အခန်း (၁၀၈)
Vol. 8 Ch. 108
ရှောင်ကျီ၏ မရီဒန်များသည် ပွင့်သွားခဲ့ပြီဆိုသော်လည်း ကျွင်းချောင်ရှောင်း နားမလည်နိုင်သောအရာက ရှိနှင့်နေ၏။
ကျင့်ကြံခြင်းအဆင့်ကို လျော့ကျသွားစေပြီး စိတ်ဝိညာဉ်စွမ်းအင်များကို မစုစည်းနိုင်တော့သည့် အခြေအနေမျိုး ရောက်ရှိသွားစေသည်သာမက ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ်ကိုပါ အရည်အသွေး ကျဆင်းသွားအောင် လုပ်နိုင်သော အဆိပ်ဆိုသည်မှာ မည်သို့သောအဆိပ်မျိုး ဖြစ်သနည်း။
စနစ်မှပြောလိုက်သည်။ "စောနကတွေ့ခဲ့သော အဆိပ်ငွေ့များသည် အဆိပ်ကြောင့် ဖြစ်ပေါ်လာခြင်းပင် ဖြစ်သည်။"
ကျွင်းချောင်ရှောင်း သူ၏မေးစေ့အား ပွတ်သပ်လိုက်မိ၏။ "အဆိပ်က သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို ကျဆင်းသွားစေတယ်ဆိုတာကို နားလည်လက်ခံလို့ရသေးတယ်။ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး စိတ်ဝိညာဉ်အမြစ် အရည်အသွေးကို ကျဆင်းသွားစေတာလဲ။"
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်က ရှောင်ကျီ စိတ်ဝိညာဉ်အမြစ်ကို ဖိနှိပ်ထားတာဆိုလျှင် လက်ရှိအချိန်တွင် ဖယ်ရှားပြီး ဖြစ်နေရမည်။
ကျွင်းချောင်ရှောင်း သူ၏ပုခုံးကို တွန့်လိုက်သည်။ "ယွမ်ဖန် ဒီကိစ္စကို မင်းဘယ်လိုထင်လဲ။"
စနစ် "...."
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "ငါ မင်းကို မေးနေတာ တစ်ခုခုပြောအုန်းလေ။"
ယွမ်ဖန်ဆိုသည်မှာ သူ့အားရည်ညွှန်းခြင်းဖြစ်ကြောင်း စနစ်သည် နားလည်သွား၏။ ထို့ကြောင့် ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီး ဆိုသည်မှာ ဆန်းကြယ်သော လောကကြီးတစ်ခုဖြစ်၏။ ထို့ကြောင့် ကျင့်ကြံခြင်း အဆင့်နှင့် စိတ်ဝိညာဉ်အမြစ်များအား ဖိနှိပ်ထားနိုင်သောအဆိပ်ဆိုသည်မှာ ရှိကောင်းရှိနေပေ လိမ့်မည်။"
"အဆိပ်ဖယ်ရှားပြီးပြီ ဆိုပေမဲ့ ဘာလို့ သူ့ရဲ့ စိတ်ဝိညာဉ်အမြစ် နဲ့ ကျင့်ကြံခြင်းအဆင့်တွေက အရင်အတိုင်း ပြန်ပြီး ဖြစ်မလာသေးတာလဲ။" ကျွင်းချောင်ရှောင်း မေးလိုက်သည်။
စနစ်သည် အတော်အကြာ ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ "သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တစ်မျိုးထက်ပိုနေတာလည်း ဖြစ်နေနိုင်သည်။ လက်ခံသူသည် သူ၏ကျင့်ကြံခြင်းအဆင့်အား ဖိနှိပ်ထားနိုင်သော အဆိပ်ကိုသာလျှင် ဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူ၏စိတ်ဝိညာဉ်အမြစ် အား ဖိနှိပ်ထားသော အဆိပ်တစ်ခုလည်း ရှိနေနိုင်သေး၏။"
"ဒါ ဖြစ်နိုင်တယ်။" ကျွင်းချောင်ရှောင်း ငြိမ်သက်သွား၏။
ဤသို့ဆိုလျှင် ရှောင်ကျီအား ဒုက္ခပေးရန်အတွက် အဆိပ်နှစ်မျိုးဖြင့်တိုက်ခိုက်၍ ရက်ရက်စက်စက် လုပ်ကြံခဲ့သူမှာ မည်သူဖြစ်မည်နည်း။
"ရှောင်မိသားစု၏ အကြီးအကဲများလား။"
ကျွင်းချောင်ရှောင်းသည် သိုင်းပြိုင်ပွဲတွင် ရှောင်ကျီအား အချိန်တိုင်းလို သတ်ဖြတ်ခြင်းဆန္ဒတွေ ပြည့်နှက်လျက်ရှိသော မျက်လုံးဖြင့်ကြည့်ရှုခဲ့သည့် ရှောင်မိသားစု၏ အကြီးအကဲအား စဉ်းစားလိုက်မိ၏။
"ဒါဆိုရင် လီယန်မြို့ အပြင်မှာရှိတဲ့ လုပ်ကြံသတ်ဖြတ်သူတွေကကော။သူတို့ကို ဘယ်သူလွှတ်လိုက်တာလဲ။"
သူသည် ခေါင်းကို ကိုင်ပြီး ပြောလိုက်သည်။ "ချီးတဲ့မှ …. ငါ့ရဲ့ဦးနှောက်က လိုက်မမှီတော့ဘူး။ယွမ်ဖန် ဦးနှောက်ရဲ့စွမ်းအင်တွေကို တိုးတက်စေနိုင်တဲ့ ပစ္စည်းတစ်ခုခု စတိုးထဲမှာ ရှိလား။"
စနစ်မှ ပြောလိုက်သည်။ "မရှိပါ။"
……….
ရှောင်ကျီသည် သူ၏မရီဒန်များကို အောင်မြင်စွာ ဖွင့်လှစ်ပြီးသည့်နောက်တွင် စနိုက်ပါလေ့ကျင့်မှုကို ခဏတာရပ်တန့်ထားလိုက်၏။
သူသည် တစ်ညလုံး ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကို အသုံးပြု၍ စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းလျက်ရှိသည်။
သူ့ဆီမှာ သာမန်အဆင့် စိတ်ဝိညာဉ်စွမ်းအင်အမြစ်သာ ရှိပြီး အထူးစိတ်ဝိညာဉ်အမြစ်၏ စုပ်ယူနိုင်စွမ်းနှင့် အလွန်အမင်း ကွာခြားနေသည်ဆိုသော်လည်း သူသည် စိတ်ကျေနပ်နေ၏။
စိတ်ဝိညာဉ်စွမ်းအင်များ စုစည်း၍ မရသည့် အခြေအနေထက်စာလျှင်တော့ အများကြီး သာလွန်ကောင်းမွန်သည် မဟုတ်လား။
ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ၏မရီဒန်များထဲတွင် ပျံ့နှံ့ကာ စုဝေးရောက်ရှိလာ၏။ ကျင့်ကြံ၍ ရရှိသောကြောင့် ဖြစ်ပေါ်လာသော လန်းဆန်းသည့် ခံစားမှုအား ရှောင်ကျီ နောက်တစ်ကြိမ်ပြန်လည် ခံစားလိုက်မိ၏။
ဟုတ်ပေသည်။ ယခုကဲ့သို့ သူရရှိနေသောအရာအားလုံးကို ဂိုဏ်းချုပ်ပေးထားတာ ဖြစ်ကြောင်း သူကောင်းကောင်းသိ၏။ သူ၏ဘဝတွင် သံမဏိအရိုးဂိုဏ်းအား ကောင်းကောင်းအလုပ်အကျွေးပြုရန် စိတ်ဆုံးဖြတ် ချလိုက်မိသည်။
……..
"လိုင်လီနတ်ဂိုဏ်း"
တစ်ခြားသော တပည့်အခန်းတစ်ခုထဲမှာတော့ ရီရှင်းချန်သည် သူ၏ကျင့်ကြံခြင်းအား ပြီးစီးပြီးသည့်နောက် မထီမဲ့မြင်ဖြင့် ပြောလိုက်သည်။
"ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ငါအုပ်စိုးခဲ့တဲ့ အချိန်တုန်းကဆိုရင် သူတို့က အဆင့်ငါးဂိုဏ်းတစ်ခုပဲ ရှိသေးတယ်။"
ဟင်း …..
ကျွန်ုပ်တို့၏ အင်ပါယာသည် အတိတ်မှာသာလျှင် ပျော်ရွှင်လျက်ရှိပြီး အတိတ်ဆိုသည့်အရာကြီးမှ ရုန်းမထွက်နိုင်သေးပေ။
သူသည် သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်၏။ "ထိုက်ရွှမ်ကျင့်စဉ်က တကယ်ပဲ နက်နဲလွန်းတယ်။ ဒီလောက်အကြာကြီး လေ့လာခဲ့တာတောင်မှ ပထမအဆင့်ကိုပဲ နားလည်နိုင်သေးတယ်။ ကံကောင်းစွာနဲ့ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်က အကူအညီရှိနေတာပဲ။မဟုတ်ရင် စွမ်းအင်ဖွင့်ခြင်း အဆင့်ခုနစ်ကို ဒီလိုအချိန်တိုအတွင်းမှာ ရောက်ရှိနေဖို့ အလွန်ခက်ခဲလိမ့်မယ်။"
သူသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်အား တကယ်ပင် ကျေးဇူးတင်မိ၏။ ထိုကျင့်စဉ်ကြောင့်ပင် မရီဒန်ဖွင့်ခြင်း၏ အမြန်နှုန်းသည် ငါးဆယ်ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ညအင်ပါယာ၏ လက်ရှိပင်ကိုယ်စွမ်းအင်အရဆိုလျှင် ယခုကဲ့သို့အဆင့်ကို ရောက်ရှိဖို့ သူ့နည်းသူ့ဟန်အတိုင်း ကြိုးစားမည်ဆိုလျှင် အချိန်အကြာကြီး ကြာမြင့်နိုင်၏။
"ငါ ကျင့်ကြံခြင်းတစ်ခုထဲကိုပဲ အာရုံစိုက်နေလို့ မဖြစ်ဘူး။အစစ်အမှန် တိုက်ခိုက်ခြင်းတွေကို ပေါင်းစပ်ပြီး လေ့ကျင့်မှဖြစ်မယ်။မနက်ဖြန်ကျရင် တောထဲသွားပြီး သားရဲအရိုင်းတွေနဲ့ တိုက်ခိုက်ပြီး အတွေ့အကြုံရအောင် လုပ်ရမယ်။"
နောက်တစ်ရက်မှာတော့ ညအင်ပါယာသည် သူ၏အကြံအစည်များအား ကျွင်းချောင်ရှောင်းကို ပြောလိုက်၏။
အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "မင်းရဲ့စီနီယာအစ်ကိုရှောင်နဲ့ တူတူသွား။တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ရတယ်။"
"သူနဲ့လား။"
သူက အမှိုက်တစ်ခုပဲ။
ရီရှင်းချန်သည် သဘောမကျဘူး ဆိုပေမဲ့ လက်ခံလိုက်ရသည်။ မည်သို့ပင် ဆိုစေကာမူ သူသည် သံမဏိအရိုးဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်နေသည် မဟုတ်လား။
ဤသို့နှင့်ပဲ ပြန်လည်မွေးဖွားလာသော ဆရာကြီးတစ်ပါးနဲ့ ပါရမီရှင်မှ အမှိုက်ဖြစ်သွားသော လူတစ်ယောက်တို့သည် ဂိုဏ်းမှထွက်ခွာ၍ တောရိုင်းထဲသို့ သွားရောက်လေ့ကျင့်ကြတော့သည်။
ရှောင်ကျီသည် သူ၏စနိုက်ပါရိုင်ဖယ်အား ယူဆောင်လာ၏။
သူသည် အစစ်အမှန်တိုက်ခိုက်ခြင်း အတွေ့အကြုံများကို ရရှိရန်သာမကပဲ ဂိုဏ်းချုပ် ဖြည့်စည်းပေးထားသော ကျည်ဆံအတွက် သလင်းအမြုတေများ ရရှိရန် အခွင့်အရေးရရင် ရသလို သားရဲရိုင်းများအား ပစ်ခတ်မည်ဟု တေးမှတ်ထားသည်။
ကျွင်းချောင်ရှောင်းသည်မှာတော့ ဂိုဏ်း၏ကိစ္စဝိစ္စအားလုံးအား လီချင်းယန်ဆီ လွှဲအပ်၍ ဟူရန်မြို့ဆီသို့ ထွက်ခွာသွားသည်။
"ဂိုဏ်းချုပ်"
လျိုဝမ်ရှစ်သည် စားသောက်ခန်းအဝင်ဝတွင် မတ်တပ်ရပ်ကာ အော်လိုက်သည်။
"အပြန်ကျရင် ဆီတွေ၊ ဆားတွေ ဝယ်ခဲ့ပါအုံး။"
"နားလည်ပြီ။"
………..
ကျွင်းချောင်ရှောင်း ဟူရန်မြို့ဆီသို့ ထပ်မံရောက်ရှိလာချိန်မှာတော့ နောက်ဆုံးအကြိမ်ရောက်ခဲ့သည်ကထက် ပိုမိုလှုပ်ရှားသက်ဝင်နေသည်ကို တွေ့လိုက်ရသည်။
လက်နက်များကိုင်ဆောင်ထားသော သိုင်းပညာရှင်များအားလည်း ရံဖန်ရံခါဆိုသလို သူ တွေ့နေရ၏။
"အိုက်ကလန်က မြန်မြန်မလုပ်သေးဘူးလား။သူတို့က လေလံပွဲ မစခင် တစ်လလောက်တောင် စောင့်နေရအုန်းမယ့်ပုံ။"
"အိုက်ကလန်က ဒဏ်ရာတွေကို ချက်ချင်းကုသနိုင်တဲ့ဆေးလုံးမျိုးကို သန့်စင်နိုင်တယ်ဆိုပြီး ပထမအကြိမ် လေလံပွဲတောင် လုပ်ပြီးပြီလေ။ ဒါကို ဘာလို့ အချိန်အကြာကြီးဆွဲနေတာလဲ မသိဘူး။"
"မိသားစုကြီးတွေနဲ့ ဂိုဏ်းကြီးတွေကလူတွေ ရောက်နေတယ်လို့ ငါကြားထားတယ်။ငါတို့လို ဆင်းရဲတဲ့လူတွေကတော့ ဘေးကနေပဲ ရပ်ကြည့်နေနိုင်တယ်။"
လမ်းပေါ်မှာရှိသော သိုင်းပညာရှင်များသည် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနေကြ၏။
တော်တော်များများသည် အိုက်ကလန်၏ ဒုတိယအကြိမ် လေလံပွဲအား လာရောက်စောင့်စားနေကြသော တစ်ခြားမြို့များမှ သိုင်းပညာရှင်များဖြစ်ကြ၏။
ဂိုဏ်းတော်တော်များများ နှင့် မိသားစုကြီးများသည်လည်း သူတို့၏ရှိရှိသမျှသော ပိုက်ဆံများကို စုဆောင်းထားကြ၏။
ဆေးလုံး လေလံပွဲ စတင်ပြီဆိုလျှင် သူတို့သည် သူတို့ပေးနိုင်သလောက်သော အတိုင်းအတာအထိ လိုက်ပါ၍ လေလံဆွဲကြဖို့ စဉ်းစားထားကြ၏။
အိုက်ကလန်သည် စီးပွားရေးလုပ်ရာတွင် အလွန်တော်လှသည် ဆိုရမည်။ ပထမဦးဆုံး လေလံပွဲပြီးစီးသည့်နောက်တွင် ဒုတိယလေလံပွဲကို ချက်ချင်းကြီး မလုပ်ခဲ့ပေ။ ဆေးအစွမ်းအား တစ်လောကလုံးသို့ ပျံ့နှံသည်အထိ စောင့်ပြီးမှသာလျှင် ဒုတိယလေလံပွဲကို ကျင်းပရန် စီစဉ်ထားသည်။
ပြန်လည်ကုစားခြင်းဆေးလုံး၏ လေလံပွဲနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် စိတ်မဝင်စားပေ။
သူ၏မျက်နှာအား တစ်ခြားသူများ၏ရှေ့တွင် ပြသရမှာကိုလည်း သူ အလွန်ပဲပျင်း၏။
ထို့ကြောင့် ဈေးသို့အရင်ဦးဆုံးသွားကာ လျိုဝမ်ရှစ် မှာလိုက်သော ဆီ ၊ ဆားများကို အရင်ဦးဆုံး ဝယ်ယူလိုက်၏။ ပြီးနောက် အိုက်ကလန်၏ ဆေးဆိုင်အတွင်းသို့ သွားလိုက်သည်။
ကောင်တာတွင် ပိုက်ဆံစစ်ဆေးနေသော ဆိုင်တာဝန်ခံမာသည် ကျွင်းချောင်ရှောင်း လျှောက်ဝင်လာသည်ကို မြင်လိုက်၏။ သူသည် ဆိုင်ဝန်ထမ်းများ ထွက်၍ ကြိုဆိုသည်ကိုမစောင့်ပေ။ ကိုယ်တိုင်ထွက်၍ ကြိုဆိုလိုက်၏။
"ဂိုဏ်းချုပ်ကျွင်း ရောက်လာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ချက်ချင်းကြီး ထွက်ပြီး မကြိုနိုင်တာ ခွင့်လွှတ်ပေးပါ။"
ပထမလေလံပွဲ မစတင်မီကထဲက အိုက်ကလန်ခေါင်းဆောင်သည် သံမဏိအရိုးဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းမှာ သူတို့အိုက်ကလန်၏ အထူးဖောက်သည်တစ်ယောက် ဖြစ်သည်ဟု အားလုံးအား မှာကြားထားပြီးဖြစ်၏။ ထို့ကြောင့် ဆိုင်သို့လာမည်ဆိုလျှင် သူ့အား လျစ်လျူရှုထား၍ မဖြစ်ပေ။
ကျွင်းချောင်ရှောင်းပြောလိုက်သည်။ "အိုက်ကလန်ခေါင်းဆောင် ဘယ်မှာလဲ။ကျုပ် သူနဲ့တွေ့ပြီးတော့ စီးပွားရေးကိစ္စလေးတစ်ခု ပြောစရာရှိတယ်။"
"နောက်ထပ်စီးပွားရေးကိစ္စကြီးလား။"
ဆိုင်ရှင်မာသည် ချက်ချင်းဆိုသလိုပဲ အထဲသို့ဝင်ရန် အမူအရာပြလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ထိုင်ပါအုံး။ မိသားစုခေါင်းဆောင်ဆီကို ကျွန်တော် အကြောင်းကြားလိုက်မယ်။"
ပြောပြောပြီးချင်းမှာပဲ သူသည် ဆိုင်ဝန်ထမ်းများအား ရေနွေးများတည်ခင်းပေးရန် မှာကြားပြီး အလောတကြီးဆိုသလိုပဲ ထွက်ခွာသွားသည်။
ကျွင်းချောင်ရှောင်းသည် ထိုင်မနေပေ။ ဆေးပစ္စည်းများ တင်ထားသော စင်များဆီသို့လျှောက်၍ ဆေးပင်များအား ကြည့်ရှုနေသည်။
သူသည် စိတ်ဝင်စားသော ဆေးပင်တစ်ခုကို မြင်လိုက်ချိန်မှာတော့ အသာ လက်ကိုမြှောက်၍ ထိရန်ကြိုးစားလိုက်၏။
"မထိနဲ့။"
ရုတ်တရက်ဆိုသလိုပဲ အနောက်ဘက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း လှည့်ကြည့်လိုက်ချိန်မှာတော့ ဆိုင်၏ထောင့်တွင်ရှိသော ဆံပင်ဖြူဖြူ နှင့် အဘိုးအိုတစ်ယောက်သည် ကပ်ကြေးတစ်လက်အားကိုင်၍ ဆေးအိုးတစ်ခုထဲရှိ အပင်များအား ညှပ်နေသည်ကို မြင်လိုက်ရ၏။
"အရူးကြီး" ဆိုင်ဝန်ထမ်းတစ်ယောက်သည် ထွက်လာပြီး အော်ငေါက်လိုက်သည်။ "ဒါက သံမဏိအရိုးဂိုဏ်းခေါင်းဆောင်ကျွင်းပဲ ….. မရိုင်းနဲ့။"
ပြောပြောပြီးချင်းမှာပဲ သူသည် ပြုံး၍ အလောတကြီးနှင့် တောင်းပန်လိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငှားထားတဲ့ ခေတ္တ ဝန်ထမ်းတစ်ယောက်ပါ။ဒါ့ကြောင့် စည်းမျဉ်းစည်းကမ်းတွေကို နားမလည်ဘူး။ခွင့်လွှတ်ပေးပါ။"
ကျွင်းချောင်ရှောင်း စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ကျွန်တော်ဘာလို့ ထိလိုမရတာလဲ။"
အဘိုးအိုသည် ခေါင်းကိုပင်မော့မကြည့်ပင်။ ဆေးပင်များကို ဆက်လက်ညှပ်ရင်းမှ ပြောလိုက်သည်။ ဒီဆေးပင်ကို မြက်သစ်ရွက်လို့ ခေါ်တယ်။သူ့ရဲ့အရွက်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ စုစည်းနေတယ်။ လူတစ်ယောက်ယောက်က ထိလိုက်မယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအင် အစွမ်းတွေက ပိုပြီးလျော့ကျသွားတယ်။ ဒါကြောင့် ဒီဆေးပင်နဲ့ ဖော်စပ်မယ့် ဆေးအစွမ်းကလည်း လျော့ကျသွားလိမ့်မယ်။"
"တောက်"
ဆိုင်ဝန်ထမ်းသည် မျက်လုံးတွေ ချာချာလည်ထားကာ ပြောလိုက်သည်။ "ကျုပ် ဒီဆေးပင်ကို ဟိုကနေဒီ ၊ ဒီကနေဟို ရွှေ့နေတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ဒါပေမဲ့ ဆေးလုံးအဖြစ် သန့်စင်လို့ ရသေးတယ်။ အဘိုးကြီး ခင်ဗျား ပေါက်ကရတွေ လျှောက်မပြောနဲ့။"
"ဟင်း"
အဘိုးအိုသည် သက်ပြင်းချ၍ ပြောလိုက်သည်။ "မင်းတို့လို ဂရုမစိုက်တတ်တဲ့လူတွေ ရှိနေတာကြောင့်ပဲ ဆေးပင်ရဲ့ ဆေးစွမ်းအားတွေက တစ်ရာရာခိုင်နှုန်း အသုံးပြုလို့ မရတာပဲ။ တကယ့်ကို ဝမ်းနည်းဖို့ ကောင်းတယ်။"
"ကောင်းပြီ ကောင်းပြီ။ခင်ဗျားကပဲ အတော်ဆုံးပါပဲ။ခင်ဗျားနဲ့ ပြောမနေချင်တော့ဘူး။"
ဆိုင်ဝန်ထမ်းသည် အဘိုးအိုနှင့် ထပ်မံ၍ ငြင်းခုံချင်တော့ပုံ မပေါ်တော့ပေ။ ထို့ကြောင့် ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း … ကျေးဇူးပြုပြီး ကြည့်စရာရှိတာကြည့်ပါ။"
ကျွင်းချောင်ရှောင်းသည် ပိုမို၍ စိတ်ဝင်စားလာသည်။ ထို့ကြောင့် ပြောလိုက်သည်။ "စီနီယာ ခင်ဗျားကိုကြည့်ရတာ ဆေးပင်တွေနဲ့ ပတ်သက်ပြီး တော်တော်သိပုံပဲ။"
အဘိုးအိုသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။"ဂိုဏ်းချုပ်ကျွင်းက ဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ပါ ။ စီနီယာဆိုတဲ့ ဘွဲ့ထူးမျိုး ကျုပ်ကိုခေါ်တာ လက်မခံပါရစေနဲ့။"
"လူကြီးတွေကို ရိုသေလေးစားရမယ်လေ။ဒီတော့ စီနီယာက ထိုက်တန်ပါတယ်။" ကျွင်းချောင်ရှောင်း ပြုံးလိုက်သည်။
အဘိုးအိုသည် အံ့အားတသင့်ဖြင့် ကြည့်လိုက်၏။ ပြီးနောက် ခေါင်းကိုခါရမ်းလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ သိုင်းပညာရှင်တွေကိုပဲ လေးစားမှုရှိကြတယ်။ဒါမျိုး ပြောတာကို ကျုပ် ပထမဦးဆုံး ကြားဖူးတာပဲ။"
ကျွင်းချောင်ရှောင်းသည် ဆက်၍ ပြောချင်သည်။
သို့ပေမဲ့ အိုက်ရှန်းရှိ သည် အလျင်အမြန်ဆိုသလိုပဲ အမောတကောဖြင့် ရောက်ရှိလာ၏။ ဆိုင်ထဲကို ဝင်ဝင်ချင်းမှာပဲ လက်သီးကိုဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဒီတစ်ခါ ဘာယူလာလို့လဲ။"