ရှေ့ရေးကို တွေးတောခြင်း
Vol. 1 Ch. 13
ချန်ကျဲ့သည် ငါးကြင်းနှစ်ကောင်ကို ရေတွင်းဘေးသို့ ယူသွားလိုက်သည်။ ထို့နောက် ရေခပ်သည်။ ငါး၏ဝမ်းဗိုက်ကိုခွဲ၍ ကလီစာများကိုဖယ်ထုတ်သည်။ သွေးအစအနများကို ဆေးကြော၍ အမည်းရောင်အမြှေးပါးကို ဖယ်ထုတ်သည်။ ကြေးခွံများနှင့် အကျိအချွဲများကိုလည်း ခြစ်ထုတ်ဆေးကြောသည်။
ဤနည်းဖြင့် ငါးစွပ်ပြုတ်အား ညှီနံ့ကင်းအောင် ချက်ပြုတ်နိုင်မည်ဖြစ်၏။
ချန်ကျဲ့သည် အချက်အပြုတ်ကောင်းသူဖြစ်သည်။ ချန်ကျဲ့သည် ကျောင်းထွက်ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် အချို့သော ပုံမှန်ဟင်းပွဲများ၏ ချက်ပြုတ်နည်းကို အကျွမ်းတဝင်ရှိ၏။
ကလေးမလေးသည် မနီးမဝေးတွင် တောက်ပသော မျက်လုံးများဖြင့် ဆောင့်ကြောင့်ထိုင်ကြည့်နေသည်။
အစ်ကိုကြီးက ဟင်းချက်တာလား။
အာရုံစူးစိုက်ကြည့်နေသည့် ကလေးမလေးကို မြင်သောအခါ ချန်ကျဲ့ပြုံးလိုက်ပြီး အနားသို့လာရန် လက်ယပ်ခေါ်လိုက်သည်။ ကလေးမလေးသည် ချန်ကျဲ့၏ အနားသို့ကပ်ရန် ကြောက်ရွံ့သောကြောင့် ခေါင်းခါရမ်းသည်။ သို့သော် ချန်ကျဲ့မှ ထပ်မံ လက်ယပ်ခေါ်လာသောအခါ ခဏမျှတွေဝေတုံ့ဆိုင်းနေပြီးနောက် ငါးစွပ်ပြုတ်၏ ဆွဲဆောင်မှုကြောင့် အနားသို့ကပ်လာခဲ့သည်။
ချန်ကျဲ့ ပြုံးလျက် ပြောလိုက်သည်။
“ရွေ့ရွေ့ရဲ့ မမက ဘာလို့ ငိုနေတာလဲ”
ကလေးမလေးသည် ခဏတန့်သွားပြီးနောက် ပြန်ပြောသည်။
“အရင်တုန်းကတော့ အစ်ကိုကြီးက မမကို ရိုက်လို့ ငိုတာပါ။ ဒီနေ့ကတော့ အမ်… ရွေ့ရွေ့လည်း မသိဘူး။ အစ်ကိုကြီး အပြင်မှာ လူဆိုးတွေကို အော်နေတဲ့အချိန်ကတည်းက မမက စပြီးငိုနေခဲ့တာပဲ”
ချန်ကျဲ့ မေးလိုက်သည်။
“အဲဒီလူတွေက လူဆိုးတွေဆိုတာကို ရွေ့ရွေ့ ဘယ်လိုသိလဲ”
ရွေ့ရွေ့မှ ပြောသည်။
“အဲဒီလူတွေက မမရဲ့နောက်ကွယ်မှာ မမက အဖေနဲ့ အဖွားကို သေစေခဲ့တဲ့ ဂြိုဟ်ဆိုးလို့ အမြဲပြောနေကြတာ။ အဲဒါကြောင့် မမ ငိုခဲ့သေးတယ်”
“ဪ”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။
ကျေးလက်ဒေသများ၌ အတင်းအဖျင်းများသည် လူကို ပျက်စီးစေနိုင်၏။ သူမအတွက် ရပ်တည်ပေးမည့် အမျိုးသားမရှိသည့် အမျိုးသမီးတစ်ယောက်၏ဘဝသည် အလွန်ခက်ခဲပေသည်။
ချန်ကျဲ့ ငါးကို ထပ်မံ ဆေးကြောလိုက်သည်။ ထိုစဉ် ကလေးမလေးမှ ရုတ်တရက် ပြောလာ၏။
“အစ်ကိုကြီး”
“ဟင်”
သူ့အား လေးနက်စွာ ခေါ်လာသည့် ကလေးမလေးကို ချန်ကျဲ့ လှည့်ကြည့်လိုက်သည်။
“အစ်ကိုကြီး မမကို ဘယ်တော့မှ ထပ်မရိုက်တော့လို့ ရမလား”
ချန်ကျဲ့၏မျက်နှာအမူအရာ တောင့်ခဲသွားရသည်။ ကလေးမလေးသည် မိမိကိုယ်ကိုယ် ဖြောင့်ချက်ပေးနေသည့်အလား ပြောလာသည်။
“တကယ်လို့ အစ်ကိုကြီး လုံးဝ မထိန်းချုပ်နိုင်လို့ တစ်ယောက်ယောက်ကို ရိုက်ချင်လာတယ်ဆိုရင် အဲဒါဆိုရင် ရွေ့ရွေ့ကိုပဲ ရိုက်ပါ…”
ထိုအခါ ချန်ကျဲ့မှာ ဖျစ်ညှစ်ပြုံးပြလိုက်ရသည်။
ဒီညီအစ်မနှစ်ယောက်က တကယ် ခက်ခဲတဲ့ဘဝကို ဖြတ်သန်းခဲ့ရတာပဲ။
ချန်ကျဲ့သည် သန့်ရှင်းသည့်လက်ဖမိုးဖြင့် ကလေးမလေး၏ဦးခေါင်းကို ညင်သာနူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။
“ကောင်းပြီ။ အစ်ကိုကြီး ကတိပေးတယ်။ အစ်ကိုကြီး ရွေ့ရွေ့ရဲ့ မမကို ဘယ်တော့မှ မရိုက်တော့ဘူး။ တခြားဘယ်သူမှလည်း သူ့ကို မရိုက်စေရဘူး”
“ဟုတ်ကဲ့”
ထိုအခါ ကလေးမလေးသည် သူမ၏ လက်ကလေးကို ဆန့်ထုတ်၍ ရုတ်ချည်း တောက်ပစွာပြုံးရယ်လာသည်။
ချန်ကျဲ့ : “ဘာလဲ”
“လက်ချိတ်ကတိပြုရအောင်”
ကလေးမလေးသည် ကလေးဆန်သော အသံလေးဖြင့်ပြော၍ ချန်ကျဲ့ကို ပြုံးပြနေသည်။ ချန်ကျဲ့ အဝတ်စုတ်ဖြင့် လက်သုတ်လိုက်ပြီး ပြောလိုက်သည်။
“လာ”
သူတို့နှစ်ဦး လက်သန်းလေးများ ချိတ်လိုက်ကြသည်။
“ကတိနော်။ သစ္စာဖောက်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်။ နှစ်တစ်ရာအထိ ပြောင်းလဲခွင့်မပြုဘူး”
“တံဆိပ်တုံးထုမယ်”
သူတို့နှစ်ဦး၏ လက်မများ ထိကပ်သွားကြသည်။ သို့ဖြင့် ဖြူစင်သော ကတိကဝတ်တစ်ခုကို ထားရှိခဲ့ကြသည်။
ထိုစဉ် ငိုထားသောကြောင့် မျက်လုံးများ နီမြန်းနေသည့် စူးယွင်ကျင်းသည် အိမ်ထဲမှ ထွက်လာ၏။ နှစ်ဦးသား သင့်မြတ်နေကြသော မြင်ကွင်းကို မြင်လိုက်ရသောအခါ စူးယွင်ကျင်းသည် သူမ ငယ်ရွယ်စဉ်က သူမကိုယ်တိုင်နှင့် ဖခင်ဖြစ်သူအား မြင်တွေ့လိုက်ရသည့်အလား ပုံရိပ်ယောင်ကို တွေးမြင်မိပေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် သူမ၏ နှုတ်ခမ်းထောင့်စွန်းလေး၌ အပြုံးတစ်စ ဖြစ်တည်သွားခဲ့သည်။
ကလေးမလေးသည် လက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူမသည် အရေးကြီးသည့် ကိစ္စကြီးတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်ပြီးစီးနိုင်ခဲ့သည်ကဲ့သို့ ခံ
စားနေရပေသည်။ ထိုစဉ် အစ်မဖြစ်သူ ပြုံးနေသည့်မြင်ကွင်းကို မြင်လိုက်ရသောကြောင့် စူးယွင်ကျင်း၏ ရင်ခွင်ထဲသို့ တစ်ဟုန်ထိုး ပြေးသွား၏။
“မမ!”
စူးယွင်ကျင်း သူမကို ပွေ့ချီလိုက်သည်။ ကလေးမလေးမှ တီးတိုးပြော၏။
“မမ ရွေ့ရွေ့ ခုနက အစ်ကိုကြီးနဲ့ ကတိတစ်ခုလုပ်ခဲ့တယ်”
“ဘာကတိလဲ”
စူးယွင်ကျင်း မေးလိုက်သည်။ သို့သော် ထိုအခိုက်တွင် ချန်ကျဲ့မှ ကြားဖြတ်ပြောလာ၏။
“ရွေ့ရွေ့ ကတိဆိုတာ လျှို့ဝှက်ထားရတယ်။ ဘယ်သူ့ကိုမှ ပြောပြလို့မရဘူးလေ”
ကလေးမလေးသည် မျက်နှာအမူအရာ လေးနက်သွား၏။ ထို့နောက် စူးယွင်ကျင်းအား အလေးအနက် ပြောသည်။
“အမ် ကတိကို ထုတ်ပြောလို့ မရဘူး။ ရွေ့ရွေ့ မမကို မပြောပြဘူး”
ထိုအခါ စူးယွင်ကျင်းသည် ပို၍ စိတ်ဝင်စားသွား၏။ ထိုလျှို့ဝှက်ဆန်းကြယ်သော ကတိမှာ အဘယ်အရာများ ဖြစ်လိမ့်မည်နည်းဟု သိချင်နေခဲ့သည်။
သို့သော် ကလေးမလေးသည် လျှို့ဝှက်ချက်ကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားမည့်ဟန်ပန် လုပ်ထားလေရာ စူးယွင်ကျင်းမှာ မတတ်သာစွာ ပြုံးလိုက်ပြီး ကလေးမလေး၏ နှာခေါင်းလေးကို ဖွဖွဆွဲညှစ်လိုက်သည်။
ငါးကို ဆေးကြောသန့်စင်ပြီးနောက် စူးယွင်ကျင်းသည် ချန်ကျဲ့အနီးသို့ လျှောက်လာသည်။
“ကျွန်မ လုပ်လိုက်မယ်”
ချန်ကျဲ့ ပြန်ပြောသည်။
“မလိုဘူး၊ ငါက ငါးစွပ်ပြုတ်ချက်တာမှာ အတော်လေး အတွေ့အကြုံရှိတယ်”
ထို့နောက် ချန်ကျဲ့ မေးလိုက်သည်။
“ငါတို့အိမ်မှာ ကြက်သွန်နီတို့၊ ချင်းတို့၊ ကြက်သွန်ဖြူတို့ရှိလား”
ထိုအခါ စူးယွင်းကျင်းမှ ခေါင်းခါရမ်းသည်။
“ဟင့်အင်း”
ချန်ကျဲ့ တစ်ခဏမျှ တွေဝေသွားသော်ငြား ဘာမျှ ထပ်မပြောပေ။ မီးဖိုနားသို့သွား၍ ဒီနေ့ ခူးယူလာခဲ့သည့် တောဟင်းရွက်များကို ရှာဖွေကြည့်သည်။ တောကြက်သွန်နီ အသေးလေးများ အနည်းငယ်ပါဝင်ကြောင်း တွေ့ရသောအခါ ချန်ကျဲ့ စိတ်ထဲမှ တစ်ခုခုတွေးလိုက်သည်။ ထို့နောက် စူးယွင်ကျင်းကို ပြောသည်။
“အဲဒီကြက်သွန်ဥလေးတွေကို သန့်ရှင်းအောင် ဆေးလိုက်၊ ကြက်သွန်အမြစ်တွေကို ငါ့ကိုပေး၊ ပြီးတော့ အရွက်ကိုတော့ လှီးလိုက်”
“အိမ်မှာ အသားဆီရှိလား”
ချန်ကျဲ့ မေးလိုက်သည်။
“ငါးစွပ်ပြုတ်ထဲကို အသားဆီနည်းနည်းထည့်ပေးရင် အနံ့ပိုမွှေးစေတယ်”
စူးယွင်ကျင်း ခေါင်းခါရမ်းလိုက်သည်။ အိမ်တွင် ဆန်ပင် ကုန်နေခဲ့ရာ အသားဆီကဲ့သို့သော ဇိမ်ခံပစ္စည်းများ မရှိနိုင်ပါချေ။
ဝက်ဆီချက်ဟုခေါ်ကြသော အသားဆီသည် ဤခေတ်အခါတွင်မူ တန်ဖိုးကြီးပစ္စည်းဖြစ်သည်။ ဤခေတ်လူများ၏ စားသောက်မှုပုံစံတွင် များသောအားဖြင့် ဆီမပါဝင်ပေ။ ဆီရရှိနိုင်မည့် အခြေခံအရင်းအမြစ်လည်း ချို့တဲ့၏။ ထို့ကြောင့် အသားဆီသည် အလွန်ဈေးကြီးကာ ချန်ကျဲ့၏မိသားစု တတ်နိုင်သည့်တန်ဖိုးနှင့် အလွန် အလှမ်းကွာဝေးပေသည်။
အိမ်တွင်ရှိသည့် တစ်ခုတည်းသော စား၍ရသော ဆီမုန်ညှင်းဆီကို ကြည့်၍ ချန်ကျဲ့ သက်ပြင်းချလိုက်သည်။ သူတို့မှာ အမှန်တကယ်ပင် အောက်ခြေကြမ်းပြင်အထိ ကျဆင်းနေခဲ့ခြင်းဖြစ်၏။
ချန်ကျဲ့ ပြောလိုက်သည်။
“ကောင်းပြီ၊ မင်း ကြက်သွန်လှီးလိုက်”
ချန်ကျဲ့သည် အိုးထဲသို့ ဆီမုန်ညှင်းဆီကို လောင်းထည့်သည်။ အိုးကို အပူပေး၍ ငါး၏နှစ်ဖက်နှစ်ချက်လုံး ရွှေဝါရောင်ဖြစ်သည့် အချိန်အထိ ကြော်သည်။ ရနံ့မွှေးရနိအတွက် ကြက်သွန်မြစ်အချို့ ဖြူးထည့်ပြီးနောက် ဆူပွက်နေသည့်ရေထဲသို့ လောင်းထည့်သည်။ တစ်ခုတည်းသော ဟင်းခတ်အမွှေးအကြိုင်ဖြစ်သည့် ဆားကြမ်းကို ထည့်သည်။
နို့ဖြူရောင် စွပ်ပြုတ်အိုးကို ငေးစိုက်ကြည့်လျက် ချန်ကျဲ့ အတွေးထဲ နစ်မြောနေမိသည်။
သူ၏ အကြီးမားဆုံးသော လက်ရှိပြဿနာမှာ ရှင်သန်ရေးဖြစ်သည်။ လက်ရှိမှာ မိသားစု၏ နောက်ဆုံးကျန်ရစ်သည့် မြေ၃ဧကကိုပါ ဆုံးရှုံးထားပြီး ဆန်တစ်စေ့ပင် မရှိတော့သည့် အနေအထားဖြစ်သည်။
ဤသို့အခြေအနေမျိုးတွင် မိမိကိုယ်တိုင်အပါအဝင် ကျွေးမွေးရမည့် ပါးစပ်ပေါက် ၃ပေါက်ရှိနေ၏။
သူ့အတွက် ယခုလက်ရှိတွင် အရေးကြီးသောအရာမှာ အစားအစာရှာဖွေရရှိရေးဖြစ်သည်။ ကပ်ဘေးကြီးတစ်ခုကို ဖြတ်ကျော်ပြီးမှ အစာငတ်ခံ၍ သေဆုံးရခြင်းသည် အလွန်ဝမ်းနည်းဖွယ် ကောင်းပေလိမ့်မည်။
မြေကွက်နှင့် ထုတ်လုပ်ရေးနည်းလမ်းမရှိသောကြောင့် ကိုယ်ပိုင်စိုက်ပျိုးရေးသမားတစ်ဦးအဖြစ် လမ်းကြောင်းမှာ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ကျန်ရှိသည့် ရွေးချယ်စရာများသည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ခြင်း သို့မဟုတ် အလုပ်ရှာခြင်းဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် ဖန်၊ ဆပ်ပြာ၊ မွမ်းမံထားသော ဆား၊ သကြား စသော ကုန်ပစ္စည်းများကို ထုတ်လုပ်ရန် စဉ်းစားနိုင်သော်ငြား ထိုစိတ်ကူးများကို ချန်ကျဲ့ မြန်မြန်ဆန်ဆန်ပဲ ဖယ်ထုတ်ပစ်လိုက်သည်။
ဤလောကသည် သိုင်းပညာကြီးစိုးသော ကမ္ဘာဖြစ်၏။
မူလ ချန်ကျိုစစ်၏ မှတ်ဉာဏ်များအရ ဤလောကတွင် သိုင်းပညာကျွမ်းကျင်သူသည် အထင်ကြီးလေးစားခံရ၏။ စီရင်စုတစ်ခုမှ မြို့လေးတစ်ခုကို မဆိုထားနှင့် မြို့တော်ကြီးတွင်ပင်လျှင် အစိုးရနှင့် တန်းတူရပ်တည်နိုင်ပေသည်။
မျန့်ရွှေစီရင်စုရှိ အကြီးမားဆုံးသော ကုန်သည်အဖွဲ့နှစ်ဖွဲ့မှာ ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ဖြစ်သည်။
ငါးဖမ်းကုန်သည်အဖွဲ့သည် မျန့်ရွှေစီရင်စုအတွင်း ရွာအားလုံး၏ ငါးဖမ်းလုပ်ငန်းများ၊ အခြား အမျိုးမျိုးသော လုပ်ငန်းများနှင့်အတူ မြို့အတွင်းရှိ ရေထုတ်ကုန် ကုန်သွယ်မှုများကို ဦးစီးသည်။
ချောင်ကုန်သည်အဖွဲ့သည် ကုန်ပစ္စည်းများ၏ ဆိပ်ကမ်းသယ်ယူပို့ဆောင်ရေးကို ကိုင်တွယ်ပြီး မြို့နှင့်သက်ဆိုင်သည့် အခြားစီးပွားရေးလုပ်ငန်းများလည်း ရှိသည်။
ထိုကုန်သည်အဖွဲ့နှစ်ခုသည် မျန့်ရွှေစီရင်စု၏ စီးပွားရေးအင်အားကို ချုပ်ကိုင်ထားကြ၏။
စီရင်စု၏ ရာဇဝတ်တရားသူကြီးပင်လျှင် ထိုအဖွဲ့နှစ်ခု၏ ခေါင်းဆောင်များကို ယဉ်ကျေးပျူငှာစွာဖြင့် လိုက်လျောဆက်ဆံပေးရသည်။
မျန့်ရွှေစီရင်စုတွင် နေထိုင်သူများအတွက် မိမိ၏ ရှိရင်းစွဲ လူနေမှုအဆင့်အတန်းကို မြင့်မားသွားစေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အဖွဲ့တစ်ခုသို့ ဝင်ရောက်ခြင်းဖြစ်သည်။ မိမိ၏တန်ဖိုးကို သက်သေပြနိုင်ပြီး ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်လာနိုင်ပါက မျန့်ရွှေစီရင်စုတစ်ခွင်၌ မှတ်သားဖွယ်လူတစ်ဦးအဖြစ် အလေးထားခံရနိုင်သည်။
ဆိုလိုသည်မှာ မျန့်ရွှေစီရင်စုတွင် သက်သောင့်သက်သာ ရှင်သန်နေထိုင်လိုပါက ကုန်သည်အဖွဲ့၏ တစ်စိတ်တစ်ပိုင်းဖြစ်ရမည်ဟူ၍ ဖြစ်သည်။
အလေးပေးခံရခြင်းအတွက် အလျင်မြန်ဆုံးနည်းလမ်းမှာ အစိမ်းရောင်ဂိုဏ်းအဖွဲ့သို့ ဝင်ရောက်ခြင်းဖြစ်သည့် ရှေးအခါက ရှန့်ဟိုင်ကမ်းခြေကဲ့သို့ပင် ဖြစ်သည်။
အရာရှိတစ်ဦးဖြစ်ရန်အတွက် အစိုးရစာမေးပွဲများ ဖြေဆိုခြင်းကိုမူ မစဥ်းစားတော့ပေ။ ချန်စုန့်ကို အောင်နိုင်ပြီးနောက် မြောက်ပိုင်းမုလန်များ တည်ထောင်ခဲ့သည့် ဤသာ့ချန်အင်ပါယာ၌ ဟန်လူမျိုးများကို ဖိနှိပ်ရန်အတွက် အစိုးရသည် ဟန်လူမျိုးများ အစိုးရစာမေးပွဲ ဖြေဆိုခြင်းကို အတိအလင်း တားမြစ်ထားခဲ့သည်။
၎င်းသည် ပညာရှိများအတွက် အသက်မွေးလမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့လိုက်ခြင်းဖြစ်၏။ ထို့ကြောင့် စူးယွင်ကျင်း၏ဖခင်သည် ပညာတတ် အမျိုးသားတစ်ဦးဖြစ်သည့်တိုင် အောင်မြင်မှုမရှိ၊ အသိအမှတ်ပြု ခံရခြင်းမရှိဘဲ ကျန်ရစ်နေရခြင်း ဖြစ်ပေသည်။