျေးဇူးတရားတွေကို လုံးဝ ဂရုမစိုက်ဘူး။ ရှင် ဦးလေးကြီးဆီက လက်ခံယူထားခဲ့တဲ့ ကျေးဇူးတရားဆိုတာ သူ့ထက်နည်းတယ်။ အဲဒါကို ရှင်ဘာလို့ အရမ်းတွေ ဂရုစိုက်နေရတာလဲ”
ချန်အာ့ပါး ဇနီးဖြစ်သူအား စူးရဲစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ပြစ်တင်ပြောဆို၏။
“မင်းက ဘာသိလို့တုန်း။ ပြန်သွားပြီး စားစရာသာ ချက်နေစမ်းပါ”
ထိုသို့ပြော၍ ချန်အာ့ပါးသည် ခြင်းတောင်းကို ဆက်လက်ရက်သည်။ ခြင်းတောင်းတစ်တောင်းလျှင် ငွေနှစ်ပြားတန်ကြေးရှိ၏။ ရက်နိုင်သည့် ခြင်းတောင်းအရေအတွက် များပြားသည်နှင့်အမျှ ရှာဖွေနိုင်သည့် ငွေပမာဏလည်း များပြားပေသည်။
တကယ်တမ်းတွင် ချန်အာ့ပါး၏ဇနီးသည် ပြောခဲ့သည်မှာ ချန်စန်းလျို့နှင့် ယှဉ်လျှင် အတော်လေး ကျိုးကြောင်းဆီလျော်ပါ၏။ ချန်အာ့ပါး ဦးလေးဖြစ်သူထံမှ ရခဲ့ရှိသည့် အကျိုးအမြတ်များမှာ ချန်စန်းလျို့တို့ထက် အများကြီး နည်းပါးပေသည်။
ချန်စန်းလျို့သည် စကားပြောကောင်းသည့် ပါရမီဖြင့် မွေးဖွားလာခဲ့သူဖြစ်သည်။ ဦးလေး အသက်ရှိစဉ်အခါက ချန်စန်းလျို့သည် ဦးလေးဖြစ်သူအား မကြာခဏ မျက်နှာလိုမျက်နှာရလုပ်လေ့ရှိသည်။ ဦးလေးသည် မိုင်ပေါင်းများစွာအထိ အမည်ကျော်ကြားသည့် သမားတော်တစ်ဦးဖြစ်ပြီး ဝင်ငွေကောင်းသည်။ ထို့ပြင် ဦးလေး၌ သမီးမိန်းကလေး တစ်ဦးတည်းသာရှိရာ ဤလောကတွင် ဦးလေး၏ပညာအမွေကို ဆက်ခံမည့်သူ မရှိခဲ့ချေ။
ထို့ကြောင့် ဦးလေးသည် တူများအပေါ် ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ ဥပမာဆိုရသော် ချန်စန်းလျို့ လက်ထပ်သောအခါ ဦးလေးသည် အိမ်အသစ်တစ်လုံး ဆောက်ရန်အတွက် ငွေကြေးကျခံပေးခဲ့သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းစတင်ရန် မတည်ပေးသည့်အနေဖြင့် လယ်ကွက်၃ဧက ပေးခဲ့သည်။
၎င်းတို့သည် မိမိ၏သားဖြစ်သူကိုသာ ပြုလုပ်ပေးလောက်မည့် ဆက်ဆံပေးမှုမျိုး ဖြစ်ပါ၏။
စကားပြောမကောင်းသည့် ချန်အာ့ပါးကိုမူ ဦးလေးသည် အရမ်းကြီး ချစ်ခင်နှစ်ခြိုက်မှု မရှိခဲ့ပေ။ ဦးလေးသည် ချန်အာ့ပါး၏ ကိုးယိုးကားယားနိုင်သော စကားပြောပုံနှင့် မသန်စွမ်းသည့် ခန္ဓာကိုယ်ကို မြင်သောအခါ လက်မှုပညာကို သင်ယူစေခဲ့သည်။ အိမ်နီးချင်းရွာမှ ဝါးခြင်းတောင်းရက်လုပ်ရာ၌ ကျွမ်းကျင်သူထံတွင် ဝါးခြင်းတောင်းရက်လုပ်ခြင်း အတတ်ပညာကို သင်ယူစေခဲ့သည်။
ထို့ကြောင့်ပင် ဒီနေ့တွင် သူ့၌ စားစရာ ထမင်းတစ်ပန်းကန် ရှိနေခြင်း ဖြစ်ပေသည်။ ဦးလေး၏ ထိုကြင်နာမှုအား သူ တစ်သက်တာလုံး အမှတ်ရသွားမည် ဖြစ်ပါ၏။
ချန်ကျိုစစ်သည် အခြားမျိုးရိုးမှ ချန်မိသားစုသို့ လက်ထပ်ဝင်ရောက်လာခဲ့သည့် ယောက်ျားတစ်ယောက်၏ သွေးသားဖြစ်သည်။ သို့သော် ချန်ကျိုစစ်သည်လည်း ချန်မိသားစု၏ မျိုးရိုးမှတ်တမ်းတွင် ပါဝင်လေရာ ချန်အာ့ပါးကို ‘ဦးလေး'ဟု ခေါ်ရမည်ဖြစ်၏။ ထို့ကြောင့် ချန်အာ့ပါးသည် ချန်ကျိုစစ်ကို တစ်ကြိမ်တစ်ခါမျှ အပြင်လူတစ်ယောက်အဖြစ် မဆက်ဆံခဲ့ပါချေ။
ယခင်က ချန်ကျိုစစ်သည် လောင်းကစားကို အလွန်အမင်း စွဲလမ်းနေခဲ့သည်။ ချန်ကျိုစစ်ကို ထိန်းကျောင်းရန်မှာ ခက်ခဲလွန်းပြီး တကယ့်ကို ထိန်းချုပ်မရသူဖြစ်၏။ သို့သော် ယခုတွင် ချန်ကျိုစစ်သည် တိုးတက်မှုလက္ခဏာများ ပြသလာခဲ့ရာ ချန်အာ့ပါးအနေဖြင့် တူဖြစ်သူအား လက်ကမ်းပေးရပေမည်။
ချန်ရှောင်ဟူသည် ပို၍ဝေးသော လမ်းကြောင်းမှ ချန်ကျိုစစ်၏အိမ်သို့ ရောက်လာခဲ့သည်။ တံခါးခေါက်လိုက်သောအခါ လူတစ်ယောက်မှ တံခါးလာဖွင့်ပေးသည်။ ထိုလူမှာ စူးယွင်ကျင်းဖြစ်၏။
ချန်ရှောင်ဟူ စူးယွင်ကျင်းကို ချက်ချင်း နှုတ်ဆက်လိုက်သည်။
“မရီး မင်္ဂလာပါ”
စူးယွင်ကျင်းသည် ရှောင်ဟူအပေါ် ကောင်းမွန်သည့်အမြင်ရှိသောကြောင့် ပြန်မေးလိုက်သည်။
“ရှောင်ဟူ ဒီကို ဘာလို့ရောက်လာတာလဲ”
ရှောင်ဟူမှ ပြောသည်။
“ကျွန်တော့်အဖေက မရီးတို့ဆီကို ပြောင်းဆန်လာပို့ခိုင်းလို့ပါ”
ရှောင်ဟူ ပြောင်းဆန်အိတ်ကို ညွှန်ပြလိုက်သည်။ စူးယွင်ကျင်းသည် မိမိတစ်ဦးတည်း ဆုံးဖြတ်ချက်မချဝံ့ပေ။ ထိုစဉ် အိမ်ထဲမှ ချန်ကျဲ့၏အသံ ထွက်ပေါ်လာသည်။
“ဘယ်သူလဲ”
စူးယွင်ကျင်း ပြောလိုက်သည်။
“ရှောင်ဟူ ရောက်လာတာ။ မင်းကံကောင်းသွားတယ်၊ မင်းအစ်ကိုက အိမ်မှာရှိနေတယ်။ ပြောင်းဆန်ထုပ်ကို မင်းအစ်ကိုကိုပဲ ပေးလိုက်ပါ”
“အိုး ကောင်းပြီ”
ထို့ကြောင့် ရှောင်ဟူသည် ချန်ကျဲ့ကိုရှာရန် ခြံဝင်းထဲသို့ ဝင်လိုက်သည်။
ယခင်က ရှောင်ဟူနှင့် ချန်ကျဲ့တို့၏ ဆက်ဆံရေးသည် အတူ တွဲသွားတွဲလာဖြင့် အတော်လေး ကောင်းမွန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ချန်ကျဲ့သည် လောင်းကစားစွဲ၍ အရက်သေရည်သောက်စားကာ လူရိုက်တတ်လာသောကြောင့် ချန်အာ့ပါးသည် ရှောင်ဟူအား ချန်ကျဲ့နှင့် ပေါင်းသင်းဆက်ဆံခြင်းကို တားမြစ်ခဲ့သည်။
ရှောင်ဟူသည် ဖခင်ဖြစ်သူ၏ အခက်အခဲများကို ငယ်စဉ်ကတည်းက မြင်တွေ့လာခဲ့သူဖြစ်သည်။ သို့ဖြစ်ရာ မိသားစု၏ အကန့်အသတ်ရှိသော အရင်းအမြစ်များကို မဖြုန်းတီးရန် နားလည်ပေသည်။ ထို့ကြောင့် ချန်ကျဲ့နှင့် တွဲသွားတွဲလာလုပ်ခြင်းကို ရပ်တန့်ခဲ့သည်။
ချန်ကျဲ့ ရှောင်ဟူကို မြင်သောအခါ ရှောင်ဟူနှင့်ပတ်သက်သည့် မှတ်ဉာဏ်များအားလုံး စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ရှောင်ဟူသည် စဉ်းစားချင့်ချိန်တတ်သော ကလေးတစ်ယောက်ဟု ချန်ကျဲ့ သတ်မှတ်လိုက်သည်။
ချန်ကျဲ့ ရှောင်ဟူကို မေးလိုက်သည်။
“ရှောင်ဟူ အဲဒါဘာတွေလဲ”
ရှောင်ဟူ ပြန်ပြောသည်။
“ငါ့အဖေပြောတာ မင်းတို့အိမ်မှာ စားစရာကုန်နေတယ်တဲ့။ အဲဒါကြောင့် ငါ့ကို မင်းဆီ ပြောင်းဆန်နည်းနည်း ပို့ပေးခိုင်းလိုက်တာ”
ထိုစကားများကြောင့် ချန်ကျဲ့ ရင်ထဲလှုပ်ခတ်သွားခဲ့၏။ ဤအချိန်ကိုက် ကူညီမှုကို မှတ်သားထားလိုက်ပြီး ပြုံးလိုက်သည်။
“ကောင်းပြီ ယွင်ကျင်း ယူထားပေးပါဦး။ ငါတို့ ပြောင်းဆန်တစ်အိုး ချက်ရအောင်။ ဒါနဲ့ ဟူဇစ် ငါဒီနေ့ အတော်ဝတဲ့ ယုန်တစ်ကောင် ဖမ်းမိထားတယ်။ အခု ချက်နေပြီ။ မင်း ငါတို့နဲ့အတူ စားသွားလိုက်ပါလား”
ယုန်သားလား။
ဂလုတ်!
ထိုစကားကိုကြားသောအခါ ရှောင်ဟူ တံတွေးမျိုချလိုက်မိ၏။ သို့သော် ဦးနှောက်ထဲတွင် အံ့အားသင့်နေဆဲဖြစ်သည်။
“မစားတော့ဘူး ကျေးဇူးပဲ ကျိုစစ်။ ငါအိမ်မှာ ခြင်းတောင်းရက်ဖို့ အများကြီးကျန်နေသေးလို့ ထပ်နေလို့ မရတော့ဘူး”
ထိုသို့ပြော၍ ဟူဇစ် ပြန်သွားရန် ဟန်ပြင်သည်။ သို့သော် ချန်ကျဲ့မှ ချက်ချင်းပြောလာ၏။
“ခဏလေးနေဦး”
ချန်ကျဲ့ ဟင်းအိုးကို သွားကြည့်လိုက်သည်။ တောဟင်းရွက်များနှင့် ယုန်သား ကျက်နေပြီကို မြင်သောအခါ ပန်းကန်လုံးကြီးတစ်ခွက်စာ ခပ်ထည့်လိုက်သည်။
“ရော့ ဟူဇစ်၊ ဦးလေးအာ့ပါးကို ကျေးဇူးတင်တဲ့အနေနဲ့ ဒါလေး ပြန်ယူသွားပေးပါ”
“အာ ဒါက ကျိုစစ်.. ငါယူလို့ မရဘူး။ ငါ မယူသင့်ဘူး”
ဟူဇစ်သည် ငြင်းဆန်နေ၏။ ယုန်သားဟင်းတစ်ခွက်သည် ပြောင်းဆန်၅ကျင်းထက် များစွာပို၍ အဖိုးတန်သည်။ ၎င်းသည် အသားဟင်းဖြစ်၏!
ချန်ကျဲ့လည်း အတင်းတိုက်တွန်းသည်။
“ကောင်းပြီ ထပ်မငြင်းနဲ့တော့။ ဒီတိုင်း ယူသွားလိုက် မဟုတ်ရင် မင်းအစ်ကိုငါ စိတ်ဆိုးမိတော့မယ်”
မငြင်းဆန်နိုင်တော့ရာ ဟူဇစ်သည် ယုန်သားဟင်းတစ်ခွက်ကို အိမ်သို့ ပြန်သယ်လာခဲ့သည်။ ဟူဇစ် အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူ၏ တောဟင်းရွက်ဖက်ထုပ်များလည်း အဆင်သင့်ဖြစ်နေပေပြီ။ အသားဟင်းခွက်ကို သယ်လာသည့် ဟူဇစ်ကို မြင်သောအခါ သူမ အံ့ဩသွား၏။
“ဒီအသားဟင်းကို ဘယ်က ရလာတာလဲ”
ဟူဇစ် ပြန်ပြောသည်။
“ကျိုစစ် ပေးလိုက်တာ”
“ဒါက…”
ဟူဇစ်၏မိခင်သည် ဘာပြောရမည် မသိတော့ချေ။
ဦးလေးအာ့ပါး အိမ်ထဲပြန်ဝင်လာသောအခါတွင်လည်း ယုန်သားဟင်းတစ်ခွက်ကို မြင်လိုက်ရ၏။ ထိုအခါ ဟူဇစ်မှ အကင်းပါးစွာ ပြောလာသည်။
“အဖေ ကျိုစစ် ပေးလိုက်တာ။ ကျွန်တော် ပြန်သွားပေးလိုက်သင့်လား”
ဦးလေးအာ့ပါးသည် ခေတ္တရပ်တန့်နေပြီးနောက် ပြန်ပြောလာသည်။
“ယူထားပြီး စားလိုက်ရအောင်။ ဒါက ကျိုစစ်ရဲ့ကြင်နာမှုထားတဲ့ အပြုအမူပဲလေ”
“တစ်ခုခုမှားနေသလိုပဲ။ ငါ ဒီအသားဟင်းတစ်ခွက်ကို စားပြီးသွားရင်… ဟူဇစ် မင်းအမေလုပ်ထားတဲ့ တောဟင်းရွက်ဖက်ထုပ် ၆ခုယူလိုက်။ မင်းအမေ ပြောင်းဆန်မှုန့် ခွက်တစ်ဝက်တောင် ထည့်လုပ်ထားတာမလို့ ဖက်ထုပ်တွေက အတော်လေး စားကောင်းတယ်။ မင်း ပန်းကန်လုံး ပြန်သွားပေးတဲ့အခါကျ ဖက်ထုပ်တွေပါ ထည့်ယူသွားလိုက်”
“အာ ကျွန်တော် အခုသွားလိုက်မယ်”
ဟူဇစ် အသားဟင်းကို အခြားပန်းကန်လုံးတစ်ခုထဲသို့ ပြောင်းထည့်လိုက်သည်။ ဟူဇစ်၏မိခင်သည် ချန်မိသားစုကို ပြန်ပေးရန်အတွက် အရွယ်အစားပိုကြီးမားသော တောဟင်းရွက်ဖက်ထုပ်၆ခုကို ရွေးထုတ်ထည့်ပေးနေသည်။