အခန်း (၁၁၀)
Vol. 8 Ch. 110
စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ဖျက်ဆီးပြီးသည့်နောက် နတ်စမ်းချောင်းဂိုဏ်းသည် ချက်ချင်း ရောက်လာလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သည်။ သို့ပေမဲ့ တကယ်တန်း ရောက်လာသည်မှာ အတွင်းတပည့် တစ်ယောက်၏ စိန်ခေါ်စာသာ ဖြစ်လို့နေသည်။
ထိုအရာသည်လည်း မှန်ကန်သော လုပ်ရပ်သာဖြစ်သည်။ ဝေရင်ရှိသာ အဓိပ္ပာယ်မဲ့ လုပ်ရပ်များမလုပ်ဘဲ ဂိုဏ်းနှစ်ခု အနေဖြင့် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်တွင်သာ ဖြေရှင်းခဲ့ပါက စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းအား ကျွင်းချောင်ရှောင်း ဖျက်ဆီး၍ ရမည် မဟုတ်ချေ။
“ဂိုဏ်းချုပ် …”
လီချင်းယန် တည်ငြိမ်စွာပဲ ပြောလိုက်သည် “နတ်စမ်းချောင်းဂိုဏ်းရဲ့ အတွင်းတပည့်ဖြစ်မို့ ဆိုတာက ပါရမီရော၊ အားအင်ရော အလွန်ကောင်းနေမှဖြစ်မယ်။”
ကျွင်းချောင်ရှောင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ပြီး ပြောလိုက်သည် “စိတ်ခေါ်စာ ပိုလိုက်တယ် ဆိုပေမဲ့ ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ ငါ တိုက်ခိုက်မယ် ဆိုရင် အားလုံးရဲ့ ရယ်စရာဖြစ်လာလိမ့်မယ်။”
“ချင်းယန် …”
သူ ခဏရပ်တန့်ကာ ပြောလိုက်သည် “မင်း ဒီစိန်ခေါ်ပွဲကို လက်ခံလိုက်”
“ကောင်းပါပြီ” လီချင်းယန် ပြောလိုက်၏။
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒီတိုက်ပွဲက ဂိုဏ်းရဲ့ ဂုဏ်သိက္ခာအတွက်ပဲ။ မင်း နိုင်မှ ဖြစ်မယ်”
လီချင်းယန် ထအော်လိုက်သည် “တပည့် အကောင်းဆုံး ကြိုးစားပါမယ်”
ပြောရမည် ဆိုလျှင် သူ့အနေနှင့် တော်တော်ပင် ဖိအားများနေသည်ဟု ဆိုရမည်။ ထို့အပြင် အဆင့်ငါး ဂိုဏ်းတစ်ခု ဖြစ်သော နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်နှင့် ရင်ဆိုင်တိုက်ခိုက်ရမှာ မဟုတ်လား။ ထိုသူသည် ပါရမီ နှင့် အားအင် အဆင့်တွင် သူ့ထက် ဘယ်လိုမှ အားမနည်းနိုင်ပေ။
ကျွင်းချောင်ရှောင်း လက်ခုပ်တီးကာ ပြောလိုက်၏ “ငါ လိုချင်တာ နိုင်တာပဲ”
“ကောင်းပါပြီ”
လီချင်းယန် ပြောလိုက်သည် “သုံးရက်ကြာပြီးရင် တပည့် အနိုင်ရလာဒ်ကိုပဲ ယူပေးပါမယ်”
ကျွင်းချောင်ရှောင်း သည် လက်ကို ယမ်းခါပြီး ချီစုစည်းခြင်း ဆေးလုံး ဆယ်လုံး နှင့် စိတ်ဝိညာဉ် ကျောက်တုံး သုံးတုံးအား ပစ်ပေးလိုက်၏ “ဒီနှစ်ရက်အတွင်း ကျန်တဲ့ ကိစ္စတွေ ကို အာရုံမစိုက်ဘဲ တိုက်ပွဲ အတွက်ပဲ အားမွေး ကျင့်ကြံတော့”
စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးအား သူသည် သိုင်းပြိုင်ပွဲတုန်းက ဆုအဖြစ် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစိတ်ဝိညာဉ်ကျောက်တုံးများအား သူ အသုံးမပြုခဲ့ပေ။
ယခု နတ်စမ်းချောင်းဂိုဏ်းမှ စိန်ခေါ်လာခဲ့ပြီ ဖြစ်သောကြောင့် သူ့အနေနှင့် လီချင်းယန် ကို ပေး၍ အချိန်တိုအတွင်း အားအင်တိုးပွားလာစေရန် ပြုလုပ်ပေးရမည်။
လီချင်းယန်သည် စိတ်ဝိညာဉ်ကျောက်တုံး နှင့် ဆေးလုံးများအား ယူကာ ပြောလိုက်သည် “တပည့် သံမဏိအရိုးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါမယ်”
ပြီးနောက် အားမာန်အပြည့်နှင့် ဟောခန်းထဲမှ ထွက်ခွာသွားတော့သည်။
လုချင်းချင်းသည် တံခါးကို မှီကာ ပြောလိုက်၏ “ကျွန်မကို ဘာလို့ မတိုက်ခိုက် ခိုင်းတာလဲ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ချင်းယန် ပိုပြီး အားကောင်းလာရင် သံမဏိအရိုးဂိုးဏ်းကို စီမံခန့်ခွဲတဲ့ နေရာမှာ ငါ့ကို ပိုပြီး အကူအညီ ပေးနိုင်တယ်လေ။”
လုချင်းချင်း သက်တောင့်သက်သာ ပဲ ပြောလိုက်သည် “ဂိုဏ်းချုပ်က အနာဂတ်မှာ ဂိုဏ်းအတွက် အိမ်ထိန်းတစ်ယောက် လိုချင်လိုကိုး …”
ကျွင်းချောင်ရှောင်း သူ၏ ရင်ဘတ်ကို ဖိကာ ပြောလိုက်သည် “အိုက်ရား .. ငါ ရင်ဘတ်တွေအောင့်လာပြီ။”
လုချင်းချင်းသည် မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ပြောလိုက်၏ “နတ်စမ်းချောင်းဂိုဏ်းက အချိန်ကိုက်မှာ ပေါ်လာတယ်။ သူတို့အနေနဲ့ စိတ်ဝိညာဉ်စမ်းချောင်းဂိုဏ်းကို ဂရုစိုက်ကြောင်း ပြသချင်ရုံနဲ့ တခြားဂိုဏ်းတစ်ခုကို ရန်ငြိုးဖွဲ့ချင်တာလား”
ကျွင်းချောင်ရှောင်း လက်နှစ်ဖက်ကို ဖြန့်၍ ပခုံးတွန့်ကာ ပြောလိုက်သည် “သူတို့ ကစားချင်မှတော့ ငါကလည်း စိတ်ထဲမှ မထားဘဲ ကစားပေးရမှာပေါ့”
ထိုစကားကို အပြင်လူများသာ ကြားပါက ကျိန်းသေပေါက် ဆွံ့အမိသွားကြမှာဖြစ်သည်။
……….
“ဂိုဏ်းချုပ် …. အနောက်ဘက်က အမှိုက်မြေကို ပြန်ပြီး ထွန်ဖို့ တပည့်အနည်းလောက် လွှတ်ပြီး ဒီအဘိုးကြီးကို ကူညီပေးပါအုံး..”
အရာအားလုံး စတင်ပြင်ဆင်နေရသော စီနီယာဝေသည် အနားယူရန် စိတ်မကူးချေ။ သူ၏ တာဝန်ကို ရောက်ရောက်ချင်း ထမ်းဆောင်ရန် လာပြော၏။
ကျွင်းချောင်ရှောင်းသည် စုရှောင်မို၊ ထျန်းချီ နှင့် လီဖေးတို့အား ခေါ်ယူ၍ စီနီယာဝေ အား ကူညီရန် ခိုင်းစေလိုက်သည်။
နေ့ဝက်အတွင်းမှာပဲ သူတို့သည် ဆယ်ဧကကျော်ကျယ်သော မြေနေရာအား ရှင်းလင်းထွန်ယက်ပြီး ဖြစ်၏။
စီနီယာဝေသည် ဆေးမျိုးစေ့များအား သေသေချာချာ ထုတ်ယူလိုက်သည်။ ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ကုန်းပြီး တစ်ခုချင်းစီ လိုက်လံ စိုက်ပျိုးတော့သည်။
“စီနီယာဝေ …”
စုရှောင်မို ပြောလိုက်သည် “ကျွန်တော်တို့ ကူညီပေးမယ်လေ”
စီနီယာဝေသည် လက်ကို ယမ်းခါပြီး ပြောလိုက်သည် “ဆေးပင်မျိုးစေ့တွေကို စိုက်ပျိုးတယ် ဆိုတာ က စိတ်ဝိညာဉ်စွမ်းအင်တွေကို သန့်စင်စေနိုင်ဖို့ နှလုံးသားနဲ့ စိုက်ပျိုးရတာ။ မင်းတို့ ကလေးတွေက စိတ်မရှည်ကြဘူး။ ဒီအဘိုးကြီးပဲ လုပ်လိုက်မယ်”
“……..” သံမဏိအရိုးဂိုဏ်း တပည့်များသည် ဆွံ့အသွားကြသည်။
သူတို့သည် ကူညီ၍ မရတော့သောကြောင့် တောင်အနက်ဘက်ဆီသို့ သွားကာ ကျင့်ကြံကြတော့၏။
မှော်စမပျိုးသေးခင် အချိန်အတွင်းမှာပဲ စီနီယာဝေသည် ဆယ်ဧကကျော်ရှိသော မြေနေရာတွင် စိုက်ပျိုးပြီးပြီ ဖြစ်သည်။ ဆေးပင်တစ်ခုနှင့် တစ်ခုကြား အကွာအဝေးသည်လည်း တိုင်းထားသလိုပင် ညီညာနေသည်။
ဂိုဏ်းသားများသည် ထိုမြင်ကွင်းကို မြင်တော့ ကြိတ်ကာ ချီးကျူးလိုက်မိသည်။… အလွန်ပင် ကျွမ်းကျင်လှ၏။
….
စီနီယာဝေအား ငှားရမ်းပြီးနောက်တွင် ကျွင်းချောင်ရှောင်းသည် မည်သည့်မေးခွန်းမှ မမေးခဲ့ချေ။ အဲအစား အခန်းထဲတွင် ခြေချိတ်ထိုင်ပြီး ဆေးသန့်စင်ခြင်းခန်းမဆောင်၌ မရီဒန်ဖွင့်ခြင်းဆေးလုံး များအား သန့်စင်လျက်ရှိသည်။
“ဒီအရာ နဲ့ ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို ထည့်ပေါင်းမယ့် ဆိုရင် မရီဒန်တွေကို လွယ်လွယ်ကူကူ ဖွင့်နိုင်တယ်။ မနက်ဖြန် တုတုကို စမ်းသပ်ကြည့်ရမယ်”
တီးတိုးရေရွတ်ပြီးနောက်တွင် သူသည် လက်ကိုယမ်းခါပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ထုတ်ယူလိုက်၏။
လီချင်းယန်သည် ကျင့်ကြံဖို့ လိုအပ်နေသည်။ အဘယ့်ကြောင့် ဆိုသော် လီချင်းယန် ရင်ဆိုင်ရမည်မှာ အဆင့်ငါး ဂိုဏ်းတစ်ခုရဲ့ အတွင်းတပည့် နှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်အား မြန်နိုင်သမျှ အမြန်ဆုံး မြင့်တင်ရန် လိုအပ်သည်။
“ဒါကို ဘယ်လိုသုံးရမလဲ”
စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ရင်း ကျွင်းချောင်ရှောင်း ဆွံ့အသွားမိ၏။
စနစ်မှ ပြောလိုက်သည် “ဒါက စွမ်းအင်အမြူတေ နဲ့ တုန်းကလို အသုံးပြုရတာပဲ။ အထဲက စိတ်ဝိညာဉ်စွမ်းအင်တွေကို ထုတ်ယူလိုက်ရုံပဲ”
“ဪ …”
ကျွင်းချောင်ရှောင်းသည် စနစ်မှ ပြောသလို လုပ်လိုက်သည်။ သူ၏ သိစိတ်သည် စိတ်ဝိညာဉ်ကျောက်တုံးထဲ ဝင်ရောက်သွားချိန်မှာတော့ ဆန်းကြယ်လွန်းသော စွမ်းအင်များအား ခံစားလိုက်မိ၏။ သူ မနေနိုင်တော့ဘဲ ထအော်လိုက်မိသည် “သန့်စင်တယ်”
“ပေါက်ပန်းလေးဆယ် …”
စနစ်မှ ပြောလိုက်သည် “မသန့်စင်ရင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ဘယ်သူက ငွေတစ်သောင်းနဲ့ ဝယ်မှာလဲ”
ကျွင်းချောင်ရှောင်း စနစ်အား လျစ်လျူရှုပြီး စိတ်ဝိညာဉ်ကျောက်တုံး ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို စုတ်ယူကာ ခန္ဓာကိုယ်အတွင်း သန့်စင်လိုက်သည်။
ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ် အား သူ စတင် လှည့်ပတ်လိုက်၏။
….
တစ်ညကုန်လွန်ပြီးနောက်မှာတော့ သူ၏ လက်ထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးသည် စွမ်းအင်များ ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲရှိ ချီလေပွေသည် ပိုမို၍ အားကောင်းလာသည်။
သူ ကြိတ်ကာ ပြောလိုက်သည် “ငါသာ စိတ်ဝိညာဉ်ကျောက်တုံး လေးငါးတုံးလောက် စုပ်ယူမယ် ဆိုရင် သိုင်းတပည့် အဆင့်ရှစ်ကနေ အဆင့်ကိုးထိ ရောက်သွားနိုင်ဖို့ ဆိုတာ ကိစ္စသေးလေး တစ်ခုပဲ”
ကျွင်းချောင်ရှောင်း သည် ချီစုစည်းခြင်း ဆေးလုံးကို အသုံးပြု၍ တောက်လျှောက် ကျင့်ကြနေမည် ဆိုလျှင် အဆင့်ကိုးထိ ရောက်ရန် တစ်လနီးပါး ကြာမြင့်နိုင်သည်။
ယခု သူ့တွင် စိတ်ဝိညာဉ်ကျောက်တုံးများရှိနေပြီ ဖြစ်သောကြောင့် နှစ်ရက် ၊ သုံးရက် အတွင်း အဆင့်ကျော်ဖြတ်နိုင်မှာ ဖြစ်သည်။ ထိုအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
စနစ်မှ ပြောလိုက်သည် “စိတ်ဝိညာဉ်ကျောက်တုံးတွေက ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် အရေးကြီးဆုံးသော ကျင့်ကြံခြင်းအရင်းအမြစ် ဖြစ်သည်။ ကျင့်ကြံသူတော်တော်များများသည် စိတ်ဝိညာဉ်ကျောက်တုံးကို သေသည်မထိ ကိုင်မသွားဖူးသူပင် တော်တော်များများ ရှိခဲ့သည်။”
“ငါ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ဘယ်ကနေရနိုင်မလဲ” ကျွင်းချောင်ရှောင်း မေးလိုက်၏။
စနစ်မှပြောလိုက်သည် “မိုင်းတွင်း ဒါမှမဟုတ် စိတ်ဝိညာဉ်ကျွမ်းကျင်သူတွေ ဆီက ရနိုင်သည်။”
ကျွင်းချောင်ရှောင်း သူ၏ မေးစေ့အား ပွတ်သပ်လိုက်သည် “င့ါဆီမှာ ဆေးပင်ကျွမ်းကျင်သူ ရှိပြီးသား။ တောင်အောက်ဆင်းတုန်း စိတ်ဝိညာဉ်ကျွမ်းကျင်သူကို ရှာဖွေရမယ်။”
စနစ် မှ သတိပေးလိုက်သည် “စိတ်ဝိညာဉ်ကျွမ်းကျင်သူတွေသည် အလွန်ရှားပါးသောသူများ ဖြစ်သည်။ အဆင့်နိမ့် စိတ်ဝိညာဉ်ကျွမ်းကျင်သူပင်လျှင် ချင်းယန်နိုင်ငံတွင် ဆယ်ယောက်ထက် မပိုချေ။ လက်ခံသူ အနေနှင့် တစ်ယောက်လောက် ငှားရမ်းချင်သည် ဆိုပါက ငွေသန်းနှင့်ချီ ၍ ပြင်ဆင်ထားသင့်သည်။”
သန်းနဲ့ချီလား။ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေသလိုပဲ။
….
နောက်တစ်ရက်မှာတော့ ..
ကျွင်းချောင်ရှောင်းသည် လျှိုဝမ်ရှစ်အား ခေါ်ယူကာ ပြောလိုက်သည် “တုတု .. မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်ထိရောက်နေပြီလဲ။”
လျှိုဝမ်ရှစ် ပြောလိုက်သည် “ဂိုဏ်းချုပ် .. ကျွန်မ စွမ်းအင်ဖွင့်ခြင်းအဆင့်လေး ကို ရောက်နေပါပြီ။”
သူမသည် ချက်ပြုတ်ခြင်းစွမ်းရည်တွင် ထူးခြားလှသည်ဆိုသော်လည်း စိတ်ဝိညာဉ်အမြစ်ကတော့ သာမာန်အဆင့်သာ ရှိ၏။ ထို့ကြောင့် သူမ၏ စီနီယာများအတွက် အစားအသောက်များအား တာဝန်ယူ ချက်ပြုတ်ရင်း စွမ်းအင်ဖွင့်ခြင်းအဆင့်လေး သို့သာ ရောက်အောင် ပြုလုပ်နိုင်ခဲ့သည်။
“ဒီမှာ”
ကျွင်းချောင်ရှောင်း ပြောလိုက်သည် “ဒါက စွမ်းအင်ဖွင့်ခြင်းဆေးလုံးပဲ။ မရီဒန်တွေကို ဖွင့်နိုင်ဖို့ အကူအညီ ဖြစ်လိမ့်မယ်”
လျှိုဝမ်ရှစ် သည် ဆေးလုံးကို ယူလိုက်ပြီး မယုံနိုင်သလို ပြောလိုက်၏ “စွမ်းအင်ဖွင့်ခြင်းဆေးလုံးလား။ ဒါက အရမ်းဈေးကြီးတဲ့ဆေးလုံးပဲ။ ဂိုဏ်းချုပ် .. ကျွန်မကို တကယ်ပေးတာလား”
မိန်းကလေး၏ ချစ်စရာ အမူအရာကို မြင်တော့ ကျွင်းချောင်ရှောင်း သူမ၏ ပါးလေးများကို ဆွဲညှစ်ချင်စိတ်ပင် ပေါက်လာမိသည်။
“မြန်မြန် .. အဆင့်တက်တော့”
“အင်းအင်း ..”
လျှိုဝမ်ရှစ် မထွက်သွားချေ။ အဲအစား အဓိက ဟောခန်း၏ မြေပေါ်တွင် ထိုင်ချပြီး စွမ်းအင်ဖွင့်ခြင်းဆေးလုံး ကို သောက်လိုက်သည်။ သူမသည် ရီကျင်ကျင်း ကျင့်ကြံခြင်းနည်းစနစ်ကို လှည်ပတ်လိုက်ချိန်မှာတော့ သူမ၏ မရီဒန်များအား ဖွင့်လှစ်နိုင်ခဲ့သည်။
သူမသည် တားဆီးပိတ်ပင်ထားသော မရီဒန်များ ချိုးဖျက်ရန် စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းလိုက်သည် ဆိုရုံဖြင့် မရီဒန်အား လွယ်လွယ်ကူကူ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၏။
ဟူး..ဟူး..။
သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ငါးခုမြောက် မရီဒန်ကို ချိုးဖျက်ပြီး လက်ကောက်ဝတ် အလင်းတန်း ငါးခု ပေါ်လာခဲ့သည်။ သူမသည် ပျော်ရွှင်မှုကို မထိန်းထားနိုင်ဘဲ ပြောလိုက်၏ “ဂိုဏ်းချုပ် .. ကျွန်မ ငါးခုမြောက် ဒန်ထျန်ကို ချိုးဖျက်နိုင်ခဲ့ပြီ”
သူမသည် အလွန်အမင်း စိတ်လှုပ်ရှားသွားပုံပေါ်သည်။ ထို့ကြောင့် ခုန်၍ ကျွင်းချောင်ရှောင်းဆီ ပစ်ဝင်လိုက်၏။
ကျွင်းချောင်ရှောင်းသည် ဘေးတစ်ဖက်သို့ အသာရှောင်လိုက်သည်။ ပြီးနောက် ဘုတ် ဟူသော အသံနှင့် အတူ လျှိုဝမ်ရှစ်သည် ခြေကားယား၊ လက်ကားယားဖြင့် မြေပေါ် မှောက်လျက်ကျသွားတော့သည်။
သိုင်းပညာရှင်များသည် ရုတ်တရက် တစ်စုံတစ်ယောက် ကိုယ့်ဆီ ခုန်ဝင်လာလျှင် ရှောင်ရှားတတ်ကြသည်မှာ သဘာဝပင် ဖြစ်သည်။ ထိုအရာသည် ခန္ဓာကိုယ်မှ အလိုလို တုံ့ပြန်မှုပင် ဖြစ်၏။
လျှိုဝမ်ရှစ် မတ်တပ်ထလာပြီး သူမ၏ နဖူးအား ပွတ်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ မျက်ရည်တွေနှင့် ဖြစ်သည်။ သူမ က သနားစဖွယ်ပြောလိုက်သည် “ဂိုဏ်းချုပ်. .. ဘာလို့ ဖမ်းမထားတာလဲ”