အခန်း (၁၁၄)
Vol. 8 Ch. 114
စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်တစ်ခုဖြစ်သော လီချင်းယန်၏ လခြမ်းဓားကွက်သည် ရှိရှိသမျှသော လူအားလုံးကို တုန်လှုပ်သွားစေ၏။
"မယုံနိုင်စရာပဲ။"
ညအင်ပါယာသည်လည်း တုန်လှုပ်သွားမိ၏။
သူ၏အရင်ဘဝတုန်းက များပြားလှသော စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်များကို လေ့ကျင့်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုသို့သော သိုင်းနည်းစနစ်များ၏ အားနည်းချက်များကို သူ ကောင်းကောင်းသိရှိသည်။
ဥပမာအားဖြင့် နေနှင့်လ တိုက်ခိုက်ရေးနည်းစနစ်ဆိုလျှင် စိတ်ဝိညာဉ် အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ် တစ်ခုဖြစ်ပြီး သူကိုယ်တိုင်လည်း လေ့ကျင့်ခဲ့ဖူး၏။ ထိုသို့သော တိုက်ခိုက်မှုမျိုးကို ထုတ်ဖော်နိုင်ရန်အတွက် တစ်စုံတစ်ယောက်သည် သိုင်းစစ်သူကြီးအဆင့်သို့ ရောက်ရှိနေရန် လိုအပ်သည်။
ထို့အပြင် တိုက်ခိုက်ချက်တစ်ခုသည် ဒန်ထျန်ထဲတွင်ရှိသော စွမ်းအင်ရာခိုင်နှုန်း ခြောက်ဆယ်လောက်ကို ကုန်ခမ်းသွားစေသည်။
သို့ပေမဲ့ လီချင်းယန်က အဘယ်သို့ ဖြစ်နေသနည်း။
သူသည် လက်ကိုအသာမြှောက်ကာ ခုတ်ပိုင်းလိုက်ချိန်မှာတော့ အလင်းတန်းသုံးခု ထွက်ပေါ်လာခြင်းဖြစ်၏။
ဤဖြစ်ရပ်သည် အလွန်အမင်း လွယ်ကူနေသည်။
ပေါက်ကွဲလက်သီးနှင့် လခြမ်းဓားကွက်သည် ရီရှင်းချန်အား တကယ်ပင် လေးလေးနက်နက်ဖြင့် တုန်လှုပ်သွားစေ၏။
သံမဏိအရိုးဂိုဏ်း၏ တိုက်ခိုက်ရေးနည်းစနစ်များသည် မဆိုးရွားလှဟု သူ နားလည်သွားမိသည်။
"ဒီဂိုဏ်းထဲမှာ လေ့ကျင့်ရင်း သိုင်းတပည့်အဆင့်ကို ရောက်ရှိအောင် ကြိုးစားတာက အပြင်မှာနေပြီးတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားနေတာထက် ပိုပြီးတော့ လွယ်ကူလိမ့်မယ်။" သူတွေးလိုက်မိ၏။
မူလအားဖြင့် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကိုသာ ကျင့်ကြံရန် စိတ်ဝင်စားသော ရီရှင်းချန်သည် ပေါက်ကွဲလက်သီးနှင့် လခြမ်းဓားကွက်တို့အားလည်း စိတ်ဝင်စားလာသည်။
"ဆွစ် … ဆွစ် … ဆွစ်"
သိုင်းလေ့ကျင့်ရေး ကွင်းမြေပြင်မှာတော့ လခြမ်းပုံစံဓားအလင်း သုံးခုတို့သည် မတူညီသည့်နေရာသုံးခုဆီသို့ ဖြတ်သန်းဝင်ရောက်သွားတော့သည်။
မိမိကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပြီးချိန် ဖြစ်နေသော မိုရှန်းဖေးသည် ရုတ်တရက်ဆိုသလိုပဲ သူ၏အမူအရာ ပြောင်းလဲသွားသည်။
အလျင်အမြန်ဆိုသလိုပဲ သူ၏လေပွေလက်သီးကို အသုံးပြုကာ အလင်းတန်းများနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
"ဘန်း ……ဘန်း"
သူ၏လက်သီးချက်များသည် ဘယ်၊ ညာဆီမှ ဝင်ရောက်လာသော လခြမ်းအလင်းတန်းများအား ထိပ်တိုက် ဖယ်ရှားပစ်လိုက်နိုင်သည်။
သူ၏လက်များသည် တုန်ရင်သွားသည်။ သူ၏ခန္ဓာကိုယ်တွင်ရှိသော ကြွက်သားများသည် အစိတ်စိတ်၊ အပိုင်းပိုင်းဖြစ်သွားသလို ခံစားလိုက်မိ၏။
သို့ပေမဲ့ မိုရှန်းဖန်သည် နာကျင်မှုအား အံကြိတ်ကာ ခုခံဖို့ပင် အချိန်မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မြေအောက်ဘက်ဆီမှ ရုတ်တရက်ထွက်ပေါ်လာသော တတိယ လခြမ်းအလင်းတန်းတစ်ခုသည် ကိုးဆယ်ဒီဂရီအတိုင်း သူ၏မေးစေ့ဆီသို့ ပိုင်းဖြတ်လာသောကြောင့်ဖြစ်သည်။
"ဆွစ် … "
အားကောင်းလှသော အရှိန်အဟုန်ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အနောက်ဘက်သို့ လွင့်စင်သွားသည်။
သူသည် မြေပေါ်သို့ ဘုန်းခနဲပြုတ်ကျသွားပြီး ပါးစပ်ဆီမှ သွေးများအန်ထွက်လာတော့သည်။
လခြမ်းဓားကွက်နှစ်ခုကို တားဆီးနိုင်ဖို့အတွက် နတ်စမ်းချောင်းဂိုဏ်းမှ အတွင်းတပည့်၏ တိုက်ကွက် ထုတ်ဖော် ခုခံမှု သည် မဆိုးရွားလှချေ။
သို့ပေမဲ့ ဘယ်ကမှန်းမသိ ရောက်ရှိလာသော တတိယမြောက် တိုက်ခိုက်ချက်သည်က အမှန်တကယ်ပင် ရှောင်ဖို့လမ်းမရှိခဲ့။
"သေစမ်း … သေစမ်း။"
မိုရှန်းဖေးသည် သူ၏နှုတ်ခမ်းထောင့်တွင်ရှိသောသွေးများအား သုတ်ပြီး မတ်တပ်ထရပ်လိုက်၏။
သူ၏ခန္ဓာကိုယ်သည် အလွန်အမင်းအားကောင်းလှ၏။ ထို့ကြောင့် ဓားချက်နဲ့ ထိမှန်ပြီးသည့်နောက်မှာတော့ အနည်းငယ်သာ ဒဏ်ရာရရှိသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော လီချင်းယန်သည် သူ၏စိတ်ဝိညာဉ်စွမ်းအားများကို အလုံးစုံ ထုတ်သုံး၍ မတိုက်ခိုက်ခဲ့ခြင်းကြောင့်လည်း ဖြစ်၏။
တကယ်တမ်းသာ သူ၏ လခြမ်းဓားကွက်အား အားကုန်သုံးကာ တိုက်ခိုက်မည်ဆိုပါက မိုရှန်းဖေး၏ မေးရိုးတစ်ခုလုံး ပိုင်းပြတ်သွားမှာ သေချာလှသည်။
ပွဲကြည့်ရှုနေသော အကြီးအကဲသုံးယောက်တို့၏ မျက်နှာများသည် သုန်မှုန်သွားကြ၏။
သူတို့ဂိုဏ်း၏ အတွင်းတပည့်သည် တစ်ဖက်လူအား လွယ်လွယ်ကူကူဖြင့် အနိုင်ယူနိုင်မည်ဟု သူတို့ထင်မှတ်ခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူ၏ ဆက်တိုက်တိုက်ခိုက်မှုကြောင့် သူတို့ ၏တပည့်သာလျှင် ဒဏ်ရာရရှိခဲ့သည်။
ချင်ဟောင်ရန်ပြောလိုက်သည်။ "စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်ဆိုတာက အရမ်းအားကောင်းလွန်းတယ် ဆိုပေမဲ့ သူရဲ့အားနည်းချက်က ကြာရှည်ထုတ်ဖော်တိုက်ခိုက်လို့ မရတာပဲ။န တ်စမ်းချောင်းဂိုဏ်းက တပည့်အနေနဲ့ ဒါကိုခုခံနိုင်မယ်ဆိုရင် ဘာတစ်ခုမှ ကြောက်စရာအကြောင်း မရှိဘူး။"
"တိုက်ခိုက်ချက်သုံးခုကို တစ်ခါထဲ ထုတ်ဖော်ပြီးရင်တောင် သံမဏိအရိုးဂိုဏ်းတပည့်ကလည်း အားအင်တွေ တော်တော်ကုန်သွားလောက်ပြီ။ဒီတော့ သူ ဆက်လက်တိုက်ခိုက်မယ်ဆိုရင် စွမ်းအင်တွေ ကုန်ခမ်းသွားမှာ အသေချာပဲ။"
ဂိုဏ်းတစ်ရာမဟာမိတ်အဖွဲ့မှ အကြီးအကဲများအားလုံးသည် သူတို့အချင်းချင်းဆွေးနွေးနေပုံပေါ်၏။ သူတို့၏ အသံများသည် အလွန်အမင်း ကျယ်လောင်လှ၏။ တကယ်တန်းမှာတော့ နတ်စမ်းချောင်းဂိုဏ်း၏ အတွင်းတပည့်အား အရေးကြီးအချက်အလက်များ သတိပေးနေခြင်းဖြစ်၏။
စိတ်ရှည်ရှည်နှင့် သေချာတိုက်ခိုက်မည်ဆိုလျှင် တစ်ဖက်မှ အားနည်းသွားလိမ့်မည် ဖြစ်ကြောင်း ညွှန်ကြားပြသနေကြခြင်းလည်းဖြစ်သည်။
မိုရှန်းဖန်သည် ထိုသို့သတိပေးစရာပင် မလိုအပ်ချေ။ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်များ၏ အားနည်းချက်ကို အစောကတည်းက သိရှိပြီးဖြစ်၏။ ထို့ကြောင့် သူ၏လက်ကိုရမ်းခါပြီး အေးစက်စက်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ငါက ခုနက သတိလက်လွတ် ပြုမူလိုက်မိတယ်။ဒါကြောင့် မင်း အခွင့်အရေးကို အရယူသွားတာ။"
ဤတစ်ကြိမ်တွင်တော့ သူသည် လေးလေးနက်နက်နှင့် တိုက်ခိုက်မည်ဖြစ်၏။ ရန်သူအား နည်းနည်းလေးမှ အထင်မသေးတော့ချေ။
ငါးယောက်မြောက်အကြီးအကဲသည် သူ၏နားရွက်အားအသာနှိက်ပြီး ပြောလိုက်သည်။ "တိုက်ပွဲကအခုမှစတာ။"
"မဆိုးဘူးပဲ။"
ကျွင်းချောင်ရှောင်းသည် သူ၏ခြေထောက်များကို အသာခါရမ်းပြီး ပြောလိုက်၏။ "တိုက်ပွဲက အခုမှစတာ။"
"ရွှီ …."
သူ့ကိုယ်သူ စွမ်းအင်များနှင့် ချိန်ညှိပြီးသည့်နောက်မှာတော့ မိုရှန်းဖေးသည် ပြေးဝင်လာခဲ့သည်။
သူသည် လေပွေလက်သီးကို အသုံးပြုလိုက်ချိန်မှာတော့ သူ၏အမြန်နှုန်းသည်မှာ ပိုမို၍ မြန်ဆန်လာ၏။ ချက်ချင်းဆိုသလိုပဲ လေထဲတွင် လက်သီးဆယ်လုံးကျော်သည် ပေါ်ပေါက်လာသည်။ အားအင် များသည်မှာလည်း အလွန်အမင်း ကြမ်းတမ်းလှ၏။
"ဘန်း … ဘန်း … ဘန်း"
လီချင်းယန်သည် ပေါက်ကွဲလက်သီးကို အသုံးပြုလိုက်ချိန်မှာတော့ ဗြောက်အိုးဖောက်သံကဲ့သို့ ကျယ်လောင်လှသော အသံများသည် တည်နေရာတစ်ခုလုံး၌ ထွက်ပေါ်လာသည်။
လေထုထဲတွင်တော့ ခပ်ပျော့ပျော့ စိတ်ဝိညာဉ်စွမ်းအင်များသည် လှိုင်းများအဖြစ် ဖြစ်တည်လာ၏။ ချက်ချင်းဆိုသလိုပဲ သူတို့နှစ်ယောက်သည် တိုက်ကွက်ဆယ်ကွက်ကျော်အား တိုက်ခိုက်ခဲ့ပြီးဖြစ်၏။
သူတို့အနားတစ်ဝိုက်တွင်ရှိသော သစ်ပင်သစ်ရွက်များအားလုံးသည် ကြွေကျကုန်ပြီး ပြင်းထန်သည့်တိုက်ပွဲတစ်ခု၏အသွင်ကို ဖော်ညွှန်းလျက်ရှိသည်။
"ဘန်း"
နောက်ထပ်လက်သီးချက်တစ်ခုကို ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက်မှာတော့ နှစ်ယောက်သား အနောက်ဘက်သို့ လေး၊ငါးမီတာ ဆုတ်ခွာသွားရသည်။
လီချင်းယန်သည် သူ၏ လက်ငါးချောင်းအား ဆန့်ကာ ခါလိုက်၏။ သူ၏လက်များသည် ထုံကျင်လျက်ရှိ၏။
မိုရှန်းဖေးသည်လည်း အတူတူပင်ဖြစ်သည်။
ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရသည်မှာ ကျောက်တုံးအားထိုးနှက်ရခြင်းနှင့်ပင် ဆင်တူနေ၏။ သူလည်း နာကျင်ရသလို ရန်သူကိုလည်း နာကျင်စေ၏။
"ဒီအတိုင်းဆိုရင် အချိန်တိုအတွင်း အနိုင်ရရှိသူကို ဆုံးဖြတ်လိုရမှာမဟုတ်ဘူး။ဒါက တော်တော်ထူးဆန်းတယ်။ သိုင်းတပည့်အဆင့်လေး ကျင့်ကြံသူတစ်ယောက်က သိုင်းတပည့်အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက်ကို တကယ်ပဲ လက်ရည်တူ တိုက်ခိုက်နေနိုင်တာလား။"
"သံမဏိအရိုးဂိုဏ်းတပည့် အသုံးပြုတဲ့ လက်သီးနည်းစနစ်ရဲ့ အရည်အသွေးက မနိမ့်ကျဘူး။ မဟုတ်ရင်ရှုံးတာကြာပေါ့။"
"နတ်စမ်းချောင်းဂိုဏ်းရဲ့တပည့် အဆင့်ကမြင့်မားတယ်။ဒါပေမဲ့ သူရဲ့ ဒန်ထျန်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအားတွေက အကန့်အသတ်မဲ့ များပြားနေသေးတယ်။ဒါကြောင့် ဆက်ပြီးတိုက်ခိုက်ဖို့အတွက် ပြဿနာတော့ မဟုတ်လောက်သေးဘူး။"
"သံမဏိအရိုးဂိုဏ်းတပည့်ရဲ့ လက်ကိုကြည့်လိုက်။ တုန်ခါနေတယ်။ငါ့အထင်အရဆိုရင် သူ့ရဲ့ဒန်ထျန်ထဲမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ် ရာခိုင်နှုန်းလောက် ကုန်ဆုံးနေပြီ။"
"ဆွစ်"
လီချင်းယန်သည် သူ၏လက်ကိုရမ်းခါပြီး ပြောလိုက်သည်။ "လခြမ်းဓားကွက်"
လခြမ်းပုံစံအလင်းတန်းသည် ထွက်ပေါ်လာခဲ့၏။
"သူ စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေး နည်းစနစ်ကို အသုံးပြုလို့ရသေးတယ် ဟုတ်လား။"
စောနကဆွေးနွေးနေကြသော ဂိုဏ်းချုပ်များ အားလုံးသည် ချက်ချင်းပဲ ပါးစပ်အဟောင်းသားနှင့် ဖြစ်မိသွား၏။
"လခြမ်းဓားကွက် … လခြမ်းဓားကွက်"
အချိန်တိုအတွင်းမှာပဲ လီချင်းယန်သည် သူ၏လက်များကို ထပ်ခါထပ်ခါဝေ့ယမ်းပြီး လခြမ်းပုံစံအလင်းတန်းနှစ်ခုကို ထုတ်ဖော်တိုက်ခိုက်လိုက်၏။
သူသည် သူ့တွင်စိတ်ဝိညာဉ်စွမ်းအင်များ အလွန်အမင်းများပြားသည်ဟု ပြောဆိုပြသသည့်အနေဖြင့် လခြမ်းဓားကွက်များအား ထပ်တလဲလဲ ထုတ်ဖော်ပြသလျက်ရှိ၏။
"ဘန်း ဘန်း ဘန်း"
မိုရှန်းဖေးသည်လည်း သတိအနေအထားဖြင့် ဖြစ်သွားမိ၏။
သူသည် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ပထမဦးဆုံး ရှောင်တိမ်းလိုက်၏။ အလင်းတန်းသုံးခုသည် သူ၏နောက်တွင်ရှိသော ကျောက်တုံးများဆီသို့ တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး ကျောက်တုံးများအား တစ်စစီ ဖြစ်သွားစေသည်။
ဤတစ်ကြိမ်မှာတော့ လီချင်းယန်သည် လုံးဝလက်လွှတ်မပေးတော့ချေ။
တစ်ဖက်လူသည် ရှောင်ရှားနေရသည်ကို အခွင့်အရေးယူပြီး ချက်ချင်းဆိုသလိုပဲ စားပွတင် တင်းနစ် ရိုက်သကဲ့သို့ လခြမ်းအလင်းတန်းများအား တစ်ခုပြီးတစ်ခု ရိုက်ထုတ်၊ ပစ်လွှတ်နေတော့သည်။
လေထဲတွင် များပြားလှသော လခြမ်းပုံစံအလင်းတန်းများ ပျံသန်းနေသည်ကိုမြင်ချိန်မှာတော့ မဟာမိတ်ခေါင်းဆောင်ချင် နှင့် ရှိရှိသမျှသော ကျင့်ကြံသူများ၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ရင်သွားကြ၏။
စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်များသည် လက်တစ်ချက်ဝှေ့ယမ်းရုံနှင့် စိတ်ဝိညာဉ်စွမ်းအင် များကို အလွန်အမင်း ကုန်ခမ်းစေ၏။
လက်ရှိ သူတို့မြင်နေရသော မြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
မိုရှန်းဖေးသည် သူ၏မြန်ဆန်လှသော လှုပ်ရှားမှု နည်းစနစ်ကို အသုံးပြု၍ ဓားအလင်းတန်းများကို ရှောင်ရှားနေသည်ဆိုသော်လည်း ရောက်ရှိလာသည့် ဓားအလင်းတန်းများမှာ တစ်ခုပြီးတစ်ခု ပိုမို၍ များပြားလာသည်။
"ဖူး …."
နောက်ဆုံးမှာတော့ ဓားအလင်းတန်းများ၏ ထိမှန်ခြင်းကို ခံရပြီး မြေပေါ်သို့ခြေပစ်လက်ပစ် ပြုတ်ကျသွားတော့သည်။
သူ၏ မျက်နှာပေါ်မှ သွေးများထွက်ပေါ်လျက်ရှိပြီး မျက်လုံးတွေချာချာလည်ကာ သတိလစ် မေ့မျောသွားတော့သည်။
လီချင်းယန်၏ လခြမ်းဓားကွက်ဆီမှအားအင်သည် အလွန်အမင်း အားကောင်းလှသည် မဟုတ်သော်လည်း ဆက်တိုက် တိုက်ခိုက်မှု၏ အောက်တွင်တော့ မိုရှန်းဖေး မည်သို့မှ မခံနိုင်တော့ချေ။
သူ့ကဲ့သို့ သိုင်းတပည့် အဆင့်ရှစ် ကျင့်ကြံသူတစ်ယောက် မပြောနှင့် သိုင်းတပည့်အဆင့်ကိုး ကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် ထိုသို့သော တိုက်ခိုက်ချက်များကို ခံနိုင်မည်မဟုတ်ပေ။
"ငါတို့နိုင်ပြီ။"
"ဒုတိယစီနီယာအစ်ကိုနိုင်ပြီ။"
စုရှောင်မို နှင့် ထျန်းချီတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် ထခုန်လိုက်မိကြ၏။
လုချင်းချင်းသည် ခံစားချက်မဲ့စွာ ရပ်နေသည်ဆိုသော်လည်း သူ၏နှလုံးသားထဲတွင်တော့ ကြိတ်ကာတွေးလိုက်မိ၏။ "ငါပြန်ရောက်ရင် လခြမ်းဓားကွက်ကို လေ့ကျင့်ရမယ်။"
ဤအမျိုးသမီးသည် ရီရှင်းချန်နဲ့ တူညီ၏။ သူမသည် ရီကျင်ကျင်း ကျင့်ကြံခြင်း နည်းစနစ်ကိုသာလျှင် စိတ်ဝင်စားသည်။ ပေါက်ကွဲလက်သီးနှင့် လခြမ်းဓားကွက်များကို ကျင့်ကြံဖို့ ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးချေ။
…….
သူ၏ ဒုတိယစီနီယာအစ်ကို အနိုင်ရရှိသွားသည်ကိုမြင်တော့ ရှောင်ကျီသည် ခေါင်းကိုမော့ကာ သေနတ်မောင်းခလုတ်ပေါ်မှ သူ၏လက်ညှိးအား အသာ ဖယ်ရှားလိုက်၏။
သူသည် အမြဲတမ်း သတိအပြည့်နှင့် ရှိနေသည်။
တိုက်ပွဲတွင် ဒုတိယစီနီယာအစ်ကိုသာ အနိုင်မယူနိုင်ပါက သူသည် ချက်ချင်းဆိုသလိုပဲ မိုရှန်းဖေးအား သတ်ဖြတ်ပစ်မှာဖြစ်၏။
"ဂျူနီယာညီလေးရီ"
ရှောင်ကျီသည် ပြောလိုက်၏။ "ဒုတိယစီနီယာအစ်ကို နိုင်ပြီကွ။"
"ဟမ့်"
ညအင်ပါယာသည် အေးစက်စက်ဖြင့် အထင်အမြင်သေးသလို ပြောလိုက်သည်။ "သိုင်းတပည့် အဆင့်ရှစ် ကျင့်ကြံသူလေးတစ်ယောက်ကိုနိုင်တာ ဒီလောက်တောင်ပျော်ဖို့ကောင်းနေတာလား။"
သူ၏စိတ်သည် တည်ငြိမ်နေ၏။ သူသည် သံမဏိအရိုးဂိုဏ်းနဲ့ တစ်သားတည်း ဖြစ်တည်နေသည်ဟု မခံစားရပေ။ ထို့ကြောင့် ဂိုဏ်း၏အောင်မြင်မှုများသည်လည်း သူနဲ့မသက်ဆိုင်သလိုပင်။
ရှောင်ကျီမှာတော့ခြားနားလှ၏။
သူသည် သံမဏိအရိုးဂိုဏ်းသား တစ်ယောက်ဖြစ်ကြောင်း မိမိကိုယ်ကို သတ်မှတ်ပြီး ဖြစ်၏။ ထို့ကြောင့် ဂိုဏ်းချုပ်၊စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေးများအားလုံးသည် သူနှင့် တသွေးတည်းတသားတည်းပင်ဖြစ်၏။ ထို့ကြောင့် လီချင်းယန်၏ အောင်ပွဲသည် သူ၏အောင်ပွဲကဲ့သို့ပင် ထပ်တူညီနေသည်။
"အိုက်ရား"
ကျွင်းချောင်ရှောင်းသည် အသာမတ်တပ်ရပ်ပြီး တောင်းပန်သလို ပြောလိုက်၏။ "လက်သီးနဲ့ ခြေထောက်တွေက မျက်လုံးမပါဘူး။ဒါ့ကြောင့် ခင်ဗျားတို့ဂိုဏ်းက တပည့်ကို ဒီလိုမျိုး ရိုက်နှက်မိသွားတာ ကျုပ် တပည့် ကိုယ်စား တကယ်ပဲ တောင်းပန်ပါတယ်။"
ဘယ်ဘက်ခြမ်းတွင်ရှိနေသော နတ်စမ်းချောင်းဂိုဏ်းမှ တပည့်များအားလုံးသည် ဒေါသတကြီးဖြင့် သူတို့၏လက်များကို ဓားနှောင့်ပေါ်သို့ တင်လိုက်မိ၏။
လုချင်းချင်းသည် ရှေ့သို့ လှမ်းတက်လာပြီး သူမ၏ဓားကို ဆွဲကိုင်လိုက်သည်။ သူမ၏ ကြယ်တာရာတွေလို လင်းလက်တောက်ပလျက်ရှိသော မျက်လုံးများထဲတွင် အေးစက်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
စုရှောင်မို နှင့် ထျန်းချီတို့သည်လည်း ရှေ့သို့တိုးလာ၏။ သူတို့သည်လည်း အအေးဓားအား ဆုပ်ကိုင်ထားမိကြ၏။
ပြီးနောက် ဒေါသတကြီးဖြင့် တစ်ဖက်လူများအား လှမ်းကြည့်လိုက်ကြသည်။
ရှောင်ကျီသည်လည်း ရှစ်ဆမှန်ဘီလူးမှတစ်ဆင့် အခြေအနေတင်းမာနေသော တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်၏။
သူသည် နတ်စမ်းချောင်းဂိုဏ်းမှ အဓိက ဦးဆောင်လာသူဦးခေါင်းအား ချိန်ရွယ်ထား၏။
သူ၏ လက်ညိုးလေး တစ်ချက်လှုပ်ရှားလိုက်သည်ဆိုလျှင် ထိုသူ၏ ဦးနှောက်တစ်ခုလုံးသည် ပွင့်ထွက်သွားမှာ သေချာသည်။
တည်နေရာတစ်ခုလုံးတွင် ဓားများဆွဲထုတ်လျက် အခြေအနေသည်မှာလည်း အချိန်မရွေးတိုက်ပွဲဖြစ်တော့မည့် ပုံပင်။