အခန်း (၁၀၉)
Vol. 8 Ch. 109
ကျွင်းချောင်ရှောင်းသည် စားပွဲခုံပေါ်သို့ သွား၍ ထိုင်လိုက်ပြီး မရီဒန်ဖွင့်ခြင်းဆေးလုံး၏ ပါဝင် ဆေးပင်များ ရေးသားထားသော စာရွက်အား စားပွဲခုံပေါ်သို့ တင်လိုက်သည်။
ပြီးနောက် သူသည် ပြုံးကာ ပြောလိုက်သည်။ "အိုက်ခေါင်းဆောင် …. အိုက်ခေါင်းဆောင်ဆီမှာ ဒီဆေးပင်တွေ ဘယ်လောက်များများ ရှိလဲ။"
အိုက်ရှန်းရီ သည် ဆေးပင်များအား တစ်ချက်ကြည့်ပြီး ခဏလောက်စဉ်းစားလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း … ဒီပစ္စည်းလေးမျိုးနဲ့ ပတ်သက်ပြီး အိုက်မိသားစုဆီမှာ များများစားစားတော့ မရှိဘူး။ တစ်ခုကို သုံးရာလောက်တော့ ရှိမယ်ထင်တယ်။"
"ကျွန်တော် အားလုံးကို လိုချင်တယ်။" ကျွင်းချောင်ရှောင်းသည် တည့်တည့်ပင် ပြောလိုက်၏။
မရီဒန်ဖွင့်ခြင်းဆေးလုံးသည် မရီဒန်ဖွင့်နိုင်မှုနှုန်းအား တိုးတက်စေသည်။ ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်သည်လည်း မရီဒန်ဖွင့်ခြင်းအား ပိုမို၍ တိုးတက်စေသည်။ ထို့ကြောင့် ဤနှစ်ခုကို ပေါင်းစပ်လျှင် ကောင်းကင်မှ ငြင်းပယ်ရသော ကိစ္စပင် ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သူ့အနေနှင့် တတ်နိုင်သမျှ ဤဆေးအား သန့်စင်ရန် လိုအပ်နေပေသည်။
အိုက်ရှန်းရီ ပြုံးလိုက်သည် "ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး။"
ပြီးနောက် သူသည် ဆိုင်တာဝန်ခံမာအား တစ်ချက်လှမ်းကြည့်လိုက်၏။
မြန်မြန်ဆန်ဆန်ဆိုသလိုပဲ ဆိုင်တာဝန်ခံမာသည် အတွင်းခြံဝန်းထဲသို့ လှည့်ဝင်သွား၏။ မကြာခင်မှာပဲ သိုလှောင်လက်စွပ်တစ်ခုကို ယူလာပြီး စားပွဲပေါ်တင်လိုက်သည်။
မရီဒန်ဖွင့်ခြင်းဆေးလုံး၏ ပါဝင်ပစ္စည်းများသည် အရမ်းကြီး တန်ဖိုးကြီးလှသည် မဟုတ်ပေ။ ထို့ကြောင့် သူတို့ဆိုင်တွင် ပစ္စည်းအဆင်သင့်ရှိနေ၏။
ကျွင်းချောင်ရှောင်းသည် ပစ္စည်းများကို စစ်ဆေးကြည့်ပြီးသည့်နောက် ပြောလိုက်သည်။
"အိုက်ခေါင်းဆောင် …. ဈေးပြောပါအုံး။"
အိုက်ရှန်းရီ ပြောလိုက်သည်။ "ဒီပါဝင်ပစ္စည်းတွေ အားလုံးက စုစုပေါင်းတစ်သိန်းတစ်သောင်း ကျလိမ့်မယ်။ ဂိုဏ်းချုပ်ကျွင်း … ကျုပ်ကို တစ်သိန်းပဲ ပေးပါ။"
တစ်ခြားသော ဖောက်သည်များဆိုလျှင် သူတို့သည် နည်းနည်းလေးမှ ဈေးလျော့ပေးလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ အိုက်ကလန်အနေဖြင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးနှင့် ပတ်သက်၍ ကြွယ်ဝချမ်းသာမှုများကို ရရှိချင်သည်ဆိုလျှင် ကျွင်းချောင်ရှောင်းအား အပိုင်ကပ်ထားနိုင်မှ ဖြစ်မည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းအား သူတို့ ဈေးလျှော့ပေးခြင်းဖြစ်သည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "သဘောတူတယ်။"
သူတို့နှစ်ယောက်သည် စည်းမျဉ်းစည်းကမ်းများအတိုင်း အရောင်းအဝယ်စာချုပ်တွင် လက်မှတ်ရေးထိုးလိုက်ကြ သည်။
“ဟုတ်ပြီ။”
ကျွင်းချောင်ရှောင်းသည် ဆေးပင်များညှပ်လျက်ရှိသော အဘိုးအိုဆီသို့ လက်ညိုးထိုးကာ စိတ်ဝင်တစားဖြင့် မေးလိုက်သည်။ "ဒီ စီနီယာက ဘယ်သူလဲ။"
"သူက ဆေးပင် ကျွမ်းကျင်သူလေ။"
"ဆေးပင် ကျွမ်းကျင်သူ ဟုတ်လား။"
ကျွင်းချောင်ရှောင်းသည် တစ်ခါမှ မကြားဖူးချေ။
မူလလက်ဟောင်း ကျွင်းချောင်ရှောင်းသည် သံမဏိအရိုးဂိုဏ်းထဲမှာပဲ နေထိုင်ခဲ့သူ ဖြစ်သောကြောင့် ကုန်းမြေတိုက်ကြီးနှင့် ပတ်သက်၍ ဗဟုသုတကြွယ်လှသူတော့ မဟုတ်လှချေ။
အိုက်ရှန်းရီ ရှင်းပြလိုက်သည်။ "ဆေးပင်ကျွမ်းကျင်သူတွေက ဆေးပင်တွေကို စိုက်ပျိုးတဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။"
"ကျွန်တော် နားလည်ပါပြီ။"
ကျွင်းချောင်ရှောင်း နားလည်သွားမိ၏။ "သူက ဆေးပင်တွေ အကြောင်း အများကြီးသိနေတာ အံ့အားသင့်စရာတော့ မဟုတ်ဘူး ။"
အိုက်ရှန်းရီ ခေါင်းကို ခါယမ်းလိုက်မိ၏။ "ဂိုဏ်းချုပ်ကျွင်း …. ဒီလူက အဆင့်သုံး ဆေးပင်ကျွမ်းကျင်သူအဆင့်ပဲ ရှိတယ်။ သူ့ထက်ပိုကျွမ်းကျင်ပြီး ဆေးပင်တွေအကြောင်း ပိုနားလည်တဲ့ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။"
ဆေးပင်ကျွမ်းကျင်သူများသည်လည်း သိုင်းပညာရှင်များကဲ့သို့ပင် အဆင့်များခွဲခြားထား၏။ ဆေးဝါးဖော်စပ်သူ၊ စိတ်ဝိညာဉ်ကျွမ်းကျင်သူများ ကဲ့သို့ပင် သူတို့သည်လည်း အဆင့်တစ်မှစ၍ အဆင့်ကိုးအထိ ရှိနေ၏။
အဆင့်သုံး ဆေးပင်ကျွမ်းကျင်သူ။ ဤသို့သောလူမျိုးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အလွန်ပေါများလှသည်။
ထို့အပြင် ဆေးပင်ကျွမ်းကျင်သူများသည် ကြယ်ကြွယ်ကုန်းမြေတိုက်ကြီးတွင် သာမန်ပင် ဖြစ်၏။ သူတို့အား ထူးခြားဆန်းကျယ်သည့်လူများဟု မသတ်မှတ်ကြချေ။ သို့ပေမဲ့ သူတို့မရှိလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဆေးပင်များ ရရှိရန် တောထဲဝင်၍ အနည်းငယ်သော ဆေးပင်များအား လုယူနေရပေလိမ့်မည်။ ထို့ကြောင့် လက်လွှတ်စံပယ်ထား၍ ရသောသူများလည်း မဟုတ်ကြချေ။
များပြားလှသော ဂိုဏ်းကြီးများသည် သူတို့၏ ဆေးပင် ဥယျာဉ်များတွင် စိုက်ပျိုးပေးရန် ဆေးပင်ကျွမ်းကျင်သူများအား ငှားရမ်းထားကြရသည်။ ထိုမှလည်း ဂိုဏ်းအတွက် လုံလောက်သော ဆေးပင်များ ရရှိမည် မဟုတ်လား။
"အဆင့်သုံး … ဆေးပင်ကျွမ်းကျင်သူဆိုတာလည်း ဆေးပင် ကျွမ်းကျင်သူပဲလေ။ ကျုပ်ကို အထင်မသေးနဲ့ ဆရာအိုက်။"
ဆံပင်ဖြူနှင့်အဘိုးကြီးသည် အိုက်ရှန်းရီ၏ စကားကို ကြားချိန်မှာတော့ ခွန်းတုံ့ပြန်လိုက်၏။
"အဘိုးကြီး ကျုပ်တို့မိသားစုခေါင်းဆောင်ကို ဘယ်လိုလုပ် ဒီလို ပြောရဲရတာလဲ။ခင်ဗျားအသက်ရှင်ရတာ ငြီးငွေ့နေပြီလား။"
ဆိုင်ဝန်ထမ်း သည် သူ၏ အင်္ကျီလက်အား လိပ်တင်၍ တိုက်ခိုက်တော့မည့် ဟန်ပန်ဖြင့် အဘိုးအိုဆီသို့ ရောက်ရှိသွားသည်။
အိုက်ရှန်းရီ သည် လက်ကို ယမ်းခါကာ ပြောလိုက်၏။ "ထားလိုက်ပါတော့။ သွား သွား။"
ဆိုင်တာဝန်ခံသည် အဘိုးအိုအား စူးစိုက်၍ကြည့်ကာ ပြန်လည်ထွက်ခွာသွားသည်။
ကျွင်းချောင်ရှောင်းသည် အပြင်သို့ လမ်းလျှောက်ထွက်ပြီး ပြုံးကာ ပြောလိုက်၏။ "စီနီယာ …. ကျုပ်တို့ သံမဏိအရိုးဂိုဏ်းမှာ ဆေးပင်ကျွမ်းကျင်သူ လိုအပ်နေတယ်။ ကျုပ်တို့ဆီကို အလုပ်လာလုပ်ဖို့ စိတ်ဝင်စားလား။"
အဘိုးအိုသည် လက်ကိုယမ်းခါကာ ပြောလိုက်သည်။ "ဒီအဘိုးကြီးထက် တော်တဲ့ ဆေးပင်ကျွမ်းကျင်သူတွေ အများကြီးရှိတယ်။ ဂိုဏ်းချုပ်ကျွင်း ကျေးဇူးပြုပြီး တစ်ခြားလူကို ရှာလိုက်ပါ။"
ဟင့်။
ဆိုင်ဝန်ထမ်း သည် နှာခေါင်း ရှုံ့ကာဖြင့် တီးတိုးရေရွတ်လိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းလို လူတစ်ယောက်က ရွေးချယ်တယ်ဆိုတာ ခင်ဗျား တော်တော် ကံကောင်းတာပဲ။ဒ ါကို ငြင်းပယ်ရတယ်လို့။ ရူးနေတာလား အဘိုးကြီး။"
အိုက်ရှန်းရီ ပြုံးကာပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ကျုပ်တို့ အိုက်မိသားစုမှာ ဆေးပင် ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ တော်တော်များများက အဆင့်ခုနစ် ၊ အဆင့်ရှစ်တွေချည်းပဲ။ ခင်ဗျားတို့ဂိုဏ်းအတွက် တစ်ယောက် လိုအပ်တယ်ဆိုရင် ကျုပ် …"
ကျွင်းချောင်ရှောင်း ဖြတ်ပြောလိုက်၏။ "ကျွန်တော် ဒီစီနီယာကိုပဲ ပိုပြီး သဘောကျတယ်။"
အိုက်ရှန်းရီ၏ နှုတ်ခမ်းများသည် တုန်ရင်သွားသည်။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း …. အဘိုးကြီး ဝေက ကျုပ်တို့ အိုက်မိသားစုရဲ့ အချိန်ပိုင်းဝန်ထမ်းသာသာပဲ။ ဒီတော့ သူ သွားခြင်း၊ မသွားခြင်းက သူ့အပေါ်မှာပဲ မူတည်တယ်။"
"ဒီလိုလား။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စီနီယာ ကျွန်တော် ခင်ဗျားကို လခကောင်းကောင်းပေးမယ်။ သံမဏိအရိုးဂိုဏ်းထဲကို လိုက်ခဲ့ပြီး ဆေးပင်ကျွမ်းကျင်သူဆိုတဲ့ ရာထူးကို လက်ခံပေးနိုင်မလား။"
အိုက်ရှန်းရီ အနည်းငယ် ဆွံအသွားမိ၏။
အဆင့်သုံး ဆေးပင်ကျွမ်းကျင်သူများသည် နေရာအနှံ့တွင် ရှာဖွေတွေ့ရှိနိုင်သည်။ အိုက်မိသားစုမှာဆိုလျှင် အနည်းဆုံး ဆယ်ယောက်ကျော်ရှိ၏။ အဘယ့်ကြောင့် သံမဏိအရိုးဂိုဏ်းချုပ်သည် ဤအဘိုးကြီးအား မျက်စိကျနေရသနည်း။
အဘိုးအို ဝေ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ခင်ဗျား တကယ်ပဲ ကျုပ်ကို သံမဏိအရိုးဂိုဏ်းရဲ့ ဆေးပင်ကျွမ်းကျင်သူအဖြစ် ငှားရမ်းမလို့လား။"
"အမှန်ပါပဲ။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
အဘိုးအို ဝေသည် သူ၏ ကတ်ကြေးအား စင်တစ်ခုပေါ်သို့ ထင်ကာ ပြောလိုက်သည်။ "ကျုပ်က လွန်ခဲ့တဲ့ နှစ် ၈၀ တကည်းကနေပြီး ဆေးပင် ကျွမ်းကျင်သူအဖြစ် ရပ်တည်လာခဲ့တာ။ဒါပေမဲ့ ကျုပ်ကို အခုလို ဖိတ်ကြားတဲ့လူဆိုလို့ ဂိုဏ်းချုပ်ကျွင်းတစ်ယောက်ပဲ ရှိတယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါက သာမန်ပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အရည်အချင်းကို ကင်းထောက်ကြည့်ဖို့၊ မြင်နိုင်ဖို့ ဆိုတာက ခက်ခဲကြတယ်လေ။"
"အရည်အချင်းကို ကင်းထောက်ကြည့်ရှုတာ ဟုတ်လား။"
အဘိုးအိုဝေ ပြုံးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်းက ဒီလောက်လေးလေးနက်နက်ခေါ်နေမှတော့ ကျုပ် သံမဏိအရိုးဂိုဏ်းထဲကို လိုက်ခဲ့မယ်။ ဒါပေမဲ့ လစာ ဘယ်လောက်ပေးမှာလဲ။"
"တစ်လကို တစ်သောင်း ပေးမယ်။"
အိုက်ရှန်းရီ ဆွံအသွားသည်။
သူ၏အဆင့်ခုနစ် နှင့် အဆင့်ကိုး ဆေးပင်ကျွမ်းကျင်သူများသည်ဆိုလျှင်ပင် တစ်လကို တစ်သောင်းသာ ရရှိကြ၏။ အဆင့်သုံး ဆေးပင်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ တစ်လလျှင် တစ်သောင်း ရရှိသည်ဆိုသည်မှာ အလွန်မြင့်မားသော လခလည်း ဖြစ်သည်။
အဘိုးအိုဝေ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်းက တကယ့်ကို လေးနက်တာပဲ။ ကျုပ် မိသားစုဆီကို ခဏပြန်မယ်။ ပြီးရင် ကျုပ် ခင်ဗျားနဲ့အတူ သံမဏိအရိုးဂိုဏ်းထဲကို လိုက်ခဲ့မယ်။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "အိုက်ခေါင်းဆောင် …. ကျွန်တော် ဒီလူကို ခေါ်သွားတဲ့အတွက် ပြဿနာ မရှိဘူးမို့လား။"
"ပြဿနာ မရှိပါဘူး။ မရှိပါဘူး။"
………
မြို၏ တောင်ဘက်အခြမ်းသည် လျှိုမြောင်နက်ထဲတစ်ခုမှာတော့ ကျွင်းချောင်ရှောင်းသည် အဘိုးအိုဝေ ၏ အိမ်ရှိရာဆီသို့ လိုက်လာခဲ့သည်။
အိမ်သည် အလွန်ကို ခနော်ခနဲ့ နိုင်လှပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း ခြုံနွယ်ပိတ်ပေါင်းများဖြင့် မဲမှောင်လျက် ရှိ၏။
သူတို့လျှောက်ဝင်လာချိန်မှာတော့ အသက်ရှစ်နှစ်နဲ့ အသက်ခုနစ်နှစ် အရွယ် ကလေးများသည် အဘိုးဟု အော်ဟစ်ကာ ဝိုင်းရံလာကြသည်။ အားလုံး၏ မျက်နှာတွင် အပြစ်ကင်းစင်လှသော အပြုံးများ ရှိနေသည်။
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
"စီနီယာဝေမှာ ဒီလောက်များတဲ့ ကလေးတွေ ရှိနေတာ ကံကောင်းတာပဲ။"
အဘိုးအို ဝေသည် သူ ဝယ်ယူလာသော သကြားလုံးများအား တစ်ယောက်ချင်းစီအား ပေး၍ ချစ်ခင်နှစ်သက်သော အမူအယာဖြင့် ပြောလိုက်သည်။ "ဒီကလေးတွေ အကုန်လုံးက ကျုပ်မွေးစားထားတဲ့ မိဘမဲ့ ကလေးတွေပဲ။"
ကျွင်းချောင်ရှောင်းဆွံအသွားသည်။
ဤမျှ ရက်စက်လှသော လောကကြီးတွင် တစ်ခြားသူ မွေးထားသော ကလေးများအား မွေးစားသည်ဆိုသည်မှာ အလွန်ရှားပါးသည့် ကိစ္စပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုကိုသာ အမြဲတမ်းစဉ်းစားနေမိ၏။ သို့ပေမဲ့ ကောင်းမွန်သည့် အရာများကို လုပ်ကိုင်နေသည့် လူကောင်းများလည်း ရှိနေသေးသည်ကို သူ မျက်မြင် တွေ့ရှိသွားပေသည်။
"ဂိုဏ်းချုပ်ကျွင်း။"
အဘိုးအို ဝေ ပြောလိုက်သည်။ "လစာကြိုပြီး ပေးထားလို့ ရမလား။"
"ရတာပေါ့။"
ကျွင်းချောင်ရှောင်းသည် ချက်ချင်းဆိုသလိုပဲ ငွေတစ်ထောင်အား ထုတ်ယူ၍ ပေးလိုက်သည်။
အကြီးအကဲဝေသည် ပိုက်ဆံအား ရယူပြီးသည့်နောက် အနည်းငယ် အသက်ကြီးသော ကောင်လေးအား ငွေသုံးရာ ပေးလိုက်၏။
ပြီးနောက် သေသေချာချာ မှာကြား၍ သူ၏ အထုပ်အပိုးများကို ထုပ်ပိုးကာ ထွက်ခွာလာကြတော့သည်။
လမ်းတစ်လျှောက်မှာတော့ ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "စီနီယာဝေ သူတို့ကို သံမဏိအရိုးဂိုဏ်းထဲကို ခေါ်လာလို့ ရတယ်နော်။"
အဘိုးအိုဝေ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "ဒီလောကကြီးက အရမ်းရက်စက်တယ်။ သူတို့အနေနဲ့ သူတိုပြဿနာတွေကို သူတို့ဘာသူတို့ ရင်ဆိုင်တတ်အောင် လုပ်မှ ဖြစ်မယ်။ ကျုပ်က သူတို့ကို အတိုင်းအတာတစ်ခုထိ အချိန်ကာလတစ်ခုအထိပဲ ကူညီပေးနိုင်တာလေ။ထာဝရ အမြဲတမ်း ကူညီပေးနိုင်မှာ မဟုတ်ဘူး။"
"ဒီလိုကိုး။"
ကျွင်းချောင်ရှောင်း ပြောလိုက်သည်။ "ဒါကြောင့် သူတို့ကို ငွေရာဂဏာန်း အနည်းငယ်ပဲ ပေးခဲ့တာကိုး။ သူတို့ကို ခင်ဗျားအပေါ်မှာ အမြဲတမ်းကြီး မှီခိုတာမျိုး မဖြစ်စေချင်လို့မလား။"
"အမှန်ပါပဲ။"
အဘိုးအိုဝေ ပြောလိုက်သည်။
အဘိုးအိုသည် သာမန်ထက်ပိုသော အတွေ့အကြုံများကို ရှိခဲ့ရုံပေါ်သည်။
[ဒင်။
သီးခြားတာဝန်ပြည့်စုံသည်။
လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးဆယ်အားရရှိသည်။
ဒင်။
ဂိုဏ်းစုဆောင်းမှတ် - ၃၁၅/၅၀၀။]
ကျွင်းချောင်ရှောင်းနှင့် အိုက်ရှန်းရီတို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုပြီးသည့်အချိန်တွင် သီးခြားတာဝန် အသက်ဝင်လာခဲ့ခြင်း ဖြစ်သည်။
ထိုတာဝန် မှာ အဘိုးအို ဝေအား သံမဏိအရိုးဂိုဏ်း၏ ဆေးပင်သန့်စင်သူအဖြစ် ငှားရမ်းရန် ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် တစ်လလျှင် တစ်သောင်းကျပ်ဖြင့် လိုလိုချင်ချင် ငှားရမ်းခဲ့ခြင်းဖြစ်၏။
သို့ပေမဲ့ သီးခြားတာဝန်မဖြစ်ပေါ်ခဲ့ဘူးဆိုလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် အဘိုးအိုဝေအား ငှားရမ်းဦးမှာဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤလူသည် ရိုးရှင်းလှသော လူမဟုတ်မှန်း သူ အလိုလို နားလည်ခံစားနေမိ၏။
ကောင်းပေသည်။ သံမဏိအရိုးဂိုဏ်း၏ ဆေးပင်ကျွမ်းကျင်သူသည် အတိတ်ဇာတ်ကြောင်းများဖြင့် လူတစ်ယောက်ဖြစ်နေသည်။ ထို့ကြောင့် သူသည် ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ထိုင်၍ နားထောင်နေနိုင်သည် မဟုတ်လား။
"ဂိုဏ်းချုပ်ကျွင်း"
အဘိုးအို ဝေ ပြောလိုက်သည်။
"ဒီအဘိုးကြီးကို သံမဏိအရိုးဂိုဏ်းရဲ့ ဆေးပင်ကျွမ်းကျင်သူအဖြစ် ငှားရမ်းပြီဆိုတော့ ဂိုဏ်းမှာ ဆေးပင်နဲ့ဆိုင်တဲ့ မျိုးစေ့တွေ ရှိလား။"
"မရှိဘူး ဝယ်သွားကြတာပေါ့။" ကျွင်းချောင်ရှောင်း ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ဈေးသို့သွား၍ များပြားလှသော ဆေးပင်များကို ဝယ်ယူကာ သံမဏိအရိုးဂိုဏ်းဆီသို့ ပြန်လာလိုက်တော့၏။
သူတို့ဂိုဏ်းထဲကို ပြန်ရောက်ရောက်ချင်းမှာပဲ လီချင်းယန်သည် တစ်စုံတစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။ "ဂိုဏ်းချုပ် လွန်ခဲ့တဲ့ နှစ်နာရီတုန်းက လူတစ်ယောက်က ဒီစာကို လာပို့တယ်။"
“အင်း။”
ကျွင်းချောင်ရှောင်းသည် စာကိုယူ၍ ဖွင့်ကြည့်လိုက်သည်။
စာထဲမှာ ရေးသားထားသည်မှာ သုံးရက်ကြာပြီးနောက်မှာ သံမဏိအရိုးဂိုဏ်းအား စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်း၏ ပျက်ဆီးသွားသော ဂိုဏ်းတည်နေရာသို လာရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။
လက်မှတ်ရေးထိုးထားသည်မှာ နတ်စမ်းချောင်းဂိုဏ်း၏တပည့် မိုရှန်းဖေးဖြစ်၏။
လီချင်းယန် လေးလေးနက်နက်ပြောလိုက်သည်။ "ဂိုဏ်းချုပ် ဒါက စိန်ခေါ်စာပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ထဲတွင် ရှိသော စာကို ခပ်ဖျော့ဖျော့ကိုင်ကာ ပြောလိုက်သည်။
"နတ်စမ်းချောင်းဂိုဏ်းက ထိုင်မနေနိုင်တော့ဘူးထင်တယ်။ သူတို့ရဲ့ အတွင်းတပည့်ကို ပို့လိုက်တယ်။ သူတို့ကို ကြည့်ရတာ ငါ့ကို အထင်သေးတဲ့ပုံစံပဲ ။ ဟုတ်တယ်မလား။"