← Chapters

လွတ်မြောက်ရာလမ်းနှင့် သမားတော်ပိုင်

Vol. 1 Ch. 14

လွတ်မြောက်ရာလမ်းနှင့် သမားတော်ပိုင်

Vol. 1 Ch. 14

တရားရုံးတော်သည် ဟန်လူမျိုးများကို ဖိနှိပ်ပြီး ကုန်သည်အဖွဲ့မှ နယ်‌မြေကို အုပ်ချုပ်သည်။

ဤသည်မှာ မျန့်ရွှေစီရင်စု၏ လက်ရှိနိုင်ငံရေးအခြေအနေဖြစ်သည်။ ချန်ကျဲ့၏ ချမ်းသာကြွယ်ဝစေရန် နည်းလမ်းတိုင်းသည် အတော်အသင့်သော ပေါများကြွယ်ဝမှုများကို သယ်ဆောင်လာနိုင်သည်။ သို့သော် ချန်ကျဲ့မှ အကောင်အထည်ဖော်ဝံ့ခဲ့လျှင် ကုန်သည်အဖွဲ့များ၏ ပစ်မှတ်ထားခံရလိမ့်မည်မှာ မလွဲမသွေပင်။

ထို့နောက် သူ၏‌ရှင်ခြင်း၊သေခြင်းသည် သူ၏ထိန်းချုပ်မှုအောက်၌ တည်ရှိတော့မည် မဟုတ်ပေ။

“လူဆင်းရဲက ရှားပါးရတနာအား ပိုင်ဆိုင်ခြင်းသည် ပြဿနာများကို ဖိတ်ခေါ်သည်”ဟူသော ဆိုရိုးစကားကို ချန်ကျဲ့နားလည်ပါ၏။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပြီး ချမ်းသာလာခြင်းဟူသည် ငြိမ်းချမ်းသည့်ခေတ်ကာလကို လိုအပ်သည်။ ဤခေတ်ကာလသည် ငြိမ်းချမ်းခြင်းမှအပ အရာအားလုံးရှိ၏။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ခြင်းမှာ အင်အားကြီးသူများ၏ လက်အတွင်းမှ သိုးငယ်ကလေးဖြစ်ရခြင်းသာ ဖြစ်ပေရော့မည်။

သို့ဖြစ်ရာ စီးပွားရေးလောကအတွင်း ဝင်ရောက်မည့် စိတ်ကူးကို စာရင်းမှ ဖယ်ထုတ်လိုက်သည်။

ရေရှည်တိုးတက်မှုအတွက် ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်မည့်နည်းလမ်းကို စဉ်းစားရပေမည်။

ပထမအချက်၊ ကုန်သည်အဖွဲ့များတွင် နည်းစနစ်ကျ‌ေသာ သိုင်းပညာသင်ကြားမှုရှိသည်။

ဒုတိယအချက်၊ ဤလောကတွင် တိုးတက်ရေးလမ်းကြောင်းများမှာ ပိတ်ဆို့ခံထားရ၏။ ထို့ကြောင့် ကုန်သည်အဖွဲ့သို့ ဝင်ရောက်ခြင်းသည် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းဖြစ်သည်။

အရာရှိတစ်ဦးဖြစ်ရန်အတွက်မူ ချန်ကျဲ့မှာ မုလန်လူမျိုးတစ်ဦး မဟုတ်ပါချေ။ သို့မဟုတ်ပါကလည်း သူ့တွင် အရာရှိတစ်ဦးဖြစ်နိုင်လောက်သော အရည်အချင်းများ ရှိမနေပါချေ။

သို့သော် ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ခြင်းမှာ မလွယ်ကူပေ။ ကုန်သည်အဖွဲ့သို့ ဝင်ရောက်ရန်အတွက် ထောက်ခံချက်ရှိရန် ‌လိုအပ်၏။ သို့မဟုတ်ပါက ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ဥပမာ လုစန်းကို ကြည့်ပါလေ။

လုစန်းသည် ငါးဖမ်းကုန်သည်အဖွဲ့၏ ရှန်းထောင်ရွာအဖွဲ့ခွဲဖြစ်သော ငါးဖမ်းလုပ်ငန်းထဲသို့ အမြဲလိုလို ဝင်ရောက်‌ချင်နေခဲ့သူဖြစ်သည်။ လုစန်းသည် အခြားသူများအတွက် တာဝန်များစွာကို လုပ်ဆောင်ပေးခဲ့သည့်တိုင် ကုန်သည်အဖွဲ့ထဲသို့ ဝင်ရောက်ခွင့်ပြုရန် သဘောတူညီမှု မရရှိသေးပေ။

၎င်းသည် ကုန်သည်အဖွဲ့သို့ ဝင်ရောက်ရန်အတွက် မည်မျှခက်ခဲကြောင်းကို ပြသနေပေသည်။

ထို့ပြင် ချန်ကျဲ့ကိုယ်တိုင်သည်လည်း အဆက်အသွယ် မရှိပေ။ သို့ဖြစ်ရာ မည်သူကများ သူ့အား ငါးဖမ်းကုန်သည်အဖွဲ့သို့ ဝင်ရောက်ရန်အတွက် ထောက်ခံပေးနိုင်ပါအံ့နည်း။

ငါးဖမ်းကုန်သည်အဖွဲ့ကို ဝင်မရနိုင်ရင် ချောင်ကုန်သည်အဖွဲ့ရော?

၎င်းသည်လည်း မဖြစ်နိုင်ပေ။ ချောင်ဂိုဏ်း၏တပည့်များသည် ‌ယေဘုယျအားဖြင့် သင်္ဘောကျင်းတွင် လေးလံသည့်ပစ္စည်းများကို ကုန်တင်ကုန်ချလုပ်ရသူများ ဖြစ်သည်။ ရှန်းထောင်ရွာ၌ ကုန်တင်သွင်းရန် ကုန်ပစ္စည်းမရှိပေ။ ထို့ကြောင့် ချန်ကျဲ့အနေဖြင့် ချောင်ကုန်သည်အဖွဲ့၏ အလုပ်သမားတစ်ယောက် ဖြစ်လိုပါက အနီးရှိ စီရင်စု၏မြို့တော်လင်ဖုန်းတုသို့ သွားရပေမည်။

သို့သော် အိမ်တွင် ညီအစ်မနှစ်ယောက် ရှိသေး၏။ သူထွက်သွားလျှင် ထိုညီအစ်မနှစ်ယောက်မှာ အဘယ်သို့နေထိုင်ကြလိမ့်မည်နည်း။

ရွာထဲက လူတွေ သူတို့ကို ဝိုင်းအနိုင်မကျင့်ကြလောက်ဘူးလား။ အထူးသဖြင့် လုစန်းတို့မိသားစုပေါ့။

ချန်ကျဲ့ ရှိနေလျှင် သူတို့အား‌လုံး ကောင်းကောင်းမွန်မွန် ပြုမူနိုင်ကြပါ၏။ သို့သော် ချန်ကျဲ့ ထွက်သွားလိုက်သည်နှင့် လုချင်းစစ်မှ လက်တုံ့ပြန်လာလိမ့်မည်မှာ သေချာပေါက်ပင်ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိတွင် ကုန်သည်အဖွဲ့သို့ ဝင်ရောက်ခြင်းသည် ယုတ္တိမတန်ပေ။ ဖြည်းဖြည်းချင်း စီစဉ်‌လုပ်ဆောင်သွားရမည်ဖြစ်သည်။

အဲဒါဆို တခြား ဘာနည်းလမ်းရှိသေးလဲ။

ချန်ကျဲ့ နားထင်ကို ပွတ်သပ်နေသည်။ သူ့အနေဖြင့် အပြင်ထွက်အလုပ်ရှာရုံသာ တတ်နိုင်၏။

ချမ်းသာတဲ့မိသားစုတစ်ခုမှာ ရေရှည်အလုပ်သမားသွားလုပ်ရင်ရော၊ လောင်းကစားရုံမှာ တံခါးစောင့်လုပ်ရင်ရော၊ ဒါမှမဟုတ် စားသောက်ဆိုင်မှာ တောက်တိုမည်ရ အလုပ်သမားလုပ်ရင်ရော?

ထိုအလုပ်များသည် တိုးတက်မှုလမ်းကြောင်းမရှိနိုင်သည့် အလုပ်များ ဖြစ်သည်။

“ဟူး ငါတစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းရတော့မှာပဲ”

ချန်ကျဲ့ စဉ်းစားတွေးတောနေခြင်းအား ရပ်တန့်ရန် ဆုံးဖြတ်လိုက်သည်။ ဆန္ဒရှိလျှင် နည်းလမ်းရှိမည်ဖြစ်၏။

“ဂလုတ် ဂလုတ် ဂလုတ်….”

ချန်ကျဲ့ အတွေးထဲ နစ်မြောနေစဉ် ခန္ဓာကိုယ်သေးသေးလေးတစ်ခုသည် မီးဖိုကိုမှီ၍ ဆူပွက်နေသည့် ‌နို့ဖြူရောင်စွပ်ပြုတ်အိုးကို လာကြည့်၏။ သူမသည် တံတွေးများကို အငမ်းမရ မျိုချနေသည်။

ချန်ကျဲ့ပြုံးလိုက်ပြီး ဆူပွက်နေသည့် ငါးစွပ်ပြုတ်အိုးကို ကြည့်လိုက်သည်။ ပန်းကန်လုံးတစ်လုံးကို ယူလိုက်ပြီး ယောက်ချိုဇွန်းတစ်ဝက်ခပ်ကာ အေးသွားစေရန် လေမှုတ်သည်။ ထို့နောက် ကလေးမလေးကို ကမ်းပေးလိုက်သည်။

“ငန်နေလားလို့ မြည်းကြည့်ပေးဦး”

“အာ-ဟာ့”

ကလေးမလေးသည် တက်ကြွစွာ ခေါင်းညိတ်၍ ပန်းကန်လုံးကို လှမ်းယူသည်။ ပူမှာကိုလည်း မကြောက်ရွံ့ဘဲ တစ်ကျိုက်တည်း မော့သောက်ပစ်လေသည်။

ထို့နောက် အရသာရှိသောကြောင့် စိတ်ကျေနပ်နေသည့် မျက်နှာအမူအရာသို့ ပြောင်းလဲသွားသည်။

“ဘယ်လိုနေလဲ၊ ငန်လား ပေါ့လား”

ချန်ကျဲ့ မေးလိုက်သည်။

ကလေးမလေးသည် နှုတ်ခမ်းသပ်၍ ပြော၏

“အရမ်းမြန်မြန် သောက်လိုက်လို့ အရသာ မသိလိုက်ဘူး။ အစ်ကိုကြီး ရွေ့ရွေ့ကို နည်းနည်းလောက် ထပ်ပေးပါလား”

မနိုင်ဘူးဟူသော အကြည့်ဖြင့် ချန်ကျဲ့ ပြုံးလိုက်သည်။ ထို့နောက် စွပ်ပြုတ်ရည်နည်းနည်း ထပ်ထည့်ပေးလိုက်သည်။ ကလေးမလေးသည် ဤတစ်ကြိမ်တွင်လည်း မျိုချပစ်ပြန်သည်။

“ဘယ်လိုလဲ၊ ငန်လား ပေါ့လား”

ကလေး‌မလေး ပြန်ပြောသည်။

“နည်းနည်းလောက် ထပ်သောက်ကြည့်ရမယ်ထင်တယ်”

ထိုအခါ ချန်ကျဲ့ ရယ်မောလိုက်သည်။

“ထားလိုက်ပါတော့။ ငါမင်းကို အားမကိုးတော့ဘူး။ တစ်အိုးလုံးသောက်လိုက်ရင်တောင်မှ ရွေ့ရွေ့ကတော့ ငန်လား ပေါ့လားဆိုတာ အရသာခံနိုင်လောက်မှာ မဟုတ်ဘူး”

ကလေးမလေးသည် လူမိသွားသောကြောင့် မျက်နှာအမူအရာ ပျက်ယွင်းသွား၏။

ချန်ကျဲ့ မိမိဘာသာ တစ်ငုံသောက်ကြည့်လိုက်သည်။ အပေါ့အငန် အနေတော်ဖြစ်၏။ သို့သော် ဂျင်းနှင့် ငရုတ်ကောင်းအရသာ မပါဝင်သောကြောင့် အနည်းငယ် ဟာတာတာဖြစ်နေပေသည်။

သို့သော် ဤခေတ်အခါအတွက်မူ ဤသည်မှာ အတော်လေး အရသာရှိသည်ဟု ဆိုနိုင်ပါ၏။

ချန်ကျဲ့ ပန်းကန်လုံးအကြီးတစ်လုံးဖြင့် ငါးတစ်ပိုင်းနှင့် စွပ်ပြုတ်ရည်အချို့ကို ခပ်ထည့်သည်။ ထို့နောက် စူးယွင်ကျင်းကို ခေါ်လိုက်သည်။

“ယွင်ကျင်း”

ထိုအခိုက်အတန့်၌ စူးယွင်ကျင်းသည် တံမြက်စည်းလှည်းနေခြင်းဖြစ်၏။ ချန်ကျဲ့၏ ခေါ်သံကိုကြားသောအခါ ခေါင်းလှည့်ကြည့်လာသည်။ ချန်ကျဲ့ ပြောလိုက်သည်။

“ငါ ဦးလေးအာ့ပါးတို့အိမ်ကို သွားလိုက်ဦးမယ်။ နေ့လယ်က ကျန်တဲ့ တောဟင်းရွက်ပေါက်စီတွေကို ပြန်နွှေးထားလိုက်ဦး။ ငါပြန်လာရင် စားကြမယ်”

စူးယွင်ကျင်း ခေါင်းညိတ်တုံ့ပြန်သည်။

“အင်း”

ချန်ကျဲ့ အများကြီး ပြောင်းလဲသွားသည့်တိုင် စူးယွင်ကျင်းသည် သတိထားနေမြဲဖြစ်သည်။ သို့‌မဟုတ် ချန်ကျဲ့နှင့် အဘယ်သို့ ပြောဆိုဆက်ဆံရမည်ကို မသိသောကြောင့် စိတ်မသက်မသာ ခံစားနေရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ဤဆက်ဆံရေးမှာ အချိန်ယူရဦးမည်ဖြစ်၏။

ချန်ကျဲ့သည် ငါးစွပ်ပြုတ်ကို သယ်ယူ၍ ဦးလေးအာ့ပါးအိမ်သို့ ဦးတည်ထွက်လာခဲ့သည်။ လမ်း‌တစ်လျှောက်တွင် ရွာသားအများအပြားနှင့် တွေ့ခဲ့သေး၏။ ထိုလူများသည် ချန်ကျဲ့အား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်နေခဲ့ကြသော်ငြား ပျူငှာစွာ နှုတ်ဆက်စကားဆိုကြသည်။

ချန်ကျဲ့ နောက်ခိုင်းသွားသည်နှင့် အချင်းချင်း အတင်းအဖျင်းများ ပြောဆိုကြတော့သည်။

“ဟေ့ ကြားမိသေးလား။ ခုနက ချန်ကျိုစစ်က လုစန်းရဲ့ခြေထောက်ကို ချိုးပစ်တာတဲ့”

“ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ လုစန်းရဲ့ဇနီး သမားတော်ပိုင်ကို သွားခေါ်တာ ငါတွေ့လိုက်တယ်”

“ဪ အဲဒါဆို အမှန်ပဲပေါ့။ ဒါပေမဲ့ သမားတော်ပိုင်က အရင်က အထက်မက်မွန်ရွာမှာ လေ့ကျင့်နေတာ မဟုတ်ဘူးလား”

“နင် မသိဘူးလား။ သမားတော်ပိုင်နဲ့ သမားတော်ချန် နှစ်ယောက်လုံးက ငါတို့ရွာကပဲ။ တစ်ခေါက်တုန်းက သူတို့နှစ်ယောက် အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြတာလေ။ ဒါပေမဲ့

ပြင်းထန်တဲ့ သောင်းပြောင်းရောဂါတစ်မျိုး ဖြစ်ပွားချိန်မှာ နှစ်ယောက်သား လောင်းကြေးထပ်ပြီး အပြိုင်ကုသခဲ့ကြတယ်။ နောက်ဆုံးကျ သ‌မားတော်ချန်က အနိုင်ရသွားပြီး သ‌မားတော်ပိုင်က ငါတို့ရွာမှာ လူနာ မကုသတော့ဘဲ အထက်မက်မွန်ရွာကို ပြောင်းရွှေ့သွားခဲ့တာပဲ”

“ဟုတ်တယ်၊ အခု သ‌မားတော်ကြီးချန် သေသွားတာ ၈နှစ်၊ ၉နှစ်လောက်ရှိပြီ။ ဒီနှစ်တွေအတွင်းမှာ ရွာထဲကလူတွေ ဆေးကုသဖို့လိုအပ်ရင် သမားတော်ပိုင်ကို ရှာကြရတယ်။ ပြီးတော့ သမားတော်ပိုင်ရဲ့သမက်က ရှန်းထောင်ရွာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးလေ ဟုတ်တယ်မလား။ သူက သ‌မားတော်ပိုင်ကို ရွာကိုပြန်ခေါ်လာခဲ့တာ။ အခုတော့ ရွာအရှေ့ပိုင်းက အုတ်ကြွပ်မိုးအိမ်ကြီးမှာ နေ,နေတယ်”

“ဪ အဲဒီလိုကိုး”

ရွာသားများသည် စိတ်အားထက်သန်စွာ အတင်းအဖျင်းပြောဆိုကြသည်။ ချန်ကျဲ့သည်လည်း မဟန့်တားခဲ့ပေ။ ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ဖြင့် ကမ္ဘာဦးချီကို စုပ်ယူဝါးမျိုခဲ့ပြီးချိန်မှစတင်၍ သူ၏အကြားအာရုံမှာ များစွာပို၍ တိုးတက်လာခဲ့သည်။

ထို့ကြောင့် ထိုစကားများကို အကြမ်းဖျင်းခန့် ကြားသိနိုင်ပေသည်။

“သမားတော်ပိုင်…”

ချန်ကျဲ့ တီးတိုးရေရွတ်လိုက်သည်။ ထိုနာမည်ကို သူကြားဖူးသည် ထင်ရ၏။ ပိုင်ဝမ်ကျင့်- သူ၏အဖိုးဖြစ်သူနှင့် ယှဉ်နိုင်သော သမားတော်တစ်ဦးဖြစ်ပြီး ယခင်က ငါးဖမ်းကုန်သည်အဖွဲ့၏ သမားတော်အဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် အကြောင်းရင်းအချို့ကြောင့် ‌ဇာတိသို့ ပြန်လာခဲ့သည်။

သမားတော်ပိုင်သည် တစ်ချိန်က ချန်ကျဲ့၏အဖိုးဖြစ်သူနှင့် ဤဒေသအတွင်း စီးပွားရေးလုပ်ကိုင်ခြင်းအတွက် ယှဉ်ပြိုင်ခဲ့ကြဖူးသည်။ သမားတော်နှစ်ဦးသည် ဆေးပညာကို လောင်းကြေးထပ် ယှဉ်ပြိုင်ခဲ့ကြသည်။ သမားတော်ပိုင်သည် ချန်ကျဲ့၏အဖိုးကို ရှုံးနိမ့်သွားပြီးနောက် ရှန်းထောင်ရွာမှ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားခဲ့သည်။

သမားတော်ပိုင်သည် ဆေးပညာကို နှစ်ပေါင်းများစွာထိတိုင် ဆက်လက်လေ့ကျင့်ခဲ့သည်။ သမား‌ေတာ်ပိုင်၏ တစ်ဦးတည်းသောသမီး‌လေးသည် သူ၏အလုပ်သင်နှင့် လက်ထပ်ခဲ့သည်။ ထိုအလုပ်သင်သည် ဆေးပညာတွင် ပါရမီထူးချွန်သူ မဟုတ်ပေ။ သို့သော် ပိုင်ဝမ်ကျင့်သည် သမက်ဖြစ်သူအား ငါးဖမ်းကုန်သည်အတွင်းသို့ ဝင်ရောက်ခွင့်ရစေရန် အဆက်အသွယ်များကို အသုံးပြုခဲ့သည်။ ဆယ်စုနှစ်ကျော်ခန့် ကြာမြင့်ပြီးနောက်တွင် သမားတော်ပိုင်၏သမက်သည် ရှန်းထောင်ရွာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးအဖြစ် ရာထူးတိုးသွားခဲ့သည်။

“ပိုင်ဝမ်ကျင့်၊ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူး”

ချန်ကျဲ့ ရေရွတ်လိုက်ပြီး ဦးလေးအာ့ပါး၏နေအိမ်သို့ ဆက်လျှောက်လာခဲ့သည်။

မကြာမီ ဦးလေးအာ့ပါး၏နေအိမ်သို့ ရောက်ရှိခဲ့သည်။

ဦးလေးအာ့ပါးသည် ခြင်းတောင်းများ ရက်လုပ်နေဆဲဖြစ်သည်။ ဤလောက၏ ‌ကျေးလက်ဒေသတွင် တစ်နေ့လျှင် နှစ်ကြိမ်သာ စားသောက်လေ့ရှိသည်။ ချမ်းသာကြွယ်ဝသူများသာလျှင် တစ်နေ့သုံးနပ် စားသောက်ရန် တတ်နိုင်ကြ၏။

သို့ဖြစ်ရာ ‌ညနေစာ မစားကြပေ။

ချန်ကျဲ့ တံခါးရှေ့တွင်ရပ်၍ အော်ခေါ်လိုက်သည်။

“ဦးလေးအာ့ပါး”

အဖေဖြစ်သူကို အလုပ်ကူညီလုပ်ပေးနေသည့် ချန်ရှောင်ဟူသည် အသံကြားသောအခါ အမြန်ထရပ်၍ ပြောလာသည်။

“အဖေ ကျိုစစ်ပဲ”

ဦးလေးအာ့ပါးလည်း ခြင်းတောင်းကို ဘေးချ၍ တုတ်ကောက်ကိုအားပြုကာ ထရပ်လာသည်။

ချန်ကျဲ့ ခြံတံခါးကို တွန်းဖွင့်၍ အထဲဝင်လိုက်သည်။

“ကျိုစစ်”

ရှောင်ဟူသည် ကျိုစစ်မှာ ဒီနေ့ အရမ်းအထင်ကြီးဖို့ကောင်းသည်ဟု တွေးနေသည်ဖြစ်ရာ ချန်ကျဲ့အား ဝမ်းမြောက်စွာ ခေါ်လိုက်၏။

ချန်ကျဲ့ ပြုံးလိုက်သည်။

“ဟေ့ ဟူဇစ်၊ ဦးလေးအာ့ပါး”

ထိုစဉ် ဦးလေးအာ့ပါးလည်း ရှေ့ထွက်လာသည်။ ချန်ကျဲ့ ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ငါးစွပ်ပြုတ်ပန်းကန်ကို ကမ်းပေးလိုက်သည်။

“ဒီ‌ေန့ လုစန်း ယူလာတဲ့ ငါးနှစ်ကောင်ကို ကျွန်တော် ငါးစွပ်ပြုတ်လုပ်လိုက်တယ်။ ဦးလေးအာ့ပါး ဒီနေ့ ကျွန်တော့်အတွက် ရပ်တည်ပေးခဲ့တာကို ကျေးဇူးတင်ချင်လို့ပါ။ ကျေးဇူးပြုပြီး ဒီစွပ်ပြုတ်လေး ‌မြည်းစမ်းကြည့်လိုက်ပါ”

ဦးလေးအာ့ပါး၏ ပိုက်ဆံဖြင့်ဖြေရှင်းမည့် အစီအစဉ်သည် မအောင်မြင်ခဲ့သော်ငြား ထုတ်ဖော်ပြသခဲ့သည့် ကြင်နာမှုကို ချန်ကျဲ့ အသိအမှတ်ပြုပါ၏။ ထို့ကြောင့် ငါးစွပ်ပြုတ် လာပို့ခဲ့ခြင်းဖြစ်သည်။

All Chapters