သိမ်ဖျင်းတဲ့လူတွေက အာဏာကို ကြောက်ပေမဲ့ သူတော်ကောင်းတရားကိုတော့ မကြောက်ကြဘူး
Vol. 1 Ch. 12
အိမ်နီးချင်း၏ အနှစ်သာရမရှိသော စကားကို ကြားလိုက်ရသည်တွင် ချန်ကျဲ့ ရယ်မောလိုက်သည်။
ကောင်းတယ်၊ လူအလိုက် ဆက်ဆံပုံကွဲပြားတယ်ဆိုတာ တကယ်ကြီးပဲ။ လုစန်း လူရိုက်ရင် ဘယ်သူမှ သူ့ကို မတားကြဘူး။ ဒါပေမဲ့ ငါ အကြိမ်ရေနည်းနည်းလေးပဲ ရိုက်ရသေးတာကိုကျ အားလုံးက ဆူညံလာကြရောပဲ။
တကယ်တမ်းပြောရရင်တော့ ငါ ချန်ကျိုစစ်က သတ္တိနည်းပြီး စကားပြောရလွယ်တဲ့သူ ဖြစ်ခဲ့တာမလို့ပဲ။
လုစန်းက လူရမ်းကားဖြစ်နေတော့ လူတိုင်းက သူ့ကို လက်ညှိုးထိုးဖို့ဆိုတာဝေးလို့ သူနဲ့ ဘာမှသွားမရှုပ်ချင်ကြဘူး။
ချန်ကျဲ့ ထိုသို့တွေးလျက် လှောင်ရယ်လိုက်သည်။
တကယ့်ကို ဒီနေရာက လူတွေမှာ ကောင်းမှုနဲ့ မကောင်းမှုအတွက် မတူကွဲပြားတဲ့ စံနှုန်းတွေ ရှိကြတာပဲ။ အဲဒါဆိုလည်း ဘာလို့ လူကောင်းလုပ်နေရဦးမလဲ။
ဒီနေ့ ငါ ချန်ကျိုစစ်က အလကားကောင် မဟုတ်ဘူးဆိုတာကို မင်းတို့အားလုံး သိရစေမယ်!
သို့ဖြင့် ချန်ကျဲ့ ပြောလိုက်သည်။
“ကောင်းပြီ၊ အားလုံးက တောင်းဆိုနေကြမှတော့ ကျွန်တော်လည်း အားလုံးကို မျက်နှာမပျက်စေချင်ဘူး”
ချန်ကျဲ့၏ အလျှော့ပေးလာသည့် စကားကိုကြားသောအခါ အိမ်နီးချင်းများသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။
ထို့နောက် ချက်ချင်းပင် မိမိကိုယ်ကိုယ်အကျိုးပြုသော စကားများကို စတင် ရွတ်ဆိုလာကြလေသည်။
“ဟုတ်တယ်။ ကျိုစစ်က ကျိုးကြောင်းဆီလျော်မှု အရှိဆုံးလူပဲလို့ ငါအမြဲပြောလေ့ရှိခဲ့တာ။ ကျိုစစ်.. လုစန်းနဲ့ သူ့ဇနီးအတွက်လည်း မလွယ်ကူဘူးဆိုတာကို ငါတို့ထည့်တွက်ရမယ်။ သူတို့ကို ငါတို့တတ်နိုင်သလောက် ညှာတာပေးလိုက်ရအောင်ပါ”
“ဟုတ်တယ်၊ အကျိုးသင့်အကြောင်းသင့်စဉ်းစားမယ်ဆိုရင် ဒီနေ့ကိစ္စက စူးမျိုးရိုးမိန်းကလေး မွှေလိုက်တာကြောင့် ဖြစ်ရတာပဲ။ သူသာ လုချင်းစစ်ကို အပြစ်မလုပ်ခဲ့ဘူးဆိုရင် ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ကြီးမားလာပါ့မလဲ”
“အမှန်ပဲ။ ငါမင်းတို့ကို ပြောပါတယ်။ အဲဒီစူးမိသားစုက မိန်းကလေးက ကံဆိုးစေပါတယ်ဆို။ သူလက်ထပ်ပြီးတာနဲ့ သူ့အဖေ သေသွားတယ်။ ပြီးတော့ မကြာခင်မှာပဲ သူ့ရဲ့ယောက္ခမလည်း သေသွားပြန်တယ်။ အဲဒီစူးမိန်းကလေးက ဂြိုဟ်ဆိုးကြယ် ဖြစ်နိုင်တယ်နော်”
“အို အဲဒါက အမှန်ပဲ မဟုတ်ဘူးလား။ သူနဲ့ လက်ထပ်ပြီးတော့ ကျိုစစ်ရဲ့ပုံစံကိုလည်း ကြည့်ပါဦး။ သူ့အဖိုး ချန်ထားရစ်ခဲ့တဲ့ များပြားလှတဲ့ ကြွယ်ဝချမ်းသာမှုတွေ အကုန်လုံး အချည်းနှီးကုန်သွားတာလေ။ ငါတော့ အဲဒီစူးမျိုးရိုးမိန်းကလေးက သူ့ယောက်ျားကိုပါ ကျိန်စာမိစေတယ်လို့ ထင်မိတာပဲ”
အားလုံးသည် စိတ်အားထက်သန်စွာဖြင့် ပြောဆိုဆွေးနွေးနေကြသည်။ အတိတ်ကာလ၏ ချန်ကျိုစစ်သည် ထိုသို့ပြောဆိုခြင်းအတွက် ထိုလူများအား အပြစ်တင်လိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းစကားများသည် ကျိုးကြောင်းဆီလျော်သည်ဟု တွေး၍ နောက်ဆုံးတွင် စူးယွင်ကျင်းအား ရိုက်နှက်ပစ်လောက်ပေသည်။
အဲဒီတော့ ဒီလူတွေက ဒီတစ်ခေါက်မှာလည်း အရင်လိုပဲ ဒီလိုကိစ္စကို အဲဒီလင်မယားရဲ့ မျက်နှာသာပေးမှုကိုရဖို့ နည်းလမ်းအဖြစ်တွေးပြီး သူများကို အပြစ်လွှဲချကြဦးမှာပေါ့လေ။ ဒါပေါ့၊ သူတို့ ဘာလို့များ မလုပ်ဘဲ နေပါ့မလဲ။
မည်သို့ပင်ဖြစ်စေ စူးယွင်ကျင်းသည် ထိုစကားများကို ကြားသောအခါ အလွန်တရာ မျက်နှာဖြူဖျော့သွားရသည်။ လက်သီးကို ကျစ်ကျစ်ဆုပ်ထားသည်မှာလည်း လက်သည်းများမှ သူမ၏ အသားကို ထိုးဖောက်လုနီးအထိပင်။
သူမ၏ဖခင်နှင့် ယောက္ခမဖြစ်သူ၏ သေဆုံးမှုသည် သူမကို အလွန်အမင်း ဝန်ပိစေခဲ့ပြီးဖြစ်၏။ ယခုတွင်လည်း အိမ်နီးချင်းများ၏ အဆိပ်ပြင်းသောစကားများကို ကြားရပြန်ရာ သူမ၏နှလုံးသားကို ဓားဖြင့်ထိုးသွင်းနေသကဲ့သို့ ခံစားရသည်။
ငါက တကယ်ပဲ ဂြိုဟ်ဆိုးကြယ်တော့ မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။
“ဟုတ်တယ် ကျိုစစ်၊ ဘာမှကောင်းတာ မရှိမှတော့ သူ့ကို ကွာရှင်းပစ်လိုက်တော့။ အဲဒီလိုမိန်းကလေးက ကံမကောင်းဘူး…”
သို့ဖြင့် လူတစ်အုပ်ကြီးသည် ချန်ကျဲ့အား ဇနီးဖြစ်သူနှင့် ကွာရှင်းရန် တိုက်တွန်းကြလေသည်။
ချန်ကျဲ့မှာ ထိုယုတ်မာကောက်ကျစ်သည့် လူတစ်အုပ်ကြောင့် ဒေါသပေါက်ကွဲလုနီး ဖြစ်သွားရ၏။
လုစန်းနဲ့ သူ့ဇနီးက ငါ့ရဲ့ယွင်ကျင်းကို အနိုင်ကျင့်ခဲ့တာကို အခုတော့ မင်းတို့က အဖြစ်မှန်ကို ပြောင်းပြန်လှန်ပြီး ယွင်ကျင်းကို အရှက်ခွဲအပြစ်တင်တယ်ပေါ့လေ။ စိတ်ကောင်းရှိတာကို အားနည်းတယ်လို့ မှတ်ယူနေကြတာပဲ!
“ခင်ဗျားတို့ သောက်ပါးစပ်တွေကို ပိတ်ထားလိုက်!”
ချန်ကျဲ့ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ လူအုပ်ကြီးလည်း ငြိမ်ကျသွား၏။ ထိုစဉ် အမျိုးသမီးတစ်ဦးမှ ရေရွတ်လာသည်။
“ဪ အခုတော့ စကားတောင် ပြောလို့မရတော့ဘူးပေါ့လေ”
“မင်းမေ– ဒီကိုထွက်လာခဲ့ ထွက်လာခဲ့!”
ချန်ကျဲ့၏မျက်နှာမှာ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ဖုံးလွှမ်းနေသည်။ ချန်ကျဲ့သည် တုတ်ကိုဝှေ့ယမ်း၍ ခုနက အတင်းပြောသည့် အမျိုးသမီးအား ညွှန်ပြနေ၏။ ထိုအမျိုးသမီးမှာ ဖြူဖျော့သွားရပြီး သူမ၏ ခင်ပွန်းဖြစ်သူ၏နောက်သို့ ပုန်းကွယ်သွားလေသည်။
သူမ၏ခင်ပွန်းသည် သူမအတွက် ရပ်တည်ပေးရန် ဟန်ပြင်၏။ သို့သော် ချန်ကျဲ့၏ ကြမ်းကြုတ်ခက်ထန်သော အကြည့်နှင့် လက်ထဲမှ တုတ်တို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် နောက်ပြန်ဆုတ်သွားခဲ့သည်။
ထိုအမျိုးသားမှ အတင်းလုပ်ယူထားသော အပြုံးဖြင့် ပြော၏။
“ကျိုစစ် ငါတို့မှားတာပါ။ ငါတို့ဘာမှ ထပ်မပြောတော့ဘူး၊ မပြောတော့ဘူး”
ချန်ကျဲ့သည် တုတ်ကိုကိုင်ထားမြဲဖြင့် အိမ်နီးချင်းများကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောခဲ့သည်။
“ကျွန်တော် ခင်ဗျားတို့အားလုံးကို ပြောလိုက်မယ်။ စူးယွင်ကျင်းက ကျွန်တော် ချန်ကျိုစစ်နဲ့ တရားဝင်လက်ထပ်ထားတဲ့ ကျွန်တော့်ဇနီးပဲ။ သူ့အကြောင်းကို နောက်ကွယ်မှာ အတင်းအဖျင်းပြောရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော် ကြားတာနဲ့ အဲဒီလူကို သေအောင်ရိုက်ပစ်မယ်ဆိုတာ ခင်ဗျားတို့ ယုံလား။ မယုံရင် စမ်းကြည့်လို့ရတယ်”
“ပြီးတော့ လုစန်း မင်းငါ့ရဲ့ခြေထောက်ကို သောက်ရမ်းချိုးချင်နေတာ မဟုတ်ဘူးလား။ ယီးပဲ!”
ချန်ကျဲ့ လုစန်း၏ ညာခြေထောက်ဒူးခေါင်းကို တုတ်ဖြင့် ရိုက်ချလိုက်သည်။ သို့ဖြင့် လုစန်းမှာ ခုံညင်းရိုးကျိုးသွားခဲ့သည်။ လုစန်း အသားကုန် အော်ဟစ်၏။
“အား…”
အလွန်အမင်း နာကျင်မှုကြောင့် လုစန်း သတိလစ်သွား၏။
ချန်ကျဲ့သည် နီရဲနေသော မျက်လုံးများနှင့် ရုတ်ချည်း ခေါင်းလှည့်လာပြီး မြေပြင်သို့ တံတွေးထွေးလိုက်သည်။
“ထွီ!”
“ဒါက ငါ ချန်ကျိုစစ်ကို လာရှုပ်ရင် ကြုံတွေ့ရမယ့် ကံကြမ္မာပဲ!”
ချန်ကျဲ့သည် နေရာရှိအိမ်နီးချင်းများကို တုတ်ဖြင့်ဝှေ့ယမ်းညွှန်လျက် ထိုသို့ပြောခဲ့သည်။ အားလုံးမှာ ချန်ကျဲ့နှင့် အကြည့်ချင်း ဆုံလိုက်မိသည်နှင့် ခေါင်းငုံ့သွားကြလေသည်။
ချန်ကျဲ့၏ ရမ်းကားကြမ်းတမ်းသော အပြုအမူသည် အားလုံးကို အမှန်တကယ် ကြောက်ရွံ့သွားစေခဲ့သည်။
ငကြောက်ကောင်များသည် အာဏာကို ကြောက်ရွံ့သည့်တိုင် သူတော်ကောင်းတရားကို မကြောက်ရွံ့ကြပေ။ ရှေးခတ်ကာလများ၏ ရွာထဲတွင် အိမ်နီးချင်းများကို ကြီးစိုးနိုင်ခြင်း မရှိလျှင် ၎င်းအိမ်နီးချင်းများသည် သင့်တွင် အရိုးအစများပင် မကျန်ရစ်တော့သည်အထိ အနိုင်ကျင့်ကြလိမ့်မည်ဖြစ်သည်။
ချန်ကျဲ့ သွေးစွန်းနေသော တုတ်ကို မြေပြင်သို့ ပစ်ချလိုက်ပြီး နေရာ၌ ကြက်သေသေနေသော လုချင်းစစ်ကို ကြည့်လိုက်သည်။
“ခင်ဗျားထပ်ပြီး ကျွန်တော့်ဇနီးကို အနိုင်ကျင့်ရဲရင် ခင်ဗျားကို သတ်ပစ်မယ်”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့ အိမ်သို့ လှည့်ပြန်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် အားလုံးသည် ချန်ကျဲ့၏ နိုင်ထက်စီးနင်းဆန်သော အပြုအမူကြောင့် ငြိမ်ကျနေကြသည်။ ခြံဝင်းထဲတွင်တော့ စူးယွင်ကျင်းသည် မျက်ရည်များစီးကျနေခဲ့သည်။
ချန်ကျိုစစ်သည် သူမအတွက် တကယ်ကြီး ရပ်တည်ပေးခဲ့သည်။ ချန်ကျိုစစ်သည် သူမအတွက် တကယ်ကြီး ရပ်တည်ပေးခဲ့သည်။
ထိုစဉ် ကလေးမလေးမှ မျက်လုံးလေးအပြူးသားဖြင့် ပြောလာသည်။
“အစ်ကိုကြီးက အရမ်းမိုက်တာပဲ”
သူမ၏ မျက်လုံးလေးများမှာလည်း မျက်ရည်ဝဲနေခဲ့သည်။ တစ်ချိန်က သူမ၏ မမအား အနိုင်ကျင့်ခဲ့ဖူးသူများသည် အစ်ကိုကြီးကို ကြောက်ရွံ့၍ ဘာမျှမပြောဆိုရဲကြတော့ပေ။ သူမ၏ အစ်ကိုကြီးသည် သူရဲကောင်းကြီးဖြစ်ပါ၏။
တောက် တောက်!
ကလေးမလေးသည် သူမ၏ပါးပြင်ထက်မှ မျက်ရည်များစီးကျနေသည်ကို ခံစားမိ၍ ခေါင်းမော့လိုက်သည်။ ထိုအခါ သူမ,ကဲ့သို့ပင် မျက်ရည်များကျဆင်းနေသည့် စူးယွင်ကျင်းကို မြင်လိုက်ရသည်။
“မမ ငိုနေတာလား”
စူးယွင်ကျင်း မျက်ရည်များကို သုတ်လိုက်သည်။
“မဟုတ်ပါဘူး”
ထိုသို့ပြောပြီးနောက် စူးယွင်ကျင်းသည် အိမ်ထဲသို့ လှည့်ဝင်ပြေးသွားခဲ့သည်။ သူမ ငိုနေသည်ကို ချန်ကျဲ့အား မမြင်တွေ့စေလိုပါချေ။
ကလေးမလေးသည် သူမ၏ မျက်နှာထက်ရှိ မျက်ရည်များကို ထိကိုင်ကြည့်လိုက်ပြီး လျှာထုတ်၍ အရသာမြည်းစမ်းကြည့်လိုက်သည်။ မျက်ရည်များသည် ခါးသက်ပေသည်။
ချန်ကျဲ့သည် အံ့ဩမင်သက်နေသည့် အိမ်နီးချင်းများကို ထားရစ်ခဲ့ပြီး ခြံဝင်းထဲသို့ ပြန်ဝင်လာသည်။ လူအုပ်ကြီးမှာ ချန်ကျဲ့ အဝေးသို့ရောက်သွားမှသာ အချင်းချင်း စတင်၍ ဆွေးနွေးပြောဆိုဝံ့ကြ၏။
“ချန်ကျိုစစ်က ဘယ်တုန်းက အဲဒီလောက် ကြမ်းတမ်းသွားတာလဲ…”
“ဟုတ်ပ၊ ခုနက သူ့ကြောင့် ငါလန့်သေတော့မလိုပဲ”
“တကယ် နောက်နေတာ မဟုတ်ဘူး။ သူဘယ်လိုဖြစ်ပြီး အဲဒီလောက် ပြောင်းလဲသွားတာလဲ။ သူ အရင်ကဆို စူးယွင်ကျင်းအကြောင်း ပြောတိုင်းမှာ အံတကြိတ်ကြိတ်ဖြစ်နေခဲ့တာ မဟုတ်လား။ အခုကျ ဘာလို့ ကာကွယ်နေရတာလဲ”
လူအုပ်ကြီးသည် အံ့အားသင့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်းတို့ဖြင့် တကျည်ကျည် ပြောဆိုနေကြသည်။
သို့သော် ထိုအချိန်တွင် ချန်ကျဲ့ပြန်လှည့်လာသည်ကို မြင်လိုက်သောကြောင့် အားလုံး ပြန်လည်တိတ်ဆိတ်သွားကြသည်။
ချန်ကျဲ့သည် လုစန်းတို့ဇနီးမောင်နှံ ယူလာခဲ့သည့် မြေပြင်တွင်ကျနေသော ငါးနှစ်ကောင်ကို ကောက်ယူလိုက်သည်။
“အတော်လေး အသားပေါသားပဲ”
ချန်ကျဲ့ ရေရွတ်လိုက်သည်။ ထို့နောက် ငါးများကို အိမ်သို့ ယူလာခဲ့သည်။ လူအုပ်ကြီးကို ဖြတ်သွားချိန်တွင်လည်း ဤသို့ပြောခဲ့သေး၏။
“ညမှောင်တော့မယ်၊ ခင်ဗျားတို့ အိမ်မပြန်ကြဘူးလား”
ထို့နောက် ချန်ကျဲ့ ခြံဝင်းထဲသို့ ပြန်ဝင်ခဲ့သည်။
ထိုအခါ အပြင်ဘက်ရှိ လူအုပ်ကြီးမှ ချက်ချင်း ပြောလာသည်။
“သွားကြစို့ သွားကြစို့၊ အိမ်ပြန်ဖို့ အချိန်ကျပြီ”
ချန်ကျဲ့၏ ခြံထဲပြန်ဝင်သွားသည့် ပုံရိပ်ကိုကြည့်၍ ချန်ရှောင်ဟူ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ ထို့နောက် ချန်အာ့ပါးကို တွဲထူပေးရင်းဖြင့် ပြောသည်။
“အဖေ”
ချန်အာ့ပါး ခေါင်းညိတ်သည်။
“ခုနက ခဏလေးမှာ ကျွန်တော် ဦးလေးကို မြင်လိုက်ရတယ် ထင်လိုက်မိတာ။ ကြည့်ရတာ ကျိုစစ် ရင့်ကျက်လာပြီထင်တယ်။ အဖေ ကျွန်တော်တို့ အိမ်ပြန်ရအောင်”
“အင်း!”
ချန်ရှောင်ဟူသည် ချန်အာ့ပါးကို တွဲ၍ အိမ်ပြန်ခဲ့သည်။
ထိုစဉ် ချန်ကျဲ့သည် ခြံဝင်းထဲသို့ ပြန်ရောက်ပြီးနောက် ခြံတံခါးပိတ်လိုက်သည်။ တံခါးဘေးတွင် ရပ်နေသည့် ကလေးမလေးကို မြင်သောအခါ မေးလိုက်၏။
“မင်းရဲ့ မမရော”
ကလေးမလေးသည် ချန်ကျဲ့ကို အနည်းငယ်ကြောက်ရွံ့နေဆဲဖြစ်သည်။ သူမသည် အိမ်ထဲသို့ လက်ညှိုးညွှန်ပြ၍ ပြောသည်။
“မမ အခန်းထဲကို ဝင်သွားတယ်။ ငိုနေတာ”
“ငိုနေတာလား”
ချန်ကျဲ့ တန့်သွား၏။ အိမ်နီးချင်းများ ပြောသွားခဲ့သည့် စိတ်ထိခိုက်နာကျင်စေမည့် စကားများကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီးနောက် ချန်ကျဲ့ သက်ပြင်းချလိုက်မိသည်။
“အင်း အဲဒီလိုတွေ အပြောခံရမှတော့ ဘယ်သူမဆို ငိုမိမှာပဲ”
“ကောင်းပြီ၊ ဒါဆို သူ့ကို မခေါ်နဲ့ဦး။ ရွေ့ရွေ့ ဒီနေ့ည ငါးစွပ်ပြုတ်စားကြမယ်ဆို ဘယ်လိုလဲ”
“ငါးစွပ်ပြုတ်လား”
ငါးစွပ်ပြုတ်အကြောင်း ကြားသောအခါ ကလေးမလေး၏ မျက်လုံးများ ပြူးကျယ်လာ၏။ သူမသည် စွပ်ပြုတ်၏ ကောင်းမွန်လှသည့် အရသာကို ကြိုတင်စိတ်ကူးကြည့်၍ တံတွေးမြိုချနေတော့သည်။