← Chapters

အခန်း (၁၀၄)

Vol. 8 Ch. 104

အခန်း (၁၀၄)

Vol. 8 Ch. 104

အဆင့်ရှစ် ဖြစ်လာရန် လိုအပ်ချက်သည် သိုင်းတပည့်အဆင့် ငါးယောက်ရှိရန်နှင့် အဆင့်ဆယ့်နှစ် စွမ်းအင်ဖွင့်ခြင်း ကျင့်ကြံသူ တပည့်ငါးယောက် ရှိရန်ဖြစ်၏။

ကျွင်းချောင်ရှောင်း ခေါ်ဆောင်လာသော တပည့်များသည် ကျင့်ကြံခြင်းမရှိသော ရှောင်ကျီ၏ အားအင်ပင်လျှင် အနည်းဆုံးလိုအပ်သည့် လိုအပ်ချက်ထက် ပိုမိုသာလွန်နေသည်။

ထို့ကြောင့် အသိအမှတ်ပြု လက်မှတ် ရရှိခြင်းသည် အလွန်တရာ လွယ်ကူ၏။

"ဂိုဏ်းချုပ်ကျွင်း။"

စားပွဲပေါ်တွင်တော့ စာရေးကျိုးသည် “ရှစ်” ဟုရေးသားထားသော တံဆိပ်ပြားတစ်ပြားအား လှမ်းပေး၍ ပြုံးကာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ဂိုဏ်း အဆင့်ရှစ်ဂိုဏ်းတစ်ခုဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။"

လက်ရှိအချိန်တွင် တောင်ပြာဂိုဏ်းအကြီးအကဲ မရှိဘူးဆိုလျှင်တောင်မှ သူသည် လေးလေးစားစားနှင့် ပြောဆိုဆက်ဆံရပေတော့မည်။ ထို့အပြင် သံမဏိအရိုးဂိုဏ်း တပည့်များ၏ ပြသခဲ့သော အားအင်အဆင့်သည် ကြောက်မက်ဖွယ်ရာကောင်းလွန်းလှ၏။

သံမဏိအရိုးဂိုဏ်း၏ အနာဂတ်မှာ အကန့်အသတ်မဲ့လောက်သည်။

“ဒင်။

လက်ခံသူသည် ဂိုဏ်းအား အဆင့်ရှစ်သို့ တိုးမြှင့်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ရရှိသည့် ဆုလာဒ်မှာ ဂိုဏ်းအောင်မြင်မှုအမှတ် ၁၀၀၊ ဂိုဏ်းစုဆောင်းမှတ် ၁၀၀ ရရှိသည်။

“ဒင်။

ဂိုဏ်းအောင်မြင်မှုအမှတ် - ၁၀၀/၅၀၀။

ဂိုဏ်းစုဆောင်းမှတ် - ၃၅၅/၅၀၀”

"ချီးတဲ့မှ။"

အဆင့်မြှင့်တင်ပြီးနောက်တွင် ဂိုဏ်းစုဆောင်းမှတ်နှင့် ဂိုဏ်းအောင်မြင်မှု အမှတ်များ ရရှိခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အလွန်အမင်း အံ့အားသင့်သွားသည်။

ဂိုဏ်းအနေနှင့် အဆင့်မြှင့်တင်ရန် ကြားလိုက်ချိန်တွင် သူ ပထမ က စိတ်မဝင်စားခဲ့ပေ။ သို့ပေမဲ့ ဂိုဏ်းအောင်မြင်မှု အမှတ်နဲ့ ဂိုဏ်းစုဆောင်းမှတ်များ ရရှိသည်ဆိုတော့ သူ့အနေနှင့် ဤကိစ္စအား အလွန်အမင်း စိတ်ဝင်စားလာ၏။

စနစ်မှ ပြောလိုက်၏။ “ဂိုဏ်း၏ အဆင့်မြင့်လာလေ ရရှိသည့် ဆုလာဘ်က မြင့်မားလေဖြစ်သည်။”

ကျွင်းချောင်းရှောင်း၏ မျက်လုံးများသည် စိတ်အားတက်ကြွမှုများနှင့် ပြည့်နှက်သွားသည်။

"စာရေးကျိုး … အဆင့်ရှစ်ကနေ အဆင့်ရးခုနစ်ဂိုဏ်းကို မြှင့်တင်ဖို့အတွက် ဘာတွေ လိုအပ်လဲ။"

စာရေးကျိုးသည် အလောတကြီးဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ်က သိုင်းဆရာအဆင့် ဖြစ်ဖိုလို့တယ်။ ပြီးတော့ တပည့်တွေကလည်း သိုင်းတပည့်အဆင့် အနည်းဆုံး ငါးဆယ်ရှိရမယ်။ ပြီးတော့ စွမ်းအင်ဖွင့်ခြင်းအဆင့် တပည့် ငါးရာ ရှိရမယ်။"

"ဒီလောက်များတာလား။"

ကျွင်းချောင်ရှောင်း မျက်မှောင်ကုတ်လိုက်မိသည်။

ဂိုဏ်းတွင်ရှိသော တပည့်အရေအတွက်၏ အကန့်အသတ်မှာ ငါးရာ ယောက်သာရှိ၏။

ဂိုဏ်းအား အဆင့်ခုနစ်သို့ အဆင့်မြှင့်တင်လိုသည်ဆိုလျင် တပည့်များ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရုံသာမက ဂိုဏ်းအားလည်း တတိယအဆင့်သို့ အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။

စနစ်ပေါ်တွင် ရေးသားထားသော ဂိုဏ်းအဆင့်ဆိုသည့် နေရာတွင် အဆင့်ကိုး မှ အဆင့်ရှစ်ဟုပြီး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ဂိုဏ်းချုပ်ကျွင်းသည် ဂိုဏ်းအောင်မြင်မှုအမှတ် ၁၀၀နှင့် ဂိုဏ်းစုဆောင်းမှတ် ၂၀၀တို့အား ရရှိခဲ့သည်။ သူသည် စိတ်လက်ပျော်ရွှင်စွာဖြင့် ဂိုဏ်းအသိအမှတ်ပြု ခန်းမထဲမှ ထွက်လာခဲ့သည်။

"အဆင့်ရှစ်တံဆိပ်ပဲ။ကောင်းကင်ဘုံ …. သံမဏိအရိုးဂိုဏ်းက တကယ်ပဲ အဆင့်တက်သွားပြီပဲ။ မယုံနိုင်စရာပဲ …. မယုံနိုင်စရာပဲ။"

လမ်းမှဖြတ်လာသောသူများသည် ကျွင်းချောင်ရှောင်း၏ ခါးပေါ်တွင် အဆင့်ရှစ်ဟု ရေးသားထားသော တံဆပ်ပြားအား မြင်တော့ တုန်လှုပ်မှု နှင့် မျက်လုံး အပြူသား ဖြစ်သွားကြမိ၏။

လွန်ခဲ့သောနှစ်လတုန်းက သံမဏိအရိုးဂိုဏ်းသည် အားလုံး၏မျက်လုံးထဲတွင် အမှိုက်ဂိုဏ်းတစ်ခုသာဖြစ်၏။

ဂိုဏ်း၏ပထမခေါင်းဆောင်ဝမ်ဖြစ်သော ဆောင်ကြာမြိုင်သို့သွားပြီး သတ်ဖြတ်ခံလိုက်ရသောကြောင့် အားလုံး၏ ရယ်မောဖွယ်ရာ ဂိုဏ်းတစ်ခုအဖြစ် ဖြစ်ကျန်ခဲ့ရသည်။

သို့ပေမဲ့ မကြာသေးသော အချိန်အတွင်းမှာပဲ ဒုတိယမျိုးဆက် ဂိုဏ်းချုပ်ကျွင်း၏ ဦးဆောင်မှုအောက်တွင် ဂိုဏ်းသည် မြန်မြန်ဆန်ဆန်ပဲ ကြီးထွားလာရုံသာမက အဆင့်ကိုးဂိုဏ်းတစ်ခုမှသည် အဆင့်ရှစ် ဂိုဏ်းတစ်ခုအတွင်းသို့ ပြောင်းလဲသွားခဲ့သည်။

ဤသို့သောကိစ္စအား လူတော်တော်များများက အစစ်အမှန်မဟုတ်ဘဲ အိမ်မက်မက်နေသည်ဟုပင် ထင်မှတ်မိ၏။

"ဂိုဏ်းချုပ်ကျွင်း။"

တောင်ပြာဂိုဏ်းအကြီးအကဲသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။

"ကျုပ်ဆီ လုပ်စရာတွေ ရှိသေးတယ် ။ အနာဂတ်မှာ ခင်ဗျားမှာသာ အချိန်ရှိမယ်ဆိုရင် ကျုပ်တို့ တောင်ပြာဂိုဏ်းဆီ အေးဆေး စကားပြောဖို့ ကြွခဲ့ပါအုံး။"

စကားလုံးများသည် ယဉ်ကျေးလှ၏။

သို့ပေမဲ့ အနားပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် မနာလို ဖြစ်မိနေကြသည်။ ထို့အပြင် အဆင့်ငါးဂိုဏ်းတစ်ခု၏ အကြီးအကဲဆီမှ ယဉ်ကျေးသည့် စကားများကို နားထောင်ရန်အတွက် လူတိုင်းသည် အရည်အချင်း ပြည့်မှီလှသည် မဟုတ်ပေ။

ကျွင်းချောင်းရှောင်းသည် လက်သီးဆုပ်ကာ ပြောလိုက်သည်။

"ကျွန်တော် အချိန်ရှိရင် တောင်ပြဂိုဏ်းကို ကျိန်းသေပေါက် လာလည်ပါ့မယ်။ နှုတ်ဆက်ပါတယ်။"

"နှုတ်ဆက်ပါတယ်။"

အကြီးအကဲမာသည် ထွက်ခွာသွားသည်။

လမ်းတစ်လျှောက်မှာတော့ သူသည် တွေးလိုက်မိ၏။ "သာမန်ပင်ကိုယ်စွမ်းရည်ပဲ ရှိတဲ့ လူငယ်လေးတွေကို ခေါ်လာပြီး ဒီလိုအခြေအနေမျိုးရောက်လာအောင် ပြုစုပျိုးထောင်နိုင်တယ်။ ဒီကောင်လေးက မရိုးရှင်းဘူး။ အနာဂတ်မှာ ထပ်တွေ့မယ်ဆိုရင် သံမဏိအရိုးဂိုဏ်းက ဒီထက်ပိုပြီး အများကြီး အားကောင်းနိုင်တယ်။"

ကြောက်စရာ အားအင် များကို ထုတ်ဖော်ပြသခဲ့သော တပည့်များကို ကြည့်ပြီး အကြီးအကဲမာသည် သံမဏိအရိုးဂိုဏ်းအား အထင်မသေးရဲတော့ချေ။

ဂိုဏ်းအသိအမှတ်ပြု လက်မှတ်ရပြီးသည့်နောက် သူသည် ဈေးထဲသို့သွားကာ စွမ်းအင်အမြုတေဆိုင် ကို ဝင်၍ ပစ္စည်းများကို ဝယ်ယူတော့သည်။

စွမ်းအင် အမြုတေ၏ ပစ္စည်းသည် မြင့်မားလေ ကောင်းလေ ဖြစ်သောကြောင့် သူသည် အဆင့်လေး သို့မှဟုတ် အဆင့်ငါး သလင်းအမြုတေများအား ရှာဖွေလိုက်၏။

သေချာ ရွေးချယ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဆင့်ခုနှစ်သလင်းအမြုတေ နှစ်ခုနှင့် အဆင့်ငါး သလင်းအမြုတေငါးဆယ်တို့အား ဝယ်ယူလိုက်သည်။

အဆင့်ငါး သလင်းအမြုတေများသည် မြေကမ္ဘာမီး ဝံပုလွေဘုရင်၏ သလင်းအမြုတေနှင့် အရည်အသွေးချင်း ဆင်တူ၏။

ဆိုင်ရှင်သည် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … စုစုပေါင်း တစ်သိန်း ခုနှစ်သောင်း ကျပါတယ်။"

"ဝိုး …. အဲ့လောက်တောင် ဈေးကြီးတာလား။"

နောက်မှလိုက်ပါလာသော တပည့်များသည် မျက်လုံးပြူး မျက်ဆံပြူးများ ဖြစ်သွားကြသည်။

တစ်သိန်းခုနှစ်သောင်း ဟူသော ပိုက်ဆံသည် သူတို့ အိမ်မက်ထဲတောင် ထည့်မမက်ဖူးသော ပိုက်ဆံဖြစ်၏။

ကျွင်းချောင်းရှောင်းသည် ငွေလွဲစာချုပ်များအား ထုတ်ယူ၍ စားပွဲပေါ်သို့တင်လိုက်သည်။ "ကျုပ် ဝယ်မယ်။"

များပြားလှသော ငွေလွှဲစာချုပ် များကို မြင်တော့ သံမဏိအရိုးဂိုဏ်းတပည့်များသည် မူးနောက်နောက်ပင် ဖြစ်သွားမိသည်။ ပြီးနောက် သူတို့သည် ကြိတ်ကာ ပြောလိုက်မိ၏။ "ငါတို့ဂိုဏ်းချုပ်က တကယ့်ကို ချမ်းသာတာပဲ။"

သလင်းအမြုတေများကို ဝယ်ယူပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဆေးပစ္စည်း အရောင်းဆိုင်ဘက်သို့ ထပ်၍သွားလိုက်သည်။

နောက်ဆုံးမှာတော့ သူသည် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးအတွက် လိုအပ်သော ဆေးလုံးအနည်းငယ်ကို ဝယ်ယူပြီး တပည့်များနှင့်အတူ ဂိုဏ်းသို့ လျှောက်လာခဲ့သည်။

လမ်းတွင်မှာတော့ သူသည် အဆင့်ခုနှစ် သလင်းအမြုတေမှ စွမ်းအင်များကို ထုတ်ယူ၍ စနှိုက်ပါ ရိုင်ဖယ် အတွက် ကျည်များ ဖြည့်လိုက်သည်။

လူသူကင်းရှင်းသည့် နေရာတစ်ခုသို့ ရောက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ့ရှေ့တွင်ရှိသော သစ်ပင်ကြီးပေါ်၌ တည်ရှိနေသည့် ပျားအုံတစ်ခုအား လက်ညိုးထိုးကာ ပြောလိုက်သည်။

"ရှောင်ကျီ … အဲပျားအုံ ကို ပစ်ချလိုက်။"

"ကောင်းပါပြီ။"

ရှောင်ကျီသည် တည်နေရာတစ်ခုကို ရှာဖွေ၍ သေနတ်အား ဒေါက်ထောက်၍ ပစ်မှတ်အား ချိန်လိုက်၏။

လီချင်းယန်နှင့် တစ်ခြားသူများအားလုံးသည်လည်း ဆယ်မီတာ အဝေးဆီသို့ နောက်ဆုတ်လိုက်ကြသည်။

ကျွင်းချောင်ရှောင်းသည်လည်း နောက်သို့ ဆုတ်ကာ ပြောလိုက်၏။ "ဒီတစ်ခါပြန်ကန်အားက ဘယ်လိုနေမလဲ မသိဘူး။"

ဒိုင်း။

တွေးနေတုန်းမှာပဲ ရှောင်ကျီသည် သေနတ်မောင်းခလုတ်အား နှိပ်ပြီး ဖြစ်၏။

သေနတ်ပြောင်းဝဆီမှ အခိုးအဝေ့များ ထွက်ပေါ်လာပြီး အလင်းတန်းကျည်ဆံသည် ပျားအုံအား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေတော့သည်။

ရှောင်ကျီသည်လည်း မီတာဝက်လောက် နောက်သို့ပြန်ကန်သွားသည်။ သူ၏ ပုခုံးသည်လည်း ထုံကျင်မှုကို ခံစားလိုက်ရ၏။

လုချင်းချင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်သည်။ "အဆင့်ခုနှစ် အမြူတေ ကို ထည့်ပြီး ပစ်တာ ဆိုပေမဲ့ ဒီလို ပစ်ချက်က သိုင်းတပည့်အဆင့် ခုနစ် ဒါမှမဟုတ် အဆင့်ရှစ်တစ်ယောက်ရဲ့ အားကုန်ထုတ်တိုက်ခိုက်မှုနဲ့ အတူတူပဲ။ တော်ရုံလူ ခံနိုင်မှာမဟုတ်ဘူး။"

"ဒီလိုလား။"

ကျွင်းချောင်ရှောင်း ပြုံးကာ သဘောတကျပြောလိုက်သည်။ "မဆိုးဘူး … မဆိုဘူး။"

ရှောင်ကျီသည် မတ်တပ်ရပ်နေရာမှ သူ၏ပုခုံးအား ပွတ်ပြီး သွားဖြီးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်။ ဒီတပည့်က ပစ်ခတ်ရတာနဲ့ အသားကျလာပြီ။"

ပြောနေတုန်းမှာပဲ သူ၏ အပြုံးသည် ရုတ်တရက် ဆွံအသွား၏။

ကျွင်းချောင်ရှောင်းနှင့် တပည့်များသည် ရှောင်ကျီ ကြည့်နေရာနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ပျားအုံး၏နေရာတွင်တော့ များပြားလှသောပျားများ စုဝေးနေကြသည်ကို သူတို့ မြင်လိုက်မိ၏။

ထိုပျားများ၏ ခန္ဓာကိုယ်သည် အနီရောင် တောက်ပနေပြီး တစ်ဝီဝီ အသံများ မြည်အောင် အော်ဟစ်လျက် ရှိသည်။

"မကောင်းတော့ဘူး။" လီချင်းယန် တုန်လှုပ်စွာ ပြောလိုက်သည်။ "ဒါက အဆိပ်ပြင်းပျားတွေပဲ။"

"အဆိပ်ပြင်းပျား ဟုတ်လား။"

ဤပျားများသည် ကြမ်းတမ်းလှသော ပျားများဖြစ်၍ သူတို့၏ အဆိပ်သည် အားအင်နည်းပါးလှသည် ဆိုသော်လည်း အဖွဲ့လိုက် တိုက်ခိုက်မှုတွင် အလွန်အမင်း အားကောင်းလှ၏။

သိုင်းတပည့်အဆင့်မပြော နှင့် သိုင်းဆရာအဆင့်ဆိုလျှင်တောင်မှ ဤမျှ များပြားလှသော ပျားများကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

လီချင်းယန်သည် ပါးစပ်ဟ၍ အော်ဟစ် သတိပေးရန် ပြင်လိုက်ချိန်မှာတော့ သူတို့၏ ဂိုဏ်းချုပ်ကျွင်းသည် အရှေ့၌ ဦးဆောင်ပြီး ထွက်ပြေးသွားခဲ့ပြီ ဖြစ်ကြောင်းကို မြင်လိုက်ရသည်။

"ဘာကြောင်တောင်တောင်နဲ့ ကြည့်နေတာလဲ … ပြေး …. ပြေး ပြေးကြ"

ဝှီ …. ဝှီ ….. ဝှီ။

တပည့်များသည် ကြောက်လန့်တကြားဖြင့် သူတို့၏ ဂိုဏ်းချုပ်နောက်သို့ လိုက်ကာ ပြေးတော့သည်။

ဝှီ …. ဝှီ။

ပျားများသည် ရုတ်တရက်ဆိုသလိုပဲ အရှိန်မြင့်ကာဖြင့် သူတို့နောက်သို့ လိုက်ပါလာကြသည်။

ပျားများ၏ သေးငယ်သော မျက်လုံးများထဲတွင် ဒေါသခိုး ဒေါသရောင်များနှင့် ပြည့်နက်နေသည်။ သူတို့ ဘာသာ အေးအေးဆေးဆေး နေထိုင်နေသည်ကို မည်သည့် ရန်ငြိုးရန်စ မှ မရှိဘဲနှင့် လက်သရမ်းကာ လက်နက်နှင့် လာပစ်သော သောက်ကမြင်းကြော အလွန်ထသည့် လူသားများအား မှတ်လောက်သားလောက်အောင် တိုက်ခိုက်ရန် အားလုံးက ဆုံးဖြတ်ထားကြသည်။

“အိုက်ရား။”

ထျန်းချီ အော်ဟစ်လိုက်၏။

“ငါ့ဖင် ….. ငါ့ဖင် …. အား .. အမေရေ …..”

လီဖေးသည်လည်း များပြားလှသော ပျားများ၏ ဝိုင်းတုတ်ခြင်းကို ခံလိုက်ရ၏။ သူသည် ခေါင်းကို လက်ဖြင့် ကာ၍ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ပြန်လည်တိုက်ခိုက်လိုက်သည်။ သို့ပေမဲ့ ပျားတုတ်ခြင်းကိုသာ ခံလိုက်ရသည်။

စုရှောင်မိုသည်လည်း အမြန်ဆန်ဆုံး ပြေးလျက် ရှိသည်။

သို့သော်ငြား ပျားများသည် သူ့အား အလွတ်မပေးချေ။ စုရှောင်မို၏ ဖင်အား ဝိုင်းဝန်းထိုးနှက်လိုက်ကြ၏။

“အား……….”

…….

မှောင်စပျိုးချိန်မှာတော့ သူတို့အဖွဲ့သည် ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လုချင်းချင်းမှ လွဲ၍ ကျန်သည့်တပည့်များအားလုံးသည် ပျားတုတ်ခံလိုက်ရသောကြောင့် ရောင်ကိုင်းနေကြ၏။

အထူးသဖြင့် ရှောင်ကျီဖြစ်သည်။ သူ၏ နှုတ်ခမ်းများသည် ကြက်ဥချောင်းကြီး နှစ်ချောင်းလို ယောင်ကိုင်းလျက် ရှိသည်။ သူသည် အဓိက တရားခံ မဟုတ်လား။

ကျွင်းချောင်ရှောင်း သည်လည်း ထူးမခြားနားပေ။ သူ၏ မျက်ခွံတစ်ခုလုံးသည် မိုဖောင်းလျက် ရှိပြီး မျက်လုံးပင် ကောင်းကောင်းဖွင့်၍ မရတော့ချေ။

"ဂိုဏ်းချုပ် ….."

လီချင်းယန်သည် သူ၏ နာကျင်နေသော ဖင်အား ပွတ်၍ ပြောလိုက်သည်။ "နောက်တစ်ခါကျရင် ဂျူနီယာညီလေးရှောင်ကို ပျားအုံတော့ မပစ်ခိုင်းပါနဲ့တော့။"

All Chapters