လုစန်းကို ရိုက်နှက်ခြင်း
Vol. 1 Ch. 11
“အမ်!”
ချန်ကျဲ့ စူးယွင်ကျင်းအား ပြုံးပြခဲ့သည်။ ထို့နောက် ခြံတံခါးဘက်သို့ ပြန်လှည့်သွားချိန်တွင်မူ အကြည့်များအေးစက်သွားခဲ့သည်။ ဤခေတ်အခါ၌ လူကောင်းများသည် အနိုင်ကျင့်ခံရပြီး မြင်းကောင်းများသည် စီးနင်းခြင်းခံရသည်။ ချန်ကျိုစစ်သည် သည်းခံတတ်သူဖြစ်ခဲ့လိမ့်မည်။ သို့မဟုတ်ပါက ဤအခြေအနေအထိ အနိုင်ကျင့်ခံရလိမ့်မည် မဟုတ်ပေ။
သို့သော် ချန်ကျဲ့သည် ယခုအချိန်မှ စတင်၍ လုံးဝ ပြောင်းလဲပစ်ရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။
ထိုအတွေးဖြင့် ချန်ကျဲ့ စနစ်ဇယားကို ဆင့်ခေါ်လိုက်သည်။
ဇယား:
[အမည် : ချန်ကျဲ့]
[အဆင့် : မရှိသေးပါ]
[ကျင့်စဉ် : ယန်ချွမ်ကျင့်စဉ် (အခြေခံအဆင့်)]
[အကဲဖြတ်ခြင်း : သင်က ကျင့်ကြံမှုအဆင့်ထဲကို မဝင်ရောက်ရသေးတဲ့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ သင့်ရဲ့ဘိုးဘေးပိုင် ယန်ချွမ်ကျင့်စဉ်ဟာ အခြေခံအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်တာကြောင့် သာမန်လူများနှင့် ကွဲပြားသွားစေပါတယ်]
ချန်ကျဲ့သည် ရိုးရှင်းသည့်ဇယားကို ဖတ်ကြည့်ပြီးနောက်တွင် သူ၏လက်ရှိအခြေအနေကို နားလည်သွားခဲ့သည်။
မည်သည့်သိုင်းပညာရှင်ဖြစ်စေ ကျင့်စဉ်တစ်ခုအား တစ်နေ့ခင်းတည်းဖြင့် ကျွမ်းကျင်တတ်မြောက်နိုင်မည် မဟုတ်ပေ။ ချန်ကျဲ့ ယန်ချွမ်ကျင့်စဉ်အား အလွန်လျင်မြန်စွာ သင်ယူနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူ၏အဖိုးဖြစ်သူသည် ချန်ကျဲ့အား ငယ်စဉ်ကတည်းက ခိုင်မာသည့် အခြေခံအုတ်မြစ် တည်ရှိစေခဲ့သောကြောင့် ဖြစ်သည်။ အနည်းငယ်မျှ လမ်းညွှန်ပေးရုံဖြင့် အခြေခံအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ပေသည်။
ချန်ကျဲ့ ဇယားကိုကြည့်ပြီးနောက် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသွား၏။ ယန်ချွမ်ကျင့်စဉ်၏ အသက်ရှူသွင်း၊ ရှူထုတ်ခြင်းကျင့်စဉ်ကို ပြုပြင်မွမ်းမံပြီးနောက်၌ သူ၏ ယခင်က အားနည်းသော ခန္ဓာကိုယ်သည် ရုတ်ချည်း အင်အားကြီးမားလာသည်ဟု ခံစားလိုက်ရသည်။
အရက်သေစာသောက်စားခြင်းကြောင့် ခံစားနေရသည့် မောပန်းခြင်းနှင့် မသက်မသာဖြစ်ခြင်းများလည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။
ယန်ချွန်ကျင့်စဉ်သည် အနည်းငယ် သိသာထင်ရှားစွာ အရာရောက်သည်ဟု ဆိုနိုင်ပေသည်။
ချန်ကျဲ့ ဇယားကို စစ်ဆေးကြည့်နေစဉ် လုစန်းမှာ လူတစ်ယောက်၏ ဟန့်တားခြင်းခံလိုက်ရသည်။ ထိုလူသည် ဦးလေးအာ့ပါးဖြစ်သည်။
ရှောင်ဟူမှ တွဲပေးထားရသော ဦးလေးအာ့ပါးသည် လုစန်းကို ဟန့်တားလိုက်သည်။ တုတ်ကိုင်ထားသည့် လုစန်းသည် ချန်အာ့ပါးကို ကြည့်လိုက်ပြီး မေး၏။
“လူအိုကြီးချန် ခင်ဗျား ဘာလို့ ကျွန်တော့်ကို တားနေတာလဲ”
ချန်အာ့ပါးမှ လုစန်းကိုပြောသည်။
“ညီနောင်လုစန်း ဒီနေ့ဖြစ်ခဲ့တဲ့ ကိစ္စအလုံးစုံကို ငါသိပါတယ်။ ငါ့တူ ကျိုစစ်က စိတ်လိုက်မာန်ပါ ပြုမူမိခဲ့တာပါ။ မင်း ဖြစ်နိုင်ရင်…”
“လူအိုကြီးချန် ခင်ဗျား ဒီကိစ္စကို ဝင်မစွက်ဖက်ပါနဲ့။ ကျွန်တော် ခင်ဗျားကို လေးစားမှုမရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ကျွန်တော့်ဇနီးကို ရိုက်ခဲ့တယ်။ ဒီရန်ငြိုးက အရေးကြီးတယ်။ ကျွန်တော် ဒီနေ့ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်ရမှဖြစ်မယ်”
“ညီနောင်လုစန်း ကျိုစစ်က ငါ့ရဲ့တူပါ။ ငါဘယ်လိုလုပ်ပြီး ဂရုမစိုက်ဘဲ နေနိုင်ပါ့မလဲ။ ဒီမှာ ငါ့မှာ ပြား၅၀ရှိတယ်။ ဒီပိုက်ဆံတွေကို ကျိုစစ် မင်းကို တောင်းပန်တာလို့ သဘောထားပြီး ယူလိုက်ပါ။ ဒီကိစ္စကို ဖြေရှင်းပြီးပြီလို့ သဘောထားလိုက်ရအောင်၊ ရမလား”
လုစန်း ချန်အာ့ပါး၏လက်ထဲမှ ပြား၅၀ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်။
“လူအိုကြီးချန် ခင်ဗျား ကျွန်တော့်ကို သူတောင်းစားတစ်ယောက်လို သဘောထားပြီး ပေါ့ပေါ့တန်တန်ဆက်ဆံနေတာလား။ ကျွန်တော့်ဇနီးကို ရိုက်ခဲ့တာအတွက် ပြား၅၀တဲ့လား။ ကောင်းပြီလေ၊ ခင်ဗျား မရမက ဝင်စွက်ဖက်ချင်တယ်ဆိုရင် ပြား၅၀၀ယူလာခဲ့လိုက်။ မဟုတ်ရင် ဝင်မရှုပ်နဲ့”
ထို့နောက် လုစန်းသည် လက်မလျှော့သေးဘဲ ပြား၅၀ကို သူ၏လက်ထဲသို့ အတင်းထိုးပေးရန် ကြိုးစားနေသည့် ချန်အာ့ပါးကို လျစ်လျူရှုထားလိုက်သည်။
“ညီနောင်လုစန်း ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး၊ မင်း…”
လုစန်းသည် ချန်အာ့ပါးကို လုံးဝ စိတ်ရှုပ်သွားခဲ့ပြီး ရုတ်တရက် ဒေါသတကြီး အော်ဟစ်လေသည်။
“တော်လိုက်တော့ တော်လိုက်တော့လို့၊ ချန်ချွဲ့ဇစ် ငါပြောမယ် ခင်ဗျားဒီကိစ္စကို မကိုင်တွယ်နိုင်ဘူး။ ထွက်သွားလိုက်တော့! ငါ့ကို နောက်တစ်ခေါက် လာနှောင့်ယှက်ရင် ခင်ဗျားကိုလည်း ရိုက်ပစ်မယ်!”
လုစန်းသည် ချန်အာ့ပါး၏လက်ထဲရှိ ကြေးဒင်္ဂါးများကို ရိုက်ပုတ်ချလိုက်သည်။
ချန်အာ့ပါးလည်း မြေပြင်သို့ လဲကျသွား၏။ အဖေဖြစ်သူ တွန်းလှဲခံလိုက်ရသောအခါ ချန်ရှောင်ဟူလည်း ဒေါသထွက်လာခဲ့၏။ ချန်ရှောင်ဟူမှ ရှေ့သို့ တစ်ဇွတ်ထိုး ပြေးဝင်တိုက်ခိုက်တော့မည်အပြုတွင် ချန်အာ့ပါး၏ ဘောင်းဘီစဆွဲ၍ ဟန့်တားခြင်းကို ခံလိုက်ရသည်။
“အဖေ”
ချန်အာ့ပါးသည် ရှောင်ဟူအား ခေါင်းခါရမ်းပြသည်။ ချန်အာ့ပါးသည် သူ၏ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ပြဿနာများကို ရှောင်ဖယ်၍ ရှင်သန်သွားလို၏။
ချန်ရှောင်ဟူသည် ဒေါသကြောင့် သွေးဆူပွက်နေဆဲပင်။ ထိုစဉ် ချန်မိသားစု၏ ခြံဝင်းတံခါး ပွင့်လာခဲ့ပြီး ချန်ကျဲ့ အပြင်ထွက်လာခဲ့သည်။
“ဘယ်သူငါ့ကို ရှာတာလဲ”
ချန်ကျဲ့သည် အမေးစကားဆို၍ အပြင်သို့ တည်ငြိမ်အေးဆေးစွာ ထွက်လာခဲ့သည်။ ထိုအခါ ပုန်းကွယ်ရန် ကြိုးစားနေသည့် လုချင်းစစ်ကို မြင်လိုက်ရသည်။
“ငါ့ကိုရှာတာ မင်းလား”
ချန်ကျဲ့၏ စကားအဆုံး၌ လုချင်းစစ်သည် လုစန်းနောက်သို့ ချက်ချင်းပြေးပုန်းသည်။ သူမသည် သိသိသာသာပင် ချန်ကျဲ့ကို ကြောက်ရွံ့နေပေသည်။
“မင်းကိုရှာနေတာ ငါပဲ!”
လုစန်းသည် ယူလာခဲ့သည့် သစ်သားတုတ်ကို ထောက်မှီလျက် ချန်ကျဲ့အား အေးစက်စွာ ကြည့်နေသည်။
လုစန်းကို မြင်သောအခါ ချန်ကျဲ့၏မျက်နှာထက်တွင် အပြုံးတစ်စ ဖြစ်ပေါ်လာ၏။
“အို အစ်ကိုလုစန်းပါလား။ ဘာကိစ္စလဲ”
လုစန်းသို့ ဦးတည်လျှောက်သွားရင်းဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် လူအားလုံးသည် ချန်ကျဲ့ကိုသာ ကြည့်နေကြ၏။ သူတို့သည် ချန်ကျဲ့မှာ မျက်လုံးရှေ့ရှိ ဤကပ်ဘေးအား အဘယ်သို့ ဖြေရှင်းလိမ့်မည်ကို စိတ်ဝင်စားနေကြသည်။ ခြံဝင်းထဲရှိ စူးယွင်ကျင်းနှင့် ကလေးမလေး စူးယွင်ရွေ့တို့သည်လည်း ခြံတံခါးဝကို လှမ်းကြည့်နေကြပေသည်။
စူးယွင်ကျင်းသည် စိုးရိမ်ထိတ်လန့်စွာဖြင့် ကလေးမလေး၏လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။
ဘာကိစ္စမျှ မရှိသည့်အလား ပြုမူနေသည့် ချန်ကျဲ့၏အပြုအမူကို မြင်သောအခါ လုစန်းသည် ရုတ်ချည်း ဒေါသထွက်လာခဲ့၏။ ထို့နောက် ပြောထုတ်လာသည်။
“ချန်ကျိုစစ် မင်းသတ္တိတွေကောင်းလာပြီပဲ၊ ငါ့ဇနီးကိုတောင် အနိုင်ကျင့်ရဲနေပြီ။ မင်းတော့ အရိုက်ခံချင်နေပြီထင်တယ်!”
ထိုအခါ ချန်ကျဲ့သည် တောင်းပန်တော့မည့်အလား ပြုံးဖြဲဖြဲဖြင့် လုစန်းအနီးသို့ ချဉ်းကပ်၏။
“အာ အစ်ကိုလုစန်း၊ အစ်ကို ဘာတွေပြောနေတာလဲဗျာ။ အဲဒါက ဒီတိုင်း မရီးနဲ့ အထင်လွဲမှားမှုလေးတစ်ခု ဖြစ်ခဲ့ရုံပါပဲ”
“ချီးကို အထင်လွဲမှုလေးရမှာလား! မင်းရဲ့ဇနီးက ငါ့တို့ပိုင်နက်ကိုလာပြီး တောဟင်းရွက်တွေ ခူးခဲ့တာလေ။ ငါ့ဇနီးက အဲဒါအတွက် ဒူးထောက်တောင်းပန်ဖို့ ခိုင်းခဲ့ရုံပဲ- မင်း ဘယ်လိုတောင် ငါ့ဇနီးကို ရိုက်ရဲရတာလဲ! ကြည့်ရတာ မင်းလည်း မင်းရဲ့အဲဒီမကောင်းတဲ့မိန်းမလိုပဲ အရိုက်ခံသင့်နေပြီ!”
“ငါဒီနေ့ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်လို့ ငါကျိန်ဆိုတယ်!”
လုစန်းမှ သစ်သားတုတ်ကို ကိုင်မြှောက်လျက် ပြောလာခြင်းဖြစ်သည်။ သူ၏မျက်လုံးအစုံမှာလည်း ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ပြည့်နှက်နေပေသည်။ လုစန်းမှာ လေလုံးကြီး၍ ပြောဆိုနေခြင်း မဟုတ်ပေ- အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်စွာ လုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေခြင်းဖြစ်၏။
လုစန်းသည် သစ်သားတုတ်ဖြင့် ရိုက်နှက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ချန်ကျဲ့သည် ရုတ်တရက် ပြုံးရယ်၍ ပြော၏။
“ စိတ်လျှော့စမ်းပါဗျာ အစ်ကိုလုစန်းရာ။ ဒါကို တစ်ချက်ကြည့်ပါဦး…”
ချန်ကျဲ့ ညာဘက်လက်မောင်းကို မြှောက်ပြ၏။ လုစန်းသည်လည်း တောင်းပန်သည့်အနေဖြင့် ပိုက်ဆံပေးလာခြင်းဖြစ်လိမ့်မည်ဟု တွေးမိကာ သိလိုစိတ်ဖြင့် ကြည့်လိုက်သည်။
သို့သော် လုစန်းမှ စိတ်ပါဝင်စားစွာဖြင့် မျက်လုံးအပြူးသား ကြည့်လာသည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့သည် သဲလက်တစ်ဆုပ်အား လုစန်း၏ မျက်နှာတည့်တည့်သို့ ခပ်ပြင်းပြင်း ပစ်ပေါက်လိုက်သည်။
'အား!”
လုစန်းသည် မိမိအတွေးကို သေချာနေခဲ့သောကြောင့် မျက်လုံးပြူးကြည့်ခဲ့လေရာ သဲများ မျက်လုံးတည့်တည့်သို့ ထိမှန်သွားခဲ့သည်။ နာကျင်မှုကြောင့် မျက်လုံးများကို ဖိမှိတ်၍ အော်ဟစ်လိုက်၏။
လုစန်းသည် မိမိမှာ ချန်ဟယ့်ကောင်း၏ တပည့်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ သူ သိထားခဲ့ပါက ဤသို့ အော်ဟစ်ဝံ့ပါဦးမည်လော။
ဂိုဏ်း၏စိတ်ပိုင်းဆိုင်ရာနည်းလမ်းကို အသုံးပြုပါက ထိုအခိုက်အတန့်တွင် အလွန်အမင်း ကြောက်ရွံ့သွားပြီး မတတ်သာဘဲ ပေါင်ခြံကြားကို ကန်လိုက်ရမည်ဖြစ်သည်။
သေချာပေါက်ပင် လုစန်း မျက်လုံးများကို ဖိမှိတ်လိုက်သည့် အခိုက်အတန့်တွင် ချန်ကျဲ့သည် လုစန်း၏ ပေါင်ခြံကြားတည့်တည့်သို့ ကန်ပစ်လိုက်သည်။ လုစန်းထံမှ ဝက်များကဲ့သို့ စူးဝါးသည့်အော်သံ ထွက်ပေါ်လာ၏။
“အား! မင်းမေ–!”
လုစန်းမှ ကျယ်လောင်စွာ ဆဲဆိုလာချိန်တွင် ချန်ကျဲ့သည် လုစန်း၏လက်ထဲမှ ပြုတ်ကျသွားသည့် သစ်သားတုတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် ထိုတုတ်ဖြင့် ရိုက်နှက်ပစ်လေရာ လုစန်းမှာ အချိန်တိုအတွင်း သွေးရောင်ညှိုမဲဒဏ်ရာများ ဖြစ်ပေါ်လာလေသည်။
သို့တိုင် လုစန်းသည် အဆက်မပြတ် ဆဲဆိုနေဆဲပင်။
သူမ၏ ခင်ပွန်းဖြစ်သူ ရိုက်နှက်ခံနေရသည်ကို မြင်သောအခါ လုချင်းစစ်သည် သွေးရူးသွေးတန်းဖြင့် ပေါက်ကွဲအော်ဟစ်လာသည်။
“အား နင်ဘယ်လိုတောင် ငါ့ယောက်ျားကို ရိုက်ရဲတာလဲ။ ငါနင့်ကို သေအောင် ကုတ်ပစ်မယ်!”
ထိုသို့အော်ဟစ်လျက် လုချင်းစစ်သည် ချန်ကျဲ့သို့ ရူးသွပ်နေသည့်မိန်းမကြီးအလား ပြေးဝင်လေသည်။
သို့သော် ချန်ကျဲ့၌ အမျိုးသမီးများကို မရိုက်နှက်ရဟူသည့် သိက္ခာစောင့်ထိန်းမှုမျိုး မရှိပါချေ။ သူ့အား ထိပါးဝံ့သူတိုင်းသည် သူ၏ရန်သူဖြစ်၏။
ချန်ကျဲ့ ဘေးသို့ခြေလှမ်းလိုက်ပြီး ကန်လိုက်သည်။ လုချင်းစစ် မြေပြင်သို့ လဲကျသွား၏။
လုချင်းစစ်သည် လဲကျသွားသည်နှင့်တစ်ပြိုင်နက် ကျယ်လောင်စွာ အော်ဟစ်ငိုယိုလေတော့သည်။
“ဘုရားရေ လူသတ်နေပြီ။ ချန်ကျိုစစ် လူသတ်နေပြီ!”
“ချန်ကျိုစစ်က လူမဟုတ်ဘူး။ သူ ကျွန်မနဲ့ ကျွန်မယောက်ျားကို အနိုင်ကျင့်နေတာကို ရှင်တို့တွေ ဘာမှမလုပ်ဘဲ ဒီတိုင်းရပ်မနေကြနဲ့လေ!”
လုချင်းစစ်မှ သနားချင့်စဖွယ် ငိုကြွေးသောအခါ ပွဲကြည့်သူအချို့သည် သနားဂရုဏာစိတ်များ ထကြွလာ၍ ရှေ့ထွက်ပြောပေးလာသည်။
“ကျိုစစ် ဒီလောက်ဆို တော်လောက်ပြီ”
“ဟုတ်တယ် ကျိုစစ်၊ မင်းဘက်က မှန်တယ်ဆိုရင်တောင်မှ အရမ်းခေါင်းမမာနဲ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အားလုံးက အိမ်နီးချင်းတွေပဲဟာ”
“ဟုတ်တယ်။ ငါတို့အားလုံး ဒီနေရာမှာ အတူတူနေထိုင်နေကြတာ။ စိတ်ထဲက မကျေနပ်ချက်တွေ လျော့သွားအောင် တော်ရုံရိုက်နှက်ပြီးရင် လွှတ်ပေးလိုက်ပါတော့”
…
မထင်မှတ်စွာဖြင့် အိမ်နီးချင်းများသည် လုစန်းတို့ ဇနီးမောင်နှံအတွက် အသနားခံပေးလာကြသည်။ ချန်ကျဲ့ တုတ်ကို ကိုင်လျက် လူအုပ်ကြီးကို မော့ကြည့်လိုက်သည်။
“ဟုတ်တယ်၊ ကျွန်တော်တို့တွေက အိမ်နီးချင်းတွေပဲ။ ဒါပေမဲ့ သူ ခုနက ကျွန်တော့်ကို ရိုက်မယ်လုပ်တုန်းကကျ ခင်ဗျားတို့ ဘာလို့ သူ့ကို မတားကြတာလဲ။ ခင်ဗျားတို့က အခုကျ သူ့ကိုလွှတ်ပေးလိုက်ဖို့ ကျွန်တော့်ကို တောင်းဆိုနေကြတယ်ပေါ့လေ”
ချန်ကျဲ့၏စကားများကြောင့် အိမ်နီးချင်းများမှာ အချိန်ခဏမျှ တိတ်ဆိတ်သွားရ၏။ ထို့နောက် လူတစ်ယောက်မှ ပြောလာသည်။
“ကျိုစစ် မင်းက လူကောင်းတစ်ယောက်ပါ။ လုစန်းလိုကောင်မျိုးနဲ့ အဆင့်တူအောင် ကိုယ့်ကိုယ်ကို မနှိမ့်ချပစ်လိုက်နဲ့။ ငါတို့အားလုံးက တစ်ရွာတည်းမှာ အတူနေထိုင်နေကြတာ၊ ဘယ်အချိန်မှာ တစ်ယောက်က တစ်ယောက်ကို လိုအပ်လာမလဲဆိုတာ ဘယ်သူမှ ပြောမရနိုင်ဘူးလေ”