အခန်း (၁၀၆)
Vol. 8 Ch. 106
ဂိုဏ်း၏အပြင်ဘက်တွင်တော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အသက်ဆယ့်ခြောက်နှစ် အရွယ် မိန်းကလေး တစ်ယောက်သည် မတ်တပ်ရပ်လျက်ရှိသည်။ သူမ၏ အသားအရေသည် နှင်းလို ဖြူဖွေးလျက်ရှိပြီး ခန္ဓာကိုယ်မှာ သွယ်လျ မျက်နှာသွင်ပြင်သည် အလွန်အမင်း လှပ၍ အချိုးအစား ကျနသည်။
အသွင်အပြင်နှင့် ကိုယ်နေဟန်ထားအား ကြည့်ရှုမည် ဆိုလျှင် သူမသည် လုချင်းချင်းထက် လုံးဝ အားမနည်းကြောင်း သိသာလှ၏။
မုယုံရှင်း။
မုယုံမိသားစု၏ တိုက်ရိုက်မျိုးဆက် ဖြစ်သလို အဆင့်မြင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ကာ လိုင်လီနတ်ဂိုဏ်း၏ တိုက်ရိုက်တပည့်လည်း ဖြစ်သည်။
သူမ၏ တခြားသော ဂုဏ်ပုဒ်မှာ ရှောင်ကျီ၏ စေ့စပ်ထားသော မိန်းကလေးဟောင်း ဖြစ်သည်။
ဤကဲ့သို့ လှပ၍ ပါရမီထူးချွန်လှသော မိန်းကလေးသည် သံမဏိအရိုးဂိုဏ်းရှေ့တွင် ပေါ်လာသည် ဆိုသည်မှာ မမျှော်လင့်ထားသော ကိစ္စပင်ဖြစ်၏။
မုယုံရှင်းသည် သူမ ၏ ခေါင်းကို မော့၍ မျှော်စင်ပေါ်တွင် ရပ်နေသော လူငယ်လေးအား လှမ်းကြည့်၍ တီးတိုး ပြောလိုက်သည် “တကယ်ပဲ သူကိုး …”
မကြာသေးသော အချိန်တုန်းက သူမသည် အမျိုးအဆွေများနှင့် တွေ့ဆုံရန် သူမ၏ မြို့ဆီ ပြန်ခဲ့သည်။ သူမ၏ စေ့စပ်ပွဲ ဖျက်သိမ်းမှုကို ခံရသော ရှောင်ကျီသည် ချင်းယန်နိင်ငံ သိုင်းပြိုင်ပွဲ၌ ဗိုလ်ဆွဲခဲ့ကြောင်း သတင်းကြားခဲ့ရသည်။ ထို့ကြောင့် သူမ ဂိုဏ်းဆီ ပြန်သောလမ်း၌ လမ်းကြုံသောကြောင့် ရှောင်ကျီ အား လာကြည့်ခြင်း ဖြစ်၏။
ရှောင်ကျီသည်လည်း မျှော်စင်ပေါ်မှ နေ၍ မုယုံရှင်းအား ကြည့်ကာ သုန်မှုန်နေသော မျက်နှာဖြင့် ပြောလိုက်သည် “ဒီမိန်းမ ဘာလာလုပ်တာလဲ”
လွန်ခဲ့သော ငါးနှစ်က ဖြစ်ရပ်များသည် သူ၏ ဦးနှောက်ထဲတွင် ပြန်လည်၍ ပေါ်လာသည်။
ရှောင်မိသားစု၏ အဓိက ဟောခန်းထဲတွင် လိုင်လီဂိုဏ်းအကြီးအကဲများနှင့်အတူ မုယုံရှင်းသည် ရောက်ရှိလာပြီး မောက်မာစွာ ပြောခဲ့သည် “စေ့စပ်ပွဲကို ဖျက်သိမ်းချင်တယ်”
ထိုအေးစက်ပြီး မောက်မာလှသော စကားလုံးများသည် ချွန်ထက်သော မြှားတစ်စင်းလိုပင် ရှောင်ကျီ၏ နှလုံးသား အား ထိုးစိုက်ခဲ့၏။ လွန်ခဲ့သော ငါးနှစ်က ကြုံခဲ့သော ကိစ္စဖြစ်ပေမဲ့ လက်ရှိ အဖြစ်အပျက်တစ်ခုလို ရှောင်ကျီ သည် နာကျင်နေသေး၏။
ရှောင်ကျီသည် ဤ မိန်းကလေးနှင့် ပတ်သက်၍ မည်သည့် ခံစားချက်မှ မရှိချေ။ ထို့အပြင် စေ့စပ်ပွဲဆိုသည်ကလည်း သူတို့ မမွေးခင်ကတည်းက သဘောတူထားသော ကိစ္စဖြစ်သည်။ လူငယ်ချင်း တစ်ချက်ကလေးမှ မရင်းနှီးကြချေ။
သို့ပေမဲ့ ဤမိန်းမသည် သူ အဆိုးဆုံးအခြေအနေ အား ရင်ဆိုင်နေရချိန်တွင် ရောက်ရှိလာပြီး လူသိရှင်ကြား စေ့စပ်ပွဲကို ဖျက်သိမ်းခဲ့သည်။ သူ၏ သိက္ခာတရားအားများ ခြေနှင့် ချနင်းခဲ့ဟုလည်း ဆိုနိုင်သည်။
သူသည် ပါရမီရှင်တစ်ယောက်မှ အမှိုက်တစ်စ ဖြစ်သွားသည်ကို လက်ခံနိုင်သည်။
မိသားစု မှ ထုတ်ပယ်ခြင်းအား ခံခဲ့ရသည်ကို လက်ခံနိုင်သည်။
သို့ပေမဲ့ သူ ဆိုးရွားသည့် ပြဿနာများနှင့် ရင်ဆိုင်နေရချိန်တွင် ချောက်နက်ထဲသို့ လာရောက် ကန်ချခဲ့သော ဤမိန်းမကိုတောာ့ သူ ခွင့်မလွတ်နိုင်ပေ။
မုယုံရှင်း၏ မောက်မာလှသော မျက်နှာကို မြင်တော့ ရှောင်ကျီသည် စနိုက်ပါ နှင့် မပစ်ခတ်မိရအောင် မနည်း စိတ်ထိန်းထားလိုက်ရသည်။
“ကျွီ …”
ထိုအချိန်မှာပဲ ဂိုဏ်း၏ အဓိက တံခါးမကြီးသည် ပွင့်လာသည်။ ပြီးနောက် စုရှောင်မို ထွက်လာကာ ပြောလိုက်သည် “မိန်းကလေး မုယုံ .. အထဲကို ကြွပါ”
မုယုံရှင်း မျက်မှောင်ကုတ်သွားမိသည် “ရှင်တို့ ဂိုဏ်းချုပ်က ကိုယ်တိုင် လာမကြိုဘူးလား”
သူမ ၏ အသံသည် မောက်မာမှုများနှင့် ပြည့်နှက်နေ၏။
သူမသည် မောက်မာသင့်သည့် ဂုဏ်ထူးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ ထို့ကြောင့် အပြစ်ဟုတော့ မဆိုသာချေ။ မုယုံမိသားစု ၏ တိုက်ရိုက်သွေးမျိုးဆက် ဆိုသည့် အရာနှင့်ပင် ချင်းယန်နိုင်ငံ၏ ဂိုဏ်းများမှ အကြီးအကဲများသည် သူမအား လာရောက်ကြိုဆိုရန် ထိုက်တန်နေသည် မဟုတ်လား။
အဆင့်ငါး ဂိုဏ်းတစ်ခုဖြစ်သော တောင်ပြာဂိုဏ်းသည်ပင် လိုင်လီနတ်ဂိုဏ်းအား သတိထား ဆက်ဆံရမည် ဖြစ်သည်။
ချီးတဲ့မှ .. ဒီမိန်းမ မောက်မာလိုက်တာ။
စုရှောင်မို သဘောမတွေ့သလို ပြောလိုက်သည် “မိန်းကလေး မုယုံ .. ကျုပ်တို့ ဂိုဏ်းချုပ်က ဘာလို့ ခင်ဗျားကို ထွက်ကြိုရမှာလဲ။”
တခြားဂိုဏ်းမှ တပည့်တစ်ယောက်ယောက် လာလည်ခြင်းအား မည်သည့် ဂိုဏ်းချုပ်က ထကြိုလို့လဲ။
“ခင်ဗျား ဝင်မှာလား” စုရှောင်မို စိတ်မရှည်သလို ပြောလိုက်သည် “မဝင်ရင် တံခါးပိတ်လိုက်မယ်”
“ဟမ့် …”
မုယုံရှင်းသည် အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ပြီးနောက် အတွင်းသို့ လျှောက်ဝင်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် ဒေါသတွေနှင့် ပြည့်နေ၏ “အဆင့်ကိုး ဂိုဏ်းတစ်ခုက ကြီးကျယ်နေသေးတယ်”
အတွင်းသို့ရောက်တော့ အပြင်ခြံဝန်း၏ သပ်ရပ်လှသော အဆောက်အဦ များအား မြင်တော့သူမ အနည်းငယ် အံ့အားသင့်မိသွား၏ “ဟိတ်ဟန်ကတော့ မဆိုးဘူးပဲ”
တပည့်များလေ့ကျင့်နေရာဆီ လှမ်းကြည့်ပြီးနောက် သူမ စိတ်ပျက်သလို ပြောလိုက်သည် “သုံးမရတဲ့ ပင်ကိုယ်စွမ်းရည်နဲ့ တပည့်တွေပဲ။ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျသေးတယ်။ ဂိုဏ်းက ဘယ်လောက်ပဲ အဆောက်အဦတွေ ကောင်းကောင်း အဆင့်နိမ့်နေမှတော့ အလကားပဲ”
ဤမိန်းမ၏ မောက်မာမှုကို မြင်သည်နှင့် ဂိုဏ်းချုပ်ပြောသလို ကောင်းကောင်းမွန်မွန်လာလည်ခြင်း မဟုတ်ကြောင်း စုရှောင်မို သုံးသပ်လိုက်မိ၏။
…
အဓိက ဟောခန်းထဲမှာတော့ ….
မုယုံရှင်း သည် အတွင်းသို့ လျှောက်ဝင်လာသော ခန့်ညားလှသော ထိုင်ခုံပေါ်တွင် ထိုင်နေသည့် လူငယ် တစ်ယောက်အား မြင်လိုက်ရသည် “ရှင်က သံမဏိအရိုးဂိုဏ်း ခေါင်းဆောင်လား”
“အမှန်ပါပဲ”
ကျွင်းချောင်ရှောင်း ထိုင်ခုံအား လက်နှင့် တတောက်တောက် ခေါက်ပြီး ပြောလိုက်သည် “ကျုပ် တပည့်ဆီမှာ အရမ်းကို လှပတဲ့ သတို့သမီးလောင်း တစ်ယောက် ရှိတယ် ကြားထားတာ။ အခု မင်းကို မြင်တော့ တကယ်ပဲ လှကြောင်း သေချာသွားတယ်။”
လီချင်းယန်၏ နှုတ်ခမ်းများသည် တဆတ်ဆတ် နှင့် တုန်ခါသွား၏။
ဂိုဏ်းချုပ် … ဘာလို့ သွားပြီး သတို့သမီးလောင်းလို့ သွားခေါ်နေတာလဲ။ ဒါက ရန်စတာနဲ့ တူတူပဲလေ။
မုယုံရှင်း၏ လှပသော မျက်နှာလေးသည် ရုတ်တရက် အေးစက်သွားသည်။ သူမ ပြောလိုက်သည် “ဂိုဏ်းချုပ်ကျွင်း .. ကျွန်မက ရှောင်ကျီနဲ့ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တာကြာပါပြီ။ ကျေးဇူးပြုပြီး စနောက်စရာ ကိစ္စမဟုတ်တာ သတိထားပါ”
“ဟုတ်တာပဲ .. ဟုတ်တာပဲ” ကျွင်းချောင်ရှောင်းသည် ယခုမှ ထိုကိစ္စအား သတိရသွားသလို သူ၏ နဖူးအား ပုတ်၍ ပြောလိုက်သည် “ကျုပ် မေ့သွားတယ်။ ကျုပ် တပည့်နဲ့ မိန်းကလေးမုယုံ ဇာတ်လမ်းက ပြီးသွားပြီပဲ။ ဟင်း .. အသက်ကြီးလာတော့ မှတ်ဉာဏ်တွေက မကောင်းတော့ပါဘူး”
ခပ်တည်တည် နှင့် သရုပ်ဆောင်လိုက်သော်လည်း သရုပ်ဆောင် စွမ်းရည်မှာ ညံ့ဖျင်းလွန်းသောကြောင့် အလွန်ပင် မျက်မုန်းကျိုးစရာ အမူအရာ ဖြစ်ပေါ်နေ၏။
“မိန်းကလေး မုယုံ …”
ကျွင်းချောင်ရှောငးသည် လိုရင်းကို ပြောလိုက်သည် “ဘာလို့ သံမဏိအရိုးဂိုဏ်းဆီ လာရတာလဲ။”
“ဘာမှမဟုတ်ပါဘူး” မုယုံရှင်း အသာပြောလိုက်၏ “ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်တွေ က သိုင်းပြိုင်ပွဲရဲ့ ထိပ်ဆုံး လေးနေရာကို ရယူခဲ့တယ်လို့ ကြားတယ်လေ။ ဒါကြောင့် တစ်ခုခု ထူးခြားလား လာလေ့လာတာပါ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ကျုပ်သိပြီ။ ချင်းယန် .. မင်းရဲ့ ဂျုနီယာညီလေး ရှောင် ကို ခေါ်ပေးလိုက်။ မိန်းကလေး မုယုံကို သံမဏိအရိုးဂိုဏ်း အနှံ့ လိုက်ပြဖို့ ပြောလိုက်”
လီချင်းယန် စိတ်ပျက်သွား၏ “ဂိုဏ်းချုပ် …”
ရှောင်ကျီသည် အဓိက ဟောခန်းထိပ်တွင်ပေါ်လာသည် “ကျွန်တော် ရောက်ပါပြီ”
……
တောင်၏ အနောက်ဘက် တောထဲတွင်တော့ …
မုယုံရှင်းသည် မက်မွန်ပင်တစ်ခု၏ အောက်တွင် ရပ်လျက်ရှိသည်။ သူမ၏ ဖြူသွယ်လှပေသည့် လက်လေးများသည် သစ်ကိုင်းပေါ်တွင် ဖူးပွင့်နေသော မက်မွန်ပွင့်များအား အသာ ခူးယူလိုက်၏။
ရှောင်ကျီသည် ကျောက်တုံးတစ်ခု ပေါ်တွင် ဆောင့်ကြောင့် ထိုင်နေသည်။ သူ၏ ဘေးတွင် အမဲရောင် အဝတ်နှင့် ပတ်ထားသော စနိုက်ပါ ရှိနေသည်။ သူသည် ဤလက်နက်အား အမြဲ ကိုယ်နှင့် မကွာ ဆောင်ထားတတ်သည်။
မုယုံမိန်းကလေး၏ အလှသည် ပြိုင်ဘက်ကင်းလှ၏။ ရှောင်ကျီသည်လည်း ချောမောသော လူငယ်လေး ဖြစ်သည်။ သူတို့နှစ်ယောက်သည် နတ်ဖက်ထားသော စုံတွဲလိုပင် ကြည့်ကောင်းလှ၏။
ကံဆိုးစွာနှင့် ဤလှပသော မြင်ကွင်းထဲမှာတော့ နှစ်ယောက်သား၏ အခြေအနေသည် တင်းမာနေသည်။
အချိန်အတော်ကြာတော့ ….
မုယုံရှင်းသည် သူ၏ လက်များအား နောက်ပစ်၍ ရှောင်ကျီအား ကြည့်ကာ ပြောလိုက်သည် “ရှင် အခုထိ မရီဒန်တွေ မဖွင့်နိုင်သေးဘူးလား”
သူမ၏ အသံသည် တည်ငြိမ်နေပြီး အရင်ကလို မမောက်တော့ချေ။
ရှောင်ကျီသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “မိန်းကလေး မုယုံ .. ကျုပ် မရီဒန်တွေ ပွင့်ပွင့်၊ မပွင့်ပွင့် ခင်ဗျား ကိစ္စမဟုတ်ဘူးထင်တယ်”
မုယုံရှင်းသည် ခဏလောက် ဆွံအသွားသည်။ သူမသည် စကားလမ်းကြောင်း ပြောင်းလိုက်၏ “ကျွန်မ စေ့စပ်ပွဲ ဖျက်သိမ်းချင်ကြောင်း အဘိုးကို ပြောခဲ့တယ်။ ဒါပေမဲ့ အဘိုးက သဘောမတူခဲ့ဘူ။ ဒါကြောင့် ရှောင်မိသားစု ဆီ လာပြီး အတင်းပဲ စေ့စပ်ပွဲ ဖျက်သိမ်းခဲ့မိတာ”
“ပြီးတော့ …” သူမ ခဏရပ်လိုက်ပြီး ဆက်ပြော၏ “ရှင့်ရဲ့ စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်းတွေ မရှိတော့ဘူး ဆိုတာ ကျွန်မ မသိခဲ့ဘူး။ အဲတုန်းက ရှောင်ကလန်မှာ ရှင်ကြုံနေရတဲ့ အခက်အခဲတွေကို ကျွန်မ လုံးဝ မသိခဲ့ဘူး”
ရှောင်ကျီ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ဒါတွေက ဖြစ်ခဲ့တာ ကြာလှပြီလေ။ ခင်ဗျား အနေနဲ့ ရှင်းပြနေစရာ မလိုပါဘူး”
မုယုံရှင်းသည် မက်မွန်ပန်းပွင့် အား ကိုင်၍ ပွင့်လွှာများအား တစ်ခုချင်း ချွေချလိုက်သည် “ဒီငါးနှစ် အတွင်း ကျွန်မ မုယုံရှင်းက ရှင့်ရဲ့ စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်း အဆင့် မရှိတော့တာကြောင့် စေ့စပ်ပွဲ ဖျက်သိမ်းခဲ့တာဆိုပြီး သတင်းတွေ ပြန့်နေခဲ့တယ်။ လူတိုင်းက လည်း အဲလိုပဲ ထင်နေကြတယ်”
ပြောပြီးသည့်နောက် သူမသည် ဆေးပုလင်းတစ်ခုအား ပစ်ပေးလိုက်သည် “ဒါက မရီဒန်ဖွင့်ခြင်းဆေးလုံး ဆယ်လုံးပဲ။ မရီဒန်တွေကို ဖွင့်လှစ်နိုင်ဖို့ အခွင့်အရေး တိုးသွားနိုင်တယ်။ ကျွန်မ ရဲ့ငယ်ရွယ်စဉ် က အဆင်ခြင်မဲ့ လုပ်ရပ်အတွက် လျော်ကြေးလို့ သဘောထားပေးပါ”
“ခင်ဗျား ကျုပ်ကို သနားနေတာလား” ရှောင်ကျီ မေးလိုက်သည်။
မုယုံရှင်း ဘာမှ မပြောပေ။
ရှောင်ကျီ ခပ်ရိရိ ပြောလိုက်သည် “ခင်ဗျား မုယုံရှင်းက ကောင်းကင်ရဲ့ သမိးတော်လိုပဲ။ ကျုပ်လို အမှိုက်တစ်စ က ကျေးဇူးကျွေးပြန်ဆပ်ဖို့ မတတ်နိုင်ပါဘူး။ ဒီတော့ ဆေးလုံးကို ပြန်ယူသွားပါ”
ဝှီး ..။
ဘောလုံးတစ်လုံးသည် အရှိန်ဖြင့် ရောက်ရှိလာပြီး သူ၏ မျက်နှာအား တည့်တည့် ထိမှန်သွားသည်။ ပြီးနောက် ကျွင်းချောင်ရှောင်း၏ အော်ငေါက်သံ ပေါ်လာသည် “ငါ့ဖို့ ကျေးဇူးတင်တယ်လို့ ပြောလိုက်”
ရှောင်ကျီ မတ်တပ်ထရပ်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တစ်လုံးချင်း ပြောလိုက်သည် “မုယုံရှင်း .. လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကိစ္စအတွက် ကျုပ် ရှောင်ကျီက လိုင်လီနတ်ဂိုဏ်းဆီ လာပြီး ခင်ဗျားနဲ့ လာတွေ့မယ်။”
“အချိန်ထည့် …” ကျွင်းချောင်ရှောင်း၏ အသံ ပေါ်လာသည်။
“ဆယ်နှစ် …”
“ကြာလွန်းတယ်”
“ကိုး …”
“ကောင်းပြီ။ သုံးနှစ်ဆို ရပြီ”
ရှောင်ကျီ “………”
မုယုံရှင်းသည် ခေါင်းမော့ကာ ပြောလိုက်သည် “သုံးနှစ်ကြာပြီးရင် ရှင် ကျွန်မကို လိုင်လီနတ်ဂိုဏ်းမှာ လာရှာမှာလား”
“အမှန်ပဲ”
ရှောင်ကျီ၏ မျက်လုံးများသည် အေးစက်သွားသည် “သုံးနှစ်ကြာပြီးရင် ကျုပ်ကိုယ်တိုင် လိုင်လီနတ်ဂိုဏ်းဆီ လာပြီး ခင်ဗျားနဲ့ စေ့စပ်ပွဲကို လာဖျက်မယ်။ ခင်ဗျားက စေ့စပ်ပွဲ ဖျက်ခဲ့တာ မဟုတ်ဘဲ ကျုပ် .. ရှောင်ကျီ က စေ့စပ်ပွဲ ဖျက်တာဖြစ်ကြောင်း အားလုံးကို လာပြောမယ်”
မုယုံရှင်း ကြောင်သွားသည်။
ဤကောင်လေး၏ မျက်လုံးထဲမှ ခိုင်မာသောဆုံးဖြတ်ချက် များအား သူမ မြင်လိုက်ရသည်။ သူမ နှင့် စတွေ့တုန်းက ဤကောင်လေးသည် မရင့်ကျက်သေးပေ။
“သုံးနှစ် .. အင်း …”
မုယုံရှင်း အသာပြောလိုက်သည် “ကောင်းပြီ .. ကျွန်မ လိုင်လီနတ်ဂိုဏ်းမှာ စောင့်နေမယ်”
ပြောပြီးသည့်နောက် သူမသည် လှည့်ထွက်လိုက်သည်။ မြေပြင်ပေါ်တွင်တော့ မက်မွန်ပန်းပွင့်၏ ပွင့်လွှာများသည် ပြန့်ကျဲနေ၏။ လိုက်ဖက်ညီလှသော စုံတွဲ၏ လမ်းသည် ပျက်ဆီးသွားပြီဖြစ်ကြောင်း သင်္ကေတ တစ်ခုလိုပင်။
“မိန်းကလေး မုယုံ ..”
တောင်၏ အနောက်ဘက်ဆီမှ ကျွင်းချောင်ရှောင်း၏ အသံပေါ်လာသည် “ကိုယ်တိုင် လိုက်မပို့နိုင်တဲ့ အတွက် ခွင့်လွှတ်ပါ။”