အခန်း (၁၀၃)
Vol. 8 Ch. 103
စာရေးကျိုး၏ နဖူးပေါ်တွင် ချွေးစေးများ ဖုံးလွှမ်းသွား၏။
သူသည် အရင်တစ်ခေါက်ကလို မမောက်မာနိုင်တော့ချေ။
ဂိုဏ်းတစ်ရာ မဟာမိတ်အဖွဲ့နှင့် ပတ်သက်ဆက်နွယ်၍ အကျိုးအမြတ်များ ရရှိခဲ့သည်ဟူသော သတင်းသည်သာ ဌာနချုပ်ဆီသို့ ရောက်ရှိသွားမည် ဆိုပါက သူ၏စာရေးရာထူး ပြုတ်သွားနိုင်သည်။ ထိုအရာက အရေးမကြီးချေ။ ကြီးမားသော ကိစ္စများအတွက် တာဝန်ခံရမည့် အရာမျိုး ဖြစ်လာနိုင်သည်က ပြဿနာကြီး ဖြစ်သည်။
စာရေးကျိုးသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ကျွင်းချောင်ရှောင်းနှင့်အတူ ရောက်ရှိလာသော တောင်ပြဂိုဏ်း အကြီးအကဲအား ကြိုဆိုလိုက်၏။ ပြီးနောက် အလောတကြီး ပြုံးကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … ဒီကျိုးက ခင်ဗျားနဲ့ သံမဏိအရိုးဂိုဏ်းကို အသိအမှတ်ပြုပေးပါ့မယ်။"
"မဖြစ်ဘူး … မဖြစ်ဘူး … မဖြစ်ဘူး။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ကျုပ်ရဲ့သံမဏိအရိုးဂိုဏ်းက အဆင့်နိမ့်ဂိုဏ်းလေးတစ်ခုပဲလေ။ကျုပ်တို့ဆီမှာ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ အာမခံချက်လည်း မရှိဘူး။ ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းတစ်ခုအနေနဲ့ အသိအမှတ်ပြုဖို့ အရည်အချင်းရှိမှာလဲ။"
စာရေးကျိုး၏မျက်နှာသည် ယင်ကောင်စားလိုက်ရသလိုပင် ရှုံ့တွသွား၏။
အကြီးအကဲမာသည် အေးစက်စက်ပြောလိုက်သည်။ "ဂိုဏ်းအသိအမှတ်ပြုဟောခန်းရဲ့ တာဝန်ရှိသူ တစ်ယောက် အနေနဲ့ တရားမျှတမှုဆိုတာကို ခင်ဗျားအနေနဲ့ မမေ့လိုက်သင့်ဘူး။ ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့ရဲ့ ထောက်ခံချက်ကို တောင်းဖို့လိုအပ်တယ်ဆိုပြီး ပြောတာကတော့ တရားလက်လွတ်နိုင်လွန်းတယ်။"
အကြီးအကဲမာ၏ စကားများသည် စာရေးကျိုး၏နှလုံးသားအား တုန်လှုပ်သွားစေ၏။ သူ၏ခြေထောက်များပင် ခွေယိုင်ချင်လာ၏။
အကြီးအကဲမာသည် အဆင့်ငါးတောင်ပြာဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။ သူတို့လို ဌာနခွဲ တစ်ခုမပြောနှင့် ဌာနချုပ်မှဆိုလျှင်တောင်မှ လေးလေးစားစားဖြင့် ဆက်ဆံရမယ့်သူမျိုး ဖြစ်သည်။ သူသည် ကျိန်းသေပေါက် ဆိုးရွားသည့်အခြေအနေကို ရင်ဆိုင်နေရပြီဖြစ်သည်။
စာရေးကျိုး၏ ဖြူလျော်နေသော မျက်နှာကိုမြင်တော့ ကျွင်းချောင်ရှောင်းတွေးလိုက်မိသည်။ ခင်ဗျား ကို ခွေးတစ်ကောင်လို မကန်ကျောက်ရရင် ဒေါသထွက်နေတဲ့ ငါ့တပည့်တွေ ဘယ်လိုလုပ် စိတ်ပြေနိုင်မှာလဲ။
"ဖောင်း"
ရုတ်တရက် ဆိုသလိုပဲ စာရေးကျိုးသည် သူ၏လက်ကိုမြှောက်၍ မျက်နှာအား အားရပါးရရိုက်ချလိုက်၏။ ပြီးနောက် မချိပြုံး ပြုံးကာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ခုနက ကျုပ်ခေါင်း ထိခိုက်မိသလိုဖြစ်ပြီး ဦးနှောက်မကောင်း ဖြစ်ခဲ့ပါတယ်။ဒါ့ကြောင့် ခွင့်လွှတ်ပေးပါ။ ဂိုဏ်းတစ်ခုရဲ့ဂိုဏ်းချုပ်အနေနဲ့ ကျုပ်လိုလူမျိုးနဲ့ တန်းညှိပြီးစိတ်ဆိုးစိတ်ကောက် လုပ်နေမှာမဟုတ်ဘူးလို့ ထင်ပါတယ်။"
လီချင်းယန် နှင့် တစ်ခြားသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။
အရင်တုန်းကတိုင်း ဆက်လက်၍ မောက်မာနေအုံးမည်ဆိုလျှင် သူတို့သည် ထိုသူအား အနည်းငယ်လောက် လေးစားမှုရှိပေအုန်းမယ်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ခွေးတစ်ကောင်ကဲ့သို့ပင် အမြှီးတစ်ရမ်းရမ်းနဲ့ ဖြစ်နေသည်မို့ အားလုံးက ရွံ့ရှာသလို ကြည့်မိလိုက်ကြ၏။
"စာရေးကျိုး …. ခင်ဗျားရိုက်ချက်က ပျော့လွန်းတယ်။" ကျွင်းချောင်ရှောင်း အသာပြောလိုက်၏။
"ဖောင်း"
စာရေးကျိုးသည် သူ၏မျက်နှာအား ထပ်မံ၍ ရိုက်နှက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ အားအတော်အသင့် ထည့်ထားသည်ကြောင့် မျက်နှာ၏ညာဘက်ခြမ်းတွင် ကြီးမားလှသော လက်ဝါးရာ အနီရောင်ကြီး ပေါ်လာ၏။ သူသည် နာကျင်မှုကို အောင့်အီးသည်းခံ၍ အားတင်းကာ ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း စိတ်ကျေနပ်ပြီလား။"
"မကျေနပ်သေးပါဘူး။"
ကျွင်းချောင်ရှောင်းပြန်ပြောလိုက်၏။
"ဖောင်း"
စာရေးကျိုးသည် အညှာအတာမဲ့လှသော သူဖြစ်သည်။ သူသည် သူ၏မျက်နှာနှစ်ဖက်အား ဘယ်ပြန်ညာပြန် ရိုက်နှက်လိုက်သည်။ အားထည့်တာ များသွားသောကြောင့် နှာခေါင်းမှသွေးများပင် ကျဆင်းလာသည်။
"ဂိုဏ်း .. ဂိုဏ်းချုပ်ကျွင်း"
သူသည် အလွန်အမင်း နာကျင်နေသည် ဆိုသော်လည်း ပြုံး၍ ပြောလိုက်သည်။ "ခင်ဗျား စိတ်ကျေနပ်ပြီလား။"
တစ်ဖက်လူသည် လေးလေးနက်နက်နှင့် ကိုယ့်ပါးကို ရိုက်နေသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် သူနှင့် ဖက်ပြိုင်၍ မငြင်းဆန်ချင်တော့ပေ။ ထို့ကြောင့် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် လုပ်ရိုးလုပ်စဉ်အတိုင်း အသိအမှတ်ပြုလို့ရအောင် လုပ်ကြစို့။"
"ကျေးဇူးပြုပြီးကြွပါ။"
စာရေးကျိုးသည် နာကျင်မှုကို အောင့်အီးသည်းခံ၍ ဂိုဏ်းအသိအမှတ်ပြု ဟောခန်း၏ အလယ်တွင်ရှိသော ခြံဝန်းတစ်ခုထဲသို့ အားလုံးအား ခေါ်ဆောင်လာခဲ့သည်။
"ဂိုဏ်းချုပ်ကျွင်း ဒီမှာ ကျင့်ကြံခြင်း စမ်းသပ်တဲ့ ကျောက်တုံးရှိပါတယ်။ကျေးဇူးပြုပြီး တပည့်တွေ တစ်ယောက်ချင်းစီလာပြီး စမ်းသပ်ကြည့်ဖို့လိုတယ်။လိုအပ်ချက်တွေနဲ့ ပြည့်စုံတယ်ဆိုရင် ဂိုဏ်းကို အဆင့်မြှင့်တင်လို့ ရပါပြီ။"
"ဘယ်လို လိုအပ်ချက်မျိုးလဲ။"
"တပည့်ငါးယောက်က ဂျင်နှစ်ထောင့်သုံးရာအားကို ပိုင်ဆိုင်ရပါမယ်။"
"ကောင်းပြီ။"
ကျွင်းချောင်ရှောင်း နားလည်သွား၏။
ကျင့်ကြံခြင်း စမ်းသပ်ခြင်းကျောက်တုံးသည် သူ၏ အားအင် စမ်းသပ်ခြင်းစက် နှင့် အတူတူပင် ဖြစ်သည်။ "လီဖေး .. အရင်သွားပြီး စမ်းလိုက်။"
"ကောင်းပါပြီ။"
လီဖေးသည် ရှေ့သို့လျှောက်သွား၏။ ပြီးနောက် ခေါင်းကိုကုတ်ကာ မေးလိုက်သည်။ "ဂိုဏ်းချုပ် … လက်သီးနဲ့ထိုးရမှာလား။ခြေထောက်နဲ့ ကန်ရမှာလား။"
"မင်းကြိုက်သလို လုပ်ပါ။"
"နားလည်ပါပြီ။"
လီဖေးသည် ခြေထောက်ကိုမြှောက်၍ ရုတ်တရက် ဆိုသလိုပဲ ကန်လိုက်၏။ သူ၏အမူအရာသည် ဘောလုံးကန်နေသည့် အမူအရာနှင့် ဆင်တူနေသည်။
သူသည် စမ်းသပ်ခြင်းကျောက်တုံးအား ကန်ကျောက်လိုက်၏။
နောက်မှ လိုက်ပါလာသော အကြီးအကဲမာသည် မှတ်ချက်ပေးလိုက်၏။ "ဒီကောင်လေးရဲ့ ခန္ဓာကိုယ်က ခိုင်မာကျစ်လစ်တယ်။စိတ်ဝိညာဉ် စွမ်းအင်တွေကို ထုတ်မသုံးထားဘူး ဆိုရင်တောင်မှ ဒီကန်ချက်က တော်တော်ကြီးကို အားကောင်းတယ်လို့ ဆိုရမယ်။"
"ဖူး"
သို့ပေမဲ့ ကျောက်တုံးပေါ်တွင် ပေါ်လာသော နံပါတ်များကို မြင်ချိန်မှာတော့ သူ့မျက်လုံးထဲတွင် အနည်းငယ်သော အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာ၏။
အဘယ့်ကြောင့်ဆိုသော် ကျောက်တုံးပေါ်တွင် ပေါ်လာသော နံပါတ်သည် သုံးထောင်ဂျင်ဟူ၍ ဖြစ်၏။
"ဒါက…."
စာရေးကျိုးသည် ဆွံအသွားမိ၏။
သူသည် ဂိုဏ်းအသိအမှတ်ပြုဟောခန်းအား တာဝန်ယူခဲ့သည့် လူတစ်ယောက်ဖြစ်သောကြောင့် အားအင်လာရောက် စမ်းသပ်သော များပြားလှသည့် တပည့်များကို မြင်ဖူးပြီးဖြစ်၏။
သို့ပေမဲ့ ခန္ဓာကိုယ် အားအင်သီးသန့်ကိုသာ အသုံးပြု၍ ကန်ကျောက်လိုက်သောအားသည် သုံးထောင်ဂျင်ရှိသည်ကိုတော့ သူ ပထမဦးဆုံးမြင်ဖူးခြင်း ဖြစ်၏။
"အား"
လီဖေး ခေါင်းကို ခါရမ်းလိုက်၏။ "ကျောက်တုံးကို ကန်ရတာ အသားမကျသေးဘူး ဖြစ်နေတယ်။"
"ရှောင်မို"
"ကောင်းပါပြီ။"
စုရှောင်မိုသည် အရှေ့သို့ လျှောက်သွား၏။ ပြီးနောက် သူသည် အားထည့်၍ ခြေထောက်နှင့် ကန်လိုက်၏။ ကျောက်တုံးပေါ်မှာတော့ သုံးထောင့်ငါးရာ ဂျင်ဟူ၍ ပေါ်လာ၏။
ပြီးနောက် သူသည် ပုခုံးတွန့်၍ အကူအညီမဲ့သလို ပြောလိုက်သည်။ "ထင်ထားတဲ့အတိုင်းပဲ ကျွန်တော်လည်း အသားမကျဘူး။"
အကြီးအကဲမာနှင့် စာရေးကျိုးတို့၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားသည်။
ဤတပည့်နှစ်ယောက်သည် ခန္ဓာကိုယ်အားအင်ကိုသာ အသုံးပြု၍ ကန်ကျောက်ခဲ့ခြင်း ဖြစ်၏။ သို့ပေမဲ့ သိုင်းတပည့် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်၏အားအင်မျိုးနှင့် တူညီနေသည်။ ဤကိစ္စမှာ မယုံကြည်နိုင်ဖွယ်ရာဖြစ်၏။
နောက်တစ်ယောက် အလှည့်ကျသူကတော့ လုချင်းချင်း ဖြစ်၏။
သူမသည် သူမ၏ကျောက်စိမ်းလို သွယ်လျလှသော လက်ဝါးနှင့် စမ်းသပ်ခြင်းကျောက်တုံးအား အသာရိုက်နှက်လိုက်သည်။
ကျောက်တုံးပေါ်မှာတော့ လေးထောင်ဟူသော ဂဏန်းများ ပေါ်လာ၏။ သူမသည် အားအကုန်ကို ထုတ်ဖော်ခဲ့ခြင်း မရှိပေ။
လီချင်းယန်သည် ရှေ့သို့ လျှောက်လိုက်၏။ ပြီးနောက် သူ၏လက်သီးထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ စမ်းသပ်ခြင်းကျောက်တုံးအား ရုတ်တရက် ထိုးလိုက်၏။
ဖြစ်ပေါ်လာသော ဂဏန်းများမှာ ငါးထောင်ဂျင်ဟူ၍ ဖြစ်သည်။
"ဘုန်း"
ထျန်းချီ သည်လည်း စမ်းသပ်ခြင်းကျောက်တုံးအား ထိုးနှက်လိုက်၏။ သူသည် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်ကိုမှ အသုံးမပြုခဲ့ပေ။ သို့ပေမဲ့ သူ၏ထိုးနှက်ချက်သည် သုံးထောင့်နှစ်ရာဂျင်အား တွင်ရှိ၏။
အကြီးအကဲမာနှင့် စာရေးကျိုးတို့၏မျက်လုံးများသည် ပိုပို၍ ပြူးကျယ်လာသည်။
ဤသံမဏိအရိုးဂိုဏ်းတပည့်များသည် သိုင်းတပည့် အဆင့်တစ် ကျင့်ကြံသူများသာဖြစ်၏။ သို့ပေမဲ့ သူတို့အားလုံး၏အားအင်သည် သုံးထောင်ဂျင်ထက် ပိုမိုနေ၏။ ဤကိစ္စသည် အလွန်တရာ အံ့အားဖို့ကောင်း၏။
"စာရေးကျိုး"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"ကျုပ်တပည့်ငါးယောက်က လိုအပ်ချက်တွေနဲ့ ကိုက်ညီတယ်မလား။ဒါဆိုရင် အဆင့်ရှစ် ဂိုဏ်းတစ်ခုအတွက် အသိအမှတ်ပြုလို့ ရပြီလား။"
စာရေးကျိုးသည် သတိပြန်ဝင်လာ၏။ ပြီးနောက် သူသည် အလောတကြီးဖြင့် ယဉ်ကျေးစွာပြောလိုက်သည်။ "အတည်ပြုချက် စည်းမျဉ်းအရဆိုလျှင် ခင်ဗျားရဲ့ဂိုဏ်းအနေနဲ့ အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း တပည့်ငါးယောက် လိုအပ်နေပါသေးတယ်။"
ကျွင်းချောင်ရှောင်းသည် လက်ကိုရမ်းခါလိုက်၏။
သိုင်းတပည့်အဆင့်သို ချိုးဖျက်ရောက်ရှိပြီးသော ကျန်းဝေနှင့် တစ်ခြားသော တပည့်သုံးယောက်တို့သည်လည်း ရောက်ရှိလာကြ၏။အားလုံး၏ အားအင် စမ်းသပ်မှုသည် သုံးထောင်ဂျင်ထက် သာလွန်နေသည်။
လုချင်းချင်းနှင့် လီချင်းယန်တို့မှလွဲ၍ တစ်ခြားသော သံမဏိအရိုးဂိုဏ်းတပည့်များ အားလုံးသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်အမြစ်များကို ပိုင်ဆိုင်သောသူများ ဖြစ်၏။
သို့ပေမဲ့ သူတို့၏ လေ့ကျင့်မှုနှင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်း ဆေးလုံးတို့ကြောင့် သာမန်ထက်ပိုသော စွမ်းအင်များကို ပိုင်ဆိုင်နေကြခြင်းပင် ဖြစ်သည်။
"..." အကြီးအကဲမာနှင့် စာရေးကျိုးတို့သည် မူးနောက်နောက်ပင် ခံစားမိသွား၏။
တပည့်တစ်ယောက်နှစ်ယောက်လောက်သာ ထိုသို့သော စွမ်းအင်မျိုးကို ထုတ်ဖော်နိုင်မည်ဆိုလျှင် ထူးခြားသော အစွမ်းသတ္တိများ နှင့် မွေးဖွားလာသူများဖြစ်ကြောင်း သုံးသပ်နိုင်သေး၏။ သို့ပေမဲ့ များပြားလှသော တပည့်များ၏ အားအင်သည် သုံးထောင်ဂျင်အထက်တွင် ရှိနေသည် ဆိုသည်မှာ ထူးခြားသည့်ကိစ္စ ဖြစ်လာတော့သည်။
"ဂိုဏ်းချုပ်ကျွင်း …"
အကြီးအကဲမာသည် ရှောင်ကျီအားကြည့်ကာ ပြောလိုက်သည်။ "ဒီတပည့်ကကော မစမ်းဘူးလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ရှောင်ကျီ …. ထပြီးတော့ အကြီးအကဲမာအတွက် တစ်ချက်လောက်ထိုးပြလိုက်ပါ။"
"ကောင်းပါပြီ။"
ရှောင်ကျီသည် သူ၏အဝတ်ပတ်ထားသော စနိုက်ပါသေနတ်အား စုရှောင်မိုဆီ ကမ်းပေးလိုက်၏။ ပြီးနောက် သူသည် စမ်းသပ်ခြင်းကျောက်တုံးရှေ့သို့ သွား၍ အသက်ကိုပြင်းပြင်းရှူကာ လက်သီးဖြင့် ထိုးချလိုက်တော့သည်။
သူ၏အားအင်သည် လေးထောင့်ခြောက်ရာဂျင်ဖြစ်၏။
အကြီးအကဲမာ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုများနှင့် ပြည့်နှက်လျက်ရှိသည်။
ဤကောင်လေး၏ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ မရှိပေ။ သို့ပေမဲ့ ခန္ဓာကိုယ်အားအင်၏သီးသန့်သည် ငါးထောင်ဂျင်နီးပါးသော အားအင်ကို ပိုင်ဆိုင်နေသည်။
"ရှောင်ကျီ ဟုတ်လား။"
စာရေးကျိုးသည် တစ်စုံတစ်ခုကိုနားလည်သွားဟန်ဖြင့် အံ့အားတသင့်ပြောလိုက်သည်။ "သူကရှောင်ကျီ ဆိုတော့ သိုင်းပြိုင်ပွဲမှာ အနိုင်ယူသွားခဲ့တဲ့ ရှောင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်မဟုတ်လား။"
ကျွင်းချောင်ရှောင်း ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ရှောင်မိသားစုရဲ့ တိုက်ရိုက် တပည့်ဆိုတာကို ဖျက်လိုက်ပါ။သံမဏိအရိုးဂိုဏ်းတပည့်လို ပြောင်းပြော။"
"နားလည်ပါပြီ နားလည်ပါပြီ။"
စာရေးကျိုးသည် အလျင်အမြန်ပြောလိုက်သည်။
အကြီးအကဲမာသည် အံ့အားတသင့်ဖြင့် ထပြောလိုက်၏။ "သူက သိုင်းပြိုင်ပွဲရဲ့ ဗိုလ်စွဲသူကိုး။ ဒါကြောင့် ဒီလောက်အားကောင်းနေတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။"
သူသည်လည်း သံမဏိအရိုးဂိုဏ်း၏တပည့်များ သိုင်းပြိုင်ပွဲတွင် ထိပ်ဆုံးလေးနေရာကို အပိုင်စားယူလိုက်သည့် သတင်းအား ကြားခဲ့၏။ တောင်ပြဂိုဏ်း၏ ဂိုဏ်းချုပ်အပါအဝင် အကြီးအကဲများနှင့်အတူပင် သူ ထိုကိစ္စအားဆွေးနွေးခဲ့သေး၏။
"ဂိုဏ်းချုပ်ကျွင်း" အကြီးအကဲမာသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ "ဒီလူတွေအကုန်လုံးက ခင်ဗျားရဲ့ လမ်းညွှန်ပြသမှုရဲ့အောက်မှာ လူတွေကြားက နဂါးတွေအကုန် ဖြစ်လာကြတာပဲ။"
ဤအရာသည် အမှန်တရားဖြစ်ပြီး မြှောက်ပင့်ပြောဆိုခြင်း မဟုတ်ပေ။
ထို့အပြင် ဤလူငယ်လေးများ အားလုံးသည် သာမန်ပင်ကိုယ်စွမ်းအင်ကိုသာ ပိုင်ဆိုင်သောလူများ ဖြစ်ကြသည်။ ထို့ကြောင့် တောင်ပြဂိုဏ်းဆိုလျှင်ပင် ထိုမျှ ခက်ခဲသော အလုပ်ကို လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
တောင်ပြဂိုဏ်းတင်မဟုတ် တခြားသောအဆင့်မြင့် ဂိုဏ်းများဆိုလျင်လည်း သာမန်ပင်ကိုယ်စွမ်းအင်သာရှိသော လူတစ်စုအား သိုင်းတပည့် ပထမအဆင့်ရောက်လာပြီး သာမန်ထက်ပိုသော အားအင်များ ပိုင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ဟုတ်ပေသည်။
အဆင့်မြင့်သောဂိုဏ်းများသည်လည်း သာမန်ပင်ကိုယ်စွမ်းအင်သာ ရှိသောလူများအား လက်ခံ၍ သင်ကြားပြသပေးလိမ့်မည် မဟုတ်ပေ။ ထိုအရာသည် အချိန်နှင့် အရင်းအမြစ်ကား ဖြုန်းတီးခြင်းနှင့် ဆင်တူပေလိမ့်မည်။
ကျွင်းချောင်ရှောင်း၏အတွေးမှာတော့ ခြားနားလှ၏။
အဆင့်မြင့်ဂိုဏ်းများ၏ မျက်လုံးထဲတွင် အမှိုက်ဟု သတ်မှတ်ထားသော တပည့်များအား မထင်မှတ်ထားသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်အောင် ပြုစုပျိုးထောင်ပေးချင်သည်။
ထိုအရာသည်ကလည်း သူ၏စိန်ခေါ်မှုပင် ဖြစ်သည်။